အခန်း (၁၇၉ )
သူမက ငါ့မိန်းမကွ
“ရှင်…ရှင်ကိုး။ ဒါဘာသဘောလဲ။ ဒါလုပ်တာလဲ”
အခန်းတံခါးကို အတင်းတွန်းဖွင့် ဝင်လာသံ ကြားလိုက်သောကြောင့် ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် လေ့ကျင့်နေသော ရွှယ်နီရှန်သည် အိပ်ရာပေါ်မှ အလျင်အမြန် ထလိုက်သည်။ ဝင်ရောက်လာ သူသည် ရဲချန်ဖန် မဟုတ်ဘဲ ထိပ်ပြောင် လူထွားကြီး ဖြစ်နေသည်ကို မြင်လိုက်သောအခါ ရွှယ်နီရှန် မျက်နှာသည် အလွန်မကြေမချမ်း ဖြစ်သွားလေသည်။
“စိတ်မဆိုးပါနဲ့ ။ ငါ့မှာ စိတ်ယုတ်မာ မရှိပါဘူး။ မင်းကို ဆေးလာပေးတာပါ”
ထိပ်ပြောင် လူထွားကြီးက ရွှယ်နီရှန် မျက်နှာ လှလှလေးကို ကြည့်ပြီး အပြုံးနှင့် ပြောလိုက်သည်။
“မလိုဘူး။ ရှင်သာ ဒီအခန်းထဲက ခုချက်ချင်း ထွက်ပေးရင် ပိုကောင်းမယ်”
ရွှယ်နီရှန်က ထိပ်ပြောင် လူထွားကြီး ဘာလုပ်ရန် ကြံစည်နေသည်ကို သိနေသဖြင့် အလွန်စိတ်ဆိုး နေသည်။ သူမသာ ပြင်းထန်သော ဒဏ်ရာမရဘဲ သူမအစွမ်းများကို အပြည့်အဝ ထုတ်သုံးနိုင်ပါက သူမက ထိပ်ပြောင် လူထွားကြီးကို တိုက်ခိုက်၍ ထိုလူ၏ မျက်လုံးကို ထိုးဖောက်ပြီး ဖြစ်နေလောက်သည်။
“ထွက်သွား…ဟုတ်လား။ မနေ့က ငါကြောင့်သာ မဟုတ်ရင် မင်းတို့ အဲဒီ ကျွန်းပေါ်မှာပဲ ပိတ်မိနေဦးမှာ။ မင်းတို့ ငါ့ကို ကျေးဇူးဆပ်သင့်တယ်…မဟုတ်ဘူးလား”
ထိပ်ပြောင် လူထွားကြီး၏ စိတ်ယုတ်မာ အကြံအစည်က ဘူးပေါ်သလို ပေါ်လာပြီဖြစ်သည်။
“ရှင်ပြောတာ ကျွန်မလက်မခံနိုင်ဘူး ဆိုရင်ကော…”
ရွှယ်နီရှန်သည် ကြောက်လန့်စိတ်မရှိ ဖော်ရွှေ ရဲတင်းသူလေး ဖြစ်သော်လည်း သူမအပေါ် ယုတ်မာသော စိတ်ရှိသူများကိုမူ ခပ်ရင့်ရင့်ပင် တုံ့ပြန်တတ်သူဖြစ်ရာ သူမ မျက်လုံးထဲမှ လူသတ်အော်ရာ ထွက်ပေါ် လာသည်။
“မင်းက ငါပြောတာကို လက်မခံဘူး။ ဟုတ်လား… ငါမင်းကို ဆွဲခေါ်ပြီး ပင်လယ်ထဲ ပစ်ချ ငါးစာကျွေးပစ်လိုက်လို့ ရတယ်။ မင်းငါ့စကားကို လိမ်လိမ်မာမာ နားထောင်ရင် ကောင်းမယ်”
ထိပ်ပြောင် လူထွားကြီးက တရှုးရှုး တရှဲရှဲ ဖြစ်သွားကာ ရွှယ်နီရှန်ကို ခြိမ်းခြောက် လိုက်သည်။
“မင်းကိုငါ မျက်စိကျတာတောင် မင်းအတွက် ကံကောင်းလှပြီ။ မင်း ကောင်းကောင်းမွန်မွန် ငါ့မိန်းမလုပ်ရင် မင်းမျှော်မှန်းလို့ မရနိုင်တဲ့ စည်းစိမ်ချမ်းသာတွေကို ခံစားခွင့်ရမယ်”
“ကိုယ်ရံတော် ယောင်က မင်းကို သဘောကျတာ မင်းတော်တော် ကံကောင်းနေပြီ။ မင်းသိလား… ကြယ်သုံးလုံး ကျွန်းမှာဆိုရင် မိန်းကလေး အများစုက ကိုယ်ရံတော် ယောင်ရဲ့ ကိုယ်လုပ်တော် ဖြစ်ခွင့်ရချင်ကြတာ။ ဒါပေမဲ့ ကိုယ်ရံတော် ယောင်က ဂရုကို မစိုက်ဘူး။ မင်းဒီလို ကံကောင်းမှုကို တန်ဖိုးမထားရင် မင်းဒီအခွင့်အရေး လွဲချော်သွားလိမ့်မယ်။ အဲဒါဆို မင်းဘဝ တစ်လျှောက်လုံး နောင်တ ရနေရမယ်”
ကိုယ်ရံတော် ယောင်၏ နောက်လိုက် တစ်ဦးက အပြုံးနှင့် ဝင်ရောက် စည်းရုံး လိုက်သည်။
“သူမက ငါ့မိန်းမပဲ။ မင်းတို့ သွားဆုတောင်း နေလိုက်ကြ”
“ပြီးတော့… မင်းတို့တွေ… ငါစိတ်မတိုခင်… ငါ့မျက်စိအောက် ထွက်သွားကြစမ်း”
စိတ်ဝိညာဉ်အာရုံ အလွန် အစွမ်းထက်သော ရဲချန်ဖန်သည် ကုန်းပတ်ပေါ်တွင် လှည့်ပတ် ကြည့်ရှုနေစဉ် ရွှယ်နီရှန်ကို ထိပ်ပြောင် လူထွားကြီးက ခြိမ်းခြောက်နေသည်ကို ကြားလိုက်ပြီး အခန်းထဲ ပြန်လာကာ ထိပ်ပြောင် လူထွားကြီးတို့ကို အော်ဟစ် မောင်းထုတ်နေခြင်း ဖြစ်သည်။
“ဟွန့်… မင်းက ငါ့ကို ဒီလိုပြောရဲတယ် ဟုတ်လား။ မင်း ယုံလားတော့ မသိဘူး။ မင်း ကျင့်ကြံခြင်း လမ်းစဉ်ကို ငါဖျက်ဆီး ပစ်မယ်”
ရဲချန်ဖန်၏ မောက်မာစွာ အမိန့်ပေးသည့် အသံကြောင့် ကိုယ်ရံတော် ယောင်က အလွန်ဒေါသ ထွက်သွားပြီး ပြင်းထန်သော အော်ရာက ထွက်ပေါ် လာသည်။ သူ့ပုံကြည့်ရသည်မှာ သတ်ဖြတ်ချင်နေသည့် သားရဲကောင် အလားပင် ရဲချန်ဖန်ကို စိုက်ကြည့်နေသည်။
ရဲချန်ဖန်က မာန်ပါပါ ရွှယ်နီရှန်ကို သူမိန်းမဟု ပြောဆိုပြီး သူ့ဖက်မှ ကာကွယ် ပြောဆိုပေးနေသည့် စကားလုံးကို ကြားပြီး ရွှယ်နီရှန် ရင်ဘတ်ထဲတွင် အမျိုးအမည် မသိသော ခံစားချက် ဖြစ်ပေါ်လာသည်။ သူမ၏ လှပသော မျက်နှာလေးတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ထွက်ပေါ်လာပြီး ရဲချန်ဖန်ဘက်ကို ကြည့်လိုက်မိသည်။ ထို့နောက်တွင် သူမ မျက်နှာတွင် သူမပင် သတိမထားမိသော ကြည်နူးသည့် အပြုံးက ထွက်ပေါ်လာသည်။
“ငါ သုံးအထိ ရေလို့မှမသွားရင် … မင်းတို့ကို ငါလုပ်မှ အပြစ်မတင်ကြနဲ့”
ရဲချန်ဖန်က ကိုယ်ရံတော် ယောင်၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်ဘဲ တင်းမာစွာ ပြန်တုံ့ပြန် လိုက်သည်။ ရဲချန်ဖန်က ကိုယ်ရံတော် ယောင်ကို ခပ်ရင့်ရင့် တုံ့ပြန်သည်မှာ အကြောင်းရှိ၍ ဖြစ်သည်။ ခရမ်းရောင် ဆံပင်မိန်းမပျိုလေးတို့ တိုင်ပင်နေသည့် အကြောင်းအရာကို နားထောင်ပြီးနောက် သူတို့သည် မည့်သို့သော အန္တရာယ်ကို ကြုံတွေရမည်ဆိုတာ နားလည် သွားသောကြောင့် ဖြစ်သည်။
ဒီလိုအချိန်မျိုးတွင် သူတို့၏ အစွမ်းထက်ပုံ တန်ဖိုးကို ပြသနိုင်ပါက ခရမ်းရောင်ဆံပင်နှင့် မိန်းမပျိုလေး၏ အာရုံစိတ် အလေးထားမှုကို သူတို့ပိုမိုရရှိ နိုင်မည် ဖြစ်သောကြောင့် ရဲချန်ဖန်က သူတို့ အစွမ်းကို ထုတ်ပြရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။ ထိုအခါတွင် သူတို့အတွက် လိုအပ်နေသော ဆေးဝါးများကို ပိုမိုရရှိနိုင်ပြီး သူတို့ နှစ်ယောက် ဒဏ်ရာမှာ အလျင်အမြန် သက်သာ လာနိုင်သည်။
“အေး… မင်းက သေချင်နေတာကိုး”
ရဲချန်ဖန်၏ မောက်မာသော အသံကြားပြီး ကိုယ်ရံတော် ယောင်၏ နောက်လိုက် ကောင်းကင်သားရဲ ဘုရင်ပထမအဆင့် နှစ်ယောက်က သူတို့ ဝိညာဉ် သားရဲများနှင့် ပေါင်းစပ်ကာ ရဲချန်ဖန်ကို ပြိုင်တူဝင်ရောက် တိုက်ခိုက် လိုက်ကြသည်။
ဒဏ်ရာမှ အပြည့်အဝ မသက်သာသေးသော ရဲချန်ဖန်သည် သူ၏အစွမ်း သုံးဆယ် ရာခိုင်နှုန်းမျှသာ ထုတ်သုံးနိုင်သေးသည်။ သို့သော် သူ၏ခန္ဓာကိုယ် စွမ်းအားမှာ ပေါင် တစ်သိန်းနီးပါးထိ အသုံးပြုနိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်သားရဲ ဘုရင် ပထမအဆင့် တန်ခိုးရှင် နှစ်ယောက် ပူးပေါင်း တိုက်ခိုက်မှုကို မရှောင်တိမ်းဘဲ ပြန်လည် တိုက်ခိုက် လိုက်သည်။
“သူအရိုးတွေကို ရိုက်ချိုးပစ်။ ပြီးတော့ ခွေးတစ်ကောင်လို ငါ့ဆီမှာ တောင်းပန် လာအောင် ရိုက်ပစ်စမ်းကွာ…”
ကိုယ်ရံတော် ယောင်၏ အမြင်တွင် သူ၏ နောက်လိုက် နှစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရနေသော ရဲချန်ဖန်လိုလူက မည်သို့မှ ခုခံနိုင်စွမ်း မရှိဟု ထင်ထားလေသည်။ သူက ရဲချန်ဖန်ကို နှိပ်စက်ပြီး ရွှယ်နီရှန်ကို ခြိမ်းခြောက် သိမ်းပိုက်နိုင်ရန် မျှော်လင့်ထားသည်။
“တိမ်ခွင်း လက်ဝါး…”
ကိုယ်ရံတော် ယောင်တို့ ကြောက်ရွံ ထိတ်လန့်သွားစေရန် ရဲချန်ဖန်သည် ဒဏ်ရာ ရနေသော်လည်း တိမ်ခွင်းလက်ဝါးကို ထုတ်ဖော် အသုံးပြု လိုက်လေသည်။ တိမ်ခွင်း လက်ဝါး၏ ကြောက်မက်ဖွယ် အစွမ်းက ပေါင်တစ်သိန်းကျော် စွမ်းအားနှင့် ပေါင်းစပ်ပြီးနောက် အလွန်အစွမ်းထက် လာလေသည်။
ထို့ကြောင့် တိမ်ခွင်း လက်ဝါးက ကိုယ်ရံတော်ယောင် နောက်လိုက် နှစ်ဦး၏ ရင်ဘတ်ကို ထိမှန်ကာ အဝေးသို့ လွင့်စဉ် ထွက်သွားစေသည်။ ကိုယ်ရံတော်ယောင် နောက်လိုက် နှစ်ဦးသည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ သင်္ဘောနံရံနှင့် ပြင်းထန်စွာ ဆောင့်မိသွားသည်။ ထို့ကြောင့် ကြီးမား ကျယ်လောင်သော အသံက ထွက်ပေါ်လာသည်။
“မင်း… မင်း ငါ့လူတွေကို ထိခိုက်အောင် လုပ်ရဲတယ်။ ဟုတ်လား…”
သူတို့ ထင်ထားသည်နှင့် တခြားစီ ရလဒ် ထွက်ပေါ် လာသောကြောင့် ကိုယ်ရံတော် ယောင် အတော်လေး တုန်လှုပ် သွားသည်။ ပြင်းထန်သော ဒဏ်ရာရနေသည့် ရဲချန်ဖန်က ထိုကဲ့သို့ အစွမ်းရှိနေမည်ဟု ဘယ်လိုမှ မထင်ထားချေ။ ထို့ကြောင့် သူမျက်နှာက မည်းမှောင်သွာပြီး ဒေါသထွက် နေသည့် ခြင်္သေ့အလား ရဲချန်ဖန်ကို အော်ဟစ် ဟိန်းဟောက် လိုက်သည်။
“ဘာလဲ… ခင်ဗျားရော အဲဒီလို ဖြစ်ချင်လို့လား”
ရဲချန်ဖန်က သူ၏ ကောင်းကင်သားရဲ ဘုရင် ဒုတိယအဆင့် ဖြင့်ဆိုလျှင် ကိုယ်ရံတော် ယောင်၏ ပြိုင်ဖက် မဟုတ်သော်လည်း သူ့တွင် အသက်ဝိညာဉ် ကျင့်စဉ် ရှိနေသောကြောင့် ကိုယ်ရံတော် ယောင်ကို ကြောက်လန့်ခြင်း မရှိပေ။ ထို့ကြောင့် ကိုယ်ရံတော် ယောင်ဆီမှ လူသတ်အော်ရာ ထွက်ပေါ် လာသော်လည်း ရဲချန်ဖန်က နောက်မဆုတ်ဘဲ သူကပင် ခပ်ရင့်ရင့် စိန်ခေါ်လိုက်ရာ ကိုယ်ရံတော် ယောင်ကို ထိတ်လန့် တွေဝေ သွားစေသည်။
“ဒီနေ့. မင်းသေနေ့ စေ့ပြီ”
ရဲချန်ဖန် တုံပြန်မှုကြောင့် ကိုယ်ရံတော် ယောင်က တုန်လှုပ် သွားသော်လည်း သူလည်း နောက်မဆုတ် နိုင်တော့ပေ။ ကိုယ်ရံတော် ယောင်ကိုယ်မှ ခရမ်းရောင် အငွေ့တန်းများ ထွက်ပေါ်လာပြီး ရဲချန်ဖန်ဆီ တိုးဝင်သွားလေသည်။
“ဓါးအင်အား အမြင့်ဆုံးအဆင့်…”
ကိုယ်ရံတော်ရီတို့ သတိပြုမိ သွားစေရန် ရဲချန်ဖန်က တမင်ပင် သူ၏ ဓါးအင်အား အမြင့်ဆုံးအဆင့်ကို ထုတ်လွတ်လိုက်ရာ ပြင်းထန် အစွမ်းထက်လွန်းသော ဓါးအော်ရာကြောင့် ကိုယ်ရံတော် ယောင်က မျက်နှာပျက်သွားပြီး ကြောက်ရွံသည့် အမူအရာ ထွက်ပေါ် လာသည်။
“ဓါးအင်အား…မင်းက ဓါးအင်အားကို တတ်ကျွမ်းထားတယ်”
ကိုယ်ရံတော် ယောင်က ရဲချန်ဖန်သည် သူထင်သည်ထက် များစွာ အစွမ်းထက် နေသော်လည်း သူ့တွင် နောက်ဆုတ်ဖို့လမ်း မရှိနေပေ။ သူက ရဲချန်ဖန်ကို ကြောက်ရွံပြီး နောက်ဆုတ် အရှုံးပေး ထွက်သွား လိုက်ပါက အများ၏ လေှာင်ပြောင် ရယ်စရာ ဖြစ်သွားပေလိမ့်မည်။
“မင်း…သေပေတော့”
“နေဓါး…”
ကိုယ်ရံတော် ယောင်က အော်ဟစ် မာန်သွင်းလျက် နီရဲနေသည့် အလယ်အလတ် မြေကမ္ဘာ အဆင့် ဓါးကို ကိုင်စွဲလျက် ရဲချန်ဖန်ကို တိုက်ခိုက် လိုက်သည်။
“ကျောက်စိမ်းဓါး…”
ရဲချန်ဖန်က ကောင်းကင်အဆင့် ဓါးနှင့် ဆန်းကြယ် ရေခဲဝိညာဉ် အစွမ်းကို လွယ်လွယ် ထုတ်ဖော် အသုံးမပြုချင်သဖြင့် ကျောက်စိမ်းဓါးကိုသာ ဓါးအင်အား အမြင့်ဆုံး အဆင့်ဖြင့်ပေါင်းစပ်ပြီး ကိုယ်ရံတော် ယောင်ကို ပြန်လည် တိုက်ခိုက် လိုက်သည်။
ဓါးအလင်းနှစ်ခု ထိမှန်သွားချိန်တွင် ပြင်းထန်စူးရှသော ပေါက်ကွဲသံ ဖြစ်ပေါ်လာပြီး သင်္ဘောဝမ်းဗိုက် တစ်ခုလုံးကို တုန်ခါ သွားစေသည်။ ရဲချန်ဖန်၏ အကင်းမသေသေးသော ဒဏ်ရာများကို တုန်ခါပြီး ထိခိုက်သွား စေသောကြောင့် သွေးများက ထိန်းချုပ် မရအောင် သူပါးစပ်မှ စီးထွက် လာသည်။
ကိုယ်ရံတော် ယောင်က အသာစီးရနေသည်ဟု ထင်ရသော်လည်း ရဲချန်ဖန်၏ အစွမ်းထက်သော ဓါးအင်အားကြောင့် သူကိုယ်ထဲရှိ သွေးကြောများလည်း ထိခိုက် သွားစေသည်။ ထို့ကြောင့် ကိုယ်ရံတော် ယောင်က ပိုမိုဒေါသ ထွက်လာပြီး နေဓါးကို အသုံးပြုကာ သူ၏အစွမ်းအထက်ဆုံး သိုင်းဖြင့် ရဲချန်ဖန်ကို သတ်ပစ်ရန် လုပ်လိုက်သည်။
“ကိုယ်ရံတော် ယောင်… မင်း…ဘာလုပ်နေတာလဲ။ ခုချက်ချင်း ရပ်လိုက်စမ်း”
ဒေါသ ထွက်နေသည့် အကြီးအကဲမိုင်က ကိုယ်ရံတော်ရီနှင့် တခြား ရှေးဟောင်း မိသားစုဝင်များနှင့် အတူ ရောက်လာကာ ဒေါသနှင့် အမိန့်ပေး လိုက်လေသည်။
အခန်း ( ၁၇၉ ) ပြီး၏။ (၁၈၀ ) မျှော်