Switch Mode

Chapter – 170

ငါ.....ငါသေရတော့မှာလား

အခန်း ( ၁၇၀ )

“ငါ…ငါသေရတော့မှာလား”

မီးအပ်များသည် ရဲချန်ဖန် နှလုံးသားထဲ စူးနစ် ဝင်ရောက်ပြီးနောက် ပြင်းထန်စွာ စတင်ပေါက်ကွဲ တော့သည်။ မီးအပ်သည် မီးတောက်၊ မီးလျှံများအဖြစ် ပြောင်းလဲသွားပြီး ရဲချန်ဖန် နှလုံးသားမှ စတင်၍ ရဲချန်ဖန် တစ်ကိုယ်လုံးကို လောင်ကျွမ်း ပြာကျအောင် ကြိုးစားနေသည်။

“ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင် ကာကွယ်စမ်း။ ဆန်းကြယ်ရေခဲဝိညာဉ် စမ်းရေ ခုခံစမ်း”

သေရေးရှင်ရေး အခိုက်အတန့်တွင် ရဲချန်ဖန်သည် ကမ္ဘာဦးစွမ်းအင် သစ်ပင်ကို ထိန်းချုပ်ပြီး သူ၏ နှလုံးသားကို ကာကွယ်လိုက်ကာ၊ ဆန်းကြယ်ရေခဲဝိညာဉ်ကိုမူ မီးတောက်များကို တိုက်ခိုက်ရန် အသုံးပြုလိုက်သည်။

“အွန်…အင့်…”

မီးတောက်များနှင့် ဆန်းကြယ် ရေခဲဝိညာဉ်တို့သည် ရဲချန်ဖန်၏ ကိုယ်ထဲတွင် ပြင်းထန်စွာ တိုက်ခိုက်နေကြသဖြင့် ရဲချန်ဖန် ကိုယ်တွင်း အင်္ဂါများသည် အဆက်မပြတ် ဖျက်ဆီးခံ ရသလိုဖြစ်ကာ တစ်ခဏအတွင်းမှာပင် သွေးချင်းချင်း နီသွားလေသည်။

“အဲဒါကဘာလဲ”

ဘိုးဘေးမီးတောက် ဝိညာဉ်သည် ရဲချန်ဖန်နှင့် ခပ်လှမ်းလှမ်းတွင် ဓါးစက်ရုပ်နှင့် တိုက်ခိုက် နေသော်လည်း ရဲချန်ဖန် ကိုယ်ထဲဝင်ရောက် တိုက်ခိုက်လျက်ရှိသော မီးတောက်များနှင့် အဆက်အသွယ်ရှိနေရာ သူ၏အပူရှိန်များကို မမှုဘဲ မီးတောက် အစွမ်းများကို ဝါးမျိုနေသည့် အစိမ်းရောင် အမျှင်တန်းများ ထွက်ပေါ်လာမှုကြောင့် အလွန်အံအားသင့် သွားသည်။ တစ်စက္ကန့် အတွင်းမှာပင် မီးတောက်အစွမ်းတစ် ရာခိုင်နှုန်းခန့်ကို ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်က ဝါးမျိုလိုက်ရာ ဘိုးဘေးမီးတောက် ဝိညာဉ်သည် အလွန်ကြောက်လန့် သွားသည်။

မီးတောက်များကို ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်က အဆက်မပြတ် ဝါးမျိုနေရာ ဆန်းကြယ် ရေခဲဝိညာဉ်စမ်းရေနှင့် တိုက်ခိုက်လျက် ရှိသော မီးတောက်များသည် ရဲချန်ဖန် ကိုယ်မှ လွတ်မြောက်ရန် ကြိုးစားတော့သည်။ မီးတောက်များက အလွန် လျင်မြန်စွာ လွတ်မြောက် သွားသော်လည်း ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်က မီးတောက်စွမ်းအင် တော်တော်များများကို စုပ်ယူလိုက်ပြီးဖြစ်သည်။

“ဓါးစက်ရုပ်…ငါ့ကိုခေါ် … ပြီးရင် ဒီက မြန်မြန် ထွက်ခွါမယ်”

မီးတောက်များ ရဲချန်ဖန် ကိုယ်မှ ထွက်ခွာ သွားသော်လည်း ရဲချန်ဖန် ကိုယ်တွင်းမှာ ပြင်းထန်သော အတွင်းဒဏ်ရာ ရရှိသွားသည်။ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကြောင့်သာ ရဲချန်ဖန် အသက်ရှင် လွတ်မြောက်ရခြင်း ဖြစ်သည်။ ရဲချန်ဖန်သည် အရိုးသန်မာစေခြင်း အဆင့်မရောက် နေပါက သူအသက်မသေလျှင်ပင် ဒုက္ခတ ဖြစ်သွားနိုင်သည်။

ရဲချန်ဖန် အမိန့်ရသည်နှင့် ဓါးစက်ရုပ်က ရဲချန်ဖန်နား လျင်မြန်စွာ ရောက်လာပြီး ရဲချန်ဖန်ကို ချီပိုးကာ မီးတောက်မြို့ပြင်သို့ ပြေးထွက်သွားလေသည်။ မကြာမီပင် အဝေးတစ်နေရာသို့ ဝင်ရောက် ပျောက်ကွယ် သွားသည်။

“ဘိုးဘေးမီးတောက် ဝိညာဉ် သူ့ကို ကျွန်တော်တို့ အလွတ်ပေးလို့ မရဘူး။ သူ သေမှရမယ်”

ဟောင်လင်းရှန်က သူတို့ အသေအချာ ထောင်ချောက်ဆင် သတ်ဖြတ်ရန် ကြံစည်ထားသော်လည်း ရဲချန်ဖန်က ဖုယုံရွှယ်ကို ကယ်တင်သွားခဲ့သည်။ ထို့အပြင် ဓါးစက်ရုပ်က ပြိုင်ဘက်ကင်း လောက်သည့် မာကျော ခိုင်မာသည့်အတွက် သူတို့စုပေါင်း တိုက်ခိုက်သည့်တိုင် မည့်သည့် ဒဏ်ရာမှပင် မရသဖြင့် ဟောင်လင်းရှန်တို့သည် အလွန်မခံမရပ် နိုင်ဖြစ်နေသည်။

“စိတ်အေးအေးထား… ငါ အဲဒီကောင် ကိုယ်ပေါ်မှာ ခြေရာခံ အမှတ်အသား မှတ်ထား လိုက်ပြီ။ သူဘယ်ကိုမှ ပြေးလို့ မလွတ်ဘူး။ ဒါပေမဲ့ သူ့ကို အကာအကွယ် ပေးနေတဲ့လူက အရမ်းအစွမ်းထက်တယ်။ ငါတို့သေသေချာချာ ပြန်စဉ်းစားသင့်တယ်”

“ဘိုးဘေး မီးတောက် ဝိညာဉ်…ခင်ဗျာ… အဲဒီ အနက်ရောင် ဝတ်စုံနဲ့ လူက အဲလောက် အစွမ်းထက် နေလို့လား”

“ဟုတ်တယ်။ အဲဒီ လူက စက်ရုပ်ဖြစ်မယ်လို့ ငါထင်တယ်။ အရမ်းကို ထူးခြားတဲ့ သတ္တုတွေနဲ့ တည်ဆောက်ထားတဲ့ စက်ရုပ်ဖြစ်မယ်”

အလွန်အတွေ့အကြုံ များသော မီးတောက် ဝိညာဉ်က ပြောလိုက်သည်။

“ကြည်ရတာ… အဲဒီ စက်ရုပ်လည်း ရဲချန်ဖန် လျှို့ဝှက် ဝိညာဉ်ဘုံထဲက ရခဲ့တာ ဖြစ်မယ်”

ဟောင်လင်းရှန်တို့ တစ်သိုက်သည် ရဲချန်ဖန် တစ်ယောက် လျှို့ဝှက် ဝိညာဉ်ဘုံထဲ ဘာတွေရခဲ့သလဲ အလွန် စိတ်ဝင်စား သိချင်နေကြလေသည်။

“ဟူး…အဲဒီ မီးတောက် ဝိညာဉ်က အရမ်းအစွမ်းထက်တာပဲ။ ငါ့မှာသာ ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင် မရှိရင် ငါသေနေ လောက်ပြီ”

ရဲချန်ဖန်သည် မီးတောင်မြို့ အနောက်တောင်ဘက်ရှိ တောင်တစ်လုံးရှိ စိုစွတ်သော ဂူလေး တစ်ခုထဲတွင် ပုန်းအောင်းနေရင်း အခြေအနေကို ပြန်သုံးသပ် နေသည်။ သူလွတ်မြောက် လာသော်လည်း မီးတောက်ဝိညာဉ်၏ အားကုန်သုံး တိုက်ခိုက်မှုကို ခံခဲ့ရသဖြင့် သူ၏ သွေးကြောများ ပျက်စီးပြီး ပြင်းထန်သော အတွင်းဒဏ်ရာ ရရှိနေသည်။ သူအချိန်တိုအတွင်း ပြန်ကောင်းလာရန် မလွယ်ကူချေ။

“ဓါးစက်ရုပ်…ငါကိုစောင့်ကြပ်နေ…အနားကပ်လာတဲ့ မှန်သမျှ သတ်ပစ်လိုက်…”

သွေးချင်းချင်း နီရဲနေသော ရဲချန်ဖန်သည် အသက်စမ်းရေကို ထုတ်သောက် လိုက်ရာ ချက်ချင်းပင် ကုန်ဆုံးနေသော နှစ်ငါးဆယ် အသက်စွမ်းအင်က ပြန်ပြည့်လာသည်။ ထို့နောက် ဝိညာဉ်စမ်းရေကို သောက်လိုက်ပြီး ဝိညာဉ်စုပ်သိုင်း သုံးကာ ဒဏ်ရာများကို စတင် ကုသလိုက်သည်။

မကြာမီပင် အရာရာတိုင်းက တိတ်ဆိတ်နေပြီး ရဲချန်ဖန်လည်း ပတ်ဝန်းကျင်နှင့် အဆက်အသွယ် ပြတ်ကာ ဒဏ်ရာများကို ကုသနေသည်။

“ဟင်း..ဟင်း…ချန်ဖန်…ငါတို့တွေ့ကြပြန်ပြီ”

ရုတ်တရက် တိတ်ဆိတ် ငြိမ်သက်နေသော တောတောင်ထဲတွင် အသံချိုချိုလေး တစ်ခုက ထွက်ပေါ်လာပြီး ရဲချန်ဖန်ကို ကျင့်ကြံခြင်းမှ နိုးလိုက်လေသည်။ အသံပိုင်ရှင်ကား လုံးဝန်းလှပသော ခန္ဓာကိုယ် ကောက်ကြောင်းများ၊ အထူးသဖြင့် မိန်းမချင်းပင် မနာလိုဖြစ်စေနိုင်သည့် ယုန်နှစ်ကောင်၊ ပုရိသ ယောက်ျားတို့ကို မြင်လိုက်သည်နှင့် သူမအလှတွင် ဒူးထောက် ခစားနိုင်သည့် နတ်မိမယ်လေး ဖြစ်သည်။ သူမသည် သူမ၏ အလှတရားတို့ကို အထူးပေါ်လွင် ထင်ရှားစေသည့် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမက စကားပြောရင်း ရဲချန်ဖန် ဆီလျှောက် လာနေသည်။

“အော်…ခင်ဗျားလား”

ရဲချန်ဖန်က အသံပိုင်ရှင်ကို ကြည့်လိုက်သောအခါ အနည်းငယ် အံ့အားသင့် သွားလေသည်။ သူမကား ရဲချန်ဖန် နှင့် နှင်းတောင်တွင် တွေ့ဆုံခဲ့သော ရွှယ်နီရှန် ဖြစ်သည်။ ရဲချန်ဖန်က ဤလိုနေရာမျိုးတွင် သူမနှင့်ဆုံတွေ့ရမည် ဟု မထင်ထားချေ။

“ဘာလဲ…အံဩသွားတာလား…ငါမမျှော်လင့်ဘဲ မင်းအတွက် ထုတ်ထားတဲ့ ဆုကြေးနဲ့ မင်းပုံတူကို တွေ့မိတယ်လေ။ ဒါကြောင့် ငါမင်းအတွက် ရောက်လာတာပဲ”

ရဲချန်ဖန်၏ မကျေမချမ်း ဖြစ်နေသော မျက်နှာကို ကြည့်ပြီး ရွှယ်နီရှန်၏ မျက်နှာလှလှလေးတွင် အပြုံးတစ်ပွင့်က ဖြစ်ပေါ်လာသည်။ ထို့အပြုံးကြောင့် ရဲချန်ဖန်ပင် အနည်းငယ် မှင်သက် သွားမိသည်။ သူမကား တကယ့်ကို နတ်ပြည်မှ ကြွေဆင်းလာသော နတ်မိမယ်လေးပင် ဖြစ်ရမည်။

“ဘာလဲ…ခင်ဗျားက ကျွန်တော်ပစ္စည်းတွေ လိုချင်လို့ လာတာလား”

ရဲချန်ဖန်မှာ ဒဏ်ရာပြင်းထန်သော်လည်း ရွှယ်နီရှန်ကို မကြောက်ပေ။
“မင်းမှာရှိနေတဲ့ အရာတွေက… တကယ်ဆို ငါပိုင်ဆိုင်သင့်တဲ့ ဟာတွေပဲ။ ငါပြန်မယူသင့် ဘူးလား”

ရွှယ်နီရှန်၏ အလွန်စွဲဆောင်မှုရှိသော နှင်းဆီရောင် နှုတ်ခမ်းများက လှုပ်ရှားသွားရာ သာမန် နှလုံးသား မခိုင်မာသူဆိုလျှင် သူမ၏ အလှတရား အောက်တွင် ကျရှုံးကာ သူမ အလိုကျ လိုက်လျော သွားမည် ဖြစ်သည်။

“ငါရထားတဲ့ အရာတွေက… ငါ့အသက်နဲ့ ရင်းပြီး ကြိုးစားလို့ ရလာတာတွေချည်းပဲ။ ဘယ်သူမှ ငါ့ဟာကို လုယူလို့ မရဘူး”

ရဲချန်ဖန်က ဒဏ်ရာများကို ပိုမဆိုးလာအောင် သွေးကြောများ ပိတ်ရင်း ပြောလိုက်

သည်။ “အဲဒီလိုလား… မင်းက အစ်မတော်နဲ့ အတူတကွ မမျှဝေချင်ဘူးပေါ့”

ရွှယ်နီရှန် နှုတ်ခမ်းများက တင်းတင်းစေ့သွားပြီး အေးစက်သော အပြုံးနှင့်အတူ ပြင်းထန်သော အော်ရာက သူမကိုယ်မှ ထွက်ပေါ် လာသည်။ ရွှယ်နီရှန် အော်ရာကို ရဲချန်ဖန်က ဓါးအင်အား ထုတ်ကာ ချေဖျက် လိုက်သည်။

“ထွက်သွား…မဟုတ်ရင်…မင်းကို ငါသတ်ရလိမ့်မယ်”

ထိုစဉ် ဓါးစက်ရုပ်က ထွက်ပေါ်လာပြီး ရွှယ်နီရှန်ကို ကြည့်ပြီး မာန်မဲပြောဆို လိုက်သည်။

“မဟာသားရဲဘိုးဘေး တန်ခိုးရှင်လား”

ဓါးစက်ရုပ်၏ အော်ရာကြောင့် ရွှယ်နီရှန် မျက်နှာပျက်သွားပြီး ထိတ်လန့်သွားသည်။ ဓါးစက်ရုပ်ဆီမှ အလွန်ပြင်းထန်သော အန္တရာယ် အငွေ့အသက်ကို သူမ ရရှိနေသည်။

“ငါထပ် မပြောချင်ဘူး။ မင်းအသေခံမလား။ ထွက်သွားမလား”

ဓါးစက်ရုပ်ဆီမှ လူသတ်အော်ရာ ထွက်ပေါ် လာသည်။

“ရဲချန်ဖန် နှင်းတောင်ကရတဲ့ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေက ငါလည်း ပိုင်ဆိုင်သင့်တယ်။ အဲဒါကို ငါရရင် ငါမဟာသားရဲ ဘိုးဘေးအဆင့်ကို တက်နိုင်တော့မှာ… မင်းငါကို ဆန်းကြယ် ရေခဲဝိညာဉ် ခွဲပေး… အဲဒီဆိုရင် ငါချက်ချင်း ထွက်သွားမယ်”

ရွှယ်နီရှန်က မှုန်ကုပ်ကုပ် အမူအရာနှင့် ပြောလိုက်သည်။

“အေး…မင်းက ထွက်မသွားဘူးဆိုတော့ … သေလိုက်တော့ကွာ”

ဓါးစက်ရုပ်က လှုပ်ရှားသွားရာ အလွန်ဆန်းကြယ်သော ဓါးချက်က ထွက်ပေါ်လာပြီး ရွှယ်နီရှန်ဆီ တိုးဝင်သွားသည်။ သူမက အလွန်အံဩ ထိတ်လန့်သွားသည်။

“ရဲချန်ဖန် မင်းမှတ်ထား။ ငါအလှည့်ရောက်မှ မင်းအဆိုးမဆိုနဲ့” ဓါးစက်ရုပ်၏ ဓါးချက်က အလွန် ပြင်းထန်သဖြင့် ရွှယ်နီရှန် အလွန်ထိတ်လန့် သွားပြီး အနီးရှိ ချုံပုတ်ထဲ ပြေးဝင် ပျောက်ကွယ် သွားသည်။ ရွှယ်နီရှန်က စတွေ့ကတည်းကပင် လူသတ်အော်ရာ မထွက်ခဲ့ချေ။

ထို့ကြောင့် ရဲချန်ဖန်က ရွှယ်နီရှန်ကို ဓါးစက်ရုပ်ဖြင့် လိုက်လံဖမ်းဆီး သတ်ခိုင်းခြင်း မပြုပေ။ မဟုတ်ပါက သူမထွက်ပြေးရန်ပင် အခွင့်အရေးရမည် မဟုတ်ပေ။

“အင်း…ဒီမှာ ကြာကြာနေလို့မရဘူး”

ရဲချန်ဖန် ခက်ခက်ခဲခဲ ထရပ်ကာ တစ်နေရာသို့ ထွက်ခွာရန် ပြင်ဆင် လိုက်သည်။ ထိုအချိန်တွင် အနီရောင် ဝတ်စုံများ ဝတ်ထားသည့် လူတစ်သိုက်က ရဲချန်ဖန်ဆီ အလွန်လျင်မြန်သော အရှိန်ဖြင့် လာနေပြီ ဖြစ်သည်။ အနီရောင် လူအုပ်ကြီးကို မြင်လိုက်သည်နှင့် ရဲချန်ဖန်သည် ချက်ချင်းပင် မျက်နှာပျက် သွားသည်။ သူက မဟာကောင်းကင် မီးဂိုဏ်းမှလူများ ဤမျှမျှ မြန်မြန် သူရှိရာ နေရာကို ရှာတွေ့သွားမည်ဟု မထင်ထားချေ။
အခန်း ( ၁၇၀ ) ပြီး၏။ ( ၁၇၁ ) မျှော်

Comment

Leave a Reply

Options

not work with dark mode
Reset