Switch Mode

Chapter – 178

ဓားခုတ်ရာ လက်လျှိုမိခြင်း

အခန်း ( ၁၇၈ )
ဓါးခုတ်ရာ လက်လျှိုမိခြင်း

“ဒီဆေးက ဒဏ်ရာ ပျောက်ဆေးတွေပဲ။ မင်းတို့ ကောင်းကောင်း အနားယူကြ။ မင်းတို့ ဒဏ်ရာ ပိုသက်သာလာရင် မင်းတို့လုပ်ရမယ် အလုပ်တွေကို ငါစီစဉ်ပေးမယ်”

ဆံပင်ဖြူနှင့် အဘိုးကြီးက ကျောက်စိမ်းဗူးလေး တစ်ခုကိုပေးကာ ထွက်ခွာ သွားလေသည်။ အနည်းငယ် မှောင်မိုက်ပြီး ခပ်ကျဉ်းကျဉ်း အခန်းလေးထဲတွင် ဟောင်းနွမ်းနေသည့် အိပ်ရာတစ်ခု၊ စားပွဲတစ်လုံးနှင့် အခြားတစ်ကိုယ်ရေသုံး ပစ္စည်းအနည်းငယ် ရှိနေသည်။ ထို့ကြောင့် ရဲချန်ဖန် စိတ်အနည်းငယ် ညစ်ညူး သွားသည်။

“ငါပင်ပန်းနေပြီ။ နားတော့မယ်”

အသုံးအဆောင်များသည် အကောင်းစား ပစ္စည်းများ မဟုတ်သော်လည်း လေတထန်ထန် တိုက်နေသည့် ကျွန်းတွင် နေသည်ထက် များစွာ ကောင်းမွန်နေသည်။ ထို့ကြောင့် ရွှယ်နီရှန်က ပျင်းရိပျင်းတွဲဟန် အကြောများ ဆန့်ပြီး အိပ်ရာပေါ် ဆန့်လှဲလိုက်သည်။ သူမ တစ်ယောက်တည်းနှင့် အိပ်ရာပေါ်က ပြည့်နေပြီ ဖြစ်သည်။

“ချန်ဖန်…ရှင်ယောက်ျား စစ်စစ်တော့ ဟုတ်ပါတယ်နော်… ရှင်က ကျွန်မ ဘယ်လို လုပ်ပေးမှ ကျန်နေတဲ့ ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ်ကို ပေးမှာလဲ”

ရဲချန်ဖန် မျက်နှာတွင် တစ်မျိုး ဖြစ်သွားသဖြင့် ရွှယ်နီရှန်က အောင်နိုင်သူ အပြုံးပြုံးကာ သူမပခုံးပေါ် ကျနေသော ဆံနွယ်များကို လက်ဖြင့် လိမ်ခေါက်နေရင်း မူရာပါပါနှင့် မေးလိုက်လေသည်။

“မပေးဘူး”

ရဲချန်ဖန်က ရွှယ်နီရှန် မျက်လုံးများကို ရှောင်ဖယ်ရင်း မသိသလိုလုပ် ဖြေလိုက်ပြီးနောက် ကြမ်းပြင်ပေါ် ထိုင်ချလိုက်ကာ နတ်ဦးနှောက် အသုံးပြု၍ စိတ်ဝိညာဉ် အချုပ်အနှောင်ကို ချိုးဖျက်နေသည်။

“ရဲချန်ဖန်…ရှင်…ရှင်…”

ရွှယ်နီရှန်သည် ရဲချန်ဖန်က ယောက်ျား တစ်ယောက် ဟုတ်မှန်း ခံစားသိရှိသည်။ သို့သော် သူမအလှကို လုံးဝ လျစ်လျူရှု နေသဖြင့် သူမက မခံချိမခံသာ ဖြစ်နေသည်။ ရဲချန်ဖန်က သူမကို ငြင်းဆန်လေ သူမက ရဲချန်ဖန်ကို သူမ အလှတွင် ကျရှုံးအောင် လုပ်ချင်မိလေ ဖြစ်သည်။

ဆယ့်ငါးမိနစ် ကြာပြီးနောက် ရဲချန်ဖန် ကိုယ်ထဲရှိ စိတ်ဝိညာဉ် အချုပ်အနှောင်၏ အစွမ်းသည် များစွာ လျော့နည်းသွားပြီ ဖြစ်သည်။ ရဲချန်ဖန်က အချုပ်အနှောင်ကို လုံးဝ မဖျက်ပစ်ပေ။ သို့မဟုတ်ပါက ဆံဖြူဘွားတော် သတိထား ရိပ်မိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ သို့သော် အချုပ်အနှောင်၏ အစွမ်းသည် သူ့ကိုအန္တရာယ် မပေးနိုင်တော့ပေ။ ရဲချန်ဖန် စိတ်ကူးလိုက်ရုံနှင့် စိတ်ဝိညာဉ် အချုပ်အနှောင်က ပျက်စီးသွားမည် ဖြစ်သည်။

“ဟေ့…မအိပ်နဲ့။ ထဦး…”

ထို့နောက် ရဲချန်ဖန်က အိပ်ရာနား သွားကာ ရွှယ်နီရှန်ကို လှုပ်နှိုးလိုက်သည်။

“ဘာလဲ…”

ရွှယ်နီရှန်က မကြည်သည့် အသံဖြင့် မေးလိုက်သည်။

“ဘာလဲ…မင်းက စိတ်ဝိညာဉ် အချုပ်အနှောင်ကို မဖျက်ချင်ဘူးလား။ ရတယ်လေ…နေပေါ့” ရဲချန်ဖန်က ပခုံးတွန့်ကာ ပြောလိုက်သည်။

“ရှင်…”

ရဲချန်ဖန်က သူမနှင့် မျက်နှာကြော မတည့်သူ ဖြစ်နေသည်ဟု သူမ ထင်လိုက်သည်။ ရဲချန်ဖန် လုပ်ရပ်တိုင်းက သူမကို စိတ်ဆိုး ဒေါသထွက်နေ စေရသည် မဟုတ်ပါလော။ သို့သော် သူမက ဘာမှမလုပ်နိုင်ဘဲ ရဲချန်ဖန် သဘောကျသာ လုပ်နေရ လေသည်။

“ရှင် ကျွန်မကို အသားယူဖို့တော့ မစဉ်စားနဲ့။ ရှင်နဲ့ ထိချင်လို့ ထိနေတာ မဟုတ်ဘူး။ စိတ်ဝိညာဉ် အချုပ်အနှောင် ပျက်ဖို့ ရှင့်ကို ကျွန်မ အသားပေးထိတာ”

သူမက စကားနိုင်မရ ရအောင်လု လိုက်သည်။

“အင်း…”

စကားနည်း ရန်ဆဲဆိုသည့် အတိုင်းပင် ရဲချန်ဖန်က ရွှယ်နီရှန်ကို တုံ့ပြန်ခြင်း မပြုဘဲ ရွှယ်နီရှန် ခေါင်းပေါ် ရဲချန်ဖန် လက်တင်လိုက်ပြီး နတ်ဦးနှောက် အသုံးပြုကာ ဝိညာဉ်စွမ်းအင် ထည့်သွင်းလျက် စိတ်ဝိညာဉ် အချုပ်အနှောင်ကို ဖျက်ဆီးရန် ကြိုးစား လိုက်သည်။ ရဲချန်ဖန် မသိသည်မှာ သူကအဲဒီလို ရွှယ်နီရှန်ကို မတုံ့ပြန်လေ သူမက ပို၍အသည်းယား စိတ်တိုလေ ဖြစ်နေသည်ကိုပင်။

“ရပြီ… စိတ်ဝိညာဉ် အချုပ်အနှောင်ကို အားပျော့အောင် လုပ်လိုက်ပြီးပြီ။ ခုရှိနေတဲ့ အချုပ်အနှောင်ကို မင်းအတွေး တစ်ခုနဲ့ ဖျက်ဆီးလို့ ရတယ်”

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ရဲချန်ဖန်သည် ဝိညာဉ် စွမ်းအင်များကို ရွှယ်နီရှန် ကိုယ်ထဲ ပို့လွတ်ခြင်းကို ရုပ်သိမ်း လိုက်သည်။ ထို့နောက် ရဲချန်ဖန်က ရွှယ်နီရှန်ကို ဂရုမစိုက်တော့ဘဲ ဆံပင်ဖြူနှင့် အဘိုးကြီး ပေးခဲ့သည့် ဆေးများကို စစ်ဆေးကြည့် လိုက်လေသည်။ ထို့နောက် ဆေးများက စိတ်ချရသည်ကို တွေ့ရှိလိုက်ပြီး သောက်သုံး လိုက်လေသည်။ တစ်ညတာမျှ ကုန်လွန်သွားပြီးနောက် ဆေးစွမ်း စုပ်ယူနေသော ရဲချန်ဖန်က နိုးလာပြီး ဆံပင်ဖြူနှင့် အဘိုးကြီး ပေးခဲ့သော ဆေးများက အစွမ်းထက် နေသည်ကို တွေ့လိုက်ရ၍ အံအားသင့်နေသည်။

“ဒီသင်္ဘောပိုင်ရှင်က ဘယ်သူတွေလဲ။ ငါ သူတို့ဆီမှာ ဒီဆေးတွေ ထပ်သွား တောင်းကြည့်ရင် ကောင်းမယ်”

ရဲချန်ဖန်သည် ကိုယ့်ဘာသာကိုယ် ပြောမိလိုက်သည်။ ထို့နောက် ကုန်းပတ်ပေါ်တွင် တွေ့ခဲ့သည့် အစိမ်းရောင် ဝတ်စုံနှင့် မိန်းမပျိုလေးနှင့် သူ့နောက်လိုက် ကိုယ်ရံတော်များအကြောင်း စိတ်ဝင်စား သွားလေသည်။ ထို့ကြောင့် သူ၏ အစွမ်းထက်လှသော စိတ်ဝိညာဉ် အာရုံကို အပြင်သို့ ထုတ်လွှတ် လိုက်သည်။

ရဲချန်ဖန် စိတ်အာရုံသည် နတ်ဦးနှောက်နှင့် ပေါင်းစပ်ထားပြီး ဖြစ်သဖြင့် ဝိညာဉ် စိတ်အာရုံမှာ အလွန်အစွမ်းထက် နေပြီဖြစ်သည်။ သူသာ သတိထားပါက သူ့စိတ်ဝိညာဉ် အာရုံအား တခြားလူများက ရှာဖွေတွေ့သွားမည်ကို စိုးရိမ်ခြင်း မရှိပေ။

“ဟင်…မှော်အစီအရင် တွေလား”

ရဲချန်ဖန်၏ စိတ်အာရုံသည် တဖြည်းဖြည်း အပြင်ရောက်သည်နှင့် လျှောက်ပတ် ကြည့်နေရာ ရုတ်တရက် မှော်အစီအရင် အချုပ်အနှောင်များ ရှိနေသည့် နေရာတစ်ခုကို တွေ့ရှိသွားသည်။ ထိုမှော်အစီအရင်က သူ၏စိတ်အာရုံကို ပိတ်ဆို့ ထားသည်။

“ဟင်း… အခန်းထဲမှာ ဘာတွေရှိနေလို့ မှော်အစီအရင်နဲ့ ပိတ်ဆို့ ကာကွယ် ထားတာလဲ”

ရဲချန်ဖန် ချီတုံချတုံ ဖြစ်နေပြီးနောက် သူ၏ ဝိညာဉ်စွမ်းအင်ကို ဂရုတစိုက် ထိန်းချုပ်ကာ မှော်အစီအရင်ထဲ ဖောက်ထွင်း ဝင်ရောက်ရန် ကြိုးစားလိုက်သည်။ အစွမ်းထက် လွန်းသော နတ်ဦးနှောက်၏ မှော်အစီအရင်ကို ထိုးဖောက်မှုကို မှော်အစီအရင်က ကြာကြာပိတ်ဆို့ ဟန့်တားနိုင်ခြင်း မရှိဘဲ ရဲချန်ဖန်က မှော်အစီအရင်ကို ကျော်ဖြတ်ကာ အခန်းအတွင်း ဝင်ရောက် သွားနိုင်လေသည်။

“အကြီးအကဲ မိုင် အခြေအနေက ဘယ်လိုရှိလဲ။ ပြီးတော့ ရှေးဟောင်း မိသားစု မဟာမိတ်အဖွဲ့ အခြေအနေရော…”

မနေ့က ကုန်းပတ်ပေါ်တွင် တွေ့ခဲ့သည့် အစိမ်းရောင် ဝတ်စုံနှင့် မိန်းမပျိုလေးသည် အပြာနုရောင် အင်္ကျီကို ဝတ်ဆင်ထားပြီး ကုလားပေါ်တွင် ထိုင်ကာ ဆံဖြူဘွားတော်နှင့် အကြီးအကဲ မိုင် ဆိုသည့် လူအပါအဝင် လူသုံးဦးတို့သည် မျက်နှာချင်းဆိုင် စကားပြော နေသည်ကို တွေ့လိုက်ရသည်။ ခရမ်းရောင် ဆံပင်နှင့် မိန်းမပျိုလေးမှာ ပင်ပန်းနွမ်းနယ် နေဟန် ပုံပေါ်သည်။

“ကြားထားတဲ့ ကောလာဟလ သတင်းတွေ အရတော့ သမီး ဦးလေး နှစ်ယောက်က သမီးအပြင် ရောက်နေချိန်ကို အခွင့်ကောင်းယူပြီး မိသားစု အကြီးအကဲနေရာကို အတင်းသိမ်းပိုက် ထားတယ်လို့ ပြောတယ်။ ပြီးတော့ မိသားစု အကြီးအကဲရဲ့ မိသားစုဝင်တွေ ပိုင်ဆိုင်မှုကို ထိန်းချုပ်ထားပြီး အရေးပါတဲ့ လူတွေကို ဖမ်းဆီး ထိန်းသိမ်း ထားတယ်။ ပြီးတော့ ရှေးဟောင်း မိသားစု မဟာမိတ်အဖွဲ့ကိုပါ ထိန်းချုပ်လိုက်နိုင်ပြီ လို့ကြားတယ်”

“ယုံကြည်ရတဲ့ သတင်းတွေ အရဆို မင်း ဦးလေးနှစ်ယောက်က အမှောင်သခင်ကိုပါ ငှားရမ်း အကူအညီတောင်းပြီး ငါတို့ကို လိုက်ဖမ်းခိုင်းထားတယ်လို့ သိရတယ်။ သူတို့က သော့ကို အသည်းအသန် လိုချင်နေကြတယ်။ ခုငါတို့ အခြေအနေက အန္တရာယ် တောထဲ ရောက်နေပြီ”

ကိုယ်ရံတော် ရီ ဆိုသည့် ဆံဖြူဘွားတော်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။

“ကြည့်ရတာ သမီး အမေနဲ့ အဖေတို့တော့ အဲဒီ သတ္တဝါနှစ်ကောင်ရဲ့ သတ်တာခံလိုက် ရပြီနဲ့ တူတယ်”

ခရမ်းရောင် ဆံပင်နှင့် မိန်းမပျိုလေးက ကြိတ်မနိုင်ခဲမရ ဒေါသထွက် နေသည့်ပုံဖြင့် ပြောလိုက်လေသည်။

“ကိုယ်ရံတော် ရီ ရှင် မနေ့က တွေ့တဲ့ လူနှစ်ယောက်ကို တမင် သင်္ဘောပေါ် ပေးတက် လိုက်တာလား။ ဘာလို့လဲ”

“အင်း… သူတို့ပုံက လူဆိုးတွေ ဟုတ်ပုံမရဘူး။ အစွမ်းလည်း ထက်ကြပုံ ပေါ်တယ်။ ပြီးတော့ ဒုက္ခလည်း ရောက်နေကြတာ။ ပိုအရေးကြီးတာက ငါတို့ ပြဿနာ တစ်ခုခုနဲ့ ကြုံလာရင် သူတို့က ငါတို့အတွက် ဝင်တိုက်ခိုက်ပေးမှာ… သူတို့အပေါ်မှာလည်း စိတ်ဝိညာဉ် အချုပ်အနှောင်ကို ကျွန်မ ထည့်ထားတယ်။သူတို့ မကူညီမှာ စိုးရိမ်စရာမလိုဘူး”

“ရှေးဟောင်းမိသားစုဆီ ကျွန်မတို့ ပြန်လို့ မရတော့ဘူး။ ငါတို့အဲဒီနေရာ မပြန်ဘူးဆို ဘယ်သွားကြမလဲ။ ကိုယ်ရံတော် ရီ ကျွန်မတို့ ဘယ်သွားသင့်လဲ”

ခရမ်းရောင် ဆံပင်နှင့် မိန်းမပျိုလေးသည် ရှေးဟောင်း မိသားစုထံပြန်ပြီး သူမမိဘကို သတ်ခဲ့သည့် ဦးလေး နှစ်ယောက်ကို ကလဲ့စားချေရန် မစောင့်နိုင်တော့သော်လည်း သူမနှင့် သူဦးလေး နှစ်ယောက်ကြားတွင် အင်အား အလွန် ကွာခြားနေသည်ကို နားလည်ထားရာ သူမ ပြန်သွားခြင်းသည် ကိုယ်သေတွင်း ကိုယ်တူးနေသလို ဖြစ်မည်ကိုလည်း သိသဖြင့် စိတ်ပင်ပန်းစွာနှင့် ကိုယ်ရံတော် ရီ ကိုမေးလိုက်လေသည်။

“ကျွန်မကတော့ ကြယ်တာရာ တိုက်ကြီးဆီ သွားသင့်တယ် ထင်တယ်။ အဲဒီ တိုက်ကြီးက အရမ်းဖွံ့ဖြိုးပြီး အစွမ်းထက်တယ်။ ငါတို့ မှာရှိတဲ့ ပိုက်ဆံတွေ၊ သိုလှောင်ထားတဲ့ ပစ္စည်းတွေနဲ့ ဆိုရင် ငါတို့အဲဒီမှာ ဘာလို့အခြေချ မနေနိုင်ရမှာလဲ” အကြီးအကဲမိုင်က ပြောလိုက်သည်။

“ကြယ်တာရာ တိုက်ကြီးက အရမ်းဝေးလွန်းတယ်။ ကြယ်တာရာ တိုက်ကြီးကို ရောက်ဖို့ဆို ပျက်စီးခြင်း ပင်လယ်ကို ဖြတ်သန်းမှရမယ်။ ပျက်စီးခြင်း ပင်လယ်က ဖြတ်သန်းဖို့က အရမ်းကို အန္တရာယ်များ လွန်းတယ်။ ပျက်စီးခြင်း ပင်လယ်ကိုဖြတ်တဲ့ အန္တရာယ်က အမှောင်သခင်ရဲ့ လုပ်ကြံသူတွေထက် အန္တရာယ် များတယ်”

ခရမ်းရောင် မိန်းမပျိုလေးနှင့် သူမ၏ လူယုံနှစ်ယောက် ပြောဆိုနေသည်ကို ကြားပြီးနောက် ရဲချန်ဖန်သည် ဝိညာဉ် စွမ်းအင်များကို ရုပ်သိမ်း လိုက်သည်။ ရဲချန်ဖန် မျက်ခုံးများကြုတ် နေမိသည်။ သူအဲဒီလောက် ကံမကောင်း ဖြစ်လိမ့်မည်ဟု မထင်ထားမိချေ။ ယခုတော့ တခြားလူများ၏ ပဋိပက္ခ ထဲဝင်ရောက်ပြီး လိုက်ဖမ်းခံ နေရသူများ၏ သင်္ဘောကို စီးနင်းနေမိ လျက်သားဖြစ်နေသည်။

“ဒီအခြေအနေ အတိုင်းဆို ငါတို့ ဒဏ်ရာတွေ အမြန်ဆုံးပျောက်မှ ဖြစ်မယ်။ မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ်တောင် ကာကွယ်နိုင်မှာ မဟုတ်ဘူး”

ရဲချန်ဖန် သက်ပြင်းသာ ချမိလိုက်ပြီး အခြေအနေကို ရွှယ်နီရှန်ကို ပြောပြ မနေတော့ပေ။ ဝိညာဉ်ဆေးလုံးများကို ထုတ်သောက်လိုက်ပြီး သူ၏ဒဏ်ရာကို ကုစားနေလိုက်သည်။ သူ၏ ဒဏ်ရာသည် သူ့တွင်ရှိနေသော ဆေးများနှင့်ဆိုလျှင် အချိန်တိုအတွင်း မပျောက်ကင်း နိုင်သဖြင့် ဆေးစွမ်းကုန်ပြီးနောက် ရဲချန်ဖန် အပြင်သို့ တစ်ယောက်တည်း ထွက်သွားလေသည်။ ထို့နောက် ကိုယ်ရံတော် ရီ ထံသွားပြီး ဆေးများတောင်းရန် ကြံစည်ထားသည်။

ခရမ်းရောင် ဆံပင်နှင့် မိန်းမပျိုလေး ယခုရင်ဆိုင်နေရသည့် အခြေအနေနှင့်ဆိုလျှင် သူမတို့ အင်အား တိုးလာစေရန် ရဲချန်ဖန် လိုအပ်နေသည့် ဆေးများပေးမည်ဟု ရဲချန်ဖန်က ယုံကြည်ထားသည်။ ရဲချန်ဖန် သက်သာပြီး တိုက်ခိုက်နိုင်ပါက သူမတို့ တိုက်ခိုက်မှု အင်အားပင် ပိုများလာမည် မဟုတ်ပါလော။

ရဲချန်ဖန် အပြင်ထွက်သွားသည်နှင့် ရွှယ်နီရှန် အလှကို သဘောကျပြီး ရဲချန်ဖန် အလစ်တွင် သူမကို သိမ်းပိုက်ရန် ကြံစည်နေသည့် လူထွားကြီးသည် သူ၏နောက်လိုက် နှစ်ယောက်နှင့်အတူ ရွှယ်နီရှန် အခန်းဆီသို့ ရောက်လာလေသည်။ ရွှယ်နီရှန်သည် ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကို ဒူးထောက် ကုန်းပြီး လေ့ကျင့်နေချိန်ဖြစ်ရာ သူမ၏ ခန္ဓာကိုယ် အချိုးအစားကို အစွမ်းကုန် လစ်ဟပြသသည့် ပုံသဏ္ဌာန်လို ဖြစ်နေသည့်အခါ ဖြစ်သည်။

ထိုအချိန်တွင် အခန်းတံခါးကို အတင်းတွန်းဖွင့် ဝင်လိုက်သော လူထွားကြီးသည် ရူးမတတ် အသက်ရှူ မှားလောက်သည့် ရွှယ်နီရှန်၏ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ကို မြင်ပြီး လောကကိုမေ့ကာ တဏှာရာဂ မီးတောက် ပြင်းထန်စွာ လောင်ကျွမ်း သွားသည်။
အခန်း (၁၇၈ ) ပြီး၏။ ( ၁၇၉ ) မျှော်

Comment

Leave a Reply

Options

not work with dark mode
Reset