အခန်း ( ၁၈၄ )
သစ္စာဖောက်က ဘယ်သူလဲ
“ရှင့်ပုံကို ကြည့်ရတာ အလှပဂေးလေးရဲ့ ယုံကြည်မှုကို ရလာပြီနဲ့ တူတယ်”
ခုတင်ပေါ်တွင် ထိုင်ကာ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် ကျင့်နေသော ရွှယ်နီရှန်သည် ရဲချန်ဖန် ဝင်လာသည်နှင့် လှမ်းပြော လိုက်သည်။
“အင်း…”
ရဲချန်ဖန်သည် ရှေ့ဆက်မည့် အစီအစဉ်များကို စဉ်းစားနေသည်။ သူက မိုယုရန်ကို ကူညီ၍ သစ္စာဖောက်များကို ဖယ်ရှား ရှင်းလင်းပြီးနောက် သူမထံမှ မည်သို့ အကျိုးအမြတ်ရရန် လုပ်မည်ကို တွေးနေသည်။
“ဘာလဲ… သူ့ အခန်းထဲ ရှင်သွားတာ ဘယ်သူမှ မသိနိုင်ဘူး။ ရှင်တို့ အခန်းထဲမှာ တစ်ခုခုဖြစ်ခဲ့တာ ဘယ်သူသိနိုင်မလဲ။ ကြည့်ရတာ အဲဒီမိန်းကလေးနဲ့ ရှင် ချစ်နေကြပြီမလား”
ရွှယ်နီရှန် အသံက အလွန်အေးစက် နေသည်။ သူမကိုယ် သူမပင် ဘာကြောင့် ဤကဲ့သို့ ဖြစ်သွားလဲ မသိလိုက်ပေ။ သူမ သဝန်တိုနေသည်လော။
“ငါက မင်းကို ချစ်နေတာလေ။ ဘယ်လိုလုပ် သူမကို ချစ်လို့ရမှာလဲ။ ငါက သူဆီက ဘာတွေ အကျိုးအမြတ် ရမလဲဆိုတာ တွေးနေတာ”
ရဲချန်ဖန်က စိတ်မဆိုးဘဲ ရွှယ်နီရှန်ကို စိုက်ကြည့်ပြီး စနောက်ပြောလိုက်သည်။
“ဒါဆို ရှင်က ကျွန်မကို ချစ်နေတာလား”
ရွှယ်နီရှန်၏ ဆွဲဆောင်မှု ရှိလှသော နှုတ်ခမ်း များသည့် တွန့်နေအောင် ကွေးသွားပြီး ဟန်ပါပါ မေးလိုက်လေသည်။
“မချစ်ပါဘူး…”
ရဲချန်ဖန်က သူမကို တကယ်မနိုင်ပေ။ ထို့ကြောင့် အမြန်ဆုံးသာ ငြင်းလိုက် ရသည်။
“ရဲချန်ဖန်… ငါကျိန်တယ်။ နင်ငါ့အောက်မှာ ကျရှုံးအောင် လုပ်ပြမယ်။ ပြီးတော့ ရှင်ဟာကို ချွတ်… ပြီးတော့ ရှင့်ကိုနောင်တ ရနေအောင် လုပ်ပြမယ်”
သူမပင် သူမ မထိန်းနိုင်ခင်မှာပင် ရွှယ်နီရှန် အသံက ထွက်ပေါ်လာသည်။ ရွှယ်နီရှန် စိတ်ထဲတွင် အလွန်ဒေါသ ထွက်နေလေသည်။ သူမက ရဲချန်ဖန်ကို ကစားနေသည် မဟုတ်ဘဲ သူမကသာ ရဲချန်ဖန်၏ ကစားခြင်းကို ခံနေရသလိုပင်။ ရဲချန်ဖန်၏ စကားလုံးများကြောင့် သူမပဲ ဒေါသထွက် နေရလေသည်။ ရဲချန်ဖန်က သူမအလှကို ဂရုမစိုက်ဘဲ သူမအလှကို လျစ်လျူရှုနေခြင်းက သူမကို နေမထိ ထိုင်မသာ ဖြစ်စေသည်။
“တော်ပြီ…ငါ့ကို မြူမဆွယ်နဲ့တော့… ငါ ပြောစရာ ရှိတယ်။ မင်းက မဟာသားရဲ ဘိုးဘေး တန်ခိုးရှင်အဆင့် မရာက်ချင်ဘူးလား”
ရဲချန်ဖန်က ဒေါပွနေဟန် ပေါက်သည့် ရွှယ်နီရှန်ကို မေးလိုက်သည်။
“ရှင့်မှာ နည်းရှိလို့လား”
ရွှယ်နီရှန်၏ လတ်တလော အဖြစ်ချင်ဆုံး ဆန္ဒမှာ မဟာသားရဲဘိုးဘေး အဆင့်ကို ရောက်ရန် ဖြစ်သည်။ ထို့ကြောင့် ရဲချန်ဖန် စကားဆုံးသည်နှင့် သူမ မျက်လုံးမှ အရောင်များ ထွက်လာသည်။
“ငါတွေးထားက မိုယုရန်ကို ဘယ်သူတွေက သစ္စာဖောက်နေလဲ ဆိုတာကို ကူညီဖော်ထုတ်ပေးဖို့ စဉ်းစားထားတယ်။ ပြီးတော့သူနဲ့ အပေးအယူ လုပ်မယ်။ သူမ ကြယ်တာရာ ကျွန်းပြန်ပြီး ရှေးဟောင်း မိသားစု မဟာမိတ် အဖွဲ့အာဏာကို ပြန်ရအောင် ကူညီပေးမယ်။ ဒါဆို ငါတို့အတွက်လည်း အလွန်ကြီးတဲ့ အကျိုးအမြတ်ကို ရနိုင်တယ်”
ရဲချန်ဖန်က သူအကြံကို ခပ်ရဲရဲပင် ပြောပြ လိုက်သည်။
“ချန်ဖန်… အဲဒါ အရမ်းအန္တရာယ် မများဘူးလား”
ရွှယ်နီရှန်က မျက်မှောင်များ ကြုတ်သွားသည်။
“အခွင့်အရေးကတော့ အန္တရာယ်နဲ့ အမြဲဒွန် တွဲနေတာပဲလေ။ မင်းက အရာရာကို ကြောက်နေရင် မင်းက ဘယ်လိုလုပ် တာအိုလမ်းစဉ်ကို လျှောက်နိုင်လဲ”
ရဲချန်ဖန်က ခပ်အေးအေးပင် မေးလိုက်သည်။
ရဲချန်ဖန်က ပေါ့ပေါ့ပါးပါးပင် ပုံမှန်အတိုင်း ပြောလိုက်သော်လည်း ရွှယ်နီရှန် စိတ်ထဲတွင်မူ ရဲချန်ဖန် မျက်လုံးများထဲမှ အနိုင်မခံ အရှံးမပေးတတ်သည့် စိတ်ဓါတ်၊ ခိုင်မာသော စိတ်ဓါတ်၊ ယောက်ျားပီသမှုတို့ကို မြင်ရပြီး သူမရင်ခုန်နှုန်းက တဒိတ်ဒိတ်နှင့် မြန်လာလေသည်။ ထိုအခိုက် အတန့်လေးမှာပင် ရဲချန်ဖန်သည် အလွန်ဆွဲဆောင်မှုရှိပြီး ယောက်ျား ပီသ သူဟု သူမထင်လိုက် လေသည်။
“ချန်ဖန်… ခုငါသိပြီ ရှင်ဘာလို့ ဒီလို ကံကောင်းမှုတွေ ရရှိပိုင်ဆိုင်ပြီး ကြီးမားတဲ့ အနာဂါတ် ရှိနေလဲဆိုတာ”
“ဟုတ်တယ်… ရှင်ပြောတာ မှန်တယ်။ အခွင့်အရေးဆိုတာ ကိုယ့်ဘာသာကိုယ် ဖန်တီး ယူရတာပဲ။ လှုပ်ရှားရုန်းကန်ရင်း ရသမျှ အခွင့်အလမ်းကို ဆုပ်ကိုင် ရယူနိုင်ရမယ်။ ကဲ ရှင့်သဘော အတိုင်းပဲ။ ကျွန်မ လုပ်မယ်”
ရွှယ်နီရှန်က ရဲချန်ဖန် အကြံကို သဘောတူ လိုက်သည်။ သူမ နှလုံးသားထဲတွင် ရဲချန်ဖန်အပေါ် စိတ်ဝင်စားမှုက ပိုမိုများပြား လာသည်။
မနက်ခင်းတွင် စူးရှနွေးထွေးသော အလင်းရောင်က သင်္ဘောပေါ်သို့ ကျဆင်းနေသည်။ နေအလင်းက ပြတင်းပေါက်မှ ဖြတ်သန်းပြီး မိုယုရန် အခန်းထဲ ဝင်ရောက် လာသည်။ မှောင်နေသော အခန်းလေးက အလင်းများနှင့် လင်းလင်းရှင်းရှင်း ဖြစ်လာသည်။
ရဲချန်ဖန် ထွက်သွားပြီး ကတည်းက စိုးရိမ်စိတ်ဖြင့် မိုယုရန် အိပ်မရတော့ချေ။ ရဲချန်ဖန် အသံက ပဲ့တင်သံအလား သူမ စိတ်ထဲ အထပ်ထပ် ကြားနေပြီး သူမစိတ်ကို ပူပန်နေစေသည်။
“အင်း… ငါလူရွေးမှားတာ မဖြစ်ပါစေနဲ့လို့… မျှော်လင့်တာပဲ။ ရဲချန်ဖန် ရှင်က ယုံကြည်လို့ ရပါတယ်နော်”
မိုယုရန်က သူမ ရွေးချယ်မှု မှန်ကန်ပါစေဟု ဆုတောင်း နေမိသည်။ သူမတွင် ရွေးချယ်စရာ အခြေအနေ မရှိကြောင်း နားလည် ထားသည်။ သူမ နှုတ်ခမ်းလေးကို တစ်ချက်ဖိကိုက် လိုက်ပြီး အဝတ်အစားများ လဲလိုက်သည်။
ထို့နောက် အစည်းအဝေး ခန်းမဘက်သို့ ထွက်ခွါ သွားသည်။ သူမ အမိန့်ကြောင့် အစည်းအဝေး ခန်းမထဲတွင် သင်္ဘောကြီးပေါ်မှ အရေးပါသော လူများ အကုန် ရောက်ရှိနေပြီ ဖြစ်သည်။ အကြီးအကဲ မိုင် နှင့် အကြီးအကဲ ဟောင်တို့ပင် ရောက်ရှိနေကြပြီ ဖြစ်သည်။
“သခင်မလေး ကျွန်မတို့ အားလုံးကို ခေါ်တဲ့အကြောင်းက ဘာလဲ မသိဘူး။ ဘာဖြစ်လို့လဲ”
နဂါးတောင်ဝှေးနှင့် အကြီးအကဲ မိုင်က မိုယုရန်ကို သိချင်စိတ်နှင့် မေးလိုက်သည်။
“အင်း… ကျွန်တော်တို့ ပြောကြတာပေါ့”
ထိုအချိန်တွင် အစည်အဝေး ခန်းမကြီး တံခါးက ပွင့်လာပြီး ရဲချန်ဖန်နှင့် ရွှယ်နီရှန်တို့က ဝင်ရောက်လာသည်။ ရဲချန်ဖန်က လူအုပ်ကြီးကို အကြည့်စူးစူးဖြင့် ဝေ့ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
“မင်းက ဒီဘာလာလုပ်တာလဲ။ မင်းကို ဘယ်သူက ပြောခွင့်ပေးလို့လဲ”
ရဲချန်ဖန်နှင့် ရန်ငြိုးရှိသော ကိုယ်ရံတော် ယောင်က ရန်လိုစွာနှင့် အလွန်တင်းမာသည့် အသံဖြင့် မေးလိုက်သည်။
“ကျွန်မက သခင်လေး ရဲနဲ့ မိန်းကလေး ရွှယ်တို့ကို အကူအညီ တောင်းထားတာပဲ”
မိုယုရန်က ရဲချန်ဖန်ကို ဝေခွဲမရသည့် မျက်လုံးဖြင့် တစ်ချက်ကြည့်ကာ သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီးနောက် အနည်းငယ် စိတ်လှုပ်ရှား တုန်လှုပ်နေဟန်ဖြင့် ပြောလိုက်သည်။
“သခင်မလေးက သူတို့ကို ဘာလုပ်ခိုင်းဖို့ သူတို့ကို ခေါ်ထားတာလဲ”
ရွှေရောင် ဝတ်စုံနှင့် အကြီးအကဲ ယောင်က အံ့အားသင့် နေသည့်ပုံဖြင့် မိုယုရန်ကို မေးလိုက်သည်။
“ကျွန်မ သခင်လေး ရဲကို လာဖို့ အကူအညီ တောင်းထားတဲ့ အကြောင်းကတော့ တစ်ယောက်ယောက်က ကျွန်မတို့ကို အဆိပ်ခတ် ထားတယ်။ ကျွန်မတို့ အားလုံး အဆိပ်မိ နေပြီးပြီ။ သခင်လေးက အားလုံးမိနေတဲ့ အဆိပ်ကို ဖြေပေးပြီး သစ္စာဖောက်တွေက ဘယ်သူလဲဆိုတာကို ဖော်ထုတ်ပေးဖို့ပဲ”
မိုယုရန်က အသက်ဝအောင် ရှူလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
မိုယုရန် စကားဆုံး သွားသည်နှင့် တစ်ခန်းလုံး ဆူညံသွားသည်။ အကြီးအကဲ မိုင်နှင့် လူတိုင်းမျက်နှာ ပျက်သွားပြီး သူတို့ကိုယ် သူတို့ စစ်ဆေးလိုက်ကြသည်။
“သခင်မလေး ပြောတာ မှန်တယ်။ ခင်ဗျားတို့ အကုန်လုံး အဆိပ်မိ ထားတယ်။ အဲဒီ အဆိပ်ခပ်တဲ့လူက ကျွန်တော်ထဲက တစ်ယောက်ယောက် ဖြစ်နိုင်တယ်” ရဲချန်ဖန်က ပြောလိုက်သည်။
“ရဲချန်ဖန်… အဲဒီ သစ္စာဖောက်ကောင်က မင်းပဲဖြစ်မှာ။ အဆိပ်ခပ်တဲ့ လူကလည်း မင်းပဲ…”
သူ့ခန္ဓာကိုယ်တွင် အဆိပ်မိနေသည်ကို တွေ့ရှိလိုက်ပြီးနောက် ကိုယ်ရံတော် ယောင်က မျက်နှာ အလွန်မည်းနက်သွားပြီး ရဲချန်ဖန်ကို အော်ဟစ် စွပ်စွဲလိုက်သည်။
“ငါက သစ္စာဖောက် ဟုတ်လား… ငါက အဆိပ်ခပ်တယ်ပေါ့။ ဒါဆိုရင် မင်း တော်တော် တုံးတဲ့လူလို့ ပြောရမယ်”
ရဲချန်ဖန်က ပြုံးပြီး ခပ်ရင့်ရင့်ပင် ပြန်ပြော လိုက်သည်။
“ငါ့စိတ်အာရုံ နယ်ပယ်ထဲမှာ ကိုယ်ရံတော် ရီရဲ့ စိတ်ဝိညာဉ် အချုပ်အနှောင် ရှိနေတယ်။ ငါက သင်္ဘော တစ်ခုလုံးက လူတွေကို အဆိပ်ခပ်ဖို့ သတ္တိရှိမယ် ထင်လား။ ပြီးတော့ ငါက သင်္ဘောပေါ်က လူတွေကို အဆိပ်ခပ်လို့ရော ဘာအကျိုးရှိမှာ မို့လို့လဲ”
“မင်း…မင်း…”
“တော်ပြီ။ စကားမများနဲ့။ ငါ့အမိန့်ကို နာမခံတဲ့လူတွေ ငါ့ကို အဆိုးမဆိုနဲ့” မိုယုရန်က ကိုယ်ရံတော် ယောင်ကို စိုက်ကြည့်ကာ သတိပေး လိုက်သည်။
“သခင်လေး ရဲ … အကုန်လုံးကို အဆိပ်ဖြေပေးပါ”
“ကောင်းပြီ…”
ရဲချန်ဖန်က အရင်အကြီးအကဲ မိုင်ထံ လျှောက်သွားလိုက်သည်။
“အကြီးအကဲ မိုင် ကျွန်တော် အပ်စိုက်ဖို့ နောက်လှည့်ပြီး ရပ်ပေးပါ။ ပြီးတော့ ဝိညာဉ် စွမ်းအင် အကာအကွယ်ကို ဖယ်ထား လိုက်ပါ။ ကျွန်တော် အပ်စိုက်ပြီး စကုပါတော့မယ်”
“ကောင်းပြီ…”
အကြီးအကဲ မိုင်က ရဲချန်ဖန် လျှောက်လာစဉ် တောက်လျောက် အကဲခတ်နေပြီးနောက် တစ်ခုခုကို ဆုံးဖြတ်လိုက်ဟန်နှင့် ဝိညာဉ် အကာအကွယ်ကို ဖယ်ရှားပေးပြီးနောက် လှည့်လိုက်သည်။ ရဲချန်ဖန်က အကြီးအကဲ ဖန်ကျောကိုစတင် အပ်စိုက် ကုသတော့သည်။
“ပြီးပြီ အကြီးအကဲ မိုင် … အကြီးအကဲ မိုင် ကိုယ်ထဲက အဆိပ်တွေ ဖြေပြီးပြီ”
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် အပ်များကို အကြီးအကဲ မိုင် ကျောမှ ပြန်နုတ်ယူပြီး အသက်ဝအောင် ရှူလိုက်ပြီးနောက် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
အကြီးအကဲ မိုင်က သူ့ကိုယ်သူ စစ်ဆေးပြီးနောက် အဆိပ်မ ရှိတော့သည်ကို တွေ့လိုက်ရပြီး ရဲချန်ဖန်ကို ကျေးဇူးတင် စကားပြော လိုက်လေသည်။
မိုယုရန်က အကြီးအကဲ မိုင် အဆိပ်ပြေသွားသည်ကို ကြည့်ပြီးမှပင် သူမလေးလံနေသော စိတ်သည် ဒုံးဒုံးကျ သွားလေသည်။
“အကြီးအကဲ ဟောင်… ခင်ဗျား အလှည့်ပါ ခင်ဗျာ…”
ရဲချန်ဖန်က အကြီးအကဲ ဟောင် နောက်နားသို့ လျှောက်သွားရင်း ပြောလိုက်သည်။
“ငါအဆိပ် မမိထားဘူး။ ဒါကြောင့် ငါ့ကို အဆိပ်ဖြေပေး ဖို့မလိုဘူး”
အကြီးအကဲ ဟောင်က ရှေ့တွင် ရှိနေသော လက်ဖက်ရည် သောက်ရင်း ပြောလိုက်သည်။
အကြီးအကဲ ဟောင် စကားဆုံးသည်နှင့် မိုယုရန်၏ မျက်နှာ အလွန်ပျက် သွားသည်။ သူမ၏ ဘယ်လက်ရုံးလို အားကိုးရသည့် အကြီးအကဲဟောင်က သူ့အား သစ္စာဖောက်၍ သူမအား သတ်ရန် ကြိုးစားနေသူများနှင့် ပူးပေါင်းသွားမည်ဟု မယုံနိုင် ဖြစ်နေသည်။
“အကြီးအကဲ ဟောင် လူတိုင်းက အဆိပ်မိပြီး… ခင်ဗျားကျတော့ မမိဘူး။ ဘာအကြောင်း ကြောင့်လဲဆိုတာ မေးလို့ရမလား”
ရဲချန်ဖန်လည်း မျက်မှောင်များကြုတ် သွားပြီး အလွန်မောက်မာဟန် ပေါက်သည့် အကြီးအကဲ ဟောင်ကို မေးလိုက်သည်။
“ဘာလဲ… မင်းက ငါက သစ္စာဖောက်လို့ သံသယ ရှိနေတာလား”
အကြီးအကဲ ဟောင် မျက်လုံးထဲမှ ဒေါသအရောင်များ ထွက်လာပြီး ရဲချန်ဖန်ကို မေးလိုက်သည်။
“ကျွန်တော် အကြီးအကဲ ဟောင်ရဲ့ သိုလှောင်အိတ်ကို စစ်လို့ရမလား”
အကြီးအကဲ ဟောင် မျက်လုံးကို စိုက်ကြည့်ရင်း ရဲချန်ဖန် မေးလိုက်လေသည်။
“ငါသဘော မတူရင် … မင်းက ဘာတတ်နိုင်မှာ မို့လို့လဲ”
အကြီးအကဲ ဟောင် မျက်လုံးမှ လူသတ်ချင်သည့် အရောင်များ ထွက်ပေါ်လာပြီး ရဲချန်ဖန် တောင်းဆိုချက်ကို ခပ်ပြတ်ပြတ် ငြင်းဆိုလိုက်သည်။
“အဲဒါက ခင်ဗျားက … သစ္စာဖောက်ဆိုတဲ့ သက်သေပဲ”
ရဲချန်ဖန်၏ အသံကား အခန်းအတွင်းရှိ လူတိုင်း၏ရင်ကို မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းသွားစေပြီး ကြက်သေသေ နေစေသည်။
အခန်း ( ၁၈၄ ) ပြီး၏။ ( ၁၈၅ ) မျှော်