Switch Mode

Chapter – 181

မိုးကြိုးကပ်ဘေး

အခန်း ( ၁၈၁ )
မိုးကြိုးကပ်ဘေး

ဆယ့်ငါးရက်ဟူသော အချိန်သည် ခဏလေးအတွင်း ကုန်ဆုံးသွားသည်။ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကို ရရှိပြီးနောက် ရဲချန်ဖန်နှင့် ရွှယ်နီရှန် ဆက်ဆံရေးသည် ပြောင်းလဲ လာလေသည်။ တစ်ယောက်နှင့် တစ်ယောက်ကြား တွယ်တာ ဂရုစိုက်မှု ရှိလာကြသည်။ အကြီးအကဲ မိုင်ပေးသော ဆေးဝါးများဖြင့် သူတို့ဒဏ်ရာများသည် လျင်မြန်စွာ သက်သာ လာသည်။

ရဲချန်ဖန်တို့ကို အနှောင့်အယှက် မပေးရန် အကြီးအကဲ မိုင်က ပြင်းထန်စွာ သတိပေး ထားသဖြင့် ရဲချန်ဖန်တို့ကို အကောက်ကြံရန် ကြိုးစားနေသော ကိုယ်ရံတော် ယောင်ပင် အခွင့်အရေး မရချေ။ ရဲချန်ဖန်သည် ဒဏ်ရာမှ ငါးဆယ်ရာခိုင်နှုန်းမျှ သက်သာလာပြီး ရွှယ်နီရှန်ကမူ နှစ်တစ်သောင်း ဂျင်ဆင်းဘုရင်ကို စားသုံး လေ့ကျင့်သောကြောင့် ကိုယ်တွင်းအင်္ဂါ သန်မာစေခြင်း အဆင့်ကို ထိရောက် အောင်မြင်အောင် လေ့ကျင့်ပြီး ဖြစ်လေသည်။

ခန္ဓာကိုယ် စွမ်းအားကို ထိုမျှလောက် အောင်မြင်အောင် လေ့ကျင့်နိုင်သော်လည်း သူမ ဒဏ်ရာများက ခြောက်ဆယ် ရာခိုင်နှုန်းခန့်သာ သက်သာ ပျောက်ကင်းသေးသည်။ သူမသာ ကိုယ်တွင်း အင်္ဂါသန်မာစေခြင်း အဆင့် အောင်မြင်အောင် လေ့ကျင့်နိုင်ပါက သူမသည် အဆင့်တူများ ကြားပင် အလွန်အစွမ်းထက်သူ ဖြစ်လာပေလိမ့်မည်။

“အင်း…ဝိညာဉ်စမ်းရေနဲ့ ကျောက်စိမ်း သစ်သီးတို့ကို ပေါင်းစပ် ဖော်စပ်ထားတဲ့ ဆေးက ငါ မူလသွေးစွမ်းအင် အလွန်အကျွံ အသုံးပြုထားတာကို ရှစ်ဆယ် ရာခိုင်နှုန်း လောက်ထိ‌ ပျောက်အောင် ကုနိုင်မလားပဲ”

ရဲချန်ဖန်က အပြင်တွင် ဝယ်ယူရန် မပြောနှင့် တန်ခိုးရှင်များပင် မကြားဖူးဘူးသော ဝိညာဉ်စမ်းရေကို ပိုင်ဆိုင်ထား သောကြောင့် အလွန်အစွမ်းထက်ပြီး မူလသွေးစွမ်းအင်ကို ပြန်ဖြည့်တင်းပေး နိုင်သည့် ဆေးရည်ကို ဖော်စပ်နေခြင်းဖြစ်သည်။ ကျောက်စိမ်း သစ်သီးနှင့် ဝိညာဉ်စမ်းရေတို့ ပေါင်းစပ်ထားသော ဆေးရည်ကန်ထဲ ဝင်ရောက် ဆေးစိမ်ပြီးနောက် ရဲချန်ဖန် ကိုယ်မှ အစွမ်းထက်သော အော်ရာများ ပြန်ထွက်ပေါ် လာသည်။ ထို့နောက် ရဲချန်ဖန် မျက်နှာတွင် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။

ရဲချန်ဖန်က ရုတ်တရက် ဝိညာဉ်စမ်းရေ ထည့်ထားသော ဗူးတစ်ဘူးကို ထုတ်ကာ ဝိညာဉ်စမ်းရေ အများအပြားကို သောက်လိုက် လေသည်။ ဝိညာဉ်စွမ်းအင် အများစုက သွေးကြောများမှ တစ်ဆင့် သူ့ခန္ဓာကိုယ်အနှံ့ ပြည်လျှံစွာ စီးဆင်းနေသည်။

“ဝိညာဉ်စုပ်သိုင်း စုပ်ယူစမ်း”

ဝိညာဉ်စွမ်းအင်များကို မစုပ်ယူနိုင်၍ ခန္ဓာကိုယ်အပြင် ယိုစီးထွက်သွားခြင်း မပြုနိုင်စေရန် ဝိညာဉ်စုပ်သိုင်းကို အသုံးပြု၍ စုပ်ယူတော့သည်။ ထိုသို့ ယိုစီး မထွက်စေရန် စုပ်ယူခြင်းသည် အလွန်နာကျင်သော ခံစားချက်ကို ဖြစ်ပေါ်စေသည်။ ဝိညာဉ်စွမ်းအင်များကို ယိုစီးမထွက်စေရန် ချွေးပေါက်များကို ပိတ်ဆို့ထားရသဖြင့် ဝိညာဉ်စွမ်းအင်များက တွန်းတိုက်မှုများ ဖြစ်ပေါ်ကာ ပြင်းထန်သော နာကျင်မှုကို ခံစားရလေ့ ရှိသည်။

ထို့ကြောင့် အလွန်စွမ်းအား ပြည့်သော ဝိညာဉ်သစ်သီး၊ ရတနာများကို စုပ်ယူချိန်တွင် တန်ခိုးရှင် အများစုသည် စွမ်းအင်၏ ခုနှစ်ဆယ် ရာခိုင်းနှုန်း လောက်သာ စုပ်ယူနိုင်ခြင်း ဖြစ်သည်။ သို့သော် ရဲချန်ဖန်က အလွန် သံဓိဋ္ဌာန် ခိုင်မာသော လူငယ်လေး ဖြစ်သောကြောင့် သူ့တွင် လုံလောက်သော ဝိညာဉ်စမ်းရေ ရှိနေသော်လည်း ဝိညာဉ်စွမ်းအင် ယိုစီးထွက်ခြင်းကို အဖြစ်မခံပေ။

ထို့အပြင် ထိုကဲ့သို့ နာကျင်မှုကို သည်းခံကာ လေ့ကျင့်ခြင်းသည် သူ၏တာအို နှလုံးသားကို ပိုမို ခိုင်မာစေသည်။ တစ်ရက်ခန့် ကြာပြီးနောက် ရဲချန်ဖန်သည် သောက်သုံးထားသည့် ဝိညာဉ်စမ်းရေ၏ အစွမ်းများကို စုပ်ယူပြီး ဒဏ်ရာများကို ကုသလိုက်သည်။ ဝိညာဉ်စမ်းရေမှ အစွမ်းများကို အကုန်စုပ်ယူ ကုသပြီးနောက် ရဲချန်ဖန်၏ မူလအစွမ်း၏ ကိုးဆယ် ရာခိုင်နှုန်းခန့် ပြန်လည် ရရှိလာသည်။ သိပ်မကြာခင် သူ၏နဂိုအစွမ်းများ ပြန်လည်ရရှိတော့မည် ဖြစ်သည်။

ရဲချန်ဖန် တို့နှစ်ယောက် အခန်းအောင်း ဆေးကုသနေစဉ် သင်္ဘောကြီးသည် လျင်မြန်စွာ ခုတ်မောင်းလျက် ရှိသည်။ ထိုအချိန်တွင် သာယာနေသော ရာသီဉတုသည် ရုတ်တရက် အလွန်မည်းမှောင်သော တိမ်များ ဖြစ်ပေါ်လာပြီး မိုးခြိမ်းသံ၊ လျှပ်စီးများ နှင့်အတူ လေကြီး၊ မိုးကြီး စတင် ရွာချလာလေသည်။ ထို့နောက် တည်ငြိမ်နေသော ပင်လယ်ပြင်တွင် အလွန်ကြီးမားသော လှိုင်းများ ဖြစ်ပေါ်လာသည်။ လောကတစ်ခွင်သည် မှောင်မည်းကာ အလွန်တိတ်ဆိတ် သွားသည်။ ကြည့်ရသည်မှာ အလွန်ကြီးမားသော မုန်တိုင်းကြီး တိုက်ခတ်တော့မည့် ဟန်ပင်။

“ဒါဘာဖြစ်တာလဲ…မုန်တိုင်း လာနေတာလား”

ကုန်းပတ်ပေါ်တွင် ရပ်နေသော ကိုယ်ရံတော် ရီက အဝေး မိုးတိမ်မည်းများကို ကြည့်ပြီး မျက်ခုံးများ တွန့်နေသည်။

“ဒလိန်း…ဂျိန်း…”

ရုတ်ရက် နားကွဲမတတ် အလွန်ကျယ်လောင်သော မိုးကြိုးကြီး ပစ်ချလိုက်ပြီး အလွန်နီရဲ ညိုမှောင်နေသော တိမ်တိုက်ကြီးက အရပ်လေးမျက်နှာမှ စုဝေး ဖြစ်ပေါ်လာသည်။ နီညိုရောင် တိမ်တိုက်ကြီးသည် အရပ်လေး မျက်နှာတစ်ခွင်တွင် ဖုံးလွှမ်း နေသည်။

“မဟုတ်ဘူး… အဲဒါမုန်တိုင်း မဟုတ်ဘူး။ အဲဒါ မိုးကြိုး ကပ်ဘေးပဲ။ ကြည့်ရတာ သားရဲကြီး တစ်ကောင်က အဆင့်တက်ဖို့ မိုးကြိုးကပ်ဘေးကို ဖြတ်ဖို့လုပ်နေတာ ဖြစ်မယ်”

ကျယ်လောင် လှသော မိုးခြိမ်းသံနှင့်အတူ ထူးခြားသော ရာသီဥတုကြောင့် ခရမ်းရောင် ဆံပင်နှင့် မိန်းမပျိုလေး၊ အကြီးအကဲ မိုင် နှင့် တခြားလူများ အသီးသီး ကုန်းပတ်‌ ပေါ်ထွက်လာကြပြီး ပတ်ဝန်းကျင်ကို အကဲခတ် နေကြလေသည်။ အဝေးက တိမ်များသည် ပိုမိုမဲနက် လာလေသည်။

“သားရဲကြီးက မိုးကြိုး ကပ်ဘေးကို စဖြတ်ကျော်နေပြီ”

မိုးကြိုး လျှပ်စီးများကလည်း ပိုမိုများပြားလာပြီး အတွေ့အကြုံ အလွန်များသော အကြီးအကဲ မိုင်က ပြောလိုက်လေသည်။ အကြီးအကဲ မိုင် အသံနှင့်အတူ မိုးကြိုးလျှပ်စီး လေတိုက်ခတ်မှုက ပိုမို ပြင်းထန်လာပြီး လူတိုင်း စိတ်မွန်းကျပ် ကြောက်ရွံ့ခြင်း ဖြစ်ပေါ်လာသည်။

“သင်္ဘောကို နောက် မြန်မြန် ပြန်လှည့်တော့… ငါတို့ ရှေ့ဆက် သွားလို့ မရဘူး။ ငါတို့ မိုးကြိုးကပ်ဘေး ဖြတ်ကျော်တဲ့ နေရာနဲ့ နီးကပ်ရင် ငါတို့ အဲဒီ စက်ကွင်းထဲ ရောက်ပြီး သေသွား လိမ့်မယ်”

အကြီးအကဲ မိုင်က စိုးရိမ်တကြီး အော်ဟစ် အမိန့်ပေး လိုက်သည်။ သင်္ဘောကြီး တက်မကိုစ၍ ဦးတည်ရာ ပြောင်းလိုက်ချိန်တွင် နီညိုရောင် တိမ်တိုက်ကြီးက လေပွေ လိုလည်ပတ်ကာ ကြီးမားသော ဝဲကတော့ကြီးကို ဖြစ်ပေါ် လာစေသည်။ ပြင်းထန်သော လှုပ်ခါမှုကြောင့် မိုင်ရာပေါင်း များစွာအကွာထိ ရေများက ပြင်းပြင်းထန်ထန် လှုပ်ရှားကာ ပေထောင်ချီမြင့်သော လှိုင်းကြီးများကို ဖြစ်ပေါ်လာစေသည်။ ထို့နောက်တွင် လှိုင်းလုံးကြီးများက အရပ်လေး မျက်နှာသို့ စတင်ရိုက်ခတ်တော့သည်။

“ယား…”

အလွန် အစွမ်းထက်လှသည့် တန်ခိုးရှင်မှ အော်ဟစ်မာန်သွင်း လိုက်သံက သင်္ဘောကြီး၏ရှေ့ ခပ်လှမ်းလှမ်းမှ ထွက်ပေါ်လာသည်။ ထို စူးရှ အစွမ်းထက်သည့် အသံကပင် နီညိုရောင် တိမ်တိုက်ကြီးကို လှုပ်ခါ သွားစေသည်။

“အဲဒီ သားရဲကြီးအဆင့်က ဘာမို့လို့ မိုးကြိုးကပ်ဘေးပါ ကျဆင်း လာရတာလဲ။ သူက အရမ်း အစွမ်းထက်မယ်နဲ့ တူတယ်။ သူအသံ တစ်ခုတည်းနဲ့တင် အရမ်းကြောက်ဖို့ ကောင်းနေပြီ”

အသံများ ဆူညံသံကြားပြီး ရဲချန်ဖန်လည်း ကုန်းပတ်ပေါ် ထွက်လာခဲ့သည်။ ကုန်းပတ်ပေါ် ရောက်သည်နှင့် ပတ်ဝန်းကျင် ရာသီဥတု အခြေအနေက အလွန်မှန်းဆရ ခက်ပြီး သားရဲကြီး၏ အကြောင်းကိုပါ စိတ်ဝင်စား သွားမိသည်။

“မိုးကြိုးကပ်ဘေးက ကျဆင်း လာနေပြီ။ လူတိုင်းနားကို ပိတ်ထားကြ…”

အကြီးအကဲ မိုင်က လျှပ်စီးလက် သွားသည်ကို ကြည့်ပြီးနောက် အော်ဟစ်ကာ လူတိုင်းကို သတိပေး လိုက်သည်။

“ဝုန်း…ဂျိန်း… ဒလိန်း…”

အကြီးအကဲ မိုင် စကားသံ ဆုံးသည်နှင့် နီညိုရောင် တိမ်တိုက်ကြီးထဲမှ ခရမ်းရောင် လျှပ်စီးကြောင်းကြီး ထွက်ပေါ် လာသည်။ ခရမ်းရောင် လျှပ်စီး မိုးကြိုးကြီးသည် အလွန်တောက်ပ လွန်းသဖြင့် လူတိုင်းမျက်စိပင် ဖွင့်လို့ မရနိုင်တော့ဘဲ မျက်လုံးများ မှိတ်ထား လိုက်ရလေသည်။

“ဂရား…”

မိုးကြိုး ပစ်ချလိုက်သည်နှင့် အော်ဟစ် မာန်ဖီသံကြီး ထွက်ပေါ် လာသည်။ ကျယ်လောင်သော အသံနှင့်အတူ အလွန်ကြီးမားလှသည့် လိပ်ကြီး၏ ပုံရိပ်တစ်ခု လေထဲမိုးထဲတွင် ထွက်ပေါ်လာသည်ကို အားလုံးက မြင်လိုက်ရသည်။ လိပ်ကြီးက ကြီးမားလှသည့် ပါးစပ်ကြီးဟလျက် မိုးကြိုးကို ပြန်တိုက်ခိုက် နေသည်။

ပင်လယ်ပြင်သည် မိုးကြိုး ကပ်ဘေးကြောင့် လှိုင်းများ ပို၍ထန်လာပြီး ပြင်းထန်သော လှိုင်းများကို အဆက်မပြတ် ဖြစ်ပေါ် နေစေသည်။ နီညိုရောင် တိမ်တိုက်ကြောင့် ကမ္ဘာတစ်ခွင်ကလည်း ပျက်စီးတော့မည့် နှယ်‌ပင်။

လူတိုင်း၏ ရင်ထဲတွင် ချောက်ချားစိတ် ဖြစ်ပေါ်လာသည်။ မိုးကြိုးကပ်ဘေး၏ ကြောက်မက်ဖွယ် အစွမ်းက ရဲချန်ဖန်ကို အံအားသင့် နေစေသည်။ မိုးကြိုးကပ်ဘေးသည် မိုးကောင်းကင် တာအိုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ရာ ရဲချန်ဖန်က မိုးကြိုးကပ်ဘေးကို ကြည့်ပြီး မိုးကောင်း ကင်တာအိုကို အနည်းငယ် ခံစားလို့ ရနေသည်။

“ဂါး…ဂရားဝူး…”

မြောက်မြားစွာသော အင်အားနည်းသည့် ရေနေ သတ္တဝါလေးများသည် လှိုင်းကြီး၊ လေထန်ပြီး မိုးကြိုးကပ်ဘေး၏ ရိုက်ခက်မှု ခံရသောကြောင့် မြောက်မြားစွာပင် သေကြေပျက်စီး နေကြသည်။

“အဲဒါ လိပ်နက်ပဲ။ လိပ်နက်ကြီး… ကြယ်တာရာကျွန်းက မဟာသားရဲ ဘိုးဘေး တတိယအဆင့် သားရဲမိစ္ဆာကြီးပဲ။ သူက ဘယ်လိုလုပ် ဒီနေရာလာပြီး မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နေတာလဲ”

အဝေးတွင် မြင်နေရသော လိပ်ကြီးကို ကြည့်ပြီး ခရမ်းရောင်ဆံပင်နှင့် မိန်းမပျိုလေး အပြင် အကြီးအကဲမိုင်တို့က ထိုလိပ်ကြီးကို ဘယ်သူမှန်း သိရှိသွားပြီး အလွန် ကြောက်ရွံ သွားကြသည်။

“မြန်မြန် မောင်းစမ်း… လောင်စာတွေ ထပ်ထည့်ပြီး ဒီနေရာကနေ မြန်မြန်မောင်းစမ်း။ ငါတို့ ဒီနေရာက အမြန်ဆုံး မပြေးဘူးဆိုရင် မကြာခင် ငါတို့ သေလိမ့်မယ်”

အကြီးအကဲ မိုင်က လိပ်နက်ကြီး မိုးကြိုးကပ်ဘေး ဖြတ်ကျော်ရာ နေရာကို ရေတွက် မရနိုင်သော ရေသတ္တဝါများ ကူးခတ်လာသည်ကို မြင်သောအခါ ကြောက်လန့်တကြား အမိန့်ပေး လိုက်သည်။ ရေသတ္တဝါများသည် အကယ်၍ လိပ်နက်ကြီး မိုးကြိုးကပ်ဘေးကို မကျော်ဖြတ်နိုင်ဘဲ သေဆုံးပါက လိပ်နက်ကြီး အသားကို လုယက်စားသောက်ရန် ရောက်လာကြခြင်း ဖြစ်သည်။

လိပ်ကြီးသည် မဟာသားရဲဘိုးဘေး တတိယအဆင့် သားရဲမိစ္ဆာကြီး ဖြစ်သောကြောင့် သူ၏ အသွေးအသားများသည် အလွန် အစွမ်းထက်သော စွမ်းအင်များ ပြည့်ဝနေသည်။ ထို့ကြောင့် သူ့အသား၊ အသွေးကို စားသုံးခွင့်ရသော အဆင့်နိမ့် သားရဲများသည် အချိန်တိုအတွင်း အစွမ်းထက် လာမည် ဖြစ်သည်။

“အား…အ…အ…”

သင်္ဘောပေါ်တွင် ရှိနေသော အဆင့်နိမ့် တန်ခိုးရှင်များနှင့် လူတို့သည် မိုးကြိုး ကပ်ဘေးမှ ထွက်ပေါ်လာသော မိုးခြိမ်းသံကြောင့် နားစည်များ ကွဲထွက်ပြီး မြေပေါ်တွင် နာကျင်စွာ အော်ဟစ် ညည်းညူ နေရလေသည်။

သင်္ဘောသည် လိပ်နက်ကြီးနှင့် ဝေးရာ ခုတ်မောင်း နေချိန်တွင် ပထမအကြိမ် ကျဆင်းလာသော မိုးကြိုးများထက်ပို၍ ပျက်စီးခြင်း အစွမ်းပါဝင်သော မိုးကြိုးက စတင် ပစ်နေသည်။ လိပ်နက်ကြီး အသားကို စားခွင့်ရရန် စောင့်ဆိုင်းနေသော များစွားသော ရေသတ္တဝါတို့သည် မိုးကြိုးစက်ကွင်းမှ မလွတ်ဘဲ သေဆုံးနေရာ ပင်လယ်ပြင်ကြီးတွင် သွေးများနှင့် ချင်းချင်းနီရဲ နေသည်။

ထို့နောက် အခြေအနေက ပို၍ ဆိုးလာသည်။ ရေသတ္တဝါတို့က အနီးအနားရှိ အရာများကို စတင်၍ အရူးအမူး တိုက်ခိုက်လေသည်။ သူတို့သည် သင်္ဘောကြီးကိုပါ တိုက်ခိုက်လာသဖြင့် အကြီးအကဲ မိုင်က ဝိညာဉ် ကျောက်တုံးများ လောင်ကျွမ်းစေပြီး စွမ်းအင်ဖြည့်ကာ အမြောက်ကြီးများဖြင့် ရေသတ္တဝါများကို ခြောက်လန့် တိုက်ခိုက် လိုက်သည်။

ထိုအခါမှပင် သင်္ဘောကြီးသည် ရေသတ္တဝါတို့ ဝိုင်းဝန်း တိုက်ခိုက်မှုမှ လွတ်မြောက်ကာ လိပ်နက်ကြီးနှင့် ဝေးရာသို့ ဦးတည်ခုတ်မောင်းလို့ ရလေသည်။ သင်္ဘောကြီးက လိပ်နက်ကြီး၏ မိုးကြိုးကပ်ဘေး စက်ကွင်းမှ လွတ်မြောက် သွားချိန်တွင် ပေထောင်ပေါင်း များစွာ ရှည်လျား ကြီးမားသော အနက်ရောင် သင်္ဘောကြီး တစ်စင်းက ထွက်ပေါ် လာသည်။ မိုးကြိုး ကပ်ဘေးကြောင့် အလွန်ဝေးကွာသော အရပ်က တန်ခိုးရှင်များပင် မိုးကြိုးကပ်ဘေး ဖြစ်ပေါ်နေသည်ကို သတိထားမိသွားပြီး အခြေအနေကို လာရောက် ကြည့်ရှုပုံရသည်။ ထိုအနက်ရောင် သင်္ဘောကြီးမှာ ခရမ်းရောင် ဆံပင်နှင့် မိန်းမပျိုလေးကို လိုက်လံသတ်ဖြတ်ရန် ရှာဖွေနေသော သင်္ဘာကြီးလည်း ဖြစ်သည်။

သင်္ဘောနက်ကြီးက မိုးကြိုးကပ်ဘေး စက်ကွင်းကို ဝင်လာသည်နှင့် ရှေးဟောင်း မိသားစုမှ သင်္ဘောကြီးသည် ဤနေရာမှ မကြာခင်လေးမှ ထွက်သွားသည်ကို အကြီးအကဲမိုင် ပစ်ရန် အမိန့်ပေးခဲ့သည့် အမြောက်ဆံများ မှတစ်ဆင့် သိရှိသွားလေသည်။ ထို့နောက် သင်္ဘောနက်ကြီးသည် ရဲချန်ဖန်တို့ ထွက်သွားသည့်ဘက်ကို အရှိန်တင် ခုတ်မောင်းပြီး လိုက်ဖမ်းရန် ကြိုးစားတော့သည်။

အန္တရာယ် ဘေးကြီး မကြာခင် ကျလာတော့မည် ဖြစ်သော်လည်း ခရမ်းရောင် ဆံပင်နှင့် မိန်းမပျိုလေးတို့သည် သိရှိခြင်း မရှိကြပေ။
အခန်း ( ၁၈၁ ) ပြီး၏။ ( ၁၈၂ ) မျှော်

Comment

Leave a Reply

Options

not work with dark mode
Reset