Switch Mode

Chapter – 171

မင်းအသက်ကိုငါပိုင်တယ်

အခန်း ( ၁၇၁ )
မင်းအသက်ကို ငါပိုင်တယ်။
“ရဲချန်ဖန် …ငါတို့ မင်းကိုမိပြီ။ ငါတို့ ဒီလောက်မြန်မြန် မင်းနောက် လိုက်လာနိုင် လိမ့်မယ်လို့ မင်းမထင်ထားမိဘူး မလား…ဟား…”

ဘိုးဘေး မီးတောက်ဝိညာဉ်သည် ကျယ်လောင်စွာ အော်ဟစ် ရယ်မော လိုက်လေသည်။

“ကြည့်ရတာ… မင်း ငါ့ကိုယ်ပေါ်မှာ ခြေရာခံ အမှတ်အသား ချန်ခဲ့တယ်နဲ့ တူတယ်”

ရဲချန်ဖန် မျက်နှာသည် ပုပ်သိုးသိုး ဖြစ်သွားကာ ချက်ချင်းပင် ဝိညာဉ်စွမ်းအင်များဖြင့် သူကိုယ်သူ စစ်ဆေးလိုက်သည်။

“မင်းရှာမနေနဲ့ ….မင်းအစွမ်းလောက်နဲ့ ဘယ်လိုရှာရှာ တွေ့မှာ မဟုတ်ဘူး။ မင်းအေးအေး ဆေးဆေး အဖမ်းခံလိုက်…”

မီးတောက်ဝိညာဉ်သည် ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက် လေသည်။

“ဟင်း…ဟင်း…မင်းမှာ ငါ့ကို ဖမ်းနိုင်မယ် အစွမ်းမရှိပါဘူး”

“ဓါးစက်ရုပ်…အားကုန်သုံးပြီး သူကိုတိုက်ခိုက်တော့…”

ရဲချန်ဖန်သည် အားနည်းနေပြီ ဖြစ်သဖြင့် အစွမ်းထက်သော မီးတောက်ဝိညာဉ်နှင့် ထိပ်တိုက် မတိုက်ခိုက်ရဲချေ။ ဓါးစက်ရုပ်ကိုသာ အလျင်အမြန် အမိန့်ပေး လိုက်သည်။

“မင်းက အလကား အသားနာခံချင် နေသေးတာပဲ”

မီးတောက် ဘိုးဘေးက ဝင်ရောက် တိုက်ခိုက်ရန် ပြေးဝင်လာလေသည်။ သို့သော် မီးတောက်ဝိညာဉ်ကို ဓါးစက်ရုပ်က စီးကြို တိုက်ခိုက် လိုက်သည်။ ဓါးစက်ရုပ်က အားကုန်သုံး တိုက်ခိုက်နေသဖြင့် ဘိုးဘေး မီးတောက် ဝိညာဉ်သည် ရဲချန်ဖန်နား ချဉ်းကပ်လို့ မရဘဲဖြစ်နေသည်။ ထိုအချိန်တွင် အားနည်းနေသော ရဲချန်ဖန်ကို ဟောင်လင်းရှန်တို့က ဝင်ရောက်ပူးပေါင်း တိုက်ခိုက် လိုက်ကြသည်။ ရဲချန်ဖန်သည် အကျဉ်းအကျပ်ထဲ ရောက်ရှိ သွားသည်။

“မီးတောက်ဝင်္ကပါ…”

ဟောင်လင်းရှန် ဦးဆောင်သည့် မီးတောက်ဝင်္ကပါက တိုက်ခိုက်လိုက်ရာ တစ်မုဟုတ်ချင်း ကြီးမားသော မီးလှိုင်းကြီးသည် ရဲချန်ဖန်ဆီ တိုးဝင်လာသည်။ သို့သော် ရဲချန်ဖန်က ပို၍အေးဆေး တည်ငြိမ် လာသည်။ အရိပ်မဲ့သိုင်းကို အဆက်မပြတ် အသုံးပြုကာ မီးဝင်္ကပါ တိုက်ခိုက်မှုကို ရှောင်တိမ်းပြီး ခြေရာခံ အမှတ်အသားကို နတ်ဦးနှောက် အသုံးပြု၍ ရှာဖွေနေသည်။

“ဆယ်ရှစ်ခု… မီးတောက်ဝိညာဉ်က ခြေရာခံ အမှတ်အသား ဆယ်ရှစ်ခု ငါ့အပေါ်မှာ မှတ်ထားတာပဲ”

နတ်ဦးနှောက်က ခြေရာခံ အမှတ်အသားများကို ရှာဖွေတွေ့ရှိပြီးနောက် ချက်ချင်းပင် နတ်ဦးနှောက်ကို အသုံးပြုလျက် အမှတ်အသားများကို အားသုံးကာ ဖျက်ဆီး ပစ်လိုက်သည်။

“ဘာ…”

ခြေရာခံ အမှတ်အသား ပျောက်ကွယ် သွားသည်နှင့် ဓါးစက်ရုပ်နှင့် သူနိုင်ကိုယ်နိုင် အပြိုင်တိုက်ခိုက်နေသော မီးတောက် ဝိညာဉ်သည် ချက်ချင်း သိရှိသွားပြီး အလွန်တုန်လှုပ် သွားသည်။ ရဲချန်ဖန်လို ကောင်းကင်သားရဲ ဘုရင် ဒုတိယအဆင့် တန်ခိုးရှင်က သူလို တန်ခိုးရှင်၏ အမှတ်အသားကို ဘယ်လို ဖျက်ပစ်နိုင်ရပါ့ အံ့နည်း။ ခြေရာခံ အမှတ်အသား ပျက်စီးသွားပြီးနောက် ရဲချန်ဖန်သည် စိုးရိမ်ခြင်း မရှိတော့ဘဲ သူတွင် ကျန်ရှိနေသော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ခြောက်သောင်းကို ဓါးစက်ရုပ်ထဲ ထပ်မံထည့်သွင်း လိုက်သည်။

အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ခြောက်သောင်းကျော် ထည့်သွင်းပြီးနောက် ဓါးစက်ရုပ်သည် မဟာသားရဲဘိုးဘေး ပဉ္စမအဆင့်တန်ခိုးရှင် အထွတ်အထိပ်သို့ ရောက်ရှိ သွားသည်။

“ဓါးစက်ရုပ်…ဒီဓါးကို အသုံးပြုပြီး တိုက်ခိုက်စမ်း”

ဓါးစက်ရုပ်၏ အစွမ်းများ တစ်ဟုန်ထိုး တိုးတက်လာစဉ် ရဲချန်ဖန်က ကောင်းကင် အဆင့်ဓါးကို ပစ်ပေးလိုက်သည်။ ကောင်းကင် အဆင့်ဓါးနှင့် ဓါးစက်ရုပ်၏ တိုက်ခိုက်မှုကို ပေါင်းစပ် လိုက်သောအခါ ဓါးတစ်ချက်ဖြင့် ဟောင်လင်းရှန် တို့၏မီးဝင်္ကပါကို ဖျက်ဆီးပစ် လိုက်လေသည်။

“ပေါင်းစပ်စမ်း…”

သို့သော် မီးတောက် ဝိညာဉ်က အလွန်ပြတ်သားသူဖြစ်ပြီး ချက်ချင်းပင် သူ၏အစွမ်းထက်လှသော မီးဝိညာဉ် ခန္ဓာကိုယ်ကို မီးဝင်္ကပါနှင့် ပေါင်းစပ်လိုက်ရာ ပျက်စီးသွားသော မီးဝင်္ကပါသည် ချက်ချင်းပင် ပြန်အသက်ဝင်လာပြီး နဂိုထက်ပင် အဆပေါင်းများစွာ အစွမ်းထက် လာလေသည်။

ရဲချန်ဖန်ကိုသာ ယခုမသတ်နိုင်ပါက မကြာမီပင် ရဲချန်ဖန်က မဟာကောင်းကင် မီးဂိုဏ်းကို အမြစ်ဖြတ်သုတ်သင်မည်မှာ မလွဲသေချာနေသည်။

“ရွှေလင်းယုန်တောင်ပံ…”

မီးတောက် ဝိညာဉ်နှင့် အခြားအကြီးအကဲတို့သည် ဝင်္ကပါထဲ ဝိညာဉ်စွမ်းအင်များ အစွမ်းကုန် ဖြည့်တင်းလျက် ရဲချန်ဖန်ကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်ချိန်တွင် ရဲချန်ဖန် နောက်ကျောမှ ရွှေရောင်တောင်ပံ တစ်စုံက ထွက်ပေါ်လာသည်။ ရွှေရောင်တောင်ပံက နေရောင်အောက်တွင် တလက်လက်နှင့် အလွန်လှပနေသည်။

“တောင်ပံတွေ…ဟုတ်လား… ရဲချန်ဖန်ဆီမှာ မဟာသားရဲ ဘိုးဘေးအဆင့် ရွှေတောင်ပံတွေ ရှိတယ်။ သူမှာ ဘယ်လောက်တောင် များပြားတဲ့ ရတနာတွေ ရှိနေတာလဲ”

ဟောင်လင်းရှန်နှင့် အကြီးအကဲ တစ်သိုက်သည် ရဲချန်ဖန်တွင် အဆုံးမဲ့သော ရတနာများ ရှိနေသည်ဟု ထင်မှတ်လိုက်ပြီး အလွန်တုန်လှုပ် သွားသည်။

“နှစ်ငါးဆယ် အသက်စွမ်းအင် လောင်ကျွမ်းစမ်း”

ရွှေလင်းယုန် တောင်ပံကို ထုတ်ဖော် လိုက်သည်နှင့် တစ်ပြိုင်နက် ရဲချန်ဖန်က နောက်ထပ် နှစ်ငါးဆယ် အသက်စွမ်းအင်ကို လောင်ကျွမ်း စေလိုက်ရာ တစ်မုဟုတ်ချင်းပင် ရဲချန်ဖန်သည် မဟာသားရဲဘိုးဘေး ဒုတိယအဆင့် တန်ခိုးရှင် အစွမ်းကို ရရှိသွားလေသည်။ ရဲချန်ဖန်၏ အစွမ်းများက တိုးလာသော်လည်း တိုးပွားလာသည့် ဝိညာဉ်စွမ်းအင်များ၏ ဒဏ်ကို သွေးကြောများ ပျက်စီးနေသည့် ရဲချန်ဖန် ခန္ဓာကိုယ်က တောင့်ခံနိုင်စွမ်းမရှိဘဲ ရဲချန်ဖန် ဒဏ်ရာများက ပိုဆိုးရွားလာသည်။

ရဲချန်ဖန်က ရန်သူလက်မှ လွတ်မြောက်စေရန် ဘာမှဂရုမစိုက် နိုင်တော့ပေ။ သူက နာကျင်မှုကို တောင့်ခံလျက် ရွှေလင်းယုန်တောင်ပံကို ပြင်းထန်စွာ ရိုက်ခတ်လိုက်ပြီး လေထဲပျံတက် သွားသည်။

“မီးဝင်္ကပါ…မီးတောက်မုန်တိုင်း…”

မီးတောက်ဝိညာဉ်က ရဲချန်ဖန်က လေထဲ ပျံပြေးသည်ကို မြင်သည်နှင့် အချိန်မဆိုင်းဘဲ သူ၏ဝိညာဉ် ခန္ဓာကိုယ် ဒဏ်ရာရမည်ကို ဂရုမစိုက်ဘဲ သူ၏စွမ်းအင်များကို ဝင်္ကပါထဲ အစွမ်းကုန်ဖြည့်ကာ ရဲချန်ဖန် ဆီမီးတောက် မုန်တိုင်း ပစ်လွှတ်၍ တိုက်ခိုက်လိုက်သည်။

ပြင်းထန်သော မီးမုန်တိုင်းက ရိုက်ခတ်လာသဖြင့် ရဲချန်ဖန်က ရှောင်တိမ်းရန် အချိန်မရှိတော့ဘဲ ဓါးစက်ရုပ်ကို သူရှေ့မှနေ၍ ကာကွယ်ရန်သာ အမိန့်ပေး လိုက်တော့သည်။ ဓါးစက်ရုပ်၏ ဓါးအလင်းက မီးမုန်တိုင်းကို ထိုးခွဲသွားသော်လည်း လျှပ်တစ်ပြက် အတွင်းမှာပင် မီးမုန်တိုင်းက ပြန်ဖြစ်ပေါ်လာကာ ဓါးစက်ရုပ်ကို တိုက်ခိုက်လေသည်။ မီးမုန်တိုင်းအတွင်း ရောက်နေသော ရဲချန်ဖန်က ရွှေလင်းယုန် တောင်ပံများကို သူရှေ့တွင် ဖြန့်ကျက်ကာ သူတစ်ကိုယ်လုံးကို ကာကွယ်ထားပြီး ဝင်္ကပါကို တိုက်ခိုက်နေသည်။

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးသွားပြီး မီးမုန်တိုင်းက တဖြည်းဖြည်း အားလျော့ နည်းလာသည်။ ဟောင်လင်းရှန်တို့သည် အံများတင်းတင်း ကြိတ်ကာ ဝင်္ကပါထဲ ဝိညာဉ်စွမ်းအင် ဖြည့်တင်းနေသော်လည်း အလွန်မောပန်းပြီး ခြေကုန်လက်ပန်းကျ လုနီးပါး ဖြစ်နေပြီဖြစ်သည်။

“နှစ်ငါးဆယ် အသက်စွမ်းအင် လောင်ကျွမ်းစမ်း…”

ရဲချန်ဖန်ကလည်း ဝိညာဉ်စွမ်းအင်များ လျော့ပါးလာရာ နောက်တစ်ကြိမ် နှစ်ငါးဆယ် အသက်စွမ်းအင်များကို လောင်ကျွမ်း စေလိုက်ပြီး တိုက်ခိုက် ခုခံနေရသည်။ ရဲချန်ဖန် ဒဏ်ရာများကလည်း အချိန်ကြာလာသည် နှင့်အမျှ ပိုမိုပြင်းထန်လာပြီး သွေးချင်းချင်း နီနေပြီ ဖြစ်သည်။

“ဓါးစက်ရုပ် အားကုန် ထုတ်တိုက်စမ်း”

ဒဏ်ရာက ပိုမိုပြင်းထန်လာသဖြင့် ရဲချန်ဖန်သည် အချိန်ကြာလေ သူ့အတွက် အန္တရာယ်များလေ ဆိုတာ နားလည်လိုက်ပြီး ဓါးစက်ရုပ်ကို အားကုန်ထုတ် တိုက်ခိုင်းလိုက်သည်။ ဓါးစက်ရုပ် အားကုန်ထုတ် တိုက်သည်နှင့် ရဲချန်ဖန်ကလည်း တရားစီရင်ရေး သိုင်းကို အသုံးပြုမည် ဖြစ်သည်။ ရဲချန်ဖန်တို့ တိုက်ခိုက်နေသည်ကို မနီးမဝေးမှ ရပ်ကြည့်နေသော ရွှယ်နီရှန်သည် ဟောင်လင်းရှန်တို့၏ ဝင်္ကပါကို မြေကမ္ဘာအဆင့် လက်နက် စွဲကိုင်ကာ ဝင်ရောက် တိုက်ခိုက် လိုက်သည်။ မီးတောက်ဝိညာဉ်နှင့် ဟောင်လင်းရှန် တို့သည် မီးဝင်္ကပါကို ရဲချန်ဖန်ဆီ ဦးတည် တိုက်ခိုက်နေသဖြင့် ရွှယ်နီရှန် ဝင်ရောက် တိုက်ခိုက် လာသောအခါ လုံးဝအငိုက်မိ သွားလေသည်။

ရွှယ်နီရှန် တိုက်ခိုက်ပြီး မကြာမီမှာပင် မီးဝင်္ကပါကြီးသည် စတင်ပျက်စီးလာပြီး ဝင်္ကပါကြီးတွင် အလွန်ကျယ်သော အပေါက်ကြီး ဖြစ်ပေါ်လာသည်။ ရဲချန်ဖန်သည် ဝင်္ကပါကို ပြိုကွဲမည့်အချိန် စောင့်နေခြင်းဖြစ်ရာ ရသည့် အခွင့်အရေးကို လက်လွတ်မခံဘဲ ချက်ချင်းပင် အက်ကွဲကြောင်းကြီးမှ တစ်ဆင့် သူ့အား လွမ်းခြုံနေသည် မီးဝင်္ကပါ မီးမုန်တိုင်းကြီး ၏အပြင်သို့ ထွက်လိုက်သည်။

ရဲချန်ဖန် ကဝင်္ကပါကြီး အပြင်ရောက်သည်နှင့် ဝင်္ကပါကြီးကို တိုက်ခိုက်နေသည့် ရွှယ်နီရှန်ကို တွေ့လိုက်ရ၍ ရဲချန်ဖန် မျက်နှာတွင် ဖော်ပြရန် ခက်ခဲသည့် အမူအရာ ဖြစ်ပေါ်လာသည်။ သူ့ကို မုန်တီးနေသည်ဟု ထင်ရသော ရွှယ်နီရှန်က ဘာလို့ သူကို အသက်နှင့်ရင်း၍ လာကယ်တင်သည်ကို ရဲချန်ဖန် သဘောမပေါက်နိုင်ချေ။

“မင်းအသက်ကို ငါပိုင်တယ်။ ငါကလွဲရင် ဘယ်သူမှမင်းကို သတ်ခွင့်မရှိဘူး”

အံ့အားသင့်နေသည့် ရဲချန်ဖန်ကို ကြည့်ပြီး နတ်မိမယ်တမျှ ချောမောသော ရွှယ်နီရှန်က သူမ၏ အသံချိုချိုလေးဖြင့် ပြောလိုက်လေသည်။
အခန်း ( ၁၇၁ ) ပြီး၏။ ( ၁၇၂ ) မျှော်

Comment

Leave a Reply

Options

not work with dark mode
Reset