Switch Mode

Chapter – 174

ရှင်ကျွန်မကို တာဝန်ယူရမည်

အခန်း ( ၁၇၄ )
ရှင်ကျွန်မကို တာဝန်ယူရမည်

“မင်း…မင်း… ဒါဘာလုပ်တာလဲ”

ဝိညာဉ် စွမ်းအင် ကုန်ဆုံး၍ ရွှယ်နီရှန် ဘေးတွင် လဲကျပြီး ဝိညာဉ်စွမ်းအင် ကျင့်စဉ် လေ့ကျင့်နေသော ရဲချန်ဖန်သည် ရုတ်တရက် လက်မောင်းတွင် နာကျင်မှု ဝေဒနာခံ စားလိုက်ရ၍ မျက်လုံးဖွင့် ကြည့်လိုက်ရာ သူ့လက်မောင်းကို ကိုက်နေသော ရွှယ်နီရှန်ကို တွေ့လိုက် ရလေသည်။ ထို့နောက် သူ့လက်မောင်းတွင် ကြီးမားနက်ရှိုင်းသော သွားကိုက်ရာကြီး ဖြစ်ပေါ်လာသည်။

“ဘာလဲ… ငါသွားနဲ့ ကိုက်တာကိုပြော ချင်တာလား”

“ရှင်…ကျွန်မ ခန္ဓာကိုယ်ကို ကြည့်လဲကြည့်တယ်။ ကိုင်လည်းကိုင်တယ်။ ပြီးတော့ နမ်းလည်းနမ်း သေးတယ်။ အဲဒီတော့ ကျွန်မက ကိုက်တာ…ဘာဖြစ်လဲ”

မျက်နှာ လှလှလေးမှာ နှင်းဆီရောင် သန်းနေပြီး စိတ်ဆိုးဒေါသ ဖြစ်နေသည့်ဟန်ဖြင့် ရဲချန်ဖန်ကို ရွှယ်နီရှန်က ရန်တွေ့လိုက်သည်။

“ငါက မင်းအသက် ကယ်ဖို့လုပ်တာလေ။ တမင်လုပ်တာမှ မဟုတ်တာ”

ရဲချန်ဖန်က ကူညီရာမဲ့ဖြစ်ကာ ပြန်တုံ့ပြန် လိုက်သည်။

“ရှင့်အတွက် မဟုတ်ရင် ကျွန်မ ဒီလိုဒဏ်ရာ ရမှာမဟုတ်ဘူး”

ရွှယ်နီရှန်က ထပင် ထိုင်လိုက်ကာ ရဲချန်ဖန်ကို ပြန်ပက် လိုက်သည်။
“ငါမင်းကို ကယ်ဖို့အကူအညီ တောင်းခဲ့လို့လား”

“ရဲချန်ဖန်… ရှင်က ဒီလို ကျေးဇူးမသိတတ်တဲ့ လူစားမျိုးလား။ ရှင်ဒီလို စကားမျိုး ထပ်ပြောကြည့်ပါလား”

ရဲချန်ဖန်က တီးတိုး ရေရွတ်လိုက်ရာ နားပါးလှသော ရွှယ်နီရှန် ကြားသွားပြီး ဒေါသများ တဆတ်ဆတ်တုန်အောင် ထွက်သွားသည်။

“ဟုတ်ပြီ… မင်းကလည်း ငါ့အသက်ကို ကယ်ခဲ့တယ်။ ငါလည်း မင်းအသက်ကို ပြန်ကယ်ပြီးပြီ။ ဒါဆိုကျေပြီပေါ့။ ငါတို့ကြား ဘယ်သူ့ကို ဘယ်သူမှ အကြွေးမရှိဘူး”

ရဲချန်ဖန်က ရွှယ်နီရှန်နှင့် ပြိုင်ဖက်စကားနိုင် မလုချင်၍ အရှုံးပေး လိုက်လေသည်။

“ရှင်အဲဒီလောက်တော့ သိတတ်သားပဲ။ ရှင့်အတွက်နဲ့ ကျွန်မ အသက်အန္တရာယ် ကြုံလောက်အောင် ဒဏ်ရာရခဲ့တယ်။ ပြီး…ပြီးတော့….ရှင်က ကျွန်မ ခန္ဓာကိုယ်ကို ထိကိုင်မြင်ဖူး သွားပြီးပြီ။ အဲဒီတော့ ရှင် ကျွန်မကို တာဝန်ယူရမယ်”

ရွှယ်နီရှန်က ဤမျှလောက် လွယ်လွယ်ဖြင့် ရဲချန်ဖန်ကို အလွတ်ပေးရန် စိတ်ကူး မရှိချေ။ ထို့ကြောင့် သူက ရဲချန်ဖန်ကို ရစ်နေခြင်း ဖြစ်သည်။ ထို့အပြင် ရဲချန်ဖန်၏ တိုးတက်မှုနှုန်းက အလွန်လျင်မြန် လှသဖြင့် ရဲချန်ဖန်၏ လျှို့ဝှက်ချက်များကို သူမက အလွန်စိတ်ဝင်စား နေသည်။ ထို့ကြောင့် ရဲချန်ဖန်ကို လွန်စွာဝမ်းနည်း စိတ်မကောင်း ဖြစ်နေသည့် အမူအရာဖြင့် ပြောလိုက်လေသည်။

“မင်းက… ငါ့မင်းကို လက်ထပ်ယူစေ ချင်တာတော့ မဟုတ်ပါဘူးနော်။ ပြောလိုက်မယ်… ငါမင်းကို လက်ထပ်ဖို့ မဖြစ်နိုင်ဘူး”

ရဲချန်ဖန် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ကြောက်လန့်တကြား ငြင်းဆန်လိုက်သည်။

ရဲချန်ဖန်သည် တာအိုလမ်းစဉ်ကိုသာ တစိုက်မှတ်မှတ် လျှောက်လှမ်းပြီး အမြင့်ဆုံး တန်ခိုးရှင် ဖြစ်လာချင်သည်။ ထို့အပြင် သူ၏မိဘများကိုလည်း လိုက်ရှာဖွေရန် တာဝန်လည်း ရှိသည်။ အိမ်ထောင်ပြု၊ သားမွေး သမီးမွေး တာဝန်များကို မလိုချင်သေးပေ။ ထို့ကြောင့် ရွှယ်နီရှန်ကို ယတိပြတ် ငြင်းလိုက်သည်။

“ဘာလဲ… ကျွန်မက ရှင့်နဲ့ မတန်ဘူးလို့ ထင်နေတာလား”

ရဲချန်ဖန်က သူမကို တာဝန်ယူရမည်ကို ကြောက်လန့်တကြား ငြင်းဆန်သည်ကို တွေ့သောအခါ ရွှယ်နီရှန်က မခံချိမခံသာ ပုံလေး ဖြစ်သွားပြီး မျက်နှာမှာ အေးစက် မာနကြီးသည့်ဟန် ထွက်လာလေသည်။ သို့သော် ချက်ချင်းပင် သူမ မျက်နှာလေးမှာ အမူအရာ ပြောင်းသွား ရသည်။

အဘယ်ကြောင့် ဆိုသော် ရဲချန်ဖန်က သူ၏ကိုယ်ကို ရွယ်နီရှန်ဘက်ဆီ ယိမ်းလိုက်ရာ သူမ မျက်နှာလှလှလေး သည် ရဲချန်ဖန် မျက်နှာနှင့် ပူးကပ်မတတ် ဖြစ်သွားသည်။ ထို့နောက် ရဲချန်ဖန်က ရုတ်တရက် သူမနားထဲ စကားပြော လိုက်လေသည်။

“မင်း…မင်း မလှုပ်နဲ့… မင်းရဲ့ ကိုယ်ပေါ်မှာ မီးတောက် ဝိညာဉ်ရဲ့ခြေရာခံ အမှတ်အသား ရှိနေတယ်”

“ဟုတ်လား…တကယ်ပဲ ငါ့ကိုယ်ပေါ်မှာ ခြေရာခံ အမှတ်အသား ရှိနေတာလား”

ရုတ်တရက် ရဲချန်ဖန်က သူမနား ပူးကပ်လာသဖြင့် သူမ သံသယ ဖြစ်မိသွားပြီး အံ့အားသင့် သွားရသည်။ သို့သော် သူမ မျက်နှာမှာ ချက်ချင်း ပြောင်းသွားသည်။ သူမက ရဲချန်ဖန် ပြောနေသည်မှာ အမှန်ဖြစ်ပါက အခြေအနေ မည်သို့ ဖြစ်လာမည်ကို နားလည်လိုက်သောကြောင့် အလျင်အမြန်ပင် မေးလိုက်သည်။

“မင်းရဲ့ ခြေသလုံး၊ ခါးနဲ့ ရင်ညွန့် ပေါ်မှာ အမှတ်အသား သုံးခု ရှိနေတယ်။ မင်းထိုင်လိုက်… ငါမင်းကိုယ်ပေါ်က အမှတ်တွေကို ဖျက်ပေးမယ်။ ပြီးရင် ငါတို့ ဒီနေရာကနေ မြန်မြန် ထွက်သွားရအောင်…” ရဲချန်ဖန်က သူမကို တိုက်တွန်း လိုက်သည်။

“အဲဒီ အကြံကောင်းတယ်”

ရွယ်နီရှန်က ရဲချန်ဖန် ပြောသည့်အတိုင်း ရဲချန်ဖန် ရှေ့တွင် ထိုင်လိုက်ပြီး ရဲချန်ဖန် စတင် ကုသမှုခံရန် စောင့်ဆိုင်း လိုက်သည်။ မကြာမီပင် ရဲချန်ဖန်၏ လက်ညှိုးက သူမ၏ ယုန်ကလေးပေါ် လာထိကပ်နေသည်။ ထိုအချိန်တွင် ရဲချန်ဖန်က အလွန် ထူးခြားနူးညံ့သော ခံစားချက်ကို ခံစားလိုက်မိသည်။ သို့သော် သူတွင် ထိုခံစားချက်ကို အာရုံခံရန် အချိန်မရှိရာ ချက်ချင်းပင် အတွေးများကို စုစည်းလျက် နတ်ဦးနှောက်ကို အသုံးပြုပြီး ခြေရာခံ အမှတ်အသားကို ဖျက်ဆီးရန် ကြိုးစား လိုက်သည်။

ရဲချန်ဖန်၏ ဝိညာဉ် စွမ်းအင်များသည် နတ်ဦးနှောက်၏ ထိန်းချုပ်မှုဖြင့် ရွှယ်နီရှန် ကိုယ်ထဲ ဝင်ရောက် သွားသည်။ ရုတ်တရက် ရွှယ်နီရှန်က ဖော်ပြလို့ မရနိုင်လောက်အောင် လျှပ်စီးဖြင့် တို့ထိခံရသလို ကြက်သီးများပင် ထအောင် ထူးခြားသည့် ခံစားချက်ကို ခံစား လိုက်ရလေသည်။ ရဲချန်ဖန်က သူမ၏ ယုန်ကိုထိကိုင်နေစဉ် သူမက နာကျင်မှုနှင့်အတူ စိတ်အေးချမ်း ပျော်ရွှင်မှု အရသာပါ တစ်ပြိုင်နက် ခံစားနေရသည်။

သူမ နှုတ်ဖျားမှ သူမကိုယ်တိုင်ပင် သတိမထားမိဘဲ ထူးခြားသော ညည်းညူသံလေး ထွက်လာရာ ရဲချန်ဖန်၏စိတ်ကို တစ်မျိုးတစ်မည် ဖြစ်လာစေသည်။ ထို့ကြောင့် ရဲချန်ဖန်သည် သူမ မျက်နှာကိုပင် မကြည့်ရဲတော့ဘဲ ခြေရာခံ အမှတ်အသားကို ဖျက်ရန် စိတ်ကို နှစ်လိုက်လေသည်။

“နတ်ဦးနှောက် ဖျက်ဆီးပစ်စမ်း…”

တစ်မိနှစ်ခန့် ကြာပြီးနောက် ရွယ်နီရှန် ရင်ဘတ်ပေါ်ရှိ ခြေရာခံ အမှတ်အသားမှာ အားပျော့လာပြီး နတ်ဦးနှောက်ကြောင့် ပျက်စီး သွားသည်။ ခြေရာခံ အမှတ်အသား ပျက်စီးသွားသည်နှင့် ရဲချန်ဖန် တို့နောက် ခြေရာခံ လိုက်လာနေသည့် မီးတောက်ဝိညာဉ်က ချက်ချင်းပင် သတိပြုမိ လိုက်သည်။ ထိုအချိန်တွင် မီးတောက် ဝိညာဉ်တို့သည် ရဲချန်ဖန်တို့ရှိနေသည့် တောင်ကြောထဲပင် ချင်းနင်း ဝင်ရောက်နေပြီး ဖြစ်သည်။

“ဘာဖြစ်လို့လဲ ဘိုးဘေး မီးတောက်ဝိညာဉ်…”

ရုတ်တရက် ဘိုးဘေးမီးတောက် မျက်နှာ အမူအရာ ပြောင်းသွားသဖြင့် ဟောင်လင်းရှန်တို့က သတိထားမိလိုက်ပြီး ရပ်တန့် မေးမြန်း လိုက်သည်။

“ငါ… ဟိုကောင်မလေးပေါ်မှာ မှတ်ထားတဲ့ အမှတ်အသားကို ရဲချန်ဖန် ရှာတွေ့ပြီး တစ်ခုကို ဖျက်ဆီးလိုက်ပြီ။ ငါတို့ … သူတို့ဆီ အမြန်ဆုံး ရောက်မှ ဖြစ်မယ်”

“ငါတို့ မြန်မြန် သွားကြမယ်ဟေ့… ဒီတစ်ခါ သူတို့ကို ထွက်ပြေးခွင့်ပြု လို့မရတော့ဘူး”

ထို့နောက် မီးတောက်ဝိညာဉ်က အရင်ဆုံး အရှိန်မြှင့်တင်ပြီး သွားနှင့်လေသည်။

ရဲချန်ဖန်က ဒုတိယမြောက် အမှတ်အသားကို ဖျက်ဆီးရန် ပြင်ဆင်လိုက်ချိန်တွင် အနည်းငယ်တော့ မျက်နှာပူ မိလေသည်။ သူက မိန်းမပျိုလေး တစ်ယောက်၏ ခါးကို ထိကိုင်တွယ်ရမည် မဟုတ်ပါလော။ ချက်ချင်းပင် ထိုအတွေးကို ဖယ်ရှားလိုက်ကာ ရွှယ်နီရှန်၏ သေးသွယ်ကာ လှပလှသည့် ခါးပေါ်ကို ရဲချန်ဖန် လက်က ရောက်သွား လေသည်။ ရွှယ်နီရှန်၏ မျက်နှာလှလှလေးသည် ရှက်သွေးများ ဖြာတက်ကာ နှင်းဆီရောင်များ ပြေးနေသောကြောင့် မြင်သူတိုင်းသည် သူမအလှတွင် ချက်ချင်း ကျရှံးလောက်အောင် လှပလွန်း နေသည်။

ရွှယ်နီရှန်သည်လည်း အလွန်ထူးခြားသော ခံစားချက်ကို ခံစားမိနေသည်။ ဤခံစားမှုမျိုးသည် သူမဘဝတွင် တစ်ခါမှ မကြုံသေးဖူးသော ခံစားချက်မျိုး ဖြစ်လေသည်။ ရဲချန်ဖန်၏ လက်သည် ရွှယ်နီရှန် ခါးလေးပေါ်တွင် ဟိုဒီရွေ့လျားနေပြီး တစ်မိနှစ်ခန့် ကြာပြီးနောက် ဒုတိယ အမှတ်အသားကို ဖျက်ဆီးပစ် လိုက်နိုင်သည်။ နောက်တစ်မိနစ်ခန့် ကြာပြီးနောက် ရွှယ်နီရှန် ခြေထောက်တွင် ရှိနေသော အမှတ်အသားလည်း ပျောက်ကွယ်သွားလေသည်။

အမှတ်အသား သုံးခုကို ဖျက်ဆီးရန် ရဲချန်ဖန်သည် ဝိညာဉ်စွမ်းအင် တော်တော် များများကို အသုံးပြုလိုက်ရ၍ ပင်ပန်းနေလေသည်။ ရွှယ်နီရှန်မှာ ပို၍ပင်ပန်းနေသည်။ သူမတွင် အားဆို၍ မြူမှုန်မျှပင် မရှိတော့ဟု ခံစားနေရသည်။

“မင်းအဝတ်အစားတွေ မြန်မြန် ဝတ်လိုက်။ ငါတို့ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားကြမယ်”

အချိန်က အလျင်စလို ဖြစ်နေသဖြင့် ရဲချန်ဖန်က အနားပင် မယူတော့ဘဲ ဝိညာဉ် စမ်းရေကို တစ်ငုံထုတ်သောက် လိုက်ပြီးနောက် ရွှယ်နီရှန်ကို ဂူအပြင်မှနေ၍ သွားစောင့် နေသည်။

“အန္တရာယ် ရှိလို့လား”

တစ်ခဏ အတွင်းမှာပင် သန့်ရှင်းလှပသော အဝတ်အစားများ ဝတ်ဆင်လျက် ထွက်လာသော ရွှယ်နီရှန်သည် ရဲချန်ဖန်မှ တိုက်ပွဲဝင်ရန် အသင့်ပြင်သည့် အနေအထားကို တွေ့လိုက်ရ၍ မေးမြန်းလိုက်သည်။

“အမှတ်အသားနောက် ခြေရာခံလိုက်လာတဲ့ မီးတောက်ဝိညာဉ်က မကြာခင် ဒီရောက် လာတော့မယ်”

ရဲချန်ဖန် မျက်နှာမှာ လေးနက်တည်ကြည် နေသည်။

“ဟင်… ဒါဆို ဘာကို စောင့်နေတာလဲ။ ငါတို့ ဒီကနေ မြန်မြန် ပြေးရအောင်…”

ရွှယ်နီရှန်က ကြောက်မက်ဖွယ် အစွမ်းထက်သော မီးတောက်ဝိညာဉ် အကြောင်း စဉ်းစားမိသည်နှင့် စိတ်ပူပန်စွာနှင့် ရဲချန်ဖန်ကို တိုက်တွန်း လိုက်လေသည်။

“သူက ငါတို့ကို ရှာတွေ့သွား ပြီးပြီ။ ငါတို့ ပျံပြေးတောင် မလွတ်နိုင်ဘူး”

ရဲချန်ဖန်က တီးတိုး ပြန်ဖြေ လိုက်သည်။

“ဒါဆိုလည်း ငါတို့လူခွဲပြီး ပြေးရအောင်။ ကံကောင်းရင် ငါတို့ လွတ်ရင် လွတ်မှာပေါ့”

“မလိုဘူး… ငါ့မှာ သူ့ကို ရှင်းပစ်ဖို့ နည်းလမ်းရှိတယ်”

ရဲချန်ဖန်က ခေါင်းခါယမ်း လိုက်ပြီး ဓါးစက်ရုပ်ကို ခေါ်ယူ လိုက်သည်။

“ရဲချန်ဖန်… ဒီတစ်ခါ မင်းပြေးလို့ လွတ်နိုင်ဦးမလား …ကြည့်ရအောင်”

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံနှင့်အတူ မီးတောက်ဝိညာဉ်က လျင်မြန်စွာ သူတို့ထံ ပျံသန်းလာသည်။

“ဓါးစက်ရုပ် … အဲဒီ ကောင်ကို တိုက်ကွာ”

ရဲချန်ဖန် မျက်လုံးများက ကျဉ်းမြောင်းသွားကာ သူတို့ထံ လျင်မြန်စွာ ပျံသန်းလာသော မီးတောက်ဝိညာဉ်ကို ကြည့်ပြီး ဓါးစက်ရုပ်ကို အမိန့်ပေး လိုက်သည်။ ရဲချန်ဖန် အမိန့်ကြားသည်နှင့် ဓါးစက်ရုပ်က ပြင်းထန်သော ဓါးချက်ကို ထုတ်လွှတ် တိုက်ခိုက် လိုက်သည်။ ဓါးစက်ရုပ်၏ ဆီးကြို တိုက်ခိုက်မှုကြောင့် မီးတောက်ဝိညာဉ်သည် ရဲချန်ဖန်ဆီ မသွားနိုင်တော့ဘဲ ဓါးစက်ရုပ်၏ တိုက်ခိုက်မှုကို ပြန်လည်ခုခံ တိုက်ခိုက် လိုက်သည်။

“ကမ္ဘာဦး စွမ်းအင် တိုက်ခိုက်စမ်း”

ဓါးစက်ရုပ်က မီးတောက်ဝိညာဉ်ကို ဟန့်တား တိုက်ခိုက် နေချိန်တွင် ရဲချန်ဖန်က ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်ထဲရှိ ကမ္ဘာဦးစွမ်းအင် အမျှင်တန်းလေးကို မီးတောက်ဝိညာဉ်ထံ ထုတ်လွှတ် တိုက်ခိုက်လိုက်သည်။ ဓါးစက်ရုပ်ကို တိုက်ခိုက်နေသော မီးတောက်ဝိညာဉ်သည် သူ့အသက်အန္တရာယ် ရှိလောက်အောင် ကြောက်မက်ဖွယ် အန္တရာယ်ကို ရင်ဆိုင်ရတော့မည်ကို ချက်ချင်းသိရှိ လိုက်သည်။

“ဝှစ်…”

ကမ္ဘာဦးစွမ်းအင်သည် မီးစွမ်းအင်များဖြင့် တည်ဆောက်ထားသော မီးတောက်ဝိညာဉ် ကိုယ်လုံးထဲ အလွယ်တကူ ထိုးဖောက် ဝင်ရောက် သွားသည်။ မီးတောက်ဝိညာဉ်သည် ပြင်းထန်သော ဒဏ်ရာရရှိ သွားသည်။ ထိုမြင်ကွင်းကို ကြည့်ပြီး ရွှယ်နီရှန်သည် ကြက်သေသေ နေသည်။ သူမ၏ လှပသော မျက်ဝန်းများသည် အံ့ဩမှုကြောင့် ပြူးကျယ် နေသည်။

သူမသည် ရဲချန်ဖန်တွင် မည်မျှများပြားသော လျှို့ဝှက်ချက်များ ရှိသည်ကို မခန့်မှန်း နိုင်တော့ပေ။ ထို့နောက် ရဲချန်ဖန်က ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင် အသုံးပြု၍ ပြင်းထန်လှသော ဒဏ်ရာများ ရနေသည့် မီးတောက်ဝိညာဉ်ကို စုပ်ယူရန် ကြိုးစားနေချိန်တွင် ဟောင်လင်းရှန်နှင့် သူ့လူများက မီးငှက်များ စီးနင်း၍ ရောက်လာသည်ကို မြင်တွေ့ လိုက်ရသည်။

“ငါတို့ သွားကြမယ်”

ယခုချိန်တွင် ရဲချန်ဖန်သည် အားနည်း၍ ပြင်းထန်သော ဒဏ်ရာများလည်း ရရှိထားသောကြောင့် ဟောင်လင်းရှန်တို့၏ ပြိုင်ဖက် မဟုတ်ချေ။ သူတို့ထံ လျင်မြန်စွာ ပျံသန်းလာနေသည့် မီးငှက်များကိုကြည့်ပြီး ရဲချန်ဖန်က မီးတောက်ဝိညာဉ်ကို စုပ်ယူမည့် အကြံကို လက်လျှော့လိုက်ကာ ဓါးစက်ရုပ်ကို သိုလှောင်အိတ်ထဲ သိမ်းဆည်း လိုက်သည်။ ထို့နောက် ရွှယ်နီရှန်ကို ရင်ခွင်ထဲ ဆွဲပွေ့ကာ ရွှေလင်းယုန် တောင်ပံကို အသုံးပြု၍ အဝေးသို့ ဝင်ရောက် ပျောက်ကွယ် သွားလေသည်။
အခန်း ( ၁၇၄ ) ပြီး၏ ။ (၁၇၅ ) မျှော်

Comment

Leave a Reply

Options

not work with dark mode
Reset