အခန်း ( ၁၈၆ )
မိစ္ဆာအရိုး သလင်းကျောက်
“ချန်ဖန်… နောက်ခါ ကျွန်မတို့ကို ကိုယ်ရံတော်ယောင် မြင်တာနဲ့ ထွက်ပြေးမယ် ထင်တယ် …”
အခန်းထဲ ပြန်ရောက်သည်နှင့် အလွန် ပျော်ရွှင် နေသော ရွှယ်နီရှန်သည် ချစ်ခင်မြတ်နိုးသော အကြည့်ဖြင့် ရဲချန်ဖန်ကို ကြည့်ကာ ပြောလိုက်သည်။
“သူက အသုံးဝင် နေသေးလို့ပေါ့။ မဟုတ်လို့ ကတော့ သူ့ကို ကယ်ဖို့ မပြောနဲ့ … ငါသူ့ကို လှည့်တောင် မကြည့်ဘူး …”
လူတိုင်းကို အဆိပ်ဖြေ ပေးခဲ့ရသဖြင့် ရဲချန်ဖန် စိတ်ရော၊ လူပါ ပင်ပန်း နေသော်လည်း ကိုယ်ရံတော်ယောင်ကို အကျပ်ကိုင် အနိုင်ကျင့်ခဲ့ ရသဖြင့် ရဲချန်ဖန်ကပါ ပြုံးရွှင် နေသည်။ အနည်းငယ် ညှိုနှိုင်းပြီးနောက် ရဲချန်ဖန်သည် ကိုယ်ရံတော်ယောင်ထံမှ အလယ်အလတ်အဆင့် ဝိညာဉ် ကျောက်တုံး ခုနစ်သောင်း၊ မြေကမ္ဘာအဆင့် ဝိညာဉ် ဆေးလုံး တစ်လုံးနှင့် တန်ဖိုး မသေးသော ကောင်းကင်နှင့် မြေကြီးမြက်ပင် အများအပြားကို ရရှိ လိုက်သည်။
မိုယုရန်ကလည်း ကျေးဇူးတင်သည့် အနေဖြင့် အလယ်အလတ် အဆင့် ဝိညာဉ် ကျောက်တုံး တစ်သိန်း၊ မြေကမ္ဘာအဆင့် ဝိညာဉ်ဆေးလုံး သုံးလုံးနှင့် အဖိုးတန် ကောင်းကင်နှင့် မြေကြီး မြက်ပင် နှစ်ဆယ်ကျော်ကို ရဲချန်ဖန်ဆီ ပေးလိုက်လေသည်။
အခု ရဲချန်ဖန်တွင် အလယ်အလတ်အဆင့် ဝိညာဉ် ကျောက်တုံး တစ်သိန်း ခုနစ်သောင်း ရှိနေပြီ ဖြစ်ရာ ဓားစက်ရုပ်ကို အချိန်အတန်ကြာ မောင်းနှင်ရန် လုံလောက်ပြီ ဖြစ်သည်။ အကျပ်အတည်းမှ လက်တလော လွတ်မြောက်သွားပြီဟု မိုယုရန် တွေးနေမိပြီး ခရီးစဉ် လမ်းကြောင်းကို ပြောင်းလဲကာ ရန်သူကို ခြေရာဖြတ်ရန် တွေးနေစဉ် သစ္စာဖောက်များကို ရှာဖွေဖော်ထုတ် ရှင်းလင်းနေသော ကိုယ်ရံတော်ရိ တို့သည် မတော်တဆ ဖြစ်ရပ်နှင့် ကြုံတွေ့ လိုက်ရသည်။
ကြောက်လန့်တကြား ဖြစ်နေသော သစ္စာဖောက် နှစ်ယောက်က အချက်ပြ မီးများကို ထုတ်လွတ် လိုက်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ညအမှောင်တွင် အလွန်နီရဲ တောက်ပသော အချက်ပြမီးက လင်းထိန် သွားသဖြင့် မိုင်ရာပေါင်းများစွာ အကွာကပင် မြင်တွေ့ရမည် ဖြစ်သည်။
နဂို မိုယုရန်၏ ရန်သူများအစီအစဉ်မှာ အကြီးအကဲမိုင်၏ အဆိပ်တက်ပြီး လူတိုင်း မတိုက်ခိုက် နိုင်သည့် အချိန်မှ မိုယုရန်တို့ကို ဝင်ရောက် တိုက်ခိုက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ သို့သော် အရေးပေါ် တစ်စုံတစ်ရာ ဖြစ်ပါက သူတို့ကို အချက်ပေးရန် အမိန့်ပေးထားပြီး သူတို့က အမြန်ဆုံး လာရောက် တိုက်ခိုက်မည် ဖြစ်သည်။ ယခု မိုယုရန် ရန်သူ များသည် သူတို့ထံ အပြင်း ချီတက်လာပြီ ဖြစ်သည်။
“ငါတော်တော် ကံမကောင်းတဲ့ လူပဲ။ မိုင်နှစ်ဆယ် အကွာမှာ ပင်လယ်ကူး သင်္ဘောကြီး တစ်စင်း လိုက်လာနေပြီတဲ့။ ကြည့်ရတာ အဲဒီ သင်္ဘောက အမှောင်သခင်ရဲ့ လူတွေ လိုက်လာတဲ့ သင်္ဘော ဖြစ်ရမယ် …”
မိုမိသားစုမှ အမှုထမ်းတစ်ဦး လာသတင်း ပို့ပြီးနောက် မိုယုရန်က အနည်းငယ် စိတ်ညစ် သွားသည်။
“ဟင်း … သူတို့ လိုက်လာတာ အရမ်း မြန်တာပဲ …”
မိုယုရန်က သစ္စာဖောက် ကိစ္စကြောင့် ကောင်းကောင်းပင် အနား မယူရသေးခင် တကယ် အန္တရာယ်ကြီး ကျရောက် လာတော့မည်ဟု မမျှော်လင့် ထားမိပေ။ သူမက အလွန် ရက်စက် ကြမ်းကြုတ်သော အမှောင်သခင်၏ လူများ ပိတ်ဆို့ သတ်ဖြတ် ခံရမည်ကို ကြောက်နေသည်။ သူမ သေမည်ကို ကြောက်ရွံ့ခြင်း မဟုတ်ပဲ သူမ မိဘများ အတွက် လက်တုံ့ပြန်ခြင်း မပြုနိုင်မီ သေဆုံး မည်ကို ကြောက်ရွံ့ခြင်း ဖြစ်သည်။ မိုးကြိုး ကပ်ဘေးနှင့် မိုယုရန်တို့ ကြုံတွေ့စဉ်က ရေသတ္တဝါတို့ တိုက်ခိုက်မှုကြောင့် သင်္ဘောမှာ ထိခိုက် မိထားသဖြင့် သင်္ဘော၏ မြန်နှုန်းကို လျော့ကျနေသည် ဖြစ်သည်။ တဖြည်းဖြည်းနှင့် သူတို့နောက် အပြင်း လိုက်လာသော သင်္ဘောက နီးကပ် လာသည်။
“အကြီးအကဲမိုင် ကျွန်မတို့ ဘာလုပ်ကြမလဲ … သူတို့ကို ဘယ်လို ခြေရာဖြတ်ကြမလဲ …”
အမှောင်သခင်၏ သင်္ဘော တဖြည်းဖြည်းနှင့် သူမတို့ သင်္ဘောကို နီးကပ်လာသည်ကို ကြည့်ပြီး မိုယုရန်က အကြီးအကဲမိုင်ကို အကြံတောင်း လိုက်သည်။
“ထူးခြားတဲ့ ရာသီဥတု အပြောင်းအလဲ ဖြစ်လာတာက လွဲရင် သူတို့ကို ခြေရာ ဖြတ်နိုင်ဖို့ အရမ်းခက်တယ် …”
အကြီးအကဲမိုင် မျက်နှာသည်လည်း အလွန် လေးနက် နေသည်။
“ဘာဖြစ်နေတာလဲ … ရန်သူ နောက်က လိုက်လာလို့လား …”
မိုယုရန်တို့ အကြိတ်အနယ် တိုင်ပင် နေကြစဉ် ရဲချန်ဖန်က ကုန်းပတ်ပေါ် ရောက်လာပြီး အဝေးက လာနေသည့် သင်္ဘောကို ကြည့်ပြီး မေးလိုက်သည်။
“ဟုတ်တယ် … သခင်လေး ခန့်မှန်းခဲ့တဲ့ အတိုင်း … ကျွန်မ ရန်သူတွေက လိုက်လာနေပြီ …” မိုယုရန်က ရဲချန်ဖန်၏ ယောက်ျား ပီသသော မျက်နှာကို စိုက်ကြည့်ပြီး အောက်နှုတ်ခမ်းလေး ကိုက်ကာ ပြောလိုက် မိသည်။
“မင်းတို့ကို အဲရန်သူတွေ နောက်ထပ် မလိုက်လာနိုင်အောင် လုပ်ချင်လား …”
ရဲချန်ဖန်က ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။
“သခင်လေးမှာ သူတို့ကို ရှင်းပစ်ဖို့ နည်းလမ်း ရှိတာလား …”
မိုယုရန်က မျက်လုံးမှ အရောင် တောက်သွားပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“ရန်သူတွေထဲမှာ မဟာသားရဲ ဘုရင်အဆင့် တန်ခိုးရှင် မပါရင် သူတို့ကို မလိုက် လာနိုင်အောင် လုပ်ပေး နိုင်တယ် …”
“ဘယ်လို …”
ရဲချန်ဖန် ပြောလိုက်သည်ကို ကြားပြီးသည်နှင့် မိုယုရန် သာမက အကြီးအကဲ မိုင်ပင် အလွန် အံ့ဩသင့်ကာ နားကြားများ လွဲသလားဟု ထင်မိ သွားကြသည်။
“ဘာလဲ မင်းက ငါ့မှာ ဒီလိုအစွမ်း မရှိဘူးလို့ ထင်နေတာလား …”
သူအား အံ့ဩတကြီး ကြည့်နေသော မိုယုရန်တို့ကို ကြည့်လိုက်ရာ သူမတို့ မျက်လုံးထဲတွင် မေးခွန်းပေါင်း များစွာနှင့် ပြည့်နှက်နေသည်ကို ရဲချန်ဖန် တွေ့လိုက်ရပြီး အပြုံးနှင့် မေးလိုက်သည်။
“သခင်လေးရဲ … ကျွန်မတို့ နောက်လိုက် ဖမ်းနေတဲ့ အမှောင်သခင်ရဲ့ လူတွေထဲမှာ မဟာ သားရဲဘုရင် အဆင့် မပါပေမဲ့ မဟာသားရဲ ဘိုးဘေး တန်ခိုးရှင် ပါလောက်တယ်။ ပြီးတော့ … သခင်လေး အစွမ်းနဲ့ဆိုရင် …”
မိုယုရန်က ရဲချန်ဖန် အကြောင်းကို လုံးဝ မသိသော လူတစ်ဦးလို ခံစားမိလိုက်ပြီး ထပ်မံ သတိပေး မနေနိုင်အောင် ဖြစ်သွားသည်။
“ကျွန်တော် … မိန်းကလေးကို ပြောတာက မဟာသားရဲ ဘုရင်အဆင့် တန်ခိုးရှင် မပါသရွေ့ ကျွန်တော်က ကူညီပြီး သူတို့ သင်္ဘောကို ဖျက်ဆီးဖို့ ကူညီနိုင်တယ်လို့ ပြောတာ။ ဒါပေမဲ့ အဲဒါကို ကျွန်တော် ကိုယ်တိုင် ဝင်ရောက် လှုပ်ရှားမှာ မဟုတ်ဘူး။ ပြီးတော့ ကျွန်တော် အလကား မကူညီနိုင်ဘူး …”
“သခင်လေးရဲ … သခင်လေး လိုတာ ရှိရင် ပြောပါ။ ကျွန်မတို့ တတ်နိုင်တာ မှန်သမျှ လိုက်လျောဖို့ အဆင်သင့်ပါပဲ …”
အကြီးအကဲမိုင်က ရဲချန်ဖန်က အတည် ပြောနေသဖြင့် သူတို့ကို စနောက်နေသည် မဟုတ်မှန်း သိလိုက်သည်။ ထို့နောက် ရဲချန်ဖန်သည် ပိုပို၍ လျှို့ဝှက် ဆန်းကြယ်သူဟု ခံစားမိ လိုက်သည်။
“မိန်းကလေးမိုတို့ဆီမှာ ထိပ်တန်းအဆင့် ဝိညာဉ် ကျောက်တုံး ရှိလား …”
ရဲချန်ဖန်တွင် အလယ်အလတ် အဆင့် ဝိညာဉ် ကျောက်တုံး တစ်သိန်း ခုနစ်သောင်းကျော် ရှိနေ သေးသော်လည်း ဓားစက်ရုပ် အတွက် အနာဂါတ်တွင် ဖြစ်လာနိုင်မည့် တိုက်ပွဲများအတွက် စွမ်းအင် သန့်စင်မှုက လုံလောက်မှု မရှိပေ။ ထို့ကြောင့် အလယ် အလတ် အဆင့် ဝိညာဉ် ကျောက်တုံးများသာ အသုံးပြုနေမည် ဆိုပါက ဓားစက်ရုပ် အစွမ်းမှာ မဟာ သားရဲ ဘိုးဘေး ပဉ္စဆမ အဆင့်သည် အဆင့်ကုန် ဖြစ်သည်။
ဓားစက်ရုပ် အစွမ်းများ ထပ်မံ မြှင့်တင်ရန်နှင့် သူအတွက် အရေးကြုံလာပါက အသက် ကာကွယ် နိုင်သည့် နည်းလမ်းလည်း ဖြစ်သောကြောင့် ထိပ်တန်းအဆင့် ဝိညာဉ် ကျောက်တုံးကို တောင်းလိုက်ခြင်း ဖြစ်သည်။
“ဝမ်းနည်းပါတယ် … သခင်လေး ကျွန်မတို့မှာ ထိပ်တန်း အဆင့် ဝိညာဉ် ကျောက်တုံး မရှိဘူး။ ဒါပေမဲ့ ထိပ်တန်းအဆင့် ဝိညာဉ် ကျောက်တုံးထက် တန်ဖိုးကြီးတဲ့ မိစ္ဆာ အရိုးသလင်း ကျောက်တော့ ရှိတယ်။ သခင်လေး စိတ်ဝင်စားမလား မသိဘူး …”
အခြေအနေကို ကြည့်ပြီး မိုယုရန်က အနည်းငယ် တွန့်ဆုတ် နေသော်လည်း စိတ်ကို ပိုင်းဖြတ်ကာ ရဲချန်ဖန်၏ မျက်လုံးကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
“သခင်မလေး …”
အကြီးအကဲ မိုင်က မိုဘုရန်က ရဲချန်ဖန် သူမတို့အတွက် ကူညီရန် မိစ္ဆာ အရိုးသလင်းကျောက်ကို အသုံးပြီး ဆွဲဆောင်ရန် ဆုံးဖြတ်ချက်ကို ကြားသောအခါ သူမ မျက်နှာပျက်ပြီး အော်လိုက် လေသည်။
“အကြီးအကဲမိုင် … ကျွန်မတို့မှာ ရွေးချယ်စရာ သိပ်မရှိဘူး။ ကျွန်မတို့ အစွမ်းနဲ့ဆို အမှောင်သခင်ရဲ့ လူတွေကို ခုခံနိုင်မှာ မဟုတ်ဘူး။ ကျွန်မတို့ကို ဖမ်းမိသွားရင် သေတာထက် ဆိုးတဲ့ ဘဝကို ရင်ဆိုင် ရလိမ့်မယ်။ မိစ္ဆာအရိုး သလင်းကျောက်က အသက်နဲ့ယှဉ်ရင် ဘာမှတန်ဖိုး မရှိဘူး …”
မိုယုရန်က အကြီးအကဲမိုင် စကားကို ဖြတ်ပြောပြီး ရဲချန်ဖန်ဘက် အရာအားလုံး ပုံအောပြီး ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။
“မိစ္ဆာ အရိုး သလင်းကျောက် ဟုတ်လား … အဲဒါက ဘာလဲ …”
မိစ္ဆာ အရိုးသလင်း ကျောက်ကို ရဲချန်ဖန်ကို ပေးမည်ဟု အကြောင်းကြားချိန်တွင် အကြီးအကဲမိုင် စိတ်ဓာတ်ကျ သွားပုံ ကြည့်ပြီး မိစ္ဆာအရိုးသလင်း ကျောက်သည် အလွန် တန်ဖိုးကြီးမည့်အရာ ဖြစ်ကြောင်း ရဲချန်ဖန် ခန့်မှန်း မိလိုက်သည်။
“မိစ္ဆာ အရိုးသလင်းကျောက် ဆိုတာ မိစ္ဆာဓာတ် အစွမ်းတွေ စုဝေးနေတဲ့ ကျောက်တုံးပဲ။ အဲဒီ ကျောက်တုံးထဲမှာ ပါတဲ့ စွမ်းအင်က ထိပ်တန်းအဆင့် ဝိညာဉ် ကျောက်တုံးမှာပါတဲ့ စွမ်းအင်ထက် အများကြီး ပိုတယ် …”
ပြောရင်း မိုယုရန်က မှော်အစီအရင် များစွာ ရေးဆွဲထားသော သတ္တုသေတ္တာ တစ်လုံးကို ထုတ်ယူ လိုက်သည်။ မှော်အစီအရင် များကို ဖွင့်ပြီး သေတ္တာအဖုံးကို ဖွင့်လိုက်ချိန်တွင် စွမ်းအင် အလွန် ပြည့်ဝနေသော ကျောက်တုံး တစ်တုံးကို တွေ့လိုက်ရသည်။
“ကြောက်စရာ ကောင်းလိုက်တဲ့ မိစ္ဆာ စွမ်းအင်တွေ …”
သေတ္တာထဲ ကြည့်လိုက်ချိန်တွင် အလွန်မဲနက်ပြီး အရိုး ပုံသဏ္ဌာန် ကျောက်တုံး တစ်တုံးကို တွေ့လိုက်ရသည်။ ကျောက်တုံးထဲတွင် အလွန်များ ပြားလှသည့် စွမ်းအင်များ ပြည့်ဝနေသည်ကို ကြည့်ရုံနှင့်ပင် သိနိုင်လေသည်။ ရဲချန်ဖန် မျက်ခုံးများ ပင့်သွားပြီး စိတ်လှုပ်ရှား သွားလေသည်။
ရဲချန်ဖန်သည် မိစ္ဆာ အရိုးသလင်း ကျောက်ထဲတွင် ထိုမျှကြောက်မက်ဖွယ် စွမ်းအင် ရှိနေမည်ကို မတွေးထားမိပေ။ သူသာ ထိုကျောက်တုံး ရပါက ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် အရိုးသန်မာ စေခြင်း အဆင့်ကို အသေစား အဆင့် အောင်မြင်မှု ရောက်အောင် လေ့ကျင့်နိုင်မည် ဖြစ်သည်။
“မိန်းကလေးမို … မိန်းကလေး ဆီမှာ ဒီလို ကျောက်တုံး ဘယ်လောက် များများရှိလဲ …”
ရဲချန်ဖန် စိတ်ကို မိစ္ဆာအရိုးသလင်း ကျောက်က လုံးဝ ဖမ်းစားသွားပြီး စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ပဲ မေးလိုက်သည်။
“သခင်လေးရဲဆီမှာ အမှောင်သခင်ရဲ့ လူတွေကို ဖြိုခွင်းဖို့ အစွမ်းရှိလား မသိဘူး။ တကယ်လို့ အမှောင်သခင်ရဲ့ လူတွေကို ရှင်းလင်းပေးဖို့ အစွမ်းရှိရင် ဒီလို ကျောက်တုံး နှစ်တုံးကို သခင်လေးဆီ ပေးမယ်လို့ အာမခံတယ် …”
မိုယုရန်က ရဲချန်ဖန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“အဲလိုဆိုလည်း ကျွန်တော် အဲဒီသင်္ဘောကို ဖျက်ဆီး ပြီးမှပဲ ကျောက်တုံးကိစ္စ ပြောကြတာပေါ့…”
ရဲချန်ဖန်က သူအစွမ်းရှိကြောင်း မပြသလျှင် မိုယုရန်၏ အဆုံးစွန်သော ယုံကြည်မှု မရနိုင်ကြောင်း သိလိုက်သည်။ ထို့ကြောင့် ကျောက်တုံး ကိစ္စကို အမှောင်သခင်၏ လူများနှင့် စာရင်း ရှင်းပြီးမှ ပြောရန် မိုယုရန်ကို ပြောလိုက်သည်။
“ဒါဆိုလည်း ဒီမိစ္ဆာ အရိုး သလင်းကျောက်ကို သခင်လေးဆီ အရင် ပေးထားမယ် …”
မိုယုရန်က ရဲချန်ဖန် အစွမ်းကို ကြည့်ရန် မစောင့်နိုင်တော့ဘဲ ယုံကြည်စွာနှင့် သူမ လက်ထဲရှိ မိစ္ဆာ အရိုးသလင်း ကျောက်တုံးကို ရဲချန်ဖန်ဆီ ပေးလိုက်သည်။ ရဲချန်ဖန်လည်း သူမ ပေးသည့် မိစ္ဆာ အရိုးသလင်း ကျောက်တုံးကို ငြင်းပယ်ခြင်း မပြုဘဲ လက်ခံ လိုက်သည်။
“သခင်လေးရဲ ဒီမိစ္ဆာ အရိုးသလင်း ကျောက်တုံးထဲ မှာပါတဲ့ မိစ္ဆာဓာတ်က အရမ်း ပြင်းထန်တယ်။ အဲဒီ ကျောက်တုံးဆီက အစွမ်းကို တိုက်ရိုက် စုပ်ယူလို့ မရဘူး။ မဟုတ်ရင် သခင်လေး သေသွားလိမ့်မယ် …”
မိုယုရန်က ရဲချန်ဖန်သည် မိစ္ဆာ အရိုးသလင်း ကျောက်တုံး၏ ကြောက်မက်ဖွယ် အစွမ်းကို မသိဘဲ အရမ်းကာရော စွမ်းအင်ကို စုပ်ယူမိမည်ကို စိုးရိမ်ကာ သတိပေး လိုက်သည်။
“သတိပေးတဲ့ အတွက် မိန်းကလေးကို ကျေးဇူးတင်ပါတယ် … ကျွန်တော် သတိထားပါ့မယ်…”
“အဲဒါဆို ကျွန်တော်တို့ နောက်လိုက် လာတဲ့ ရန်သူ တွေရဲ့ သင်္ဘောကို သွားဖျက်ဆီး တော့မယ်။ တကယ်လို့ ကျွန်တော့် မိန်းမ နိုးလာရင် သင်္ဘောပေါ်ကပဲ စိတ်အေးအေး စောင့်နေဖို့ ပြောပေးပါ …”
ထို့နောက် ရဲချန်ဖန်သည် ကုန်းပတ်ပေါ်မှ ပင်လယ်ထဲ ခုန်ချလိုက်ရာ အလွန် ထက်မြက်သော ဓားက ပင်လယ်ရေကို ထိုးခွဲလိုက်သလိုပင်။ ချက်ချင်းပင် ရဲချန်ဖန် ရေထဲ နှစ်မြုပ် ပျောက်ကွယ် သွားသည်။ ရဲချန်ဖန်သည် ရေအောက်မှနေ၍ အမှောင်သခင်၏ သင်္ဘောဆီသို့ လျင်မြန်စွာ ချဉ်းကပ် သွားသည်။