Switch Mode

Chapter – 175

အသက်လုထွက်ပြေးပြီ

အခန်း ( ၁၇၅ )
အသက်လုထွက်ပြေးပြီ

“ဘိုးဘေး မီးတာက်ဝိညာဉ်…အဆင်ပြေရဲ့လား…ခင်ဗျာ…”

ဟောင်လင်းရှန်က ဘိုးဘေး မီးတောက် ဝိညာဉ်နား ရောက်လာချိန်တွင် မီးတောက် ဝိညာဉ်သည် လူသား ပုံသဏ္ဌာန်ပင် ဖွဲစည်းနိုင်စွမ်း မရှိအောင် အင်အားနည်း နေသည်ကို တွေ့လိုက်ရသည်။

“ငါအဆင်ပြေတယ်။ ငါတို့ အဲဒီကောင်ကို အလွတ်ပေးလို့ မဖြစ်ဘူး”

ကမ္ဘာဦး စွမ်းအင်နှင့် တိုက်ခိုက်ခံရမှုကို ပြန်မြင်ယောင်ရင်း ဘိုးဘေးမီးတောက် ဝိညာဉ်သည် ထိတ်လန့် နေသည်။ ယခုတစ်ကြိမ်မှ ရဲချန်ဖန်ကို မသတ်နိုင်လျှင် အနာဂါတ်တွင် သူတို့အတွက် သေလမ်း တစ်လမ်းသာ ရှိသည်ဟု မီးတောက်ဝိညာဉ်က နားလည်ထားရာ သူက ရဲချန်ဖန်ကိုမရ ရအောင်သတ်မည် ဟုဆုံးဖြတ်ထားပြီး ဖြစ်သည်။

“ဟုတ်ကဲ့ ဘိုးဘေး…”

ဟောင်လင်းရှန် နှင့်အတူ ဘိုးဘေး မီးတောက်ဝိညာဉ်သည် မီးငှက်ပေါ် တက်လိုက်ပြီး ရဲချန်ဖန် ပြေးသွားသည့်ဘက်ကို ဦးတည်၍ လိုက်လေတော့သည်။

ရွှေလင်းယုန် တောင်ပံ၏ မြန်နှုန်းမှာ မီးငှက်ထက်များစွာ သာလွန်သော်လည်း ရဲချန်ဖန်က ကြီးမားသော ဒဏ်ရာကို ရရှိထားပြီး ရွှယ်နီရှန်ကိုပါ သယ်ဆောင် ထားရသောကြောင့် ရဲချန်ဖန်၏ ပျံသန်းနှုန်းမှာ တဖြည်းဖြည်းနှင့် နှေးကွေးလာသည်။ ထို့ပြင် သူတို့နောက်မှ လိုက်ဖမ်းနေသော မီးတောက်ဝိညာဉ်၏ မီးငှက်လေးကောင်မှာလည်း တဖြည်းဖြည်း နီးကပ်လာသည်။

“ရဲချန်ဖန်… ရှင် အဆင်ပြေရဲ့လား”

မြန်နှုန်းမှာ သိသိသာသာ လျော့ကျလာပြီး မျက်နှာက သွေးမရှိအောင် ဖြူရော်နေသော ရဲချန်ဖန်ကို ရွှယ်နီရှန်က သတိထားမိလိုက်ပြီး စိတ်ပူစွာဖြင့် မေးလိုက်သည်။

“စိတ်အေးအေးထား…ဘာမှမဖြစ်ဘူး”

ရဲချန်ဖန်သည် သာမန်ထက်ထူးသော ဇွဲလုံလ ပိုင်ရှင် ဖြစ်သောကြောင့် နာကျင်မှုကို ဂရုမစိုက်ဘဲ ရွေလင်းယုန်တောင်ပံကိုသာ အားစိုက်ခတ်ပြီး ပျံသန်း နေသည်၊။

“ဒီလမ်း အတိုင်းဆို… ရှင်သွားချင်တဲ့နေရာက…”

“မြောက်ပင်လယ်ထဲ ထွက်ပြေးမှပဲ ငါတို့ လွတ်နိုင်မယ်။ မဟုတ်ရင် သူတို့ လိုက်ဖမ်းတဲ့ စက်ကွင်းကနေ လွတ်မှာ မဟုတ်ဘူး”

“ဒါပေမဲ့…ရှင့်ဒဏ်ရာ အခြေအနေကနဲ့ဆို မြောက်ပင်လယ်ထဲ ပျံသန်းဖို့ ဖြစ်နိုင်ပါ့မလား”

ရွှယ်နီရှန်က သူတို့အခြေအနေကို စိတ်ပူနေလေသည်။

“အဆင်ပြေ လောက်မှာပါ”

ရဲချန်ဖန်က ဝိညာဉ်စမ်းရေကို မကြာခဏ သောက်သုံးပြီး ဝိညာဉ်စွမ်းအင်ကို ဖြည့်တင်းနေသည်။

“ဟောင်လင်းရှန်… မီးငှက်တွေကို မြန်နှုန်းမြင့်အောင် သွေးကြော နှိုးဆွနည်းကိုသုံး။ ဒါမှ ရဲချန်ဖန်ကို လိုက်မီလိမ့်မယ်”

နာရီအတော် ကြာပြီးနောက် မီးလူသားပုံကို ပြန်ဖွဲ့စည်း လိုက်နိုင်သော မီးတောက်ဝိညာဉ်က ဟောင်လင်းရှန်ကို အမိန့်ပေး လိုက်သည်။

“ဟုတ်ကဲ့ပါ ခင်ဗျာ”

ဟောင်လင်းရှန်က သွေးကြော နှိုးဆွနည်း အသုံးပြု၍ မီးငှက်မြန်နှုန်းကို မြှင့်တင်သော နည်းလမ်းကို အသုံးပြုလိုက်သည်။ ဤနည်းမှာ မီးငှက်၏ အသက်ဓါတ်ကို လောင်ကျွမ်းစေကာ မြန်နှုန်း မြှင့်တင်ခြင်းဖြစ်ရာ အလွန်တန်ဖိုးကြီးသည်။ ၎င်းကို သာမန် အချိန်များတွင် အသုံးမပြုပေ။ မီးငှက်များသည် အလွန်တန်ဖိုး ကြီးလှသည် မဟုတ်ပါလော။ သွေးကြောနှိုးဆွ နည်းလမ်းကို အသုံးပြုခံထားရသော မီးငှက်များသည် အနာဂါတ်တွင် အဆင့်တက်ရန် မလွယ်သလို အသက်မှာလည်း သာမန်ထက် အသက်တို သွားမည် ဖြစ်သည်။

“ဂါး…”

သွေးကြောမများကို ငွေအပ်များဖြင့် ထိုးစိုက်ခြင်း ခံလိုက်ရသဖြင့် မီးငှက်များသည် နာကျင်စွာ အော်ဟစ် လိုက်ကြပြီး အပ်များ စိုက်ဝင်သည့် နေရာမှ သွေးများက စိမ့်ထွက် လာလေသည်။

ဟောင်ရန်၊ မီးခန်းမသခင်နှင့် ဓါးခန်းမသခင်တို့သည် ဟောင်လင်းရှန်က သွေးကြော နှိုးဆွနည်းကို အသုံးပြု လိုက်သည်ကို တွေ့သောအခါ သူတို့၏ မီးငှက်များကိုလည်း သွေးကြော နှိုးဆွနည်း အသုံးပြုကာ အပ်များ ထိုးစိုက်ပြီး မီးငှက်များ၏ အရှိန်ကိုမြင့်တင်လိုက်ကြသည်။

မကြာမီပင် အသက်စွမ်းအင်ကို လောင်ကျွမ်းစေပြီး အရှိန်မြင့် ပျံသန်းနေသော မီးငှက်များသည် ရဲချန်ဖန်နှင့် မျက်နှာချင်း မြင်ရလောက်အောင် နီးကပ်သည်အထိ အရှိန်မြင့် ပျံသန်းနိုင်စွမ်း ရှိလာသည်။

“ကြည့်ရတာ… သူတို့ မီးငှက်ရဲ့ အသက်စွမ်းအင်ကို လောင်ကျွမ်းစေပြီး အရှိန်မြင့် လိုက်လာတာ ဖြစ်မယ်”

ရွှယ်နီရှန် မျက်နှာသည် အလွန်ပျက် နေလေသည်။ သူတို့ကို မဟာကောင်းကင် မီးဂိုဏ်းက လိုက်မီသွားပါက ယခုသူတို့ အခြေအနေနှင့် ဆိုလျှင် သေဖွယ်ရာသာ ရှိတော့သည်။ ဟောင်လင်းရှန်တို့က သူတို့နှင့် တိုက်ခိုက်လို့ ရနိုင်သည့် အကွာအဝေးကို ရောက်လာသည်နှင့် ရဲချန်ဖန်ကလည်း သူ၏ သွေးများကို လောင်ကျွမ်း စေလိုက်သည်။

ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် လေ့ကျင့်ထားသော သွေးစွမ်းအင်များ ဖြစ်သဖြင့် သွေးများက အလွန်စွမ်းအင် ပြည့်ဝနေရာ သွေးများကို လောင်ကျွမ်း စေလိုက်သည်နှင့် ရဲချန်ဖန် မြန်နှုန်းမှာ တစ်ဟုန်ထိုး တိုးတက်ပြီး မီးငှက်များနှင့် တဖြည်းဖြည်း ပြန်လည် ဝေးကွာ သွားသည်။

သွေးစွမ်းအင်ကို လောင်ကျွမ်းစေခြင်း နည်းလမ်းအား တန်ခိုးရှင်များက သေရေးရှင်ရေး အခိုက်အတန့်မှလွဲ၍ အသုံးမပြုကြချေ။ ဤနည်းလမ်းသည် ပေးဆပ်ရသည့် တန်ဖိုး အလွန်များသောနည်း ဖြစ်ရာ လောင်ကျွမ်းသွားသော သွေးစွမ်းအင်များကို ပြန်လည် အစွမ်းပြည့် လာစေသည့် နည်းလမ်းမှာ မဖြစ်နိုင်သလောက် ခက်ခဲသောကြောင့် ဖြစ်သည်။

“မီးငှက်တွေရဲ့ သွေးကိုထပ်နှိုးဆွလိုက်…ငါတို့ သူ့ကို မသေမချင်း အလွတ်မပေးဘူး”

မီးတောက်ဝိညာဉ်က သူတို့နှင့် ရဲချန်ဖန်ကြားက အကွာအဝေးက တဖြည်းဖြည်း ဝေးလာသည်ကို ကြည့်ပြီး အမိန့်ပေး လိုက်သည်။

“ဟုတ်…ဒါပေမဲ့…မီးငှက်တွေကို ထပ်သွေးကြော နှိုးဆွလိုက်ရင် မကြာခင်မှာပဲ သူတို့ရဲ့ အစွမ်းတွေလျော့သွားလိမ့်မယ်”

အပ်များကိုင်ထားသည့် ဟောင်လင်းရှန်က တီးတိုးလေး ကိုယ်တိုင်ကြားရုံလေး ပြောလိုက်လေသည်။

“ဂါး…”

သွေးကြောများ ထပ်မံ နှိုးဆွခံလိုက်ရသဖြင့် မီးငှက်များသည် အလွန်နာကျင်စွာ အော်ဟစ် လိုက်ကြသည်။ မီးငှက်များ အသက်စွမ်းအင်ကို များပြားစွာ ထပ်မံလောင်ကျွမ်း စေလိုက်သဖြင့် မီးငှက်များက အလွန် လျင်မြန် လာလေသည်။ မီးငှက်များ မြန်နှုန်း တိုးလာသည်ကို မြင်သည်နှင့် ရဲချန်ဖန်လည်း တွေဝေခြင်း အလျှင်းမရှိဘဲ သွေးအစွမ်းများကို ထပ်မံလောင်ကျွမ်း စေလိုက်သည်။ မီးငှက်များကို သူတို့နှင့် နီးကပ်လာစေရန် အခွင့်အရေးပေးလို့ ရမည်မဟုတ်ပေ။

ငါးနာရီခန့် ကြာပြီးနောက် လူနှစ်ယောက်နှင့် မီးငှက်လေးကောင်သည် အလွန်ကြီးမား ကျယ်ပြန့်သော လွင်ပြင်ကို ဖြတ်ကျော်ပြီး အတိုင်းအဆမရှိ ကျယ်ပြောသော မြောက်ပင်လယ်နား တဖြည်းဖြည်း ရောက်ရှိလာသည်။

“အခြေအနေ မကောင်းတော့ဘူး။ သူတို့က မြောက်ပင်လယ်ထဲ ထွက်ပြေး ချင်နေတာ”

အပူချိန်သည် ရုတ်တရက် သိသိသာသာ ကျဆင်းလာသဖြင့် မဝေးသော အရှေ့တွင် မြောက်ပင်လယ် ရှိနေသည်ကို သိရှိလိုက်သော ဟောင်လင်းရှန်တို့ တစ်သိုက် မျက်နှာပျက်သွား ကြလေသည်။

ရဲချန်ဖန်သာ မြောက်ပင်လယ်ထဲ လွတ်မြောက် သွားပါက ရဲချန်ဖန်ကို ဖမ်းဆီးရန် အလွန်ခက်ခဲသွားပေမည်။

“မီးငှက်တွေရဲ့ အသက်စွမ်းအင်ကို အစွမ်းကုန် လောင်ကျွမ်း စေလိုက်ကွာ”

ရူးသွပ်သည့်ဟန် ပေါ်နေသည့် မီးတောက်ဝိညာဉ်က အမိန့်ပေး လိုက်သည်။

“ဒါပေမဲ့…”

“ဘာ…ဒါပေမဲ့ မှမလုပ်နဲ့ ။ ရဲချန်ဖန်သာ ဒီနေ့လွတ်သွားရင် နောက်ဘာဖြစ်မလဲ မင်းသိတယ် မလား”

“ဟုတ်ကဲ့ပါ”

ဟောင်လင်းရှန်လည်း မီးငှက်၏ အသက်စွမ်းအင်ကို အစွမ်းကုန် လောင်ကျွမ်းစေရန် အပ်များကို ထိုးစိုက် လိုက်သည်။

“ဂီး…”

နာကျင်စွာ အော်ဟစ် ညည်းတွားသံ နှင့်အတူ မီးငှက်များ အရှိန်က မြင့်လာ၍ နောက်ဆုံးတွင် ဟောင်လင်းရှန်တို့က ရဲချန်ဖန်နားသို့ နီးကပ်လာသည်။ ထိုအချိန်တွင် ရဲချန်ဖန်တို့သည် မြောက်ပင်လယ်ထဲ ရောက်နေပြီးဖြစ်ကာ အောက်တွင် လှိုင်းတံပိုးများ ရိုက်ခတ် နေသည်ကိုပင် မြင်တွေ့နေရသည်။

“ရဲချန်ဖန် … မင်းဘယ်လိုမှ မလွတ်ဘူး။ အသာတကြည် အဖမ်းခံလိုက်”

လူသတ်အော်ရာ ထွက်နေသည့် ဟောင်လင်းရှန်က ရဲချန်ဖန် စိတ်ဓါတ်ကျစေရန် စကားလုံးဖြင့် တိုက်ခိုက် လိုက်သည်။ ထိုအချိန်တွင် မီးတောက်ဝိညာဉ်ကလည်း ရဲချန်ဖန်၏ သေကွင်း သေကွက်ကို တိုက်ခိုက်ရန် ပြင်ဆင်ပြီးဖြစ်သည်။

“ဟွန့်…ငါ့ကို သတ်ချင်တာလား။ မင်းတို့ စောင့်နေကြ။ ငါနဲ့ နောက်တစ်ခါ တွေ့တဲ့အချိန်က မင်းတို့ မဟာကောင်းကင် မီးဂိုဏ်း ပျက်စီးမယ့်အချိန်ပဲ”

“ရဲချန်ဖန် … မင်းခွေးကောင်… မင်းကို ငါသတ်မယ်”

ရဲချန်ဖန်က မဟာကောင်းကင် မီးဂိုဏ်းကိုပင် ဖျက်ဆီး သုတ်သင်ပစ်မည်ဟု ခြိမ်းခြောက် လာသောအခါ ဟောင်လင်းရှန် အလွန်ဒေါသထွက် သွားလေသည်။ သို့သော် သူက ရဲချန်ဖန် စကားကို သံသယ မဝင်ချေ။ ရဲချန်ဖန်သာ လွတ်မြောက် သွားပါက အနာဂါတ်တွင် မလွဲမသွေ ရဲချန်ဖန်လာ ကစားမည်မှာ သေချာနေသည်။

“ရွှယ်နီရန်…မင်းလိုက်တိုက်နိုင်သေးလား”

မီးငှက်များကို အသက်စွမ်းအင် လောင်ကျွမ်းစေပြီးနောက် အရှိန်မှာ အလွန်မြန်လာသဖြင့် ရဲချန်ဖန်တို့နှင့် အလွန်နီးကပ် လာသည်။ ထို့ကြောင့် ရဲချန်ဖန်က ရွှယ်နီရှန်ကို မေးလိုက်သည်။

“အင်း…”

“ကောင်းတယ်… အဲဒါဆို ငါအချက်ပြတာနဲ့ ငါတို့ အစွမ်းကုန် အတူတိုက်ခိုက်မယ်။ ဒါဟာ နောက်ဆုံး အခွင့်အရေးပဲ”

ရဲချန်ဖန် အသက်ဝအောင် ရှူပြီးနောက် ပြောလိုက်သည်။

နာရီဝက်ခန့် ကြာသောအခါ မီးငှက်များထံမှ နာကျင်စွာ အော်ညည်းသံ ထွက်လာပြီး အရှိန်မှာ နှစ်ဆခန့် တိုးမြင့်လာသည်။ ချက်ချင်းပင် မီးငှက်များက ရဲချန်ဖန်တို့နား ရောက်ရှိသွားပြီ ဖြစ်သည်။ အမှန်မှာ မီးငှက်များ၏ အသက်စွမ်းအင်ကို အလွန်အကျွံ နှိုးဆွလိုက်သောကြောင့် မကြာခင်ပင် မီးငှက်များ သေဆုံးတော့မည် ဖြစ်လေသည်။

“သေစမ်း…”

မီးငှက်များ ရဲချန်ဖန်နား နီးကပ်သွားသည်နှင့် အခွင့်အရေး စောင့်နေသည့် မီးတောက်ဝိညာဉ်က အနီရောင် အလင်းတန်းအဖြစ် ပြောင်းလဲကာ ရဲချန်ဖန်၏ သေကွင်း သေကွက်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

“တိုက်…”

မီးတောက်ဝိညာဉ် ဝင်ရောက် လာသည်နှင့် ရဲချန်ဖန်နှင့် ရွယ်နီရှန်လည်း မီးတောက် ဝိညာဉ်ကို ပြိုင်တူ တိုက်ခိုက် လိုက်ကြသည်။

“တရားစီရင်ရေးသိုင်း…မဟာအေးခဲခြင်း…”

ကြောက်မက်ဖွယ် သွေးနဂါးကြီး ထွက်ပေါ်လာကာ ဓါးအင်အား အမြင့်ဆုံး အဆင့်နှင့် ပေါင်းစပ်လျက် မဟာအေးခဲခြင်း သိုင်းကွက်ကို ရဲချန်ဖန် အသုံးပြု လိုက်သည်။

မဟာတာအို အစွမ်းများ ပါဝင်သည့် မဟာအေးခဲခြင်း သိုင်းကွက်ကြောင့် အဆုံးမဲ့ အအေးဓါတ်များ ထွက်ပေါ်ကာ မီးတောက်ဝိညာဉ်ထံ တိုးဝင်သွားသည်။ ရွှယ်နီရှန်ကလည်း သူမ၏ အစွမ်းအထက်ဆုံး သိုင်းကို အသုံးပြုကာ တိုက်ခိုက် လိုက်သည်။

“ဘွန်း…”

အလွန်ကြီးမားသော စွမ်းအားသုံးခုက ထိမှန်ပေါက်ကွဲ သွားရာ အလွန်ကြီးမားသော ပေါက်ကွဲမှုက ဖြစ်ပေါ်လာသည်။ မီးတောက်ဝိညာဉ်သည် ပေါက်ကွဲမှုကြောင့် အနောက်သို့ ကီလိုမီတာပေါင်းများစွာ လွင့်စဉ်သွားပြီး သူကိုယ်သူ ပြန်ထိန်းနိုင်၍ ရဲချန်ဖန်တို့ကို ရှာဖွေလိုက်သောအခါ ရဲချန်ဖန်တို့သည် အစအန ပျောက်အောင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
အခန်း ( ၁၇၅ ) ပြီး၏။ ( ၁၇၆ ) မျှော်

Comment

Leave a Reply

Options

not work with dark mode
Reset