Switch Mode

Chapter – 180

အပြန်အလှန် အသုံးချခြင်း

အခန်း ( ၁၈၀ )
အပြန်အလှန် အသုံးချခြင်း

“အကြီးအကဲမိုင်….ကိုယ်ရံတော် ရီ…”

အကြီးအကဲ မိုင်နှင့် ကိုယ်ရံတော် ရီက ရဲချန်ဖန်တို့နား လျှောက်လှမ်းလာရာ ကိုယ်ရံတော် ယောင် မျက်နှာပျက်သွားပြီး ရဲချန်ဖန်ကို ကိုယ်ရံတော် ယောင်က ဆက်လက် မတိုက်ခိုက် ရဲတော့ချေ။

“ဒါဘာ ဖြစ်ကြတာလဲ။ ဘာလို့ မင်းတို့က တိုက်ခိုက်နေကြတာလဲ”

အလွန်လက်ရာ မြောက်သော နဂါးရုပ်ပုံ ထွင်းထားသည့် တောင်ဝှေးကြီးကို အားပြုသုံး၍ တတောက်တောက် မြည်သံများ ထွက်ကာ လျှောက်လှမ်းလာသော အကြီးအကဲ မိုင်က အေးစက်စွာမေး မြန်းလိုက်သည်။

“ဘာမှ မဖြစ်ပါဘူး ခင်ဗျာ… ကျွန်တော်တို့ နားလည်မှု အနည်းငယ် လွဲသွားလို့ပါ”

ကိုယ်ရံတော် ယောင်က စိတ်လျော့ လိုက်သည့်ဟန်ဖြင့် အသက်ပြင်းပြင်းရှူကာ ဘာမှမဖြစ်ဘဲ နားလည်မှု လွဲသွားပုံ ဖမ်းလိုက်လေသည်။ သူက နောက်ခါမှ ပေါင်းပြီး အတိုးနှင့် ရဲချန်ဖန်ကို လက်စားချေမည်ဟု တေးမှတ်လိုက်သည်။

“ဘာ…နားလည်မှုလွဲတယ် ဟုတ်လား။ ဒါက နားလည်မှု လွဲတာ မဟုတ်ဘူး”

ရဲချန်ဖန်က တမင်ပင် ကိစ္စများကို ပိုမိုကြီးထွား လာစေရန် ပြောဆိုလိုက်သည်။ သို့မှသာ အကြီးအကဲ မိုင်တို့ သတိပြုမိပြီး သူတို့အတွက် ပိုမိုများပြားသော အကျိုးအမြတ် ရနိုင်မည် ဖြစ်သည်။

“ကောင်လေး… မင်းလျှောက် ပေါက်ကရ မပြောနဲ့။ ငါ့ကို ပြဿနာရှာရင် မင်းအတွက် ဘာမှ မကောင်းဘူး”

ရဲချန်ဖန်၏ပုံမှာ သူတို့ကြားက ပြဿနာကို အကုန် ဖော်ထုတ်မည့်ပုံ ပေါ်နေသဖြင့် စူပုပ်ပုပ် မျက်နှာနှင့် ကိုယ်ရံတော် ယောင်က ခြိမ်းခြောက် လိုက်သည်။

“မင်းက သူတို့အခန်း ဘာလုပ်ဖို့ သွားတာလဲ။ မင်းအဲဒါကို ရှင်းပြစမ်း”

အကြီးအကဲမိုင်က ကိုယ်ရံတော် ယောင်ကို အမိန့်ပေး လိုက်သည်။

“အဲဒါ ကျွန်မ ရှင်းပြပါရစေ”

ရွှယ်နီရှန်က သနားစရာ ဟန်ပန်လေးနှင့် ရှေ့ထွက်လာကာ ရဲချန်ဖန်ကို တစ်ချက်ကြည့် လိုက်ပြီးနောက် ဖြစ်သမျှ အကြောင်းစုံကို သနားဖွယ် ဖွဲ့နွဲ့ရှင်းပြ လိုက်လေသည်။

“အဲဒီလိုမဟုတ်ဘူး…မင်းတို့ ဘာလို့လိမ်နေရတာလဲ”

ကိုယ်ရံတော် ယောင်က ဒေါသတကြီး တုံ့ပြန်ပြောဆို လိုက်သည်။

“ငါသိတယ် မင်းဝန်ခံမှာ မဟုတ်ဘူးဆိုတာ… ဒါကြောင့် ငါတိတ်တိတ်လေး မင်းဘာတွေ လုပ်ခဲ့ပြောခဲ့လည်းဆိုတာ မှတ်ဉာဏ်ကျောက်တုံးနဲ့ မှတ်တမ်းတင် ထားတယ်။ ငါတို့ မင်းကို မကြောက်ဘူး”

ရဲချန်ဖန် မျက်နှာက အပြုံး ဖြစ်ပေါ်လာကာ မှတ်ဉာဏ် ကျောက်တုံးကို လက်မောင်းအိုးထဲမှ ထုတ်ယူကာ အေးဆေးစွာ ပြောလိုက် လေသည်။

“မင်း…မင်း…”

ရဲချန်ဖန် လက်ထဲမှ မှတ်ဉာဏ် ကျောက်တုံးကို မြင်လိုက်သည်နှင့် ကိုယ်ရံတော် ယောင် မျက်နှာသည် အီးမှန်ထားသည်နှယ် အလွန်ပျက် သွားလေသည်။ ရဲချန်ဖန်က သူတို့၏ အဖြစ်အပျက်များကို မှတ်တမ်းတင် ထားလိမ့်မည်ဟု ကိုယ်ရံတော် ယောင်က မထင်မှတ်ထားချေ။

“မင်းထွက်သွားတော့… ပြီးတော့မှ ဒီကိစ္စ မင်းနဲ့ငါ ရှင်းမယ်”

ကိုယ်ရံတော် ယောင်၏ နောက်ခံက အလွန်တောင့်တင်းသဖြင့် အကြီးအကဲ မိုင်က ပြီးစလွယ် အပြစ်မပေးရဲချေ။ ထို့ကြောင့် ကိုယ်ရံတော်ယောင်ကို ထွက်သွားခိုင်း လိုက်လေသည်။ ထို့နောက် ရဲချန်ဖန်ဘက်လှည့်ကာ အလွန်စိတ်ဝင်စားသည့် အမူအရာဖြင့် ကြည့်လိုက်လေသည်။

“မင်းက ဓါးအင်အားကို နားလည်တတ်ကျွမ်း ထားတာလား”

“ဟုတ်ကဲ့…”

ရဲချန်ဖန် ဆီမှ အဖြေကြား လိုက်သည်နှင့် အကြီးအကဲမိုင်နှင့် ကိုယ်ရံတော် ယောင်တို့ မျက်လုံးမှ အရောင်များသည် လင်းလက်သွားပြီး ရဲချန်ဖန်ကို ထပ်မံ၍ ဂရုတစိုက် ကြည့်လိုက်လေသည်။

“ဓါးအင်အား အမြင့်ဆုံး အဆင့်ထိ အောင်မြင်ထားပါတယ်”

သူ့အတွက် အကောင်းဆုံး အမြတ်ထွက် လာစေရန် ရဲချန်ဖန်က ဖုံးကွယ်ခြင်း မပြုဘဲ သူ၏အစွမ်းကို ပြောပြလိုက်သည်။

“ဘာ…ဘာ… မင်းက ဓါးအင်အား အမြင့်ဆုံး အဆင့်ထိ အောင်မြင် ထားတယ်…ဟုတ်လား”

အကြီးအကဲမိုင်နှင့် ကိုယ်ရံတော်ရီ မျက်လုံးတွင် အံ့ဩတုန်လှုပ်သော အမူအရာ ဖြစ်ပေါ် လာသည်။ ရဲချန်ဖန်သည် လူငယ်လေးက ဘယ်လိုအောင်မြင်အောင် လေ့ကျင့်ထားခြင်း ဖြစ်ကြောင်း သူတို့ မတွေးတတ်ပေ။

“တကယ်လား…”

အံဩသင့်နေသည့် မျက်ဝန်းအစုံကို ကြည့်ပြီး ရဲချန်ဖန်က သူ၏ ဓါးအင်အား အော်ရာကို ထုတ်ဖော် လိုက်သည်။ ပြင်းထန် အစွမ်းထက် လွန်းသော ဓါးအင်အား အမြင့်ဆုံးအဆင့် အော်ရာက အခန်းထဲရှိ လူအားလုံး မျက်လုံးကို ပြူးကျယ် သွားစေသည်။ အလွန် အစွမ်းထက်သော ဓါးအော်ရာ တစ်ခုကပင် သူတို့ အသက်အန္တရာယ်ကို ခြိမ်းခြောက် နိုင်စွမ်းရှိသည်ဟု ခံစားလိုက်ရသည်။

“မင်းက ဘယ်သူလဲ။ မင်းက ဘာလို့ ကျွန်းပေါ် ရောက်နေရတာလဲ။ မင်းရဲ့ တန်ခိုးအဆင့်က ဘယ်ရောက် နေပြီလဲ”

ရဲချန်ဖန်ဆီမှ ထွက်ပေါ်လာသော ဓါးအင်အားကို မျက်မြင်တွေ့ပြီး ရဲချန်ဖန် တကယ်အမြင့်ဆုံး အဆင့်ထိ အောင်မြင်အောင် လေ့ကျင့်ထား နိုင်သည်ကို ယုံကြည်သွားသော အကြီးအကဲမိုင်က စိတ်ဝင်တစားနှင့် မေးလိုက်သည်။ သူက ရဲချန်ဖန် နောက်ခံနှင့် ရဲချန်ဖန် အစွမ်းကို သိချင်၍ မေးမြန်း လိုက်သည်။

“ကျွန်တော်တို့ လင်မယားက နှင်းမြောက်နိုင်ငံက ရေကြည်ရာ မြက်နုရာ ကျင့်ကြံခြင်း အတွက် လိုအပ်တဲ့ ရတနာတွေ လိုက်စုဆောင်း နေတဲ့သူတွေပါ။ ကျွန်တော်တို့က မြောက်ပင်လယ်ထဲမှာ အခွင့်အလမ်းတွေ ရှာဖွေဖို့ ထွက်လာခဲ့တာ။ ဘယ်သူသိမှာလဲ ကံဆိုးပြီး မုန်တိုင်းမိမယ်ဆိုတာ… ကံကောင်းချင်တော့ ကျွန်တော်တို့သင်္ဘော ပျက်သွားပေမဲ့ ကျွန်တော်တို့ လင်မယားက အထီးကျန်ကျွန်းဆီ မျောပါသွားတာပဲ။ အဲဒီ နောက်ပိုင်းကတော့ ဆရာမကြီးတို့ သင်္ဘောနဲ့တွေ့ပြီး အဲဒီ ကျွန်းက လွတ်မြောက် လာတာပါပဲ”

“ကျွန်တော်ကတော့ ကောင်းကင်သားရဲဘုရင် ဒုတိယအဆင့် တန်ခိုးရှင်ပါ။ ကျွန်တော့် အမျိုးသမီးကတော့ ကောင်းကင်သားရဲဘုရင် ဆဋ္ဌမအဆင့် တန်ခိုးရှင်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ သင်္ဘောပျက်တုန်းက ရခဲ့တဲ့ ဒဏ်ရာကြောင့် ကျွန်တော်တို့ အစွမ်းကို သုံးဆယ် ရာခိုင်နှုန်း လောက်ပဲ အသုံးပြုနိုင်တယ်”

ရဲချန်ဖန်က သူနှင့် ရွှယ်နီရှန် အစွမ်းကို ထုတ်ဖော် ပြောကြား လိုက်သည်။

အကြီးအကဲ မိုင်က ရဲချန်ဖန် အကြောင်းကို သံသယ ရှိနေသေးသော်လည်း ရဲချန်ဖန်တို့ အစွမ်းကိုမူ သံသယ မဝင်ချေ။ အထူးသဖြင့် ရဲချန်ဖန်က ကိုယ်ရံတော် ယောင်နှင့် တိုက်ခိုက်သော အစွမ်းက အံဖွယ်ရာ ကောင်းလှသည် မဟုတ်ပါလော။ ကောင်းကင်သားရဲ ဘုရင် ဒုတိယအဆင့်က ကိုယ်ရံတော် ယောင်လို ကောင်းကင် သားရဲဘုရင် ပဉ္စမအဆင့်ကို ယှဉ်ပြိုင်နိုင်သည်မှာ အံ့ဖွယ် ကောင်းလှလေသည်။

ရဲချန်ဖန်တို့ နှစ်ဦး ဒဏ်ရာမှ သက်သာပြီး နဂိုအစွမ်း ပြန်ရပါက သူတို့အတွက် အလွန် အသုံးဝင်သော လက်နက်များ ဖြစ်လာမည်ကို အကြီးအကဲမိုင် တွေးမိပြီး ဝမ်းသာ သွားလေသည်။ ရဲချန်ဖန်တို့၏ စိတ်ဝိညာဉ် နယ်ပယ်ထဲ ကိုယ်ရံတော်ရီက စိတ်ဝိညာဉ် အချုပ်အနှာင် ထည့်သွင်း ထားသည်ကို အကြီးအကဲမိုင်က သိထားလေသည်။ ထို့ကြောင့် ရဲချန်ဖန်တို့ သူတို့အား သစ္စာဖောက် သွားမည်ကို မစိုးရိမ်ပေ။

“ကိုယ်ရံတော် ရီ သူတို့အတွက် ပိုကောင်းတဲ့အခန်း စီစဉ်ပေးလိုက်။ သူတို့ကို အနှောင့်အယှက် မပေးရဘူးလို့ တခြားလူတွေကိုပါ သတိပေးထား လိုက်…”

အကြီးအကဲ မိုင်က ကိုယ်ရံတော်ရီကို အမိန့်ပေး လိုက်သည်။

“ဟုတ်ကဲ့ … ကျွန်မ စီစဉ်လိုက်ပါ့မယ်”

ကိုယ်ရံတော်ရီက အနည်းငယ် အံ့သွားပုံ ပေါ်ပြီး ချက်ချင်းပင် ခေါင်းညိတ် ပြလိုက်သည်။

“အကြီးအကဲမိုင်နဲ့ ကိုယ်ရံတော်ရီတို့ခင်ဗျာ… ကျွန်တော်တို့ လင်မယားက ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားတယ်။ ဒါကြောင့် လိုအပ်တဲ့ ဆေးဝါးတွေ ကူညီပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော် ရနိုင်မလား မသိဘူး။ ကျွန်တော်တို့ လင်မယား ပြန်သက်သာလာရင် ကျေးဇူးပြန် ဆပ်ပါ့မယ်”

ရဲချန်ဖန်က သံကိုပူတုန်း ရိုက်နှက်ရမည်ကို နားလည်ထားရာ ချက်ချင်းပင် သူတို့အတွက် လိုအပ်သည့် ဆေးဝါးများကို ပေးရန် တောင်းဆို လိုက်သည်။

“မင်းလိုအပ်တာတွေကို ချရေးလိုက်… အရမ်းတန်ဖိုးကြီးပြီး မရှားပါးရင် ငါတို့ စီစဉ်ပေးမယ်”

အကြီးအကဲ မိုင်က ကတိပေး လိုက်သည်။

“ကျေးဇူးတင်ပါတယ်”

ရဲချန်ဖန်က ချက်ချင်းပင် သူတို့အတွက် လိုအပ်သော ဆေးဝါးများကို ချရေးကာ အကြီးအကဲ မိုင်ကို ပေးလိုက်သည်။ သူတို့အတွက် လိုအပ်သော ဆေးဝါးနှင့် ဝိညာဉ် ရတနာများမှာ အမျိုးနှစ်ဆယ် ကျော်လေသည်။

ရဲချန်ဖန် လိုအပ်နေသည့် ဆေးဝါး၊ ဝိညာဉ် ရတနာများကို အကြီးအကဲ မိုင် စစ်ဆေး လိုက်သောအခါ တန်ဖိုးကြီးလွန်းသော ဝိညာဉ်ရတနာ ခုနစ်မျိုးရှိနေပြီး ထိုအထဲတွင် ကျောက်စိမ်း သစ်သီးသည် အလွန် အဖိုးထိုက်တန်လေသည်။ သူတို့တွင်ပင် ကျောက်စိမ်း သစ်သီး တစ်လုံးတည်း ရှိလေသည်။ ထို့ကြောင့် အကြီးအကဲ မိုင် မျက်မှောင်ပင်ကြုတ် သွားရလေသည်။

အကြီးအကဲ မိုင်က အနည်းငယ် တွေဝေနေပြီးနောက် အခြေအနေကို နှိုင်းဆကာ ရဲချန်ဖန်တို့ လင်မယား၏ အစွမ်းကို ချိန်ကာ အကျိုးအမြတ်ကို တွက်ချက် လိုက်သည်။

“ကိုယ်ရံတော် ရီ… သူတို့ ထဲထည့်ထားတဲ့ စိတ်ဝိညာဉ် အချုပ်အနှောင်က စိတ်ချရရဲ့လား” အကြီးအကဲ မိုင်က မေးလိုက်သည်။

“ဟုတ်… ကျွန်မ သူတို့ကိုယ်ထဲ ရှိနေတဲ့ အချုပ်အနှောင်ကို သေချာအာရုံခံလို့ ရနေပါတယ်။ သူတို့ သစ္စာဖောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

ကိုယ်ရံတော် ရီက အကြီးအကဲ မိုင်ကို ပြောလိုက် လေသည်။

“ကိုယ်ရံတော် ရီ သူတို့လိုတာတွေ ထုတ်ပေးလိုက်”

အကြီးအကဲ မိုင်က စိတ်ဝိညာဉ် အချုပ်အနှောင်က မည်သည့် ပြဿနာမှ မရှိဘဲ ရဲချန်ဖန်တို့က သူတို့ထိန်းချုပ်မှု အောက်တွင် လုံးဝရှိနေသည်ဟု ယုံကြည်သွားသောအခါ ကိုယ်ရံတော်ရီကို ရဲချန်ဖန်တို့ လိုအပ်နေသည့် ဆေးဝါး၊ ရတနာများပေးရန် အမိန့်ပေး လိုက်သည်။

ရဲချန်ဖန်က သူတို့လိုအပ်နေသည့် ဆေးဝါး၊ ရတနာများက သင်္ဘောပေါ်တွင် ရှိနေသည်ကို သိလိုက်သောအခါ ဝမ်းသာသွားပြီး သူလိုအပ်နေသည့် အရာများရပါက အချိန်တိုအတွင်း သူတို့ဒဏ်ရာများ သက်သာ လာမည်ကို ယုံကြည်ချက် ရှိလေသည်။

“အင်း… နောက်လည်း ငါတို့ သင်္ဘောကြီးပေါ်မှာ ဆက်နေရဦးမှာ ဆိုတော့… တခြားလူတွေ လာနှောင့်ယှက်မှာတော့ စိတ်မပူနဲ့ … ဟုတ်ပြီလား…”

ကိုယ်ရံတော် ရီက သူကိုယ်တိုင်ပင် ရဲချန်ဖန်တို့ကို အခန်းအသစ်ကို နေရာချပေးလိုက်ပြီး ယခင်ထက် ပိုမိုကောင်းမွန်စွာ ဆက်ဆံလာလေသည်။

“ငါရဲ့ ချစ်ယောက်ျား … ရှင့်မှာ ကျွန်မကို ဖုံးကွယ်ထားတာတွေ ရှိနေသေးလား”

ရွှယ်နီရှန်က အခန်းထဲ ရောက်သည်နှင့် အလွန်သားနားသည့် အိပ်ရာပေါ် ထိုင်လိုက်ပြီး ရဲချန်ဖန်ကို စစ်မေးသည့် အမူအရာဖြင့် ကြည့်ကာ မေးလိုက်လေသည်။ သူမ အမူအရာမှာ ဇနီးသည်က လင်ယောက်ျားကို စစ်မေးနေသည့်ပုံ ပေါ်ပြီး သူမ၏ နှင်းဆီရောင် နှုတ်ခမ်း ဖူးဖူးလေးက အလွန်ချစ်စဖွယ် ကောင်းနေလေသည်။

“အင်း… ငါတော့ မင်းကို မနိုင်ပါဘူးကွာ”

ရဲချန်ဖန်က ပြုံးယောင်ယောင် ဖြစ်သွားပြီး ရဲချန်ဖန်က အခြေအနေကို ရှင်းပြလိုက်သည်။

“အော်… သူတို့က သိပ်သဘော ကောင်းတယ်လို့ ထင်နေတာ… တကယ်တော့… သူတို့က ငါတို့ကို အသုံးချ ချင်နေတာကို…” ရွှယ်နီရှန်က ဒေါသတကြီး ပြောလိုက်လေသည်။

“သူတို့က ငါတို့ကို အသုံးချတယ်လေ။ ငါတို့ကလည်း သူတို့ကို ပြန်အသုံးချ ကျတာပေါ့”

“ငါ့ ချစ်ယောက်ျား … ကျွန်မ ရှင့်ရဲ့ ရဲရင့်တဲ့ စွမ်းဆောင်မှုကို နှစ်ခြိုက်တော်မူတယ်။ ရှင်သာ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် အပြည့်အစုံ သင်ပေးရင် ပိုပြီး နှစ်ခြိုက်မိမှာပဲ”

ရွှယ်နီရှန် ချစ်စဖွယ် အမူအရာလေးဖြင့် ပြောလိုက်ရာ ရဲချန်ဖန်ပင် ရယ်ချင်ပတ်ကျိ ဖြစ်သွား လေသည်။

“အင်း… မင်းအဲဒီလောက် သင်ချင်နေရင်… ဆေးဝါးတွေ ရပြီးတာနဲ့ ကျန်နေတဲ့ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်က အဆင့်နှစ်ဆင့် လေ့ကျင့်နည်းကို သင်ပေးမယ်”

ရဲချန်ဖန်က သူ့အား မျှော်လင့်တကြီး ကြည့်နေသည့် ရွှယ်နီရှန် မျက်လုံးရွှဲကြီးများကို စိုက်ကြည့် လိုက်ပြီး သူ့စိတ်ကိုပြင်ကာ ကျန်ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကို ရွှယ်နီရှန် အားသင်ပေးရန် ဆုံးဖြတ်လိုက်သည်။

“ရှင်…ရှင် တကယ်နော်”

ရဲချန်ဖန်က သူမ တောင်းဆိုသည်အား သဘောတူ လိုက်သည်ကို တွေ့လိုက်သောအခါ ရွှယ်နီရှန် အလွန်အံအားသင့် သွားသည်။ သူမက သူမကြားသည်ကို မယုံနိုင် ဖြစ်နေမိသည်။

“တကယ်ပေါ့… ပြင်ဆင်ထား… မင်းကို ကျန်ရှိနေတဲ့ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် အဆင့်နှစ်ဆင့်ကို သင်ပေးမယ်”

ရဲချန်ဖန်သည် ခေါင်းကို ခပ်သွက်သွက်ပင် ညိတ်ကာ ပြောလိုက် လေသည်။
အခန်း ( ၁၈၀ ) ပြီး၏။ ( ၁၈၁ ) မျှော်

Comment

Leave a Reply

Options

not work with dark mode
Reset