အခန်း ( ၁၆၈ )
ပြဿနာနှင့်ကြုံတွေ့ရခြင်း
“ရဲချန်ဖန် … ငါက တော်တော်လေးကို မင်းကို စိတ်ဝင်စားလာပြီ။ မင်း လျှို့ဝှက် ဝိညာဉ်ဘုံထဲမှာ ဘယ်လို အခွင့်အရေး တွေရခဲ့လဲရယ်၊ ပြီးတော့ မင်း ဘယ်လို အဲဒီကောင်းကင် အဆင့်ဓါးကို ရခဲ့လဲ ဆိုတာကိုပေါ့”
ဟောင်လင်းရှန်က ရဲချန်ဖန် ကိုကြည့်ပြီး စိတ်ဝင်စားဟန်ဖြင့် ပြောလိုက်သည်။
“ဝမ်းနည်းပါတယ်။ ငါမင်းကို မပြောပြနိုင်ဘူး”
ရဲချန်ဖန်က ဓါးစက်ရုပ်ကို သူဆီ အမြန်ဆုံး လာရောက် အကူအညီပေးရန် အမိန့်ပေး လိုက်သည်။ ရဲချန်ဖန်သည် အမိန့်ပေးချိန်တွင် ဓါးစက်ရုပ်သည် မဟာကောင်းကင် မီးဂိုဏ်းမှ အကြီးအကဲ ငါးဦးကို သတ်ဖြတ်ပြီး ကျန်ဒဏ်ရာ ပြင်းထန်စွာ ရနေကြသော အကြီးအကဲများကို သတ်ရန် တိုက်ခိုက်နေချိန် ဖြစ်သည်။ ဓါးစက်ရုပ်သည် ဒဏ်ရာပြင်းထန်စွာ ရနေသည့် အကြီးအကဲများကို လွတ်ပေးလိုက်ပြီး ရဲချန်ဖန် ဆီ ထွက်လာသည်။
“ဟမ်…ခင်ဗျားက ဘယ်သူလဲ”
ဓါးစက်ရုပ် ထွက်ပေါ်လာသည်နှင့် ဟောင်လင်းရှန်က အန္တရာယ် အငွေ့အသက်များကို ရရှိလိုက်ပြီး သတိနှင့် မေးလိုက်သည်။
“မင်းက ငါ ဘယ်သူလဲ ဆိုတာတောင် မသိဘူးလား”
ဓါးစက်ရုပ်သည် အကြီးအကဲက အသုံးမကြသည့် လူအား ဆူပူကြိမ်းမောင်းသည့်နှယ် ခက်ထန်စွာ ပြောဆိုလိုက်သည်။ ထို့နောက် ဓါးစက်ရုပ်ထံမှ အလွန်ပြင်းထန်သော အော်ရာက ထွက်ပေါ်လာသည်။
“ဓါးစက်ရုပ်…အဲဒီလူကို ရှင်းပစ်လိုက်…”
ရဲချန်ဖန်က အမိန့်ပေး လိုက်ပြီးနောက် ဖုယုံရွှယ်ကို ခေါ်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
“မင်းက ဘယ်ကို ပြေးမလို့လဲ”
ဟောင်လင်းရှန်က ရဲချန်ဖန် ထွက်ခွာသွားတော့မည်ကို တွေ့သောအခါ မီးစွမ်းအားများကို စုစည်းလိုက်ပြီး ရဲချန်ဖန် ပြေးလမ်းကို ပိတ်ဆို့ လိုက်သည်။
“ယား…”
ဟောင်လင်းရှန်က ရဲချန်ဖန်ကို တိုက်ခိုက်လိုက်သည်နှင့် ဓါးစက်ရုပ်က လေကိုခွင်းပြီး ဟောင်လင်းရှန်ကို ဝင်ရောက် တိုက်ခိုက် လိုက်သည်။
“သူတိုက်ခိုက်တာ အရမ်းအစွမ်းထက်တယ်။ သူက ဘယ်အဆင့် တန်ခိုးရှင်လဲ”
ဓါးစက်ရုပ်၏ အစွမ်းကြောင့် ဟောင်လင်းရှန် တုန်လှုပ် ချောက်ချားသွားပြီး နောက်သို့ ကပျာကယာ ဆုတ်လိုက်သည်။ နောက်သို့ ဆုတ်လိုက်သော်လည်း ဓါးအလင်းက ဆက်လက် တိုးဝင်လာသည်။
“တိုင်းတာခြင်း ကိုးပါးသိုင်း…”
ဟောင်လင်းရှန်က ဓါးစက်ရုပ်၏ တိုက်ခိုက်ခြင်းကို ပေတံလက်နက် ကိုင်ဆွဲလျက် သူ၏ အစွမ်းအထက်ဆုံး သိုင်းဖြင့် အလျင်အမြန် ခုခံလိုက်သည်။ သူ၏ပေတံ လက်နက်သည် မာကျောလှသည့် သံမဏိကို ထိမှန်သွားသည်ဟု ခံစားလိုက်ရပြီး ဓါးအလင်းက သူရင်ဘတ်ထံ တိုးဝင်လာသည်ကို မြင်တွေ့ လိုက်ရသည်။
“ဘိုးဘေး မီးတောက်ဝိညာဉ် … ကျွန်တော်ကို ကယ်ပါဦး”
ဓါးစက်ရုပ်၏ ဓါးအလင်းက ဟောင်လင်းရှန် ရင်ဘတ်ကို ဖောက်ဝင်ခါနီးဆဲဆဲတွင် အနီရောင် မီးတောက် တစ်ခုက ထွက်ပေါ်လာပြီး ဓါးအလင်းကို ခုခံပေး လိုက်သည်။ မီးတောက်ကသာ မဝင်ရောက် လာပါက ဟောင်လင်းရှန် ခုခံကာကွယ်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
“မဟာသားရဲဘိုးဘေး ပဉ္စမအဆင့် တန်ခိုးရှင်လား။ ခင်ဗျား မဆိုးပါဘူး”
ဘိုးဘေး မီးတောက် ဝိညာဉ်က ထွက်ပေါ်လာပြီး ဓါးစက်ရုပ်ကို ကြည့်ကာ တစ်ခွန်းချင်း ပြောလိုက် လေသည်။
“မဟာသားရဲ ဘိုးဘေး ပဉ္စမအဆင့် တန်ခိုးရှင်…ဟုတ်လား”
ဓါးစက်ရုပ်၏ အစွမ်းကို ကြားပြီး ဓါးခန်းမသခင်၊ ဟောင်လင်းရှန်နှင့် ဟောင်ရန်တို့ မျက်နှာတွင် ကြောက်ရွံ့ တုန်လှုပ်မှုက အတိုင်းသား ဖြစ်ပေါ် လာသည်။
“ရဲချန်ဖန်…သူရတဲ့ ပညာတွေကို အဆင့်လေး ဂိုဏ်းကြီးတစ်ခုကို ပေးအပ်ပြီး ခိုလှုံ လိုက်တာ များလား”
“မဟုတ်လောက်ဘူး။ ရဲချန်ဖန်က အဆင့်လေး ဂိုဏ်းကြီးကို ဝင်လိုက်ရင် သူတို့က ဒီလို တန်ခိုးရှင် တစ်ယောက်တည်း လွှတ်ပြီး ငါတို့ကြားက ပြဿနာကို ဖြေရှင်းခိုင်းမှာ မဟုတ်ဘူး။ ကြည့်ရတာ အဲဒီတန်ခိုးရှင်က ခြေသလုံးအိမ်တိုင် လှည့်ပတ် သွားနေတဲ့လူပဲ ဖြစ်ရမယ်”
ဓါးစက်ရုပ်၏ နောက်ခံကို ဟောင်လင်းရှန်တို့ တွက်ဆ လိုက်ကြသည်။
“ဒီလူကို ငါ့တာဝန်ထားလိုက်။ မင်းတို့က ရဲချန်ဖန်နောက် လိုက်ဖမ်းကြ။ သူ့ကို မလွတ်စေနဲ့”
ဘိုးဘေး မီးတောက် ဝိညာဉ်က အလျှံတညီးညီး တောက်လောင်နေသည့် မီးလျှံကြီးအဖြစ် ပြောင်းလဲ လိုက်ပြီးနောက် ဟောင်လင်းရှန်တို့ကို အမိန့်ပေး လိုက်သည်။
“အဲဒါကောင်းတယ်”
ဟောင်လင်းရှန် တို့သည် ဘိုးဘေး မီးတောက်ဝိညာဉ် အမိန့်အတိုင်း ရဲချန်ဖန်ကို ဖမ်းဆီးရန် ရဲချန်ဖန်နောက် ပြေးလွှားလိုက်ရန် လုပ်လိုက်သည်။
“သတ်…”
ဟောင်လင်းရှန်တို့ ရဲချန်ဖန် နောက်လိုက်ရန် လုပ်လိုက်ချိန်တွင် ဓါးစက်ရုပ်က ဟောင်လင်းရှန်တို့ကို စတင် တိုက်ခိုက်တော့သည်။ ဖျက်ဆီးခြင်း အစွမ်းများ ပါဝင်နေသော ဓါးအလင်းက ဟောင်လင်းရှိန်တို့ဆီ တိုးဝင်သွားသည်။
“မင်းရဲ့ ပြိုင်ဖက်က ငါပဲ”
ထိုအချိန်တွင် မီးတောက် ဝိညာဉ်က ဓါးစက်ရုပ်က ကြားဖြတ်ဟန့်ကာ တိုက်ခိုက် လိုက်သည်။
“မဟာသားရဲ ဘိုဘေး ပဉ္စမအဆင့် တန်ခိုးရှင် အစွမ်းတူတဲ့ ဝိညာဉ် မီးတောက်လား”
ဓါးစက်ရုပ်ကို ရဲချန်ဖန်က ထိန်းချုပ်ထားရာ ချက်ချင်းပင် မီးတောက်ဝိညာဉ်၏ အစွမ်းကို နားလည်သွားရာ အခြေအနေသည် ထင်သည်ထက် ပိုမိုရှုပ်ထွေးလာပြီဟု နားလည်လိုက်သည်။
“ငါ… မဟာကောင်းကင် မီးဂိုဏ်းကို လျော့တွက်မိတာပဲ။ သူတို့မှာ မဟာသားရဲ ဘိုးဘေး ပဉ္စမအဆင့်လောက် အစွမ်းထက်နေတဲ့ လူရှိမယ် မထင်မိဘူး။ အင်း… ပြဿနာတော့ တက်ပြီ”
ရဲချန်ဖန်က ရွှေလင်းယုန် တောင်ပံ အသုံးပြု၍ မီးတောက်မြို့မှ ထွက်ပြေးရန် မခဲယဉ်းသော်လည်း ဓါးစက်ရုပ်ကို သူလက်လွတ် ဆုံးရှုံးရဖို့ များလေသည်။ ဓါးစက်ရုပ်ကို ဝိညာဉ် ကျောက်တုံးများ ထပ်မံဖြည့်သွင်းပေးရန် ရဲချန်ဖန် အနားတွင် ရှိနေမှရမည် ဖြစ်သည်။
“အစ်မတော်ဖု… ဒီမြို့ကနေ အရင်ထွက်သွားနှင့် ကျွန်တော် သူတို့ကို တားထားမယ်”
အနည်းငယ် စဉ်းစားပြီးနောက် ရဲချန်ဖန် ပြောလိုက်သည်။
“မရဘူး။ ငါတို့ အတူတူ ရင်ဆိုင်ရအောင်။ ငါနင့်ကို မထားခဲ့နိုင်ဘူး”
ဖုယုံရွှယ်က ပြတ်သားစွာ ပြောလိုက်သည်။ ရဲချန်ဖန်သည် သူမအတွက် အသက်ကို ပဓာန မထားဘဲ လာရောက် ကယ်တင်ခဲ့သည် မဟုတ်ပါလော။ သူမ စိတ်နှလုံးသား ဘာကြောင့် မလှုပ်ရှားဘဲ နေနိုင်မည်နည်း။ သူမ နှလုံးသားကို ရဲချန်ဖန်က စိုးမိုးသွားပြီ ဖြစ်သည်။ သူမက ရဲချန်ဖန် နှင့် သေအတူ ရှင်မကွာ အတူနေရန် ဆုံးဖြတ်ပြီး ဖြစ်သည်။
“အစ်မတော်ဖု ကျွန်တော်က သွားလို့မရဘူး။ ကျွန်တော်က ဦးလေးနဲ့ သွားပြန် ကူရဦးမယ်။ အစ်မတော် ပါလာရင် နှစ်ယောက်စလုံး အန္တရာယ်နဲ့ ကြုံနိုင်တယ်။ ကျွန်တော် တစ်ယောက်တည်းဆို ထွက်ပြေးဖို့က အလွယ်လေး” ရဲချန်ဖန်က သူ့အတွက် အစိုးရိမ် လွန်နေသော မိန်းမချောလေးကို အဆက်မပြတ် ရှင်းပြရင်း ချော့မော့ ဖျောင်းဖျ နေသည်။
“အစ်မတော်… ကျွန်တော့်ကို ယုံပါ။ မဟာကောင်းကင် မီးဂိုဏ်းက ကျွန်တော့်ကို ဘာမှ မလုပ်နိုင်ဘူး။ အစ်မသာ လွတ်သွားရင် ကျွန်တော် ဒီနေရာက အလွယ်လေး ထွက်လို့ရတယ်”
“ဒါ…ဒါပေမဲ့…”
“သွားပါ။ အစ်မတော် ရှိနေရင် နှစ်ယောက်စလုံး အန္တရာယ် ရှိလာမှာ…”
ရဲချန်ဖန်က စိတ်ပူစွာ တိုက်တွန်း လိုက်သည်။
“အေး… ဒါဆိုလည်း ကိုယ့်ဘာသာကိုယ် ဂရုစိုက်။ အစ်မ မြို့ပြင်က စောင့်နေမယ်”
ရဲချန်ဖန်၏ ယုံကြည်ချက် ပြည့်ဝသည့် မျက်လုံးများကို ကြည့်ပြီး ဖုယုံရွှယ် နှုတ်ခမ်းလေးကို ကိုက်လိုက်ကာ ရဲချန်ဖန်နှင့် မခွဲခွါနိုင်ဟန်ဖြင့် ပြောလိုက်သည်။
“အစ်မတော်… ဒါက အစ်မအတွက်… ဒါကို သောက်လိုက်ရင် တစ်မုဟုတ်ချင်း ကုန်ခန်းနေတဲ့ ဝိညာဉ်စွမ်းအင် ပြန်ပြည့်လာ လိမ့်မယ်”
ရဲချန်ဖန်က ဝိညာဉ်စမ်းရေ ပုလင်းလေးကို ဖုယုံရွှယ်၏ သေးငယ်လှပသည့် လက်လေးထဲ ထည့်ပေး လိုက်သည်။
“ချန်ဖန်… အရာရာကို ဂရုစိုက်နော်”
ဖုယုံရွှယ်က ရဲချန်ဖန် ပေးသော ပုလင်းလေးထဲမှ အရည်များကို သောက်လိုက်ရာ တစ်မုဟုတ်ချင်း ဝိညာဉ် စွမ်းအင်များ ပြည့်လာသည်။ သူမက အေးစက်နေသော နှလုံးသားကို အရည်ပျော်အောင် လုပ်နိုင်သည့် သူမနှလုံးသား ပိုင်ရှင်ကို တစ်ချက်ကြည့်ပြီး ထွက်ခွာ သွားသည်။
ဖုယုံရွှယ် ထွက်သွားသည်နှင့် ရဲချန်ဖန်သည် ကောင်းကင် အဆင့်ဓါးကို ထုတ်ယူကာ လာလမ်းအတိုင်း ပြန်သွား လိုက်သည်။ သူတို့နောက် လိုက်လာသည့် ဟောင်လင်းရှန်တို့ကို တွေ့သည်နှင့် အချိန်မဆိုင်းဘဲ ဝင်ရောက် တိုက်ခိုက် လိုက်သည်။
“ဟင်… ဒီရဲချန်ဖန်က ပြန်လာရဲတယ်။ ဟုတ်လား…”
ရဲချန်ဖန်နောက် လိုက်လာသည့် ဟောင်လင်းရှန်တို့ တစ်သိုက်သည် ရဲချန်ဖန်က ထွက်မပြေးဘဲ သူတို့ထံ ဦးတည်ဝင်ရောက် လာသဖြင့် အလွန်အံအားသင့် နေကြသည်။
“အသက်ဝိညာဉ်ကျင့်စဉ်… နှစ်တစ်ရာ အသက်စွမ်းအင် လောင်ကျွမ်းစမ်း…”
ရဲချန်ဖန်က အချိန်မဆိုင်းဘဲ အသက်ဝိညာဉ်ကျင့်စဉ်ကို ထုတ်ဖော်ကာ နှစ်တစ်ရာ အသက်စွမ်းအင်ကို လောင်ကျွမ်းစေ လိုက်သည်။ အသက်ဝိညာဉ် ကျင့်စဉ်ကို အသုံးပြု လိုက်သည်နှင့် ရဲချန်ဖန် အစွမ်းသည် ချက်ချင်းပင် တိုးတက်လာပြီး မကြာမီပင် ကောင်းကင်သားရဲ ဘုရင်အဆင့်ကို ကျော်ပြီး မဟာသားရဲ ဘိုးဘေးတန်ခိုးရှင် ဒုတိယအဆင့်သို့ ရောက်ရှိသွားသည်။
“ဘာ…သူ့အဆင့်တွေ တက်လာနေပြီ။ သူဘယ်လိုလုပ် လိုက်တာလဲ”
ရဲချန်ဖန် အဆင့်များက တစ်မုဟုတ်ချင်း တရှိန်ထိုး တက်လာသဖြင့် ဟောင်လင်းရှန်နှင့် တခြား သူများက တစ္ဆေ၊ သရဲကို မြင်လိုက်ရသည့်နှယ် ကြက်သေသေ သွားလေသည်။ အသက်ဝိညာဉ် ကျင့်စဉ်ကဲ့သို့ အစွမ်းထက်လှသည့် ကျင့်စဉ်မျိုးကို သူတို့မြင်ဖူးရန် မဆိုထားနှင့် ကြားပင် မကြားဖူး ကြချေ။ ရဲချန်ဖန် လက်ထဲရှိ ကျင့်စဉ်သည် သူတို့ နားလည်သည်ထက်ကို ကျော်လွန်နေသည်။ ထို့ကြောင့် ဟောင်လင်းရှန်တို့သည် ရဲချန်ဖန်၏ လျှို့ဝှက်ချက်များကို ရရှိရန် ရဲချန်ဖန်ကို ပိုမို၍ သတ်ဖြတ်ချင် လာကြသည်။
အခန်း ( ၁၆၈ ) ပြီး၏။ ( ၁၆၉ ) မျှော်