Switch Mode

Chapter – 177

လွတ်မြောက်ပြီ

အခန်း ( ၁၇၇ )
လွတ်မြောက်ပြီ

လျှပ်တစ်ပြက် အတွင်းမှာပင် ရဲချန်ဖန်တို့ နှစ်ယောက်သည် အထီးကျန်ကျွန်းသို့ ရောက်နေသည်မှာ တစ်လကျော် သွားပြီဖြစ်သည်။ တစ်လကျော် ကုသပြီးနောက် ရဲချန်ဖန်၏ ကျိုးကြေသွားသော အရိုးများ၊ သွေးကြောများ စတင်သက်သာ လာပြီဖြစ်သည်။

သို့သော် သူ၏ သွေးစွမ်းအင်ကို အလွန်အကျွံ ထုတ်ယူသုံးစွဲခဲ့သဖြင့် မူလစွမ်းအင် အခြေခံမှာ အလွန်ထိခိုက် သွားသည်။ ထို့ကြောင့် ရဲချန်ဖန် အနေဖြင့် သူ့နဂိုစွမ်းအင်၏ ဆယ်ပုံတစ်ပုံမျှသာ ထုတ်သုံးနိုင် လေသည်။
ရဲချန်ဖန်၏ သင်ကြားပြသမှု အောက်တွင် ရွှယ်နီရှန်လည်း ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ်ကို လေ့ကျင့်နေသဖြင့် သူမ၏ ခန္ဓာကိုယ် စွမ်းအားချည်း သက်သက်ပင် ပေါင်တစ်ထောင် နီးပါးရောက်နေပြီဖြစ်ပြီး သူမဒဏ်ရာများက သက်သာ ပျောက်ကင်းနေပြီ ဖြစ်သည်။

ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်၏ အစွမ်းထက်မှုကို ပို၍ မြင်လာသည်နှင့် အမျှ ရွှယ်နီရှန်သည် ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ် အပြည့်အစုံကို ပိုင်ဆိုင်လိုသည့် စိတ်က ပိုမိုပြင်းထန် လာသည်။ သူမက ရဲချန်ဖန်ကို အမျိုးမျိုး မြူဆွယ် ဖြားယောင်းရန် ကြိုးစား နေခဲ့သော်လည်း ရဲချန်ဖန်က တုတ်တုတ်မှ မလှုပ်ပေ။ ရဲချန်ဖန်က မဖြစ်မနေ ရွှယ်နီရှန်ကို ဆက်ဆံရမည့် အချိန်ကလွှဲလျှင် တစ်ကိုယ်တည်း ဝိညာဉ်စုပ်သိုင်း လေ့ကျင့်ကာ ဒဏ်ရာများကို ကုသနေသည်။

ရဲချန်ဖန်က ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များ စုပ်ယူ၍ ဒဏ်ရာကို ကြိုးစားကုသ နေသော်လည်း ကျွန်းလေးတွင် ကောင်းကင်နှင့် မြေကြီးစွမ်းအင် နည်းပါးလှသဖြင့် သူ့ဒဏ်ရာ သက်သာနှုန်းမှာ အလွန်နှေးကွေး နေသည်။ ရွှယ်နီရှန်လည်း လုံလောက်သော ဝိညာဉ်စွမ်းအင် ပမာဏ ရှိပါက သူမလည်း ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကို ကျင့်ကြံနေသောကြောင့် မဟာသားရဲ ဘိုးဘေး တန်ခိုးရှင် အဆင့်ကို တက်လှမ်းနိုင်မည် ဖြစ်သည်။

မြောက်ပင်လယ်သည် အဆုံးမဲ့ ကျယ်ဝန်းသောကြောင့် ပင်လယ်နေ သတ္တဝါများက ရေတွက်၍ပင် မကုန်နိုင်အောင် များပြားလှသည်။ ထို့ကြောင့် ဒဏ်ရာများ မပျောက်ကင်းဘဲနှင့် ရဲချန်ဖန်တို့ ပင်လယ်ထဲစွန့်စား မထွက်ရဲကြချေ။ ထို့ကြောင့် သူတို့ အထီးကျန် ကျွန်းလေးပေါ်တွင် သောင်တင်နေကာ ကျွန်းလေးဆီမှ ထွက်ခွါရန် အခွင့်အလမ်းကို စောင့်ဆိုင်း နေကြလေသည်။

“ဟိုမှာ လှေကြီး တစ်စင်း သွားနေတယ်”

တစ်နေ့တွင် ကမ်းခြေတွင် ဝိညာဉ်စုပ်သိုင်း လေ့ကျင့်နေသော ရဲချန်ဖန်သည် အဝေးက လှုပ်ရှားမှုကို သတိထားမိ လိုက်ပြီး မျက်လုံးများ ပွင့်လာကာ အသံထွက် ရေရွှတ်လိုက်သည်။

“လှေကြီး…ဟုတ်လား…”

ရဲချန်ဖန်၏ အသံကြားပြီး သဲထဲနှစ်မြုပ်ပြီး ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် လေ့ကျင့်နေသော ရွှယ်နီရှန်သည် လျင်မြန်စွာ ထရပ်လိုက်ပြီး ကြည့်လိုက်ရာ အဝေးတွင် သွားနေသည့် မှုန်ဝါးဝါး အစက်အပြောက်လေးကို မြင်နေရလေသည်။

“ဟုတ်တယ်…လှေကြီးတစ်စင်းပဲ”

နှစ်လကျော် ကျွန်းပေါ်တွင် နေထိုင်ပြီးနောက် ရွှယ်နီရှန်သည် ကျွန်းပေါ်မှ အလွန်ထွက်ခွာချင် နေပြီဖြစ်သည်။ ထိုအချိန်တွင် လှေကြီး တစ်စင်းကို မြင်လိုက်ရ၍ သူမ အလွန်စိတ်လှုပ်ရှား နေလေသည်။

“ရဲချန်ဖန်… ငါတို့ အဲဒီလှေကြီးဆီ ပျံသွားရအောင်…”

ရွှယ်နီရှန်က ကျွန်းနှင့် တဖြည်းဖြည်း ဝေးရာသို့ ခုတ်မောင်းနေသည့် လှေကြီးကို ကြည့်ပြီး စိုးရိမ်တကြီးနှင့် ပြောလိုက်သည်။ သူမက လှေကြီးနှင့် လိုက်ပါခွင့် လွဲချော်မည်ကို ကြောက်ရွံ့နေသည်။ မဟုတ်ပါက သူမတို့ ဤကျွန်းတွင် မည်မျှကြာကြာ သောင်တင် နေလိမ့်မည်ကို မသိနိုင်ပေ။

“ခဏနေဦး…ငါတို့ ဒဏ်ရာတွေက မပျောက်သေးဘူး။ ငါတို့ လှေကြီးဆီကို ပျံသန်းသွားရင် မမျှော်လင့်ဘဲ အန္တရာယ်နဲ့ တွေ့နိုင်တယ်။ ငါတို့ လှေကြီး ဒီကိုလာအောင် လုပ်မယ်။ အဲဒီဆို ငါတို့ လှေကြီးပေါ် တက်ဖို့အခွင့်အရေး ရမယ်။ အဲဒီလိုလုပ်လို့မှ လှေကြီးက ဒီဘက်မလာရင် ငါတို့ ပျံသန်းသွားကြတာပေါ့”

ရဲချန်ဖန်နှင့် ရွှယ်နီရှန်တို့သည် ပြင်းထန်သော ဒဏ်ရာများ ရထားကြသဖြင့် သူတို့၏ ဝိညာဉ်စွမ်းအင်ကို နှစ်ဆယ်ရာခိုင်နှုန်းမျှသာ ထုတ်သုံး နိုင်သေးသည်။ ထို့အပြင် ဓါးစက်ရုပ်ထဲရှိ စွမ်းအင်မှာ ကုန်ခန်းလုနီးပါး ဖြစ်နေချေပြီ။ ထို့ကြောင့် ရဲချန်ဖန်က ရွှေလင်းယုန် တောင်ပံ အသုံးပြု၍ ပျံသန်းခြင်း မပြုဘဲ ကျယ်လောင်စွာ အော်ဟစ် အကူအညီ တောင်းခံ လိုက်သည်။

အလွန်ကျယ်လောင်သော အသံလှိုင်းက ဆူနာမီလှိုင်းများသဖွယ် အဝေးသို့ပျံနှံ့ ထွက်ပေါ် လာသည်။ အသံက အလွန်ကျယ်လောင် လှသဖြင့် ပင်လယ်ပြင်တွင် လှိုင်းကြီးများပင် ဖြစ်ပေါ် လာသည်။ ရဲချန်ဖန် အသံကို ကြားလိုက်သော လှေကြီးသည် ဦးတည်ရာ ပြောင်းပြီး ရဲချန်ဖန် တို့ရှိရာ ကျွန်းဆီသို့ ပြန်လှည့်လာ လေသည်။

“ဟင်… ဘယ်လောက်တောင် ကြီးလိုက်တဲ့ ပင်လယ်ကူး သင်္ဘောကြီးလဲ”

အစက ရဲချန်ဖန်တို့သည် လှေကြီးဟု ထင်မှတ်ထားသော်လည်း ကျွန်းနားသို့ သင်္ဘောကြီး နီးကပ် လာသည်နှင့် ပေရာကျော်မြင့်မားပြီး ပေသုံးထောင်ကျော် ရှည်သော သင်္ဘောကြီး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သင်္ဘောကိုယ်ထဲကို ထူးခြားပြီး အလွန်မာကျောသော သတ္တုများဖြင့် တည်ဆောက် ထားသည်။

သင်္ဘောကြီးက အနက်ရောင် တဖိတ်ဖိတ် တောက်ပ နေသည်။ ကြီးမားသော သင်္ဘောကြီး ကုန်းပတ်ပေါ်တွင် အမြောက်ကြီး ဆယ့်ခြောက်ခု ရှိနေသည်ကို မြင်တွေ့ လိုက်ရသည်။ ရဲချန်ဖန်သာ အတင်းကာရော သင်္ဘောကြီးထံ ပျံသန်းသွားပါက ကံမကောင်းလျှင် အမြှောက်များဖြင့် ပစ်ခတ် တိုက်ခိုက်ခံရမည် ဖြစ်သည်။

“ရှေးဟောင်း မိသားစုကြီး တစ်ခုကလား”

သင်္ဘောကြီး၏ ကုန်းပတ်ထိပ်တွင် ရှိသော ပေပေါင်းများစွာ မြင့်သော အလံတိုင်ထိပ်တွင် ရှေးဟောင်း မိသားစု အမှတ်အသားကြီးကို ထင်ထင်ရှားရှား မြင်နေရလေသည်။ သင်္ဘောကြီးသည် ရှေ့ဟောင်း မိသားစုကြီး တစ်ခုမှ မိသားစုဝင်များ ပင်လယ်ထဲ ခရီးထွက်လာမှန်း ရဲချန်ဖန် ချက်ချင်း ရိပ်မိ လိုက်သည်။

“မင်းတို့ နှစ်ယောက်က ဘယ်သူတွေလဲ။ ဒီကို ဘယ်လို ရောက်နေတာလဲ”

သင်္ဘောကြီးက ကျွန်းနှင့် နီးကပ်လာစဉ် သင်္ဘောကုန်းပတ်ပေါ်တွင် ယောက်ျား ငါးဦးနှင့် အမျိုးသမီး နှစ်ဦး ပေါ်ထွက်လာကြသည်။ ထိုအထဲတွင် လူလတ်ပိုင်း အမျိုးသား၊ ထိပ်ပြောင်နေပြီး ခန္ဓာကိုယ်ကမူ ကြီးမားလှကာ အသားအရေမှာ မည်းနက်နေသော လူသည် လေသံမာမာနှင့် မေးလိုက်လေသည်။ သို့သော် သူ၏မျက်လုံးများသည် အနီရောင် ဝတ်စုံနှင့် အလွန်လှပသော ရွှယ်နီရှန်ကို မြင်လိုက်သည်နှင့် အံ့ဩသည့်ဟန် ပေါ်လာပြီး ချက်ချင်းပင် သူ၏ ရမ္မက်မီးလျှံကို တောက်လောင် သွားစေသည်။

“ကျွန်မတို့ လင်မယားက နှင်းမြောက်နိုင်ငံ ကပါ။ ကျွန်မတို့ မြောက်ပင်လယ်ရဲ့ ကျွန်းကြီး တစ်ခုကို ခရီးထွက်လာခဲ့တာ။ ဘယ်သူက သိမှာလဲ… ကျွန်မတို့ လမ်းခရီး တစ်ဝက်မှာ မုန်တိုင်းမိပြီး သင်္ဘောပျက်မယ်ဆိုတာ ရှင်… ကျွန်မတို့ကံကောင်းပြီး ဒီကျွန်ပေါ်ကို မျောပါ လာခဲ့တာပါ။ ကျွန်မတို့ကို ကယ်တင်ပါဦး။ ကျွန်မတို့ကို သင်္ဘောနဲ့ လိုက်ခွင့်ပေးပါနော်။ ဒီပျင်းစရာကောင်းတဲ့ ကျွန်းကနေ ကျွန်မတို့ လင်မယား ထွက်သွားချင်နေပါပြီ”

ရွှယ်နီရှန်သည် ထိပ်ပြောင် လူထွားကြီး၏ အကြည့်ကို မနှစ်မြို့သော်လည်း သင်္ဘောနှင့်အတူ လိုက်ခွင့်ရရန် သူမ မနှစ်သက်မှုကို မျိုသိပ်ကာ သူမနှင့် ရဲချန်ဖန် တိုင်ပင်ထားသည့် သနားဖွယ် ဇာတ်လမ်းကို လုပ်ကြံ ပြောလိုက် လေသည်။

“ကိုယ်ရံတော် ရီ… ငါသူတို့ကို လိုက်ခွင့် ပေးချင်တယ်။ ဘယ်လိုလဲ…”

ထိပ်ပြောင်ကြီးက ရိုးသားနုံအပုံ ပေါ်နေသည့် ရဲချန်ဖန်ဘက် တစ်ချက်အကြည့် ရောက်သွားပြီးနောက် အဖြူရောင် ဝတ်စုံဝတ်ထားပြီး ဆံပင်များ ဖွေးဖွေးဖြူ နေသည့် မာနကြီးသည့် ပုံပေါ်သော အမျိုးသမီးဘက်ကို လှည့်ကာ ပြောလိုက်သည်။

“အင်း… မင်းတို့ကို သင်္ဘောပေါ် နဲ့ လိုက်ခွင့်ပေးတာ မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ ဒါပေမဲ့ မတော်တဆ ဖြစ်ရပ်တွေ ကာကွယ်ဖို့ မင်းတို့ရဲ့ စိတ်ဝိညာဉ် နယ်ပယ်ထဲမှာ စိတ်ဝိညာဉ် အချုပ်အနှောင်ကို ငါထည့်ထား ရလိမ့်မယ်။ မင်းတို့ စဉ်းစားကြ။ မင်းတို့ လက်ခံနိုင်ရင် မင်းတို့ငါတို့ သင်္ဘောနဲ့ လိုက်ခွင့်ပြုမယ်”

ဆံပင်ဖြူနှင့်လူ ပြောစကားကို ကြားပြီး ရွှယ်နီရှန် မျက်နှာပျက် သွားသည်။ တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ် အချုပ်အနှောင်ကို ခံရပါက ထည့်သွင်းခံရသူ၏ လွတ်လပ်ပိုင်ခွင့်မှာ ပျောက်ဆုံးသွားပြီး ထည့်သွင်းသူ၏ ထိန်းချုပ်မှုအောက် လုံးဝကျရောက် သွားမည် ဖြစ်သည်။

“မကြောက်နဲ့။ သူမပြောတဲ့အတိုင်း လက်ခံလိုက်။ ငါ့မှာ စိတ်ဝိညာဉ် အချုပ်အနှောင်ကို ဖျက်လို့ရတဲ့ နည်းရှိတယ်”

ရွှယ်နီရှန်က ထိုဆံဖြူ အဘွားကြီး၏ စကားကိုငြင်းရန် လုပ်လိုက်ချိန်တွင် ရုတ်တရက် သူမကို အသံလှိုင်း ပို့လွှတ်ကာ ရဲချန်ဖန် စကားပြောသည်ကို ကြားလိုက် ရသည်။

“ရှင့်မှာ တကယ် နည်းလမ်း ရှိတာလား”

“အင်း…မင်းစိတ်ချ ထားလိုက်”

“ဆရာမကြီးတို့… တကယ်လို့ လိုရာခရီးရောက်ရင် စိတ်ဝိညာဉ် အချုပ်အနှောင်ကို ဖယ်ရှားပေးမှာလား။ ဖယ်ရှားပေးမယ်ဆိုရင် ဆရာမကြီး စကားအတိုင်း လက်ခံပါတယ်”

ပါးရေနပ်ရည် ရှိသော ရွှယ်နီရှန်က ချက်ချင်း သဘောမတူ အနည်းငယ် တုံ့ဆိုင်းနေဟန်ဖြင့် မေးလိုက်သည်။

“စိတ်သာချ… မင်းတို့ကို ဆိပ်ကမ်းရောက်တာနဲ့ စိတ်ဝိညာဉ် အချုပ်အနှောင်ကို ဖယ်ရှားပေးမယ်”

“မင်းတို့သာ ကောင်းကောင်း မွန်မွန်နေရင် ငါတို့လည်း မင်းတို့ကို နာကျင်အောင် မလုပ်ဘူး။ ဒါပေမဲ့ မင်းတို့ကို အလကားလိုက်ခွင့် မပေးနိုင်ဘူး။ မင်းတို့ သင်္ဘောပေါ်မှာ ဝေယျာဝစ္စတွေ ကူလုပ်ပေးရမယ်” ဆံပင်ဖြူနှင့် အဘွားကြီးက ပြောလိုက်လေသည်။

“ဒါဆိုလည်း … ဆရာမကြီးရဲ့ သဘောအတိုင်း ကျွန်တော်တို့ လင်မယား စိတ်ဝိညာဉ် အချုပ်အနှောင် ထည့်တာကို လက်ခံပါ့မယ်”

ရဲချန်ဖန်နှင့် ရွှယ်နီရှန်တို့ တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ပြီး အဘွားကြီး၏ စကားကို လက်ခံမည့် အကြောင်း ပြန်ဖြေ လိုက်သည်။

ရဲချန်ဖန်ပါ သဘောတူ လိုက်ပြီးနောက် ဆံဖြူဘွားတော်သည် ပေရာကျော်မြင့်သော ကုန်းပတ်ပေါ်မှ ခုန်ဆင်းလာသည်။ သူမသည် ရဲချန်ဖန်တို့ရှေ့သို့ ငှက်တစ်ကောင်အလား ညင်ညင်သာသာ ပျံဝဲကျလာသည်။ သူမက သူမ၏ ထူးခြားသော အစွမ်းကို ထုတ်ဖော်ပြသကာ ရဲချန်ဖန်တို့ကို သူမစကားနာခံစေရန် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။

ထို့နောက် ဆံဖြူဘွားတော်က ရဲချန်ဖန် တို့နှစ်ဦး၏ စိတ်ဝိညာဉ် နယ်ပယ်ထဲ စိတ်ဝိညာဉ် အချုပ်အနှောင်ကို ထည့်သွင်း လိုက်သည်။

ထိုသို့ ရဲချန်ဖန်၏ စိတ်ဝိညာဉ် နယ်ပယ်ထဲ စိတ်ဝိညာဉ် အချုပ်အနှောင် ထည့်သွင်းနေစဉ် ဆံဖြူဘွားတော်သည် ကောင်းကင်သားရဲဘုရင် ဆဋ္ဌမအဆင့် တန်ခိုးရှင်သာ ဖြစ်သောကြောင့် နတ်ဦးနှောက် တည်ရှိမှုကို မမြင် မသိနိုင်ပေ။ ရဲချန်ဖန်တို့ နှစ်ဦးလုံးထဲသို့ စိတ်ဝိညာဉ် အချုပ်အနှောင် ထည့်သွင်းပြီးနောက် ဆံဖြူဘွားတော်၏ မျက်နှာထားသည် နဂိုလောက် မတင်းမာတော့ချေ။

ရဲချန်ဖန်သည် ကုန်းပတ်ပေါ် ရောက်သောအခါ အစိမ်းရောင် ဝတ်စုံနှင့် အစိမ်းရောင်ဂါဝန် ဝတ်ဆင်ထားသည့် မိန်းမတစ်ယောက်ကို သတိထားမိ လိုက်သည်။ သူမ အသားအရေမှာ ရှင်းသန့် ကြည်လင်နေပြီး ခရမ်းရောင် ဆံပင်များမှာလည်း ပခုံးပေါ်သို့ ပျံဝဲကျနေသည်။ သူမ မျက်နှာကို ပဝါဖြင့် လွှမ်းခြုံထားသောကြောင့် သေချာမမြင်ရသော်လည်း သူမသည် အလွန်ချောမော လှပမည်ကို သံသယ ဝင်စရာ မလိုပေ။ သူမ ပုံသဏ္ဌာန်မှာ မိန်းမပျိုလေး ဖြစ်ကြောင်း ရဲချန်ဖန် သိလိုက်လေသည်။ ထိုမိန်းမပျိုလေး နောက်တွင်မူ အမျိုးသမီး နှစ်ဦး ရပ်နေလေသည်။ သူမတို့၏ အော်ရာကိုကြည့်ပြီး သူတို့သည် ကောင်းကင်သားရဲ ဘုရင် ဆဋ္ဌမအဆင့် တန်ခိုးရှင်ဟု ရဲချန်ဖန် သိလိုက်သည်။

သခင်မလေး…ကျွန်မ သူတို့ အရမ်းသနားစရာ ကောင်းတာနဲ့ သူတို့ကို သင်္ဘောပေါ် လိုက်ခွင့်ပေး လိုက်တယ်။ ဒါပေမဲ့ သူတို့ စိတ်ဝိညာဉ် နယ်ပယ်ထဲ စိတ်ဝိညာဉ် အချုပ်အနှောင်ကို ထည့်ထားတာကြောင့် ပြဿနာဖြစ်လာမှာ မစိုးရိမ်ရပါဘူး”

ထိုအချိန်တွင် ဆံဖြူဘွားတော်က မိန်းမပျိုလေးနား သွားကာ အလွန်ချစ်ခင် ရိုသေသည့် အသံဖြင့် ပြောလိုက်လေသည်။

“အင်း…ကောင်းပြီလေ…ပိုင်ဟုဖ…သူတို့ကို နေရာချပေးလိုက်”

မိန်းမပျိုလေးသည် အကြောင်း တစ်ခုကြောင့် စိုးရိမ်သောက ရောက်နေသည့် ပုံပေါ်ပြီး အလွန်ချောမော၊ အဆင့်အတန်း မြင့်ပုံပေါ်သော သူတို့နှစ်ယောက်ကိုပင် စေ့စေ့မကြည့်ဘဲ ပင်ပန်းနေသည့် လေသံဖြင့် အစေခံကို အမိန့်ပေး လိုက်သည်။

“မင်းတို့နှစ်ယောက် ငါနောက်က လိုက်ခဲ့ကြ”

ဆံပင်ဖြူနှင့် အဘိုးကြီးက ရောက်လာပြီး ရဲချန်ဖန်တို့ကို သင်္ဘောအတွင်းပိုင်းရှိ အခန်းငယ်လေး တစ်ခုကို ခေါ်ဆောင် သွားလေသည်။
အခန်း ( ၁၇၇ ) ပြီး၏။ ( ၁၇၈ ) မျှော်

Comment

Leave a Reply

Options

not work with dark mode
Reset