Switch Mode

Chapter – 176

အထီးကျန်ကျွန်း

အခန်း ( ၁၇၆ )
အထီးကျန်ကျွန်း

လှိုင်းလုံးများသည် ကမ်းခြေကို အဆက်မပြတ် ရိုက်ခတ်သံက ထွက်ပေါ် နေသည်။ နေရာကား အပြောကျယ်လှသည့် မြောက်ပင်လယ်ပြင်ကြီး၏ ရေတွက်မရနိုင်သော ကျွန်းလေးများထဲမှ ကျွန်းတစ်ကျွန်းတွင် ဖြစ်သည်။ ဤကျွန်းသည် လူသူ အရောက်အပေါက် မရှိအောင် တခြား ကုန်းမြေများနှင့် ဝေးကွာလှပြီး တိတ်ဆိတ်ခြင်းကသာ အစဉ်ကြီးစိုးနေသော နေရာဖြစ်သည်။

ယခုတော့ လူသူ ကင်းပြတ်လှသော ကျွန်လေး၏ ကမ်းခြေ ရေစပ်တွင် လူနှစ်ဦး သောင်တင်လျက်ရှိပြီး သူတို့သည် မည်မျှကြာကြာ မေ့မြောနေသည်ကိုပင် မပြော နိုင်တော့ပေ။ သူတို့ နှစ်ယောက်ကား ရဲချန်ဖန်နှင့် ရွှယ်နီရှန်တို့ နှစ်ယောက် ဖြစ်လေသည်။

မီးတောက် ဝိညာဉ်နှင့် တိုက်ခိုက်ပြီးနောက် ဒဏ်ရာပြင်းထန် လွန်းလှသဖြင့် မပျံသန်း နိုင်တော့သော ရဲချန်ဖန်သည် ဒဏ်ရာရ ပင်ပန်းမေ့မြောနေသော ရွှယ်နီရှန်ကို ဖက်ထားလျက် ရေစီးအတိုင်း မျောပါကာ နောက်ဆုံးတွင် ဤကျွန်လေးပေါ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ သူက ရေစီးအတိုင်း မျောပါလာရင်း ကျွန်းလေးတစ်ကျွန်းကို တွေ့လိုက်သဖြင့် လက်ကျန် အင်အားလေးသုံးကာ ကမ်းခြေရောက်အောင် ကူးခတ်လိုက်သည်။ ထို့ကြောင့် ရေစီးနှင့်အတူ ဆက်မမျောပါခြင်း ဖြစ်သည်။

အချိန်မည်မျှကြာအောင် မေ့မြောနေသည်ကို မသိနိုင်တော့ဘဲ ရေစပ်တွင် မေ့မြောနေသော ရဲချန်ဖန်သည် သတိရလာသည်။ သူသည် အားအလွန်နည်း နေသော်လည်း မျက်နှာပင် သွေးမရှိတော့အောင် ဖြူဖပ်ဖြူရော် ဖြစ်ကာ မေ့မြောလျက်ရှိသော ရွှယ်နီရှန်ကို မချီကာ ရေမစိုသော ကမ်းခြေထိပ်နားသို့ တက်သွားလိုက်သည်။

ထို့နောက် ရွှယ်နီရှန် ဘေးတွင် လဲကျသွားသည်။ ရဲချန်ဖန်သည် သူ့လက်ချောင်းများပင် မလှုပ်ချင်လောက်အောင် ပင်ပန်းနေပြီး အပြောကျယ်သော အပြာရောင် ကောင်းကင်ပြင်ကို ငေးမော ကြည့်နေမိသည်။

ရဲချန်ဖန်က မီးတောက်ဝိညာဉ်လက်က ထွက်ပြေးစဉ် ဝိညာဉ်စွမ်းအင်၊ ခန္ဓာကိုယ် စွမ်းအင်များ အလွန်အကျွံ အသုံးပြုခဲ့သဖြင့် သူ၏ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ထိခိုက်သွားစေသည်။ ခိုင်မာသော စိတ်ဓါတ်၊ ကြံ့ခိုင်မှု ထို့အပြင် ဝိညာဉ်စမ်းရေသာ မရှိခဲ့ပါက ရဲချန်ဖန် သေဆုံးပြီးပြီမှာ ကြာမြင့်နေလောက်ပြီ ဖြစ်သည်။

“ဟူး…ငါ့ကိုယ်ထဲက သွေးကြောတွေ အားလုံးနီးပါး ပျက်စီးသွားပြီ။ အတွင်းဒဏ်ရာကလည်း တော်တော်ပြင်းတယ်။ အရိုးကလည်း သုံးဆယ်ကျော်နီးပါး ကျိုးသွားတာပဲ”

ရဲချန်ဖန်က ဝိညာဉ်စုပ်သိုင်း သုံး၍ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်ရာ ဒဏ်ရာက အရင်ထက် ပိုမိုဆိုးရွား လာသည်ကို တွေ့လိုက်ရပြီး သူ၏အစွမ်း တစ်ရာခိုင်နှုန်းမျှပင် အသုံးချနိုင်စွမ်း မရှိတော့သည်ကို တွေ့ရှိလိုက်သည်။

“အင်း…ငါ့ဒဏ်ရာတွေက ဘယ်လောက်ကြာကြာ ကုရမလဲ မသိဘူး”

ရဲချန်ဖန်က ခေါင်းသာ ခါယမ်းမိ လိုက်သည်။ သူတို့သည် မည်သည့်ဒေသ၊ မည်သည့် အရပ်သို့ ရောက်နေမှန်းပင် မသိသေးရာ ဒဏ်ရာကို ကုသရန် ဆေးများ ဝယ်ယူရန် ကိစ္စမှာ အလွန် အလှမ်းဝေးသောအရာ ဖြစ်နေသည်။ ရဲချန်ဖန်က ဝိညာဉ်ဆေးလုံးများ အများအပြား ထုတ်ကာ ပြင်းထန်သော ဒဏ်ရာများကို ကုသလိုက်သည်။ နေသည် တဖြည်းဖြည်း မြင့်တက်လာပြီး အပူရှိန်မှာ ချစ်ချစ်တောက် ပူလာသည်။

“ငါတို့ ဘယ်ရောက် နေတာလဲ”

အပူချိန်ကြောင့် နိုးလာသော ရွှယ်နီရှန်သည် လှိုင်းများ ရိုက်ခတ်သံကို ကြားပြီး အားမရှိသည့် လေသံဖြင့် မေးလိုက်သည်။

“မြောက်ပင်လယ်က ကျွန်းလေးတစ်ကျွန်း ပေါ်မှာပဲ…မင်းဒဏ်ရာက ဘယ်လိုနေလဲ”

“အင်း…ငါ့ဒဏ်ရာက တော်တော်ဆိုးတယ်။ အတွင်းဒဏ်ရာအပြင် နှလုံးသားကိုပါ ထိခိုက် သွားတယ်။ ငါ့ဒဏ်ရာက ပျောက်အောင် ကုနိုင်ဖို့ဆိုတာ မသေချာဘူး”

ရွှယ်နီရှန်သည် ရဲချန်ဖန်ကဲ့သို့ အစွမ်းထက်သော ခန္ဓာကိုယ် ပိုင်ဆိုင်သူ မဟုတ်ရာ သူမက သူမဒဏ်ရာကို စစ်ဆေးပြီးသည်နှင့် စိတ်ပျက်စွာနှင့် ပြောလိုက်မိသည်။

“စိတ်မပူနဲ့ … ငါတို့ပြန် သက်သာ လာမှာပါ။ ငါတို့ အရင်ဆုံး ပြန်ကျန်းမာအောင် လုပ်ပြီး ဒီကျွန်းက ထွက်ကြမယ်”

ရဲချန်ဖန်က ဝိညာဉ်ဆေးလုံး အများအပြားကို ရွှယ်နီရှန်ကို ပေးလိုက်ပြီးနောက် ဝိညာဉ်စုပ်သိုင်းကို ဆက်လက် လေ့ကျင့်နေသည်။ တစ်ရက်ကြာပြီးနောက် ရဲချန်ဖန်သည် အတော်သက်သာ လာသည်။ သို့သော် နဂိုအစွမ်း ပြန်ရအောင် ဒဏ်ရာများ ပျောက်ကင်းဖို့ရာ အတော်ပင် လိုနေသေးသည်။ ရဲချန်ဖန်က ကမ်းစပ်သို့ သွားကာ ငါးအနည်းငယ်ကို ဖမ်းဆီးပြီး ငါးကင်လုပ်ရန် ပြင်ဆင်လိုက်သည်။ ထို့နောက် မီးမွှေးလိုက်ပြီး ငါးများကို စကင်လိုက်သည်။ ထို့နောက် သူနှင့် ရွှယ်နီရှန်တို့သည် ငါးကင်ကို မြိန်ရေရှက်ရေ စားသောက် လိုက်ကြလေသည်။

အချိန်သည် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီး ရဲချန်ဖန်နှင့် ရွှယ်နီရှန်တို့ နှစ်ယောက်သည် အချိန်ကို ဆေးကုလိုက်၊ စားသောက်လိုက်နှင့် ပျင်းရိဖွယ် ဖြစ်နေသည်။ သို့သော် သူတို့ နှစ်ယောက် ဆက်ဆံရေးက တဖြည်းဖြည်းနှင့် ပိုနွေးထွေး လာသည်။

“ရဲချန်ဖန် ….ရှင် နှင်းတောင်တုန်းက ဘာတွေရခဲ့လဲ”

ရဲချန်ဖန်နှင့် ရင်းနှီးနေပြီ ဖြစ်သော ရွှယ်နီရှန်သည် ငါးကင်စားရင်း ရဲချန်ဖန်ကို မေးလိုက်သည်။

“ငါ နှင်းတောင်ကနေ ဆန်းကြယ်ရေခဲဝိညာဉ် စမ်းရေကို ရခဲ့တယ်”

ရဲချန်ဖန်က ရွှယ်နီရှန်ကို ဖုံးကွယ်ခြင်း မပြုဘဲ အမှန်အတိုင်းပဲ ဖြေလိုက်သည်။ သူ မဖြေလျှင်ပင် ရွှယ်နီရှန်က ရိပ်မိနေပြီး လောက်ပြီ ဖြစ်သည်။
“ရှင်က တော်တော် ကံကောင်းတဲ့ လူပဲ။ ဆန်းကြယ်ရေခဲ ဝိညာဉ်တောင် စုပ်ယူ ပိုင်ဆိုင်နိုင်တယ်”

ရွှယ်နီရှန်က အလွန်အစွမ်းထက်သော်လည်း သူမပင် ကောင်းကင်နှင့် မြေကြီး စွမ်းအားကို စုပ်ယူထားသည့် ဆန်းကြယ်ရေခဲဝိညာဉ်ကို တွေ့လျှင်ပင် စုပ်ယူနိုင်စွမ်းရှိမည် မဟုတ်ပေ။

“အင်း… ငါ့ကို အဲဒီတုန်းက ကြောက်အောင် လုပ်ခဲ့တဲ့ မဟာသားရဲဘုရင် တန်ခိုးရှင်က ဘယ်သူလဲ”

ရွှယ်နီရှန်းက ငါးကင်ကို တစ်ကိုက်ဝါးလိုက်ရင်း ရဲချန်ဖန်ကို မေးလိုက်သည်။

“သူက တကယ် အလှနတ်သမီးလေးပဲ။ ဒါပေမဲ့ သူမ ဘယ်သူလဲ ဆိုတာ ငါလည်း မသိဘူး”

“အလှနတ်သမီးလေး…ဟုတ်လား…သူက ငါ့ထက်တောင် ပိုလှလို့လား”

ရွှယ်နီရှန်က သူမ၏ ဆံပင်များကို ပင့်သပ်လိုက်ရင်း ချစ်စဖွယ် အမူအရာလေးဖြင့် မေးလိုက်သည်။

“အင်း…မင်းထက် ပိုလှတယ်”

ရဲချန်ဖန်က ပြုံးသွားပြီး အရယ်တစ်ဝက်ဖြင့် စကားပြော လိုက်သည်။

“ဟုတ်လား…ငါကတော့ မင်းလိမ်နေတယ်လို့ ဘာလို့ ခံစားမိနေလဲ မသိဘူး”

ရွှယ်နီရှန်က ဒေါသထွက် နေသည့်ပုံဖြင့် ပြောလိုက်သည်။

“ကဲ…တော်ပြီ…အရေးကြီးတာ ပြောမယ်။ မင်း ဒဏ်ရာတွေ ပြန်သက်သာချင်လား။ ပြီးတော့ မင်းအစွမ်းတွေ ပိုထက်လာ ချင်လား”

ရဲချန်ဖန်က ရွှယ်နီရှန်၏ မျက်နှာလှလှလေးကို ကြည့်ပြီး အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ဘာလဲ…ရှင့်မှာ နည်းလမ်းရှိလို့လား”

ရွှယ်နီရှန် မျက်ခုံးများက ပင့်ကာသွားပြီး ရဲချန်ဖန်၏ အဆုံးမရှိဟု ထင်ရသည့် နည်းလမ်းများကို တွေးမိပြီး သူမ၏ လှပသော မျက်လုံးရွဲကြီး များထံမှ အရောင်ထွက် လာသည်။

“ရှိတယ်…ဒါပေမဲ့ မင်းကောင်းကင် တာအိုကို တိုင်တည်ပြီး တခြားလူကို ဒီပညာ မသင်ပေးပါဘူးလို့ သစ္စာဆိုရမယ်”

ရဲချန်ဖန်က ခေါင်းညိတ် လိုက်ပြီး သတိနှင့် ဖြေလိုက်သည်။

“လျှို့ဝှက် ကျင့်စဉ်လား…”

“ရတယ်…ငါကျိန်ဆိုပါတယ်။ မင်းဆီကရတဲ့ ပညာကို နောက်လူ မသင်ပေးပါဘူးလို့ ကောင်းကင် တာအိုကို တိုင်တည်ပြီး သစ္စာဆိုပါတယ်”

ရွှယ်နီရှန်က လျှို့ဝှက် ကျင့်စဉ်များ၏ တန်ဖိုးကို နားလည်ထားသူဖြစ်ရာ ရဲချန်ဖန် သဘောကို နားလည်လိုက်ပြီး ကောင်းကင် တာအိုကို တိုင်တည်ပြီး သစ္စာဆို လိုက်သည်။

“မင်းထိုင်လိုက်။ ပြီးတော့ စိတ်အာရုံကို စုစည်းထား။ မင်းကို လျှို့ဝှက် ဝိညာဉ်ကျင့်စဉ်ကို သင်ပေးမယ်”

ရွှယ်နီရှန်က သစ္စာဆိုပြီးနောက် ရဲချန်ဖန်သည် တွေဝေနေခြင်းမရှိဘဲ ချက်ချင်းပင် ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကို ရွှယ်နီရှန်ကို သင်ပေးလိုက်သည်။ ရွှယ်နီရှန်သာ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကို လေ့ကျင့်ပါက တဖြည်းဖြည်း ဒဏ်ရာများက သက်သာရုံသာမက သူမ၏ခန္ဓာကိုယ် တည်ဆောက်ပုံ ပြောင်းလဲပြီး ကောင်းကင်သားရဲဘုရင် တန်ခိုးရှင်အဆင့်မှ မဟာသားရဲ ဘိုးဘေးအဆင့်သို့ပါ တက်လှမ်း သွားနိုင်သည်။

“တကယ့်ကို အစွမ်းထက်တဲ့ လျှို့ဝှက် ကျင့်စဉ်ပဲ…”

ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ်ကို ကြည့်ပြီး ရွှယ်နီရှန်က အလွန်ဝမ်းသာသွားပြီး ရဲချန်ဖန် ပြောသည့် သူမဒဏ်ရာ သက်သာစေရုံ သာမက အစွမ်းပင် တိုးလာနိုင်သည်ဟူသည့် စကားကို အကြွင်းမဲ့ ယုံသွားသည်။ သို့သော် ရဲချန်ဖန်က သူမကို ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ် အဆင့်ခြောက်ဆင့်တွင် အဆင့်လေးအထိ လေ့ကျင့်ပုံ လေ့ကျင့်နည်းကိုသာ သင်ပေးလိုက်ခြင်း ဖြစ်သည်။

“အသည်းတုံး ချန်ဖန်ရေ… ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ်မှာ အဆင့်လေးဆင့်ပဲ ရှိတာလား”

ရွှယ်နီရှန်က ရဲချန်ဖန် သင်ပေးသော ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ်သည် မပြည့်မစုံ ဖြစ်နေသည်ဟု ခံစားမိလိုက်ပြီး သူမ မျက်လုံးရွဲကြီးများဖြင့် ရဲချန်ဖန်ကို စိုက်ကြည့်ပြီး ရဲချန်ဖန်နား တိုးကပ်လိုက်ကာ ချိုသာစွာ မေးလိုက်သည်။

“မဟုတ်ဘူး။ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်က အဆင့်ခြောက်ဆင့် ရှိတယ်။ ငါမင်းကို နောက်ဆုံးအဆင့် နှစ်ဆင့်ကို မသင်ပေးဘူး”

ရဲချန်ဖန်က ဖုံးကွယ်ခြင်း မပြုဘဲ ပြန်ဖြေ လိုက်သည်။

“ချန်ဖန်… ရှင်နောက်ထပ်ကျန်နေတဲ့ အဆင့်နှစ်ဆင့်ကို သင်ပေးရင် ရှင်တောင်းဆိုတာ ဘာမဆို ကျွန်မ လက်ခံတယ်”

ရွှယ်နီရှန်သည် မည်သည့် ယောက်ျားမှ တောင့်ခံရန် မလွယ်သည့် အကြည့်၊ အသံ၊ ဟန်ပန်ဖြင့် ပြောလိုက်ရာ ရဲချန်ဖန်ပင် အတော်အတန် မှင်သက် သွားမိလေသည်။

ရွှယ်နီရှန်၏ လှပနီးစွေးနေသော နှုတ်ခမ်း ဖူးဖူးလေး၊ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နှင့် ဆွဲမက်ဖွယ် ကောင်းလှသည့် ကိုယ်လုံးကို ကြည့်ပြီး ရဲချန်ဖန် ရင်ထဲတွင် ထူးခြားသော ခံစားချက် ဖြစ်ပေါ် လာသည်။ ရွှယ်နီရှန်သည် တကယ့် အလှထိပ်ခေါင်လှ နတ်သမီးလေးဟု ရဲချန်ဖန် တွေးလိုက်မိသည်။

“မင်း… လေ့ကျင့်ချင် လေ့ကျင့်တော့လေ။ ငါ့ကို စိတ်ထဲမထားနဲ့”

သို့သော် ရဲချန်ဖန်က ရွှယ်နီရှန် မျက်လုံးမှ အရောင်များကို မြင်လိုက်ပြီးနောက် သူ၏တောက်လောင်နေသော ဆန္ဒမီးများက ချက်ချင်း လျော့ကျ သွားသည်။ ထို့ကြောင့် သူက ဝါးတားတားသာ လုပ်ပြီး ပြန်မဖြေတော့ပေ။

သူမက ရဲချန်ဖန်ကို ကျီစယ် စနောက်နေခြင်း ဖြစ်သည်။ သူမသည် အလွန်ပွင့်လင်း ရဲတင်းကာ ခေတ်ဆန်သော သူလေး ဖြစ်သော်လည်း အလွန်မာနကြီးသော သူဖြစ်သည်။ ရဲချန်ဖန်သာ တကယ် တောင်းဆိုမိပါက အရှက်လှလှ ကွဲရမည်ဖြစ်သည်။

ထို့နောက် ရဲချန်ဖန်သည် ရွှယ်နီရှန်၏ သူ့အားကြည့်နေသည့် မျက်လုံးများကို လျစ်လျူရှုကာ မျက်လုံးများပိတ်ပြီး ဝိညာဉ်စုပ် သိုင်းကို အသုံးပြုကာ ဒဏ်ရာများကို ကုသလိုက်သည်။

“ရဲချန်ဖန် … ရှင်စောင့်ကြည့်နေ… တစ်နေ့ ရှင် ကျွန်မရဲ့အလှမှာ ဒူးထောက်ရ စေရမယ်”

ရွှယ်နီရှန်က မျက်လုံးကို တစ်ဝက်မျှဖွင့်ပြီး ရဲချန်ဖန်ကို ခိုးကြည့်လိုက်ကာ သူမ စိတ်ထဲတွင် ကြုံးဝါး လိုက်သည်။ သူမက သူမညွှတ်ကွင်းထဲ ရဲချန်ဖန် မဆင်းသက်လာသဖြင့် အောင့်သီးအောင့်သက် ဖြစ်နေသည်။
အခန်း ( ၁၇၆ ) ပြီး၏။ ( ၁၇၇ ) မျှော်

Comment

Leave a Reply

Options

not work with dark mode
Reset