Switch Mode

Chapter – 182

အဆိပ်ခပ် ခံရခြင်း

အခန်း ( ၁၈၂ )
အဆိပ်ခပ် ခံရခြင်း

“ဟူး…တော်ပါသေးတယ်။ ငါတို့ လွတ်လာလို့…”

ဝိညာဉ်ကျောက်တုံး စွမ်းအင် အများအပြား အသုံးပြု၍ မိုးကြိုးစက်ကွင်းမှ လွတ်လာပြီးနောက် အကြီးအကဲမိုင်က အနည်းငယ် စိတ်အေးသွားသည်။ မရေတွက်နိုင်သော ရေသတ္တဝါတို့ ကြားပိတ်မိပြီး တိုက်ခိုက်ခံရပါက သူတို့၏ သင်္ဘောသည် အလွန်ခိုင်ခန့်သော်လည်း ပျက်စီး သွားနိုင်သည်။ သူတို့တွင် ပျံနိုင်သော အစွမ်းရှိလျက်ပင် သင်္ဘောကို အပျက်အစီးခံလို့ မဖြစ်ချေ။

“မိုးကြိုး ကပ်ဘေးကို ဒီမှာ လာဖြတ်ကျော်နေတဲ့ လိပ်နက်ကြီးနဲ့ တိုက်တိုက်ဆိုင် တွေ့လိမ့်မယ် မထင်ထားဘူး။ ကြည့်ရတာ ကြယ်တာရာကျွန်းမှာ မိုးကြိုးကပ်ဘေးကို မကျော်ဖြတ်ရဲဘူးနဲ့ တူတယ်။ မဟုတ်ရင် ကြယ်တာရာကျွန်းက သားရဲတွေက သူမိုးကြိုးကပ်ဘေး ဖြတ်ကျော်နေချိန်မှာ သူ့ကိုလုပ်ကြံမှာ စိုးလို့ ဒီလိုအရမ်းဝေးကွာတဲ့ အရပ်မှာ လာပြီး မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်တာ ဖြစ်မယ်။ မိုးကြိုးကပ်ဘေးကို လိပ်နက် မသေဘဲ ဖြတ်ကျော်နိုင်ရင် သူက မဟာသားရဲဘိုးဘေး စတုတ္ထအဆင့်ကို ရောက်သွား လိမ့်မယ်။ အဲဒီအစွမ်းနဲ့ဆို ပြိုင်ဖက်ကင်းပြီ ဆိုနိုင်တယ်။ ကြယ်တာယာကျွန်းမှာ သူ့ကို ရင်ဆိုင်ဝံ့သူ ရှိတော့မှာ မဟုတ်ဘူး”

ခရမ်းရောင် ဆံပင်နှင့် မိန်းမပျိုလေးက တွေးတွေးဆဆနှင့် ပြောလိုက်သည်။

“အကြီးအကဲ မိုင်… အဲဒီလိုဆို လိပ်နက်ကြီးသာ မိုးကြိုးကပ်ဘေး အောင်မြင်သွားရင် သူက အရမ်းအစွမ်း ထက်သွားပြီ။ သူ့ကို ကျွန်မတို့ သင်္ဘောပေါ်မှာရှိတဲ့ ရတနာတွေပေးပြီး ကျွန်မတို့အတွက် လက်စားချေပေးဖို့နဲ့ ရှေးဟောင်း မဟာမိတ် အဖွဲ့ကို ပြန်သိမ်းပိုက်နိုင်အောင် အကူအညီ တောင်းရင်ကော…”

ခရမ်းရောင် ဆံပင်နှင့် မိန်းမပျိုလေးက အကြီးအကဲ မိုင်ကို တိုင်ပင်လိုက်သည်။ သူမစိတ်ထဲတွင် သူမ၏မိဘနှစ်ပါးအတွက် လက်စားချေရန်သာ ဆန္ဒရှိနေသည်။

“မဖြစ်နိုင်ဘူး။ အန္တရာယ် အရမ်းများတယ်။ လိပ်နက်ကြီးက အရမ်းရက်စက်ပြီး ကောက်ကျစ်တယ်။ သူ့ကိုယုံလို့ မရလောက်ဘူး။ မဟုတ်ရင် ငါတို့ပဲ ခံရဖို့များတယ်”

အကြီးအကဲ မိုင်က လိပ်နက်ကြီး၏ ဆိုးသွမ်းရက်စက်မှု ပေါင်းစုံကို သိရှိထားသူဖြစ်ရာ လိပ်နက်ကြီးကို ဘာနှင့်ဆွဲဆောင် ဆွဲဆောင် သူလုပ်ချင်မှ လုပ်တတ်သည်။ သူသာ သူတို့ထံ များပြားလှသည့် ရတနာများရှိကြောင်း သိသွားပါက ကူညီရန် မပြောနှင့် သူကပင် အရင်ဦးဆုံး လုယက်မည့်သူ ဖြစ်သည်။

“အကြီးအကဲ မိုင်… ကျွန်မတို့ သူကို သော့ပေး လိုက်ရင်ကော…”

ခရမ်းရောင် ဆံပင်နှင့် မိန်းမပျိုလေးဆီမှ အသံထွက် လာသည်။ သို့သော် သူမ နှလုံးသားထဲတွင်တော့ ထိုသို့လုပ်ရန် ဆန္ဒလုံးဝ မရှိချေ။

“ယုရန်…ငါ… မင်း လက်စားချေ ချင်နေတာ နားလည်ပါတယ်။ ဒါပေမဲ့ သော့က ငါတို့အတွက် သက်စောင့် ပစ္စည်းလေ။ မင်းရဲ့ ဦးလေးနှစ်ယောက် အသည်းအသန် လိုချင်နေတဲ့ ဟာလေ။ ငါတို့ လက်လွတ်စပယ် လုပ်လို့မရဘူး။ ပြီးတော့ လိပ်နက်ကြီးက သော့ကို ရသွားပါပြီတဲ့… ငါတို့အတွက် ကလဲ့စား မချေပေးဘဲ ငါတို့ကို သတ်ပြီး သင်္ဘောပေါ်က ရတနာတွေ ယူသွားရင် ဘယ်လိုလုပ်မလဲ။ ကလဲ့စားချေတာက ရေရှည်အစီအစဉ် ဆွဲပြီးသေချာ လုပ်ရမယ့် ကိစ္စပဲ”

အကြီးအကဲ မိုင်က အမုန်းတရားကြောင့် အခြေအနေ အမှန်ကို မမြင်နိုင်တော့ဘဲ လက်စားချေရန် ဆန္ဒစောနေသည့် ခရမ်းရောင်ဆံပင်နှင့် မိန်းမပျိုလေးကိုကြည့်ပြီး သက်ပြင်းချမိ လိုက်သည်။

ခရမ်းရောင် ဆံပင်နှင့် မိန်းမပျိုလေး တို့နှင့် ခပ်လှမ်းလှမ်းတွင် ရပ်နေသော ရဲချန်ဖန်သည် သူ၏ အစွမ်းထက်သော စိတ်ဝိညာဉ် အာရုံကြောင့် ခရမ်းရောင်ဆံပင်နှင့် မိန်းမပျိုလေးတို့ ပြောနေသည်များကို ကြားနေရပြီး သော့အကြောင်းကို စိတ်ဝင်စား သွားလေသည်။ ထို့နောက် ရဲချန်ဖန်က သူတို့အခန်းဆီ ပြန်သွားလိုက်သည်။

“ချန်ဖန် … အပြင်မှာ ဘာဖြစ်နေတာလဲ”

အခန်းထဲတွင် ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကို လေ့ကျင့်နေသော ရွှယ်နီရှန်သည် ရဲချန်ဖန် ပြန်ဝင်လာသည်နှင့် စိတ်ဝင်စားစွာ မေးလိုက်သည်။

“အင်း… ခုနက မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နေတဲ့ သားရဲကြီးရဲ့ မိုးကြိုး စက်ကွင်းထဲကို သင်္ဘောကြီး ဝင်ရောက်သွားလို့ပဲ။ ခုတော့ အန္တရာယ် မရှိတော့ဘူး”

“သားရဲကြီး တစ်ကောင်ရဲ့ မိုးကြိုးကပ်ဘေး ဟုတ်လား။ အင်း…ဒီ မြောက်ပင်လယ်က တကယ့်ကို အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာပဲ။ ဒီလောက် အစွမ်းထက်တဲ့ သားရဲတွေ ရှိနေတာ။ တကယ်လို့ အဲဒီ သားရဲသာ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်ရင် တကယ် အရမ်းကို အစွမ်းထက်မှာပဲ”

ယေဘူယျ ဆိုရလျှင် မဟာသားရဲ ဘိုးဘေး တတိယအဆင့် အစွမ်း အထွတ်အထိပ် ရောက်ပါက သားရဲမိစ္ဆာတို့သည် မိုးကြိုးကပ်ဘေး ကျရောက်လာမည်ကို ရင်ဆိုင်ရမည် ဖြစ်သည်။ မိုးကြိုးကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါက အစွမ်းတန်ခိုးများသည် ဆင့်ကဲပြောင်းလဲကာ အလွန့်အလွန်ကို အစွမ်းထက် လာမည် ဖြစ်သည်။

“နီရှန်… မင်းရဲ့ အတွင်းဒဏ်ရာတွေက ဘယ်လိုနေသေးလဲ။ မင်း ကိုယ်တွင်းအင်္ဂါ သန်မာစေခြင်း အသေးစားအဆင့် အောင်မြင်ဖို့ လိုနေသေးလား”

မြောက်ပင်လယ်ထဲတွင် သူတို့ အန္တရာယ်နှင့် အချိန်မရွေး ရင်ဆိုင်ရနိုင်သဖြင့် သူတို့ဒဏ်ရာများ အမြန်ဆုံး သက်သာလာရန် လိုအပ်နေသည်။ ထို့မှသာ အန္တရာယ် ကျရောက် လာပါက အသက်ရှင်ရန် အခွင့်အရေးရှိမည် ဖြစ်သည်။

“အင်း…အောင်မြင်ဖို့ တစ်လလောက် ကြာမယ် ထင်တယ်။ ပိုရင်လည်း ပိုကောင်း ပိုနိုင်တယ်။ တကယ်လို့ ငါ ကိုယ်တွင်း အင်္ဂါသန်မာစေခြင်း အသေးစားအဆင့် အောင်မြင်ရင် ငါ့ အတွင်းဒဏ်ရာတွေ ပျောက်ပြီထင်တယ်”

“အင်း…ဒါဆိုလည်း မင်းကို အနှောင့်အယှက် မပေးတော့ဘူး။ ဆက်လေ့ကျင့်… မင်း အမြန်ဆုံး သက်သာလာမှ ဖြစ်မယ်။ ဒါမှ ငါတို့ ကိုယ်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်မှာ…”

“သခင်လေး ရဲ… သခင်မလေး ရွှယ်… ကျွန်မ အစားအစာတွေ လာပို့တာပါ”

ရဲချန်ဖန် တို့နှစ်ယောက် ဒဏ်ရများကို ကုသနေစဉ် အခန်းတံခါး ခေါက်သံနှင့်အတူ အသံတစ်သံ ထွက်ပေါ် လာသည်။ အခန်းလာခေါက်သော မိန်းကလေးမှာ ရှေးဟောင်း မိသားစု၏ အစေခံ မိန်းကလေး တစ်ယောက်ဖြစ်ပြီး ရဲချန်ဖန်က တံခါးဖွင့်ပေး လိုက်သည်နှင့် သူမက အစားအစာများ ထည့်သွင်းထားသော တွန်းလှည်းကြီးကို အခန်းထဲ တွန်းဝင်ပြီး အစားအသောက် ပန်းကန်များကို စားပွဲပေါ် တင်လိုက်သည်။

“အလုပ်ရှုပ်သွားပြီ…တုဆု…”

ရဲချန်ဖန်က ပြုံးကာ အစိမ်းရောင် ဝတ်စုံနှင့် အစေခံမလေး တုဆုကို ပြောလိုက်သည်။ ရဲချန်ဖန်က ဟင်းနံ့များကို ရှူရှိုက်မိလိုက်ပြီးနောက် ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေသည့် ဟင်းလျာမှန်း သိလိုက်ပြီး စားသောက် ချင်စိတ်များ ဖြစ်ပေါ် လာလေသည်။

“နီရှန်… ငါဗိုက်ဆာနေပြီ။ စားရအောင်…”

ကောင်းကင် သားရဲဘုရင် အဆင့် ရောက်ပြီးနောက် ရဲချန်ဖန်သည် အစားအသောက် စားရန် အရင်လို မလိုအပ်တော့ချေ။ အနည်းအကျဉ်းသာ တစ်ခါတစ်ရံ စားသောက်ပြီး ဝိညာဉ်စွမ်းအင်ဖြင့် အချိန်ကြာမြင့်စွာ အသက်ရှင် နေနိုင်ပြီ ဖြစ်သည်။

ရှေးဟောင်း မိသားစုမှ သူတို့အတွက် ကျွေးသော အစားအစာများသည် သူတို့အတွက် အလွန်သင့်တော် လှသည်။ ဝိညာဉ် စွမ်းအင်ပြည့်ဝသော ရတနာများကို အစွမ်းထက်သည့် သားရဲများ၏ အသားဖြင့် ပေါင်းစပ် ချက်ပြုတ်ထားသဖြင့် အရသာနှင့် ပြည့်စုံပြီး ကျင့်ကြံခြင်း အတွက်လည်း များစွာ အထောက်အကူ ပြုလေသည်။ အစားအသောက် ဟင်းလျာများဆီမှ သင်းပျံသောရနံ့က ထွက်ပေါ်နေသည်။

“ငါမဆာသေးဘူး။ ခဏဆက် လေ့ကျင့်ပြီးမှ စားမယ်”

ရွှယ်နီရှန်က ရဲချန်ဖန်ကို လှမ်းပြော လိုက်ကာ မစားသောက်သေးဘဲ ဆက်လက် လေ့ကျင့်နေသည်။

“အင်း…ဒါဆိုလည်း ငါအရင်စားနှင့်မယ်”

ရဲချန်ဖန်သည် အိပ်ရာမှ ထကာ စားပွဲတွင်ထိုင် တစ်ယောက်တည်း စားသောက် လိုက်သည်။ ရဲချန်ဖန် စားသောက်ပြီး၍ ခုတင်ပေါ်တက် ဒဏ်ရာများကို ဆက်လက် ကုသရန် ပြင်ဆင်လိုက်ချိန်တွင် အလွန်အစွမ်းထက်သော နတ်ဦးနှောက်က သူ၏ခန္ဓာကိုယ်သည် မူမမှန်ဘဲ တစ်ခုခု ဖြစ်နေသည်ကို သတိထားမိ လိုက်လေသည်။

“အဆိပ်…ငါအဆိပ်မိသွားပြီ”

ရဲချန်ဖန်က သူတစ်ကိုယ်လုံးကို နတ်ဦးနှောက် အသုံးပြု၍ စစ်ဆေးလိုက်သောအခါ သတိထား ရှာဖွေတွေ့ရန် အလွန်ခက်ခဲသည့် အရောင်အဆင်းမဲ့သော အဆိပ်တစ်မျိုးက သူ့ကိုယ်ထဲတွင် ရှိနေသည်ကို တွေ့လိုက် ရသည်။

အလွန်ထူးခြားသည့် အဆိပ်က ရဲချန်ဖန် ကိုယ့်ကိုယ်ကိုယ်ပင် သတိမထားနိုင်သည့် နှုန်းဖြင့် ရဲချန်ဖန်၏ ခန္ဓာကိုယ်ကို နှေးကွေးစွာနှင့် ဖျက်ဆီးနေသည်။ အဆိပ်သည် အလွန် ထူးခြားလှသော အဆိပ်ဖြစ်သည်။ အဆိပ်ထ လာပါက အဆိပ်မိသူက သေလောက်အောင် ဖြစ်သွားမည် မဟုတ်ပေ။

သို့သော် အဆိပ်မိနေကြောင်း သိသည်နှင့် အဆိပ်ခပ် ခံထားရသူသည် အားအင် နည်းပါးနေပြီး အဆိပ်ခပ်သူ၏ အလွယ်တကူ သတ်ဖြတ်ခြင်းကို ခံရမည် ဖြစ်သည်။ ဤအဆိပ်ကို အသုံးပြုသည့် နည်းလမ်းမှာ အလွန် သိမ်မွေ့လှသည်။ ရန်သူ မရိပ်မိအောင် လှည့်စား အဆိပ်ခပ်ထားပြီး ရန်သူ အဆိပ်ထလာမှသာ အဆိပ်ခပ်သူက အသာအယာ အနိုင်ယူ လေသည်။ အဆိပ်ခပ်သူသည် ရန်သူ့အား တစ်ချက်တည်းဖြင့် မသေစေလိုဘဲ လိုချင်သည်ကို နှိပ်စက် တောင်းယူချင်သည့်အခါ အသုံးပြုလေ့ရှိသည့် နည်းလမ်းလည်း ဖြစ်သည်။

“ကြည့်ရတာ… အဲဒီ အစားအစာတွေနဲ့ သစ်သီးတွေက ဖြစ်မယ်”

ရဲချန်ဖန်က သူအဆိပ်မိသည့် အကြောင်းအရင်းကို ရှာဖွေလိုက်ရာ အစားအစာများတွင် အဆိပ်များ ရှိနေသည်ကို တွေ့လိုက်ရသည်။ ရဲချန်ဖန်က ကမ္ဘာဦး စွမ်းအင် နတ်သစ်ပင် အစွမ်းကို အသုံးပြုလျက် နှလုံးထဲတွင် ရောက်နေသည့် အဆိပ်များကို ဖယ်ရှား စုပ်ယူလိုက်သည်။ ကမ္ဘာဦး စွမ်းအင် နတ်သစ်ပင်သည် မည်သည့် စွမ်းအင်ကိုမဆို စုပ်ယူနိုင်ပြီး အဆိပ် အားလုံးကိုလည်း နိုင်သည်။ မကြာမီပင် ကမ္ဘာဦး စွမ်းအင် နတ်သစ်ပင်က အဆိပ်များကို အကုန်စုပ်ယူ လိုက်လေသည်။

“ချန်ဖန်… ရှင် ဘာဖြစ်လို့လဲ”

ရဲချန်ဖန် ဝင်လေထွက်လေ အနည်းငယ် ပြောင်းလဲ သွားသည်ကို ချက်ချင်း သတိပြုမိ လိုက်သော ရွှယ်နီရှန်က စိုးရိမ်တကြီး မေးလိုက်သည်။

“ငါအဆိပ်မိ သွားလို့။ ဒါပေမဲ့ အခုတော့ ကောင်းသွားပါပြီ”

ရဲချန်ဖန်က စိတ်ထဲတွင် အဆိပ်ခပ်ခံရသည့် အကြောင်းများစွာကို တွေးမိပြီး သူ့မျက်နှာက ညိုမှောင်နေသည်။

“ဘာ… ဘယ်သူက ငါတို့ကို ဒုက္ခပေးချင် နေတာလဲ”

ရွှယ်နီရှန် မျက်နှာပျက်သွားပြီး အသံထွက်၍ပင် အော်ဟစ် မိသွားလေသည်။

“ခရမ်းရောင် ဆံပင်နှင့် မိန်းမပျိုလေးတို့လည်း မဖြစ်နိုင်ဘူး။ အဲဒါက သူတို့အတွက် အကျိုးမရှိဘူး။ ပြီးတော့ သူတို့က နဂိုထဲက ငါတို့ကို ဆေးဝါး၊ ရတနာတွေပေးမှာ မဟုတ်ဘူး။ ကြည့်ရတာ ခရမ်းရောင် ဆံပင်နဲ့ မိန်းမပျိုလေးတို့ ရန်သူက ရောက်နေပြီ ထင်တယ်။ ငါတို့မြန်မြန် သက်သာအောင် လုပ်ကြမယ်။ ပြီးမှဆက် စီစဉ်ကြတာပေါ့”

ရဲချန်ဖန်က ဖြစ်နိုင်သည်များကို စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

“ဒါဆို သင်္ဘောက အန္တရာယ် တောထဲ ရောက်နေပြီပေါ့”

ခရမ်းရောင် ဆံပင်နှင့် မိန်းမပျိုလေးတို့ ရင်ဆိုင်နေရသည့် အန္တရာယ်ကို တွေးမိပြီး ပါးနပ်လှသော ရွှယ်နီရှန်က ပြဿနာ အရင်းအမြစ်ကို တွေးမိသွားသည်။

“ငါတွေးတာမှန်ရင် ခရမ်းရောင် ဆံပင်နဲ့ မိန်းမပျိုလေးတို့ကို လိုက်ဖမ်းနေတဲ့ လူတွေက သင်္ဘောနဲ့ အရမ်းနီးနေပြီ။ ဒါကြောင့် သူတို့က သူလျှိုကို အသုံးချပြီး ငါတို့တွေကို အဆိပ်ခပ် လိုက်တာပဲ။ သူရောက်လာတာနဲ့ ငါတို့ကို ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဖမ်းဆီး သတ်ဖြတ်ရုံပဲလေ။ အဆိပ်ခပ်တဲ့ နည်းက အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးပဲ။ ကြည့်ရတာ သင်္ဘောပေါ်မှာ ရှိတဲ့လူတိုင်း အဆိပ်မိနေပြီနဲ့ တူတယ်”

“ပြီးတော့ မင်းနဲ့ ငါက အစွမ်းထက်တဲ့ တန်ခိုးရှင်တွေမှန်း သိတဲ့လူ ဒီသင်္ဘောပေါ်မှာ သိပ်မရှိဘူး။ ငါတို့ကိုပါ အဆိပ်ခပ်ဖို့ ကြိုးစားတာဆိုတော့ အဲဒီသူလျိုက ငါတို့အကြောင်းကို သိနေလိမ့်မယ်။ အဲဒီတော့ ဒီသူလျိုက အရေးပါတဲ့ လူထဲက တစ်ယောက် ဖြစ်ရမယ်”

ရဲချန်ဖန်က သုံးသပ် လိုက်သည်။

“ချန်ဖန် … ငါတို့ ဘာလုပ်ကြမလဲ”

ရွှယ်နီရှန်သည် တစ်ပါးသူ၏ မိသားစု၊ ဂိုဏ်းဂဏ တိုက်ပွဲတွင် ပါဝင် ပတ်သက်လိုစိတ် မရှိပေ။ သို့သော် မြောက်ပင်လယ်သည် အဆုံးအစမဲ့ ကျယ်ပြောလှရာ သူတို့သာ သင်္ဘောပေါ်က ထွက်ခွာသွားပါက အလွန် အန္တရာယ်များမည် ဖြစ်သည်။ ထို့ကြောင့် သူမက ရဲချန်ဖန်၏ အကြံအစည်ကို မေးလိုက်သည်။

“အကြီးအကဲ မိုင်တို့ကို အသိပေးပြီး သတိထားခိုင်းရမှာပဲ”

ရဲချန်ဖန်က ခရမ်းရောင် ဆံပင်နှင့် မိန်းမပျိုလေး အခက်အခဲကို နားလည်ထားပြီး သူတို့အတွက် အကောင်းဆုံး ဖြစ်ရန် အကြံကို စဉ်းစား လိုက်သည်။

“ချန်ဖန် … ရှင် သူ့ကို သဘောကျ နေတာလား။ သူကို စောင့်ရှောက်ပြီး အန္တရာယ်ကို ကာကွယ် ပေးချင်လို့လား။ အဲဒါ ရှင့်အတွက် အန္တရာယ် များတယ်”

ရဲချန်ဖန်၏ အကြံအစည်ကို သိနေသည့်အလား ရွှယ်နီရှန်က သတိပေး လိုက်သည်။

“ငါက မင်းကိုတောင် သဘောမကျတာ သူကို သဘောကျစရာလား”

ရဲချန်ဖန်က ရွှယ်နီရှန်ကို စနောက်ပြီး ပြောလိုက်သည်။

“ရှင်… ရှင်…”

ရဲချန်ဖန်၏ အဖြေကိုကြားပြီး ရွှယ်နီရှန် ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။ သူမပုံမှာ ကျားသစ်မလေး အလားပင် ရဲချန်ဖန်ကို ကိုက်စားမတတ် မျက်လုံးများဖြင့် ကြည့်နေသည်။

“ဟဟ… ငါက စနေတာပါ။ မင်းက ဒီကမ္ဘာမှာ အလှဆုံး မိန်းကလေးပဲ။ အင်း… ငါတို့က သူများပြဿနာ ကြားထဲ ရောက်နေပြီ။ အကြီးအကဲ မိုင်တို့ မတော်လို့ ရှုံးနိမ့်ရင် ငါတို့လည်း လွတ်မှာ မဟုတ်ဘူး။ အဲဒီတော့ သူတို့ ဒီအန္တရာယ်ကို ကျော်ဖြတ်နိုင်အောင် ငါတို့က ကူညီရမှာပဲ”

သို့သော် ရဲချန်ဖန် အာရုံကို အထူးဖမ်းစားပြီး မိုယုရန်ကို အကူအညီပေးမည့် အကြောင်းအရာ တစ်ခု ရှိလေသည်။ ဤသည်မှာ မိုယုရန်၏ လျှို့ဝှက် ဆန်းကြယ်သောသော့ ဖြစ်သည်။

“အဲဒါ… ရှင် မပြောလည်း… ကျွန်မက လှပြီးသားပဲ”

ရွှယ်နီရှန်က မျက်လုံးပြူးပြီး ရဲချန်ဖန်ကို စိုက်ကြည့် လိုက်ပြီးနောက် ရဲချန်ဖန်ကို ဂရုမစိုက်တော့ဘဲ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကို ကျင့်နေလေသည်။
အခန်း ( ၁၈၂ ) ပြီး၏။ ( ၁၈၃ ) မျှော်

Comment

Leave a Reply

Options

not work with dark mode
Reset