Switch Mode

Chapter – 183

အဆိပ်ဖြေပေးခြင်း

အခန်း ( ၁၈၃ )
အဆိပ်ဖြေပေးခြင်း

ညအချိန်သည် တိတ်ဆိတ် ငြိမ်သက်လျက်ရှိပြီး လရောင်က တိမ်တချို့က ဖုံးကွယ်နေသဖြင့် ဝိုးတဝါး အလင်းသာ ထွက်ပေါ် နေသည်။ ပင်လယ်ရေ မျက်နှာပြင်သည် သင်္ဘောကြီး ခုတ်မောင်းလျက် ရှိသောကြောင့် လှိုင်းလုံးကြီးများက အဆက်မပြတ် ဖြစ်ပေါ်နေလေသည်။

ညသည် နက်သထက် နက်လာပြီး သင်္ဘောသား ဝန်ထမ်း အချို့သည်ပင် အနားယူ အိပ်စက်နေကြပြီ ဖြစ်သည်။ ရဲချန်ဖန်က ဝိညာဉ်စုပ်သိုင်းကို အသုံးပြု၍ သူ၏အော်ရာကို မထွက်အောင် ထိန်းချုပ်ကာ အရိပ်မဲ့သိုင်း အသုံးပြုလျက် မိုယုရန် အခန်းထဲသို့ တိတ်တိတ်လေး ခိုးဝင် လိုက်သည်။

မိုယုရန် အခန်းရှေ့မှ မှော်အစီအရင်ကို အင်အားသုံး ချိုးဖောက် ဝင်လိုက်ပါက အကြီးအကဲ မိုင်၊ ကိုယ်ရံတော် ရီနှင့် တခြား မိုယုရန် အခန်းကို စောင့်နေသူများအား ထိတ်လန့် အထင်လွဲမည့် ကိစ္စကို ရှောင်ရှားရန် သင်္ဘောကြီး အပြင်ဘက်ကို ရွှေလင်းယုန် တောင်ပံ အသုံးပြုကာ ပျံသန်းထွက်ခွာ လိုက်သည်။ ထို့နောက် မိုယုရန် အခန်းပြတင်းပေါက်ရှိရာ သင်္ဘော အပြင်ကနေ သူမ အခန်းမှ မှော်အစီအရင်ကို တိတ်တဆိတ် ချိုးဖောက်ကာ မိုယုရန် အခန်းထဲ ဝင်ရောက် လိုက်သည်။

“အင်း… သူမ အရမ်းကြောက်လန့်ပြီး ရုတ်တရက် မအော်လိုက်ဖို့ မျှော်လင့်ရတာပဲ။ မဟုတ်ရင်တော့ ဒုတိယနည်းကို သုံးရမှာပဲ”

မှုန်းဝါးဝါး လရောင်အောက်တွင် ရဲချန်ဖန်သည် မိုယုရန်က အလွန်သားနား ထည်ဝါသည့် အိပ်ရာပေါ်တွင် အိပ်စက်နေသော မိုယုရန်ကို တွေ့လိုက်ရလေသည်။ မိုယုရန်သည် သင်္ဘောကြီးပေါ်တွင် အမြဲလိုလို မျက်နှာကို ပဝါဖြင့် ဖုံးကွယ်ထားရာ သူမ မျက်နှာကို မို မိသားစုမှ အကြီးအကဲပိုင်းကလွဲရင် မည်သူမှ မမြင်ဖူးကြချေ။ ယခုအိပ်နေသည့် အချိန်တွင် သူမ မျက်နှာဖုံးကို ချွတ်ထားရာ သူမ၏ လှပသော မျက်နှာကို ရဲချန်ဖန် မြင်တွေ့ လိုက်ရလေသည်။

ရွှယ်နီရှန် အလှကား ဆွဲဆောင်မှု ညှို့ဓါတ်၊ သွက်လက်မှုတို့ဖြင့် ပေါင်းစပ်ထားပြီး သူမနှင့် မြင်တွေ့ဆက်ဆံ ရသည်မှာ တက်ကြွ ပျော်ရွှင်ဖွယ် ဖြစ်သည်။ မိုယုရန် အလှကား တစ်မူ ထူးခြားလှ၏။ လှပသိမ့်မွေ့မှု၊ မဟာဆန်မှုတို့က သူမ၏ အလွန်ချောမောသော ရုပ်ရည်ကို အားဖြည့် ပေးထားသဖြင့် မြင်သူတိုင်းက သူမကို ချစ်ခင်စွဲလမ်းမိမှာ အသေအချာပင်။

သူမကိုယ်လုံးသည် ရွှယ်နီရှန်ထက် အနည်းငယ် ပိန်သယောင် ထင်ရသော်လည်း ခန္ဓာကိုယ် အချိုးအစားမှာ အလွန်လှပြီး ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နှင့် အလွန်လှပသည့် နတ်မိမယ် ဟု ဆိုရမည် ဖြစ်သည်။ ရဲချန်ဖန်ပင် ခုတင်ခြေရင်းတွင် ရပ်ကာ သူမအလှအား ငေးမော ကြည့်နေမိသည်။

“ဘယ်သူလဲ…”

အိပ်ပျော်နေသော မိုယုရန်က သူ့နား တစ်စုံတစ်ယောက် ချဉ်းကပ်လာပြီး သူမအား စူးစိုက်ကြည့်နေသည်ဟု ခံစားမိလိုက်၍ ရုတ်တရက် လန့်နိုးလားပြီး အော်ဟစ်ရန် လုပ်လိုက်လေသည်။ သို့သော် ကြီးမား သန်မာသော လက်ကြီးတစ်စုံက သူမပါးစပ်ကို အော်ခွင့်မပေးဘဲ ပိတ်ထားလိုက်ပြီး ဓါးတစ်ချောင်းက သူမလည်ပင်းကိုလာ ထောက်နေသည်။

လည်မြိုကို ချွန်ထက်သော ဓါးက လာထိတွေ့နေသဖြင့် သူမ မျက်လုံးထဲတွင် ကြောက်ရွံ တုန်လှုပ်မှုက ဖြစ်ပေါ်လာသည်။ သို့သော် သူမက သူမကို ချုပ်ကိုင်ထားသော သူသည် သူမတို့ ကယ်တင်ခဲ့သော ရဲချန်ဖန် ဖြစ်နေသည်ကို တွေ့လိုက်သောအခါ အလွန်ဒေါသ ထွက်သွား လေသည်။

“ရှင်ကိုး… ရှင်က ဒါဘာသဘောလဲ”

ကြောက်လန့် တုန်လှုပ်စိတ်များကို ထိန်းချုပ်ပြီး မိုယုရန်က မေးလိုက်လေသည်။

“မင်းအရမ်း မကြောက်ပါနဲ့ ။ ငါမင်းကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဒီလိုလုပ်တာ မဟုတ်ဘူး။ ဒီကို ငါလာရတာက မင်းကိုကယ်ဖို့ပဲ”

ရဲချန်ဖန်က မိုယုရန် အတင်းရုန်းကန်ချင်း မပြုသည့်အတွက် အနည်းငယ် စိတ်အေးသွားပြီး သူမကို အမြန်ရှင်းပြ လိုက်သည်။

“ငါ့ကိုကယ်ဖို့ ဟုတ်လား…။ ဒီလို နည်းလမ်းနဲ့ ကယ်တာ ဟုတ်လား…။ ငါပြောမယ်… မင်းလိုချင်တာပြော… မင်းတောင်းဆိုတာ ငါလိုက်လျော နိုင်တာဆို… ငါလိုက်လျော ပေးမယ်”

မိုယုရန် အတွေးတွင် ရဲချန်ဖန်က သူမအခန်းထဲသို့ ခိုးဝင်လာသည်မှာ သူမ ရတနာများကို လိုချင်သည်ဟု ထင်မှတ်သွားပြီး ရဲချန်ဖန်ကို ကယ်တင်ခဲ့သည့် အတွက်လည်း နောင်တ ရနေမိသည်။

“ငါသိတယ်… ငါပြောလည်း မင်းယုံမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းကိုငါ တကယ် လာကယ်တာပဲ။ မင်းက အဆိပ်မိနေပြီ။ လူတချို့က မင်းကို လုပ်ကြံနေတာ။ မင်းမယုံရင် မင်းခန္ဓာကိုယ် မင်း ပြန်စစ်ကြည့်လိုက်။ ဒါဆို ငါလိမ်နေတာ မဟုတ်မှန်း မင်းသိလိမ့်မယ်”

“အဆိပ်မိတယ်… ဟုတ်လား…”

ရဲချန်ဖန်ရဲ့ စကားကို ကြားပြီး သူမက ရဲချန်ဖန်ကို ပို၍သံသယ ဝင်လာသည်။ သို့သော် သူမက ရဲချန်ဖန် စကားအတိုင်း သူမကိုယ်သူမ ဝိညာဉ်စွမ်းအင် ကျင့်စဉ် အသုံးပြု၍ စစ်ဆေးကြည့်ရာ သူမကိုယ်က အဆိပ်မိနေသည်ကို တွေ့ရှိလိုက်ရ လေသည်။

“တကယ် အဆိပ်မိနေတာပဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကြည့်ရတာ…”

ဖြစ်နိုင်ချေများကို စဉ်းစားပြီး မိုယုရန် တုန်လှုပ်ကာ ချွေးစီးများ ထွက်လာသည်။ သို့သော် သူမက ရဲချန်ဖန်၏ ရည်ရွယ်ချက်ကို ပိုမို၍ သင်္ကာမကင်း ဖြစ်လာသည်။

“ခု ငါမင်းကို မလိမ်ဘူးဆိုတာ မင်းသိသင့်ပြီ။ ငါခန့်မှန်းတာ မမှားဘူးဆိုရင် ဒီသင်္ဘောပေါ်မှာ သစ္စာဖောက်တွေ ရှိနေပြီ”

ရဲချန်ဖန်က မိုယုရန် မျက်လုံး အရိပ်များကို ကြည့်ရင်း ဆက်ပြော လိုက်သည်။

“ရှင်က ဘယ်သူလဲ။ ရှင်က ဒါတွေကို ဘာလို့သိနေရတာလဲ”

မိုယုရန်က စိတ်ကို တည်ငြိမ်အောင် ထားပြီး ရဲချန်ဖန်၏ ရည်ရွယ်ချက်ကို နားလည်အောင် ကြိုးစားနေသည်။

“ငါက နှင်းမြောက်နိုင်ငံက လာတာ။ ဒါပေမဲ့ မတော်တဆ မင်းတို့က လိုက်ဖမ်းခံနေရတဲ့ အကြောင်းကို သိလိုက်ရတယ်”

မိုယုရန် ယုံကြည်စေရန် သူ၏ အကြောင်းအချို့ကို အမှန်အတိုင်း ပြောပြရမည်ကို ရဲချန်ဖန် နားလည်ထားသဖြင့် သူ့အကြောင်း အချို့ကို ပြောပြလိုက်သည်။

“မြောက်ပင်လယ်က အရမ်းကျယ်တယ်။ မင်းတို့ မတော်တဆ တစ်ခုခုဖြစ်ရင် ငါတို့ လင်မယားလဲ ပြေးလွတ်မှာ မဟုတ်ဘူး။ ဒါကြောင့် မင်းတို့ကို ကူညီတာက … ငါတို့ကိုယ် ငါတို့ ကူညီတာပဲ”

“အင်း… ကျွန်မ ရှင့်စကားကို ယုံပါတယ်။ ခု ကျွန်မကို လွှတ်ပေးလို့ ရပြီလား”

ညသန်းခေါင်ယံချိန် မှောင်မိုက်သော အခန်းလေးထဲတွင် ယောက်ျား တစ်ယောက်၏ ချုပ်နှောင် ထားခြင်း ခံနေရသဖြင့် မိုယုရန်က စိတ်မသက်မသာ ဖြစ်နေသည်။ ထို့ကြောင့် ရဲချန်ဖန်ကို ခပ်တိုးတိုးပင် ယုံကြည်ဟန်ပြုကာ ပြောလိုက်သည်။

“မိန်းကလေး… မင်းငါ့ကို မယုံဘူးဆိုတာ … ငါသိတယ်။ ငါမင်းကို လွှတ်ပေးလိုက်တာနဲ့ အကုန်လုံးက ငါ့ကိုဝိုင်းဖမ်းကြမှာ။ ဒီတော့ မင်းအဲဒီလို မလုပ်ခင်… ငါပြောတာ နားထောင် အချက်လေးချက် ရှိတယ်”

“ပထမအချက်က ငါမင်းကိုယ်ထဲက အဆိပ်ကို ဖယ်ရှားပေး နိုင်တယ်”

“ဒုတိယ အချက်က သူလျှိုက ဒီအချိန်မှာ စလှုပ်ရှား လာတာကြည့်ရင် မင်းရဲ့နေရာကို မင်းကို လိုက်ဖမ်းနေတဲ့ လူတွေက သိသွားပြီး လောက်ပြီ။ မင်းနောက် လိုက်လာတာ တော်တော်နီး နေပြီလို့ ပြောလို့ရတယ်။ ဒီအချိန် မင်းကို ငါလူကြားထဲမှာ ပြောလိုက်ရင် သူ့အတွက် သတိပေး လိုက်သလို ဖြစ်သွားမယ်။ အဲဒီလို ငါလာပြောခဲ့ရင်လည်း ငါကို ဘယ်သူမှ ယုံကြမှာ မဟုတ်ဘူး။ ကြည့်ရတာ သူလျှိုက အရမ်းလျှို့ဝှက်ပြီး လည်လွန်းတယ်။ သူက မင်းရန်သူတွေ ရောက်ခါမှ မင်းကိုလှုပ်ခွင့် မရနိုင်အောင် တိုက်မှာ…”

“တတိယ အချက်က မင်း…သတိမထားမိတာ ဖြစ်နိုင်တယ်။ ခုငါတို့သင်္ဘော သွားနေတဲ့ အရှိန်က အရမ်းနှေးနေတယ်။ ပြောရမယ်ဆိုရင် တချို့လူတွေက သင်္ဘောကြီးကို တမင် ဖြည်းဖြည်း သွားအောင် လုပ်ထားတာပဲ။ ဒါကိုကြည့်ရင် ဒီလိုလုပ်နိုင်တဲ့လူက သင်္ဘောပေါ်က သာမန်လူတော့ ဟုတ်မယ်…မထင်ဘူး”

“နံပါတ်လေး…အရေးအကြီးဆုံးက မင်းငါတို့ကို ယုံလို့ရတာပဲ။ ငါတို့ စိတ်ဝိညာဉ် နယ်ပယ်ထဲမှာ ကိုယ်ရံတော်ရီ ထည့်ထားတဲ့ စိတ်ဝိညာဉ် အချုပ်အနှောင် ရှိနေတယ်။ ငါမင်းကို မဟုတ်တာ တစ်ခုခုလုပ်ရင် ငါ့ကိုငါ သတ်သေတာနဲ့ မခြားဘူး။ ပြီးတော့ အဲဒီသူလျှိုကို ဖော်ထုတ်ဖို့ ငါ့မှာ ယုံကြည်ချက်ရှိတယ်။ ဒီကိစ္စတွေပြီးမှ ငါတို့ စိတ်ဝိညာဉ် အချုပ်အနှောင်ကို ဖယ်ရှားပေး…ဘယ်လိုလဲ”

ရဲချန်ဖန်က ပြောပြီးနောက် မိုယုရန် လည်မြိုကို ထောက်ထားသော ဓါးကို ဖယ်ရှားလိုက်ပြီး သူမကိုယ်လုံးလေးကို လွှတ်ပေး လိုက်သည်။

မိုယုရန်သည် ရဲချန်ဖန်က ချုပ်နှောင်မှုအား လွှတ်ပြီးသော်လည်း မျက်နှာ ပျက်နေသည်။ ရဲချန်ဖန်၏ စကားလုံးများက သူမကို အလွန်ဝေခွဲမရ ဖြစ်စေသည်။ သို့သော် ရဲချန်ဖန်၏ စိတ်ဝိညာဉ် နယ်ထဲတွင် ထည့်ထားသည့် ကိုယ်ရံတော် ရီ၏ စိတ်ဝိညာဉ် အချုပ်အနှောင်ကို တွေးမိပြီး ရဲချန်ဖန်ကို အနည်းငယ် ယုံကြည်လာသည်။

“မင်း မယုံဘူးဆိုရင် ပြတင်းပေါက် အပြင်ကို ကြည့်လိုက်။ သင်္ဘောသွားနေတဲ့ အရှိန်က ဘယ်လောက်တောင် နှေးနေ သလဲဆိုတာ…”

ရဲချန်ဖန်က မိုယုရန် မအော်သည့်အတွက် အနည်းငယ် စိတ်သက်သာရာ ရသွားပြီး သူမကို သတိပေး လိုက်သည်။

“ကြည့်စရာ မလိုဘူး။ သင်္ဘောက နှေးနှေးလေး သွားနေတာ ငါခံစားလို့ ရပါတယ်။ ငါမင်းကို ယုံကြည်ရင် မင်းက ငါ့ကိုကူပြီး သူလျှိုကို ဖော်ထုတ်ပေးမှာလား”

သူမက တီးတိုးလေး မေးလိုက်သည်။

“ငါတို့ကို ဘယ်သူမှ မရိပ်မိဘဲ အဆိပ်ခပ် နိုင်တယ်ဆိုတဲ့ လူက ရိုးရှင်းတယ် ထင်လို့လား။ မိန်းကလေး စိတ်ထဲမှာ သံသယရှိတဲ့လူ မရှိဘူးလား”

“မရှိဘူး…”

မိုယုရန်က တွေးလို့မရဘဲ‌ ခေါင်းသာ ယမ်းမိ လိုက်သည်။

“မိန်းကလေးမို…. ကျွန်တော့်ကို ယုံကြည်တယ်ဆိုရင် မနက်ဖြန်ကျရင် သင်္ဘောမှာ အရေးပါတဲ့ လူတိုင်းကို အရေးကြီးကိစ္စ တိုင်ပင်စရာ ရှိတယ်ဆိုပြီး အစည်းအဝေး‌ ခေါ်လိုက်… ပြီးတော့ ကျွန်တော်က သူတို့မိနေတဲ့ အဆိပ်ကို လိုက်ဖြေပေးမယ်။ အဲဒီလူတွေထဲက အဆိပ်မမိနေတဲ့ လူက သံသယ ဝင်စရာ အကောင်းဆုံးလူပဲ”

“အဲဒီ အကြံကောင်းတယ်”

မိုယုရန်က ရဲချန်ဖန်၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိသော မျက်လုံးများထဲ တစ်ချက်ကြည့် လိုက်ပြီးနောက် ရဲချန်ဖန် အကြံကို သဘောတူ လိုက်သည်။

“အတွင်း သစ္စာဖောက် မရှိတော့ဘူးဆိုရင် ကျွန်တော်တို့ လိုက်ဖမ်းနေတဲ့ လူတွေကို မျက်ခြေဖြတ်ဖို့ သိပ်မခက် လောက်တော့ဘူး”

“သခင်လေး ရဲ… အခု ကျွန်မမိနေတဲ့ အဆိပ်ကို ဖြေပေးနိုင်မလား”

သူမက အနည်းငယ် ရှက်ရွံ့နေဟန်ဖြင့် ပြောလိုက်သည်။

“ကောင်းပါပြီ။ မိန်းကလေး မို… ကျွန်တော် မိန်းကလေး ကျောမှာအပ်စိုက်ပြီး အဆိပ်ဖြေ ပေးပါ့မယ်။ မိန်းကလေး ခုတင်ပေါ်တက်ပြီး မှောက်အိပ်လိုက်ပါ”

“ကောင်းပြီလေ”

မိုယုရန်က သူမ၏ လှပသော နှုတ်ခမ်း ဖူးဖူးလေးကို တစ်ချက်ဖိကိုက် လိုက်ပြီးနောက် ရဲချန်ဖန် ကုသလို့ ရစေရန် အင်္ကျီကို လျောချပေး လိုက်ပြီးနောက် ခုတင်ပေါ် မှောက်အိပ် လိုက်လေသည်။ လရောင် မှုန်ဝါးဝါး အောက်တွင် ဖြစ်သော်လည်း ရဲချန်ဖန်သည် အလွန်ကြည်လင် ရှင်းသန့်သည့် အသားအရေကို မြင်နေရသည်။

သူမ အသားအ​ရေသည် အရောင်အလွန်စိုပြေ သန့်စင်သည့် ကျောက်စိမ်း အလားပင် ဖြူဖွေးသန့်စင် နေသည်။ သူမ မှောက်အိပ် နေသောကြောင့် မျက်နှာကို မမြင်ရသော်လည်း သူမသည် ရှက်ရွံမှုကြောင့် လည်တိုင်တစ်လျှောက် ကုတ်ပိုး နုနုလေးအထိ အနီရောင်သန်း နေသည်ကို မြင်နေရသည်။ ဤမိန်းကလေးသည် အလွန်သန့်စင် မြင့်မြတ်ပြီး မည့်သည့် ယောက်ျားသားများနှင့် နီးစပ်ရန် မဆိုထားနှင့် အပေါင်းအသင်းပင် သိပ်မလုပ်ဖူး သူမှန်း ရဲချန်ဖန် နားလည် လိုက်သည်။

ရဲချန်ဖန်လည်း မည်သည့်စကားမှ မဆိုတော့ဘဲ အပ်များထုတ်ကာ စိုက်လိုက်ပြီး အဆိပ်များကို ဖြေနေသည်။ ဆယ့်ငါးမိနှစ်ခန့် ကြာပြီးနောက် ရဲချန်ဖန်သည် မိုယုရန် ကျောမှ အပ်များကို ပြန်နုတ်ယူလိုက်ပြီး အသက်ဝအောင် ရှူလိုက်သည်။

“ရပါပြီ…မိန်းကလေး မို… မိန်းကလေး ကိုယ်ထဲမှာ အဆိပ်မရှိတော့ဘူး”

“ကျေးဇူးတင်ပါတယ်”

မိုယုရန်က သူမကိုယ်ထဲ စစ်ဆေးလိုက်ရာ အဆိပ်မိသည့် လက္ခဏာ မတွေ့ရတော့ပေ။ ထို့ကြောင့် သူမက ရဲချန်ဖန်ကို ပိုမိုယုံကြည်လာသည်။

“ဒါဆို မိန်းကလေး အနားယူပါဦး။ မနက်ဖြန်မှပဲ ကျွန်တော်တို့ စီစဉ်ထားတဲ့ အစီအစဉ် အတိုင်း ဆက်လှုပ်ရှား ကြတာပေါ့”

ရဲချန်ဖန် ပြောပြီးနောက် မိုယုရန် အခန်းမှပြန် ထွက်လာလိုက်သည်။
အခန်း ( ၁၈၃ ) ပြီး၏။ (၁၈၄ ) မျှော်

Comment

Leave a Reply

Options

not work with dark mode
Reset