အခန်း (၁၆၆)
ကယ်တင်ရှင်
မီးတောက်မြို့သည် နှင်းမြောက်နိုင်ငံ၏ တောင်ဖျားစွန်းတွင် ရှိသော မြို့ဖြစ်သည်။ မီးတောက် မြို့သည် သက်ဝင် လှုပ်ရှားလျက်ရှိသော လန်ဟောင် မီးတောင်ကြီးပေါ်တွင် တည်ရှိသောကြောင့် အပူချိန် အလွန် မြင့်မားလှသည်။ ထို့ကြောင့် ဒေသခံ လူအများစုက မီးတောက်မြို့တွင် နေရန် ဆန္ဒမရှိဘဲ ရေကြည်ရာ မြက်နုရာ ပတ်ဝန်းကျင် ကောင်းမွန်သော ဒေသကို ပြောင်းရွှေ့သွားကြပြီ ဖြစ်သည်။
သို့သော် လန်ဟောင် မီးတောင်ကြီး အနီးတစ်ဝိုက်မှ အလွန်တန်ဖိုးကြီးသော မီးတောက် ကျောက်တုံးများ တူးဖော် ရရှိနိုင်သောကြောင့် တခြားဒေသမှ အဆင့်နိမ့် တန်ခိုးရှင်များက မီးတောက် မြို့သို့နေ့စဉ် ပြောင်းရွှေ့ ဝင်ရောက်လျက် ရှိသည်။ သို့သော် မြို့တွင် လူဦးရေ အနည်းအကျဉ်းသာ ရှိသည်ဟု ဆိုနိုင်သည်။
အစတွင် မဟာ ကောင်းကင်မီး ဂိုဏ်းချုပ် ဟောင်ရန်က ဖုယုရွှယ်ကို ဓားစာခံအဖြစ် အသုံး ချကာ ရဲချန်ဖန်ကို မဟာ ကောင်းကင်မီး ဌာနချုပ်ဆီ လာအောင် အကျပ်ကိုင်၊ သတ်ပစ်ရန် ပြင်ဆင် ထားခဲ့သည်။ သို့သော် ချင်တောင်ပိုင်ထံမှ ရဲချန်ဖန်နှင့် ဖုယုရွှယ် ဆက်ဆံရေးသည် ထင်သလောက် မနက်ရှိုင်းသည်ကို သိရှိလိုက်ပြီးနောက် ရဲချန်ဖန် လာရောက်ရန် ဖြစ်နိုင်ခြေပိုများသည့် မီးတောက် မြို့ကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
မီးတောက်မြို့သည် မဟာ ကောင်းကင်မီး ဂိုဏ်းအတွက် ဗျူဟာမြောက် လှုပ်ရှားလို့ကောင်းသည့် မြို့ဖြစ်သည်။ မီးတောက်မြို့သည် မီးတောင်ကြီးပေါ်တွင် တည်ဆောက် ထားသောကြောင့် မီးတောင်မှ ထွက်ပေါ်နေသော မီးစွမ်းအင်များကို မီးစွမ်းအင်ကို အဓိကထား လေ့ကျင့်သည့် မဟာမီး ဂိုဏ်းသားများက အကန့်သတ်မရှိ ရယူသုံးစွဲနိုင်သည်။ ထို့အပြင် မီးတောက်မြို့သည် မဟာ ကောင်းကင်မီးဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော မြို့လည်း ဖြစ်သည်။
“အစ်မတော်ဖုကို နာကျင်အောင် လုပ်ထားလို့ကတော့… မင်းတို့ မဟာ ကောင်းကင်မီးဂိုဏ်းကို ဒီနှင်းမြောက် နိုင်ငံကနေ ပျောက်ကွယ် သွားစေရမယ်…..”
ရဲချန်ဖန် ရက်အတန်ကြာ ခရီးနှင်ပြီးနောက် မီးတောက်မြို့ အနီးသို့ရောက် ရှိလာသည်။ မြို့ကို အလွန်ပူလောင် မည်းနက်နေသော ချော်ရည်ပူများဖြင့် ဝန်းရံနေသည်ကို တွေ့လိုက်ရသည်။ မလိုလား အပ်သည့် အခြေအနေကို ရှောင်ရှားရန် ရဲချန်ဖန်သည် အထူးဂရုစိုက် ရုပ်ဖျက်ကာ မီးတောက်မြို့ထဲ ဝင်ရောက် သွားသည်။ ရဲချန်ဖန် မြို့ထဲဝင်ရန် မြို့ဂိတ်တံခါးကို ဖြတ်သန်းနေစဉ် သူ၏ အစွမ်းထက်သော စိတ်ဝိညာဉ်အာရုံက သူ့အား အကဲခတ် စစ်ဆေးနေသော ဝိညာဉ်အာရုံများ ရှိနေကြောင်း သိရှိလိုက်သည်။
မဟာ ကောင်းကင်မီး ဂိုဏ်းသည် ယခုအချိန်တွင် မီးတောက်မြို့ထဲ ဝင်ရောက်လာသူ မှန်သမျှကို စောင့်ကြည့်လျက် ရှိနေသည်။ သို့သော် မဟာ ကောင်းကင်မီးဂိုဏ်း မသိသည်မှာ ရဲချန်ဖန် တွင် ဝိညာဉ်စုပ်သိုင်း ရှိပြီး သူ၏ ဝိညာဉ်အော်ရာကို ပြောင်းလဲ ချိန်ညှိလို့ ရသည်ကိုပင်။ ထို့ကြောင့် ရဲချန်ဖန် မြို့ထဲ ဝင်ရောက်သွားခြင်းကို မည်သူကမှ သံသယဝင်ခြင်း မရှိပေ။ စားသောက်ဆိုင်မှာ တစ်မြို့လုံးတွင် တစ်ခုတည်းသာ ရှိသောကြောင့် စားသောက်ဆိုင်သည် အချိန်ပြည့် လူစည်းကား၊ စားသောက်၊ ဆူညံနေလေ့ ရှိသည်။
“ဟေ့ကောင်… ခုတလော မီးတောက်မြို့ထဲ ဘာတွေဖြစ်နေတာလဲ။ ဘာလို့ အစွမ်းထက်လှတဲ့ တန်ခိုးရှင်တွေ အများကြီးကို တွေ့နေရတာလဲ။ ပြီးတော့ မြို့ထဲမှာ လုံခြုံရေးက အရမ်း တင်းကြပ်နေတယ်…”
ထိပ်ပြောင်ပြောင်နှင့် လူထွားကြီးက ဝိညာဉ်အရက် တစ်ခွက်ကိုသောက်ပြီး စိတ်ညစ်ညူးဟန် ဖြင့် ပြောလိုက်သည်။
“ဟေ့ကောင်… တိုးတိုးပြောစမ်း… သေချင်နေတာလား… မင်းက အစွမ်းထက်တဲ့ တန်ခိုးရှင်တွေ ဘာလို့ရောက်လာတာလဲ မသိသေးဘူးလား။ ဒီမြို့ကို ရောက်လာနေတဲ့ တန်ခိုးရှင် အများစုက မဟာ ကောင်းကင်မီး ဂိုဏ်းကပဲ။ မင်း သူတို့ကို ပြဿနာရှာမိတာနဲ့ သေပြီပဲ”
“မဟာ ကောင်းကင်မီးဂိုဏ်းက… ဟုတ်လား… ဘာလို့ သူတို့တွေ အများကြီးက ဒီကို ဘာလာလုပ်တာလဲ”
ထိပ်ပြောင်ကြီးက မျက်နှာအမူအရာ ပြောင်းသွားပြီး လေသံတိုးတိုးလေးဖြင့်သာ မေးရဲတော့သည်။
“ငါကြားထားတာတော့… သူတို့က ရဲချန်ဖန်ဆိုတဲ့ လူတစ်ယောက်ကို ဖမ်းဖို့ပဲ။ ဘာလို့ ဒီမီးတောက်မြို့မှာ ဖမ်းလဲဆိုတာ ငါလည်း မသိဘူး”
ထိပ်ပြောင်ကြီး၏ အဖော်က ပြန်ဖြေလိုက်သည်။
“ထားလိုက်ပါတော့… အဲဒီကိစ္စတွေထားလိုက်… အခုတော့ သောက်ရအောင်… ဒီနေရာမှာ ငါတို့လည်း အမြဲနေမှာ မဟုတ်ဘူး။ အဲဒီကိစ္စက ငါတို့ကိစ္စလည်း မဟုတ်ဘူး”
ထိပ်ပြောင်ကြီးက ပြောရင်း ဝိညာဉ်အရက် တစ်ခွက်ထည့်ကာ သောက်လိုက်ပြီး ပြောလိုက် သည်။ ဆိုင်ထောင့် တစ်နေရာတွင်မူ အနက်ရောင် ကိုယ်ကျပ်ဝတ်စုံနှင့် မျက်နှာကို အနက်ရောင် ဇာပဝါဖြင့် ဖုံးကွယ်ထားသော မိန်းမပျိုလေး တစ်ယောက်သည် စားသောက်ဆိုင်ထဲ ပြောဆိုနေကြသည့် ရဲချန်ဖန် သတင်းများ နားထောင်ပြီး မျက်လုံးက အရောင်အမျိုးမျိုး ပြောင်းလဲလျက်ရှိသည်။
ရဲချန်ဖန်သည် မီးတောက်မြို့ထဲ ရောက်ရှိနေပြီ ဖြစ်သော်လည်း အလျင်စလို မလှုပ်ရှားသေးပေ။ သူက မဟာ ကောင်းကင်မီးဂိုဏ်းမှ တန်ခိုးရှင် တစ်ယောက် တစ်ကိုယ်တည်း အပြင်ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းနေသည်။ ထို့နောက် တစ်ကိုယ်တည်း ထွက်လာမည့် တန်ခိုးရှင်ကို ဖမ်းဆီး စစ်ဆေးကာ ဖုယုရွှယ်ကို ဖမ်းဆီးချုပ်နှောင် ထားသည့်နေရာကို စစ်မေးရန် ကြံစည်ထားသည်။
မကြာခင်မှာပင် ရဲချန်ဖန်သည် တစ်ကိုယ်တည်း မြို့ကို ပတ်စစ်ဆေးနေသည့် မဟာ ကောင်းကင်မီးဂိုဏ်းမှ တန်ခိုးရှင် တစ်ယောက်ကို တွေ့ရှိလိုက်ရပြီး ထိုသူနောက် တိတ်တဆိတ် နောက်ယောင်ခံ လိုက်သွားသည်။ လူသူကင်းပြတ်သည့် နေရာရောက်သည်နှင့် ထိုတန်ခိုးရှင်ကို ဖမ်းဆီး စစ်မေးလိုက်ရာ ဖုယုရွှယ်ကို ဖမ်းဆီးထားသည့် နေရာကို သိရှိလိုက်ရသည်။ ဖုယုရွှယ်ကို အလွန် မှောင်မိုက်သော ကျောက်တုံး အဆောက်အအုံတစ်ခုတွင် ဖမ်းဆီး ချုပ်နှောင်ထားလေသည်။ မကြာမီပင် ရဲချန်ဖန်က ဖုယုရွှယ်ကို ဖမ်းဆီး ချုပ်နှောင်ထားသည့် အချုပ်ခန်း တည်နေရာကို တွေ့ရှိသွားသည်။
“မှော်အစီအရင် ဝင်္ကပါတွေပဲ။ တကယ်ပဲ အစ်မတော်ကို ဖမ်းထားတဲ့ နေရာကို အစွမ်း ထက်လှတဲ့ မှော်ဝင်္ကပါနဲ့ ကာကွယ်ထားတာပဲ”
ရဲချန်ဖန်၏ အစွမ်းထက်သော စိတ်ဝိညာဉ်အာရုံက အဆောက်အအုံကို ကာကွယ်ထားသည့် မှော်ဝင်္ကပါ ရှိနေသည်ကို ထောက်လှမ်း သိရှိသွားသည်။ ရဲချန်ဖန်က အမှောင်ထဲတွင် ပုန်းအောင်းကာ နတ်ဦးနှောက် အသုံးပြု၍ မှော်ဝင်္ကပါကို ချိုးဖောက်ရန် ကြိုးစားနေသည်။
အချိန်အနည်းငယ် ကြာပြီးနောက် ရဲချန်ဖန်က မှော်ဝင်္ကပါကို ချိုးဖောက် လိုက်နိုင်ရာ အဆောက်အအုံနားသို့ တိတ်တဆိတ် ချဉ်းကပ် သွားသည်။ အဆောက်အအုံနား ရောက်သည်နှင့် ရဲချန်ဖန်က ဓားစက်ရုပ်ကို ဆင့်ခေါ်လိုက်ပြီး အဆောက်အအုံ အပြင်၌ စောင့်ကြပ်နေရန် အမိန့်ပေး လိုက်သည်။
ထို့နောက် ရဲချန်ဖန်က အဆောက်အအုံထဲ ဝင်ရောက်သွားရာ ဖုယုရွှယ်ကို အခန်း ကျဉ်းလေး တစ်ခုထဲတွင် ဖမ်းဆီးထားသည်ကို တွေ့လိုက်ရသည်။ ဖုယုရွှယ်သည် သစ်သား ထုတ်တန်းတွင် တွဲချည်ခံထားသဖြင့် လေထဲတွင် တွဲလောင်းဖြစ်နေကာ ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး မေ့မြောနေသည်။
“စိတ်ဝိညာဉ် အချုပ်အနှောင်လား…”
ရဲချန်ဖန်က ဖုယုရွှယ်အနား အလျင်အမြန် ချဉ်းကပ်ကာ ဖုယုရွှယ် ခန္ဓာကိုယ်ရှိ ဒဏ်ရာများကို စစ်ဆေးလိုက်သည်။ စစ်ဆေးပြီးသည့်နောက် ဖုယုရွှယ်၏ အပြင်ခန္ဓာကိုယ်တွင် ကြီးကြီးမားမား ဒဏ်ရာ မရှိသော်လည်း သူမ၏ စိတ်ဝိညာဉ်ကို မှော်အစီအရင်နှင့် ချုပ်နှောင်ထားသည်ကို တွေ့လိုက် ရသည်။ စိတ်ဝိညာဉ် အချုပ်အနှောင်ကြောင့် ဖုယုရွှယ်၏ စိတ်ဝိညာဉ်ထဲသို့ မှော်အစီအရင် ထည့်သွင်း ထားသူက ဆန္ဒရှိသလို ဖုယုရွှယ်ကို အချိန်မရွေး သတ်ပစ်နိုင်စွမ်း ရှိလေသည်။
ရဲချန်ဖန် အနည်းငယ် စဉ်းစားလိုက်ပြီးနောက် နတ်ဦးနှောက်အစွမ်းကို အသုံးပြုကာ ဖုယုရွှယ် ကိုယ်ထဲရှိ စိတ်ဝိညာဉ် အချုပ်အနှောင်ကို ချိုးဖျက်ရန် ကြိုးစားလိုက်သည်။ သူမ စိတ်ဝိညာဉ် နယ်ပယ်ထဲရှိ စိတ်ဝိညာဉ် အချုပ်အနှောင်ကို ဖျက်ဆီးပြီးမှသာ ကျောက်တုံး အဆောက်အအုံမှ ထွက်ခွာ ခြင်းသည် အန္တရာယ်အကင်းဆုံး နည်းလမ်းဖြစ်သည်။
သို့မဟုတ်ပါက ဖုယုရွှယ် လွတ်မြောက် သွားသည်ကို စိတ်ဝိညာဉ် အချုပ်အနှောင်မှ တစ်ဆင့် အာရုံခံမိပြီး မှော်အစီအရင် ထည့်သွင်းသူက စိတ်ဝိညာဉ် အချုပ်အနှောင်ကို ဖျက်ဆီးလိုက်ပါက ဖုယုရွှယ် သေဆုံးသွားမည် စိုးသောကြောင့် ဖြစ်သည်။
ရဲချန်ဖန်က ဖုယုရွှယ်ကိုယ်ထဲ ဝိညာဉ်စွမ်းအင်များ ဖြည့်သွင်းပြီး စိတ်ဝိညာဉ် အချုပ်အနှောင်ကို ဖျက်ဆီးနေစဉ် အသံတစ်ခု ထွက်ပေါ်လာသည်။
“ရဲချန်ဖန်… မင်း အခုတော့ ရောက်လာပြီ ဟုတ်လား။ ငါတို့ မင်းကိုစောင့်နေတာ ကြာနေပြီကွ။ ဟား… ဟား…”
မီးခန်းမ သခင်၏ အလွန် ကျေနပ်အားရသော ရယ်သံနှင့်အတူ အဆောက်အဦ တစ်ခုလုံးကို မဟာ ကောင်းကင်မီးဂိုဏ်းက အကြီးအကဲ ဆယ့်ရှစ်ဦးက ဝိုင်းထားသည်ကို တွေ့လိုက်ရသည်။ ရဲချန်ဖန်က မီးခန်းမ သခင်နှင့် တခြားလူများကို ဂရုမစိုက်ဘဲ ဝိညာဉ်စွမ်းအင်များ အဆက်မပြက် ဖုယုရွှယ်ကိုယ်ထဲ ဖြည့်သွင်းကာ စိတ်ဝိညာဉ် အချုပ်အနှောင်ကို ချိုးဖျက်ရန် ကြိုးစားနေသည်။
“ရဲချန်ဖန်… မင်း မိုက်မိုက်မဲမဲ မလုပ်ချင်စမ်းပါနဲ့။ အဲဒီစိတ်ဝိညာဉ် အချုပ်အနှောင်က မင်း ဖျက်ဆီးလို့ ရနိုင်တဲ့အရာ မဟုတ်ဘူးကွ။ မင်းသာ လိမ်လိမ်မာမာ ငါတို့ပြောစကား နားထောင်ရင် ငါတို့သနားပြီး သူ့အသက်ကို ချမ်းသာပေးရင် ပေးမှာကွ…..”
မီးခန်းမသခင်က သူတို့ကို လျစ်လျှူရှုပြီး ဖုယုရွှယ်၏ စိတ်ဝိညာဉ် နယ်ပယ်ရှိ စိတ်ဝိညာဉ် အချုပ်အနှောင်ကိုသာ ချိုးဖျက်ရန် ရဲချန်ဖန် ကြိုးစားနေသည်ကို တွေ့သောအခါ လှောင်ပြောင် သရော်လိုက်သည်။ မီးခန်းမသခင်၏ စကားပင် မဆုံးခင်မှာပင် ဖုယုရွှယ်ဆီမှ ဝိညာဉ်စွမ်းအင်များ လှုပ်ရှား ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ရဲချန်ဖန်က ဝိညာဉ် စွမ်းအင်များ အစွမ်းကုန် ဖြည့်သွင်းပြီး စိတ်ဝိညာဉ် အချုပ်အနှောင်ကို ချိုးဖျက်ကာ ဖုယုရွှယ်အသက်ကို ကယ်တင်လိုက်ခြင်း ဖြစ်သည်။
“ဟင်… ကျိုးပျက်သွားတာလား….”
“ဘာ… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”
ဖုယုရွှယ်၏ စိတ်ဝိညာဉ် နယ်ပယ်ထဲရှိ စိတ်ဝိညာဉ် အချုပ်အနှောင် ကျိုးပျက်သွားသည်ကို မီးခန်းမ သခင်တို့ ခံစား သိရှိလိုက်သည်နှင့် သူတို့၏မျက်နှာတွင် မယုံနိုင်သော အမူအရာများ ထွက်ပေါ်လာသည်။ ရဲချန်ဖန်သည် တိုက်ခိုက်မှုမှာသာ အစွမ်းထက်နေသည် မဟုတ်ဘဲ မှော်အစီအရင် ကိုပါ ကျွမ်းကျင်စွာ နားလည် တတ်မြောက်ထားသည်ကို မယုံနိုင် ဖြစ်နေကြသည်။
“ချန်ဖန်… ရှင်… ဒီနေရာကို ဘယ်လိုလုပ် ရောက်လာရတာလဲ။ ဒီနေရာက အရမ်း အန္တရာယ်များတယ်။ ရှင် ကျွန်မကို ထားပြီး ထွက်ပြေးတော့…”
စိတ်ဝိညာဉ် အချုပ်အနှောင်က ကျိုးပျက်သွားသောကြောင့် ဖုယုရွှယ်က တဖြည်းဖြည်း ပြန်လည် သတိရလာသည်။ မျက်လုံး ဖွင့်လိုက်သည်နှင့် သူမက ရဲချန်ဖန် ရင်ခွင်ထဲ ရောက်နေသည်ကို တွေ့လိုက်ရရာ သူမ၏ လှပလွန်းသော မျက်လုံးရွဲကြီးများက ဝိုင်းစက်ကာ အံ့သြဝမ်းသာ သွားလေ သည်။ သို့သော် ချက်ချင်းပင် အလွန်ထိတ်လန့်သည့် အမူအရာ ဖြစ်ပေါ်လာပြီး ရဲချန်ဖန်ကို အလျင်အမြန် ထွက်ပြေးရန် တိုက်တွန်းလိုက်သည်။
“အပိုတွေ ပြောမနေနဲ့… ဒီနေ့… မင်း အတောင်ပါရင်တောင် မလွတ်ဘူး…”
မီးခန်းမ သခင်က တုန်လှုပ်နေသော်လည်း သွေးဆာနေသည့် သားရဲအလား ရဲချန်ဖန်ကို စိုက်ကြည့်နေသည်။ ထို့နောက် ကျောက်တုံး အဆောက်အအုံကို လွှမ်းခြုံထားသည့် မှော်ဝင်္ကပါကို အသက် သွင်းလိုက်သည်။ မှော်အစီအရင်ကို မီးခန်းမ သခင်၏ စိတ်ဝိညာဉ်နှင့် ထိန်းချုပ်ထားသဖြင့် သူစိတ်ကူး လိုက်သည်နှင့် မီးဘောလုံး ထောင်ပေါင်းများစွာက ဖြစ်ပေါ်လာပြီး ရဲချန်ဖန်ဆီ ဥက္ကာပျံများ အလား ဝင်ရောက် တိုက်ခိုက်ကြတော့သည်။
မီးဘောလုံးများသည် အလွန်လျင်မြန်လွန်းရာ ရဲချန်ဖန် တစ်ကိုယ်လုံးကို မီးဘောလုံးများဖြင့် ဖုံးလွမ်းသွားပြီး မီးလောင်ပြာကျ သွားလိမ့်မည်ဟုပင် ထင်ရလေ သည်။ လက်တွေ့တွင်မူ ရဲချန်ဖန်က ဖုယုရွှယ်ကို ချီပိုးထားရ သော်လည်း မီးဘောလုံးများကို အလွယ်တကူ ရှောင်တိမ်းနေသည်။
“ဘယ်လို ရှောင်လိုက်တာလဲ…”
ရဲချန်ဖန်က မီးဘောလုံးများကို ရှောင်တိမ်းလိုက်သည့် မြင်ကွင်းက မီးခန်းမ သခင်နှင့် တခြားလူများကို ပိုမို အံ့သြသွားစေသည်။ သူတို့စိတ်ထဲတွင် အလွန့်အလွန်ကို မယုံကြည်နိုင် ဖြစ်နေကြသည်။
“ဒီရဲချန်ဖန်ကို သတ်ပစ်မှ ရမယ်။ မဟုတ်ရင် မဟာ ကောင်းကင်မီးဂိုဏ်း ဂြိုဟ်ဆိုး ဝင်လိမ့်မယ်”
ရဲချန်ဖန်၏ ခြိမ်းခြောက်မှု အန္တရာယ်က အလွန်ကြီးမားလှသဖြင့် ဓားခန်းမ သခင်နှင့် တခြား အကြီးအကဲများက ရဲချန်ဖန်ကို ဝင်ရောက် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
တိုက်ပွဲကြီးတစ်ခု စတင်တော့မည် ဖြစ်သည်။
*****
စာစဉ် (၁၀)
အခန်း (၁၆၇)
ဟောင်လင်းရှန်နှင့် ရဲချန်ဖန်
“ချန်ဖန်… ရှင် ကျွန်မကို ငဲ့မနေနဲ့။ ရှင်မြန်မြန် မသွားရင် ရှင်ပါသေလိမ့်မယ်…”
ဖုယုရွှယ်သည် ရဲချန်ဖန်ကို မဟာ ကောင်းကင်မီးဂိုဏ်းက သတ်ရန် ကြိုးစားနေသည်ကို နားလည်ထားရာ မီးခန်းမ သခင်တို့ကို မြင်သည်နှင့် ရဲချန်ဖန်အတွက် အလွန်စိတ်ပူကာ ထွက်ပြေးရန် တိုက်တွန်းနေခြင်း ဖြစ်သည်။
“ငါတို့အတူ သွားမယ် ဟုတ်ပြီလား…”
ရဲချန်ဖန်က ကောက်ကျစ်စွာ ပြုံးလိုက်ပြီး အေးဆေး တည်ငြိမ်ဟန်ဖြင့် ဖုယုရွှယ်ကို နှစ်သိမ့် လိုက်သည်။
“လေကြီးလေကျယ်နဲ့… မင်း သူ့ကိုပါ ဘယ်လို ကယ်ထုတ် သွားမလဲဆိုတာ ကြည့်ချင်စမ်း ပါဘိ…”
လူသတ်အော်ရာများ ထွက်နေသည့် မီးခန်းမ သခင်က ရဲချန်ဖန်ကို လှောင်ပြောင်လိုက်သည်။
“ဦးလေးရှီ… ကျေးဇူးပြုပြီး အဲဒီလူတွေကို ဆုံးမပေးစမ်းပါ…”
ရဲချန်ဖန်က ကြောက်ရွံ့ဟန် မပြဘဲ အမှောင်ထဲသို့ လှမ်းအော်လိုက်သည်။ ရဲချန်ဖန် အသံ ဆုံးသည်နှင့် ပြိုင်ဘက်ကင်း ဓားအော်ရာများ ထွက်ပေါ်နေသည့် လူတစ်ဦးက ဝင်္ကပါကြီးကို ထိုးခွဲ ဝင်ရောက်လာသည်။
“ဦးလေးရှီ… ဟုတ်လား… ရဲချန်ဖန် ဆရာကပါ ပါဝင်လာပြီနဲ့ တူတယ်…”
ဓားစက်ရုပ်သည် အနက်ရောင် ဝတ်စုံဝတ်ထားပြီး ပြင်းထန်လှသော အော်ရာများ ထွက်ပေါ်နေရာ ဓားခန်းမသခင်လို အစွမ်းထက်လှသည့် တန်ခိုးရှင်ပင် ကြောက်မက်ဖွယ် သေမင်းကို မြင်နေရသလို ခံစားလိုက်ရသည်။
“ဒီက ကောင်တွေကို ငါတာဝန်ယူလိုက်မယ်… မင်းတို့ ဒီနေရာက အရင်ထွက်သွားတော့…”
ဓားစက်ရုပ်က ရဲချန်ဖန်ကို ပြောလိုက်သည်။ အမှန်မှာ ရဲချန်ဖန်၏ စိတ်ဝိညာဉ် ထိန်းချုပ်မှုဖြင့် ဓားစက်ရုပ်ကို သူ၏ ဦးလေးပုံ ဟန်ဆောင်ကာ စကားပြောခိုင်းခြင်း ဖြစ်သည်။
“မီးဥက္ကာပျံ…”
ဓားစက်ရုပ်မှ ထွက်နေသော ကြောက်ခမန်းလိလိ အော်ရာကြောင့် မီးခန်းမသခင်သည် ဝင်္ကပါထဲ ဝိညာဉ်စွမ်းအင်များ အစွမ်းကုန် ထည့်သွင်းကာ မီးဥက္ကာပျံများဖြင့် ဓားစက်ရုပ်ကို တိုက်ခိုက် လိုက်သည်။ ဓားစက်ရုပ်သည် မီးဥက္ကာပျံခဲများ သူ့ထံ ဝင်ရောက် လာသော်လည်း ရှောင်တိမ်းခြင်း မပြုဘဲ မီးဥက္ကာပျံခဲများကို သူ့ကိုယ်နှင့် ထိမှန်ပေါက်ကွဲခွင့် ပြုထားလိုက်သည်။ ရှောင်တိမ်းလိုက်ပါက စွမ်းအင်များ သုံးစွဲရမည် ဖြစ်သောကြောင့် ဓားစက်ရုပ်က မရှောင်တိမ်းခြင်း ဖြစ်သည်။ ဓားစက်ရုပ်ကို အလွန်မာကျော၊ ရှားပါးသည့် ဓာတ်သတ္တုများနှင့် ပေါင်းစပ် သွန်းလုပ်ထားရာ ဓားစက်ရုပ် ပျက်စီးသွားမည်ကို ရဲချန်ဖန် စိုးရိမ်ခြင်း လုံးဝမရှိချေ။
“ဘာလဲဟ… သူ့ခန္ဓာကိုယ်က လူရော ဟုတ်သေးရဲ့လား…”
မီးပင်လယ်ထဲတွင် ထိခိုက်ဒဏ်ရာ တစ်စက်မှမရဘဲ တည်ငြိမ်စွာ ရပ်နေသည့် ဓားစက်ရုပ်ကို ကြည့်ပြီး မီးခန်းမသခင်တို့ အလွန် တုန်လှုပ်သွားသည်။
“မင်းတို့အစွမ်းက ဒါအကုန်ပဲလား…”
ဓားစက်ရုပ်က မေးလိုက်ပြီးနောက် မီးခန်းမသခင်နှင့် တခြားလူများကို ဓားစက်ရုပ်က စတင် တိုက်ခိုက်လိုက်သည်။
“ဘေးလွတ်ရာကိုရှောင်ကြဟေ့…….”
ဓားအလင်း၏ အစွမ်းကိုကြည့်ပြီး မီးခန်းမသခင်တို့ အလွန်ထိတ်လန့်ကာ ပျာပျာသလဲ ရှောင်တိမ်းလိုက်ကြသည်။
“ဓားစက်ရုပ်… သူတို့ကို အမြန်ဆုံး ရှင်းပစ်လိုက်…”
စွမ်းအင်မှာ အကန့်အသတ်ရှိ၍ ရဲချန်ဖန်သည် ဓားစက်ရုပ်ကို အမိန့်ပေးလိုက်သည်။
ဓားစက်ရုပ်က အလွန် အစွမ်းထက်နေရာ မီးခန်းမသခင်နှင့် တခြား အကြီးအကဲများသည် ဝိညာဉ် စွမ်းအင်များကို အစွမ်းကုန် ဖြည့်သွင်းလိုက်ရာ ဝင်္ကပါဆီမှ ဝိညာဉ် စွမ်းအင်များဖြင့် ဖွဲ့စည်း ထားသည့် ကြီးမားလှသော မီးခြင်္သေ့ကြီး တစ်ကောင် ထွက်ပေါ်လာပြီး ဓားစက်ရုပ် တိုက်ခိုက်မှုကို ခုခံလိုက်သည်။ သို့သော် ဓားစက်ရုပ် တိုက်ခိုက်မှုက အလွန် အစွမ်းထက်နေရာ မီးခြင်္သေ့ကြီးသာ အပိုင်းပိုင်း ပြတ်ထွက်သွားသည်။
ဝိညာဉ် စွမ်းအင်များနှင့် ဖွဲစည်းထားသည့် မီးခြင်္သေ့ကြီး ပျောက်ကွယ် သွားပြီးနောက် ဝင်္ကပါကြီးသည် ဓားစက်ရုပ် တိုက်ခိုက်မှုကို မခုခံနိုင်တော့ပဲ ပျက်ဆီး သွားသည်။ ထိုအချိန်တွင် ရဲချန်ဖန်သည် ဖုယုရွှယ်ကို ပွေ့ဖက်လျက် ကျောက်တုံး အဆောက်အအုံ အပြင်၍ ထွက်ပေါ်လာသည်။ ရဲချန်ဖန်က အပြင်ရောက်သည်နှင့် သူ၏ အစွမ်းထက်လှသည့် စိတ်အာရုံက အန္တရာယ် အငွေ့အသက်ကို ရရှိလိုက်ပြီး တစ်ကိုယ်လုံးမှ အမွေးများပင် ထောင်သွားရသည်။
ရဲချန်ဖန်သည် စဉ်းစားနေခြင်း မပြုဘဲ ချက်ချင်းပင် အရိပ်မဲ့သိုင်းကို အသုံးပြုကာ ရပ်နေသည့် နေရာမှ ရှောင်ထွက်လိုက်သည်။ သူရှောင်ပြီးသည်နှင့် တစ်ပြိုက်နက် သူနဂိုရပ်နေသော နေရာတွင် ကြီးမားနက်ရှိုင်းသော တွင်းပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာသည်။
“ငါ့ကို မဟာသားရဲ ဘိုးဘေး တတိယအဆင့် တန်ခိုးရှင်က တိုက်ခိုက်လိုက်တာလား…”
ညအမှောင်ထုထဲကို ကြည့်ပြီး ရဲချန်ဖန် မျက်နှာမှာ အလွန်လေးနက်သွားသည်။ သူသည် အန္တရာယ်တောထဲ ကျရောက်နေပြီ ဖြစ်သည်။
“မင်းရှောင်တာ မြန်သားပဲ။ မဟုတ်ရင် မင်းသေပြီး နေလောက်ပြီ…”
အမှောင်ထုထဲမှ ဟောင်လင်းရှန်က စကားပြောရင်း ရဲချန်ဖန်တို့ဆီ တစ်လှမ်းချင်း လျှောက်လှမ်းကာ ထွက်ပေါ်လာသည်။ ဟောင်လင်းရှန် ကိုယ်မှ အလွန်ပြင်းထန်သော အော်ရာက ထွက်ပေါ်နေပြီး ရဲချန်ဖန်ကို အဆက်မပြတ် ဖိနှိပ်နေသည်။
“ဓားအင်အား… ကျိုးပဲ့စမ်း…”
ဟောင်လင်းရှန် ပေးနေသော ဖိအားကို ရဲချန်ဖန်က ဓားအင်အားဖြင့် အစွမ်းကုန်ထုတ်လွှင့်ကာ ဖြိုခွဲလိုက်သည်။ ဖိအားက ပျက်စီးသွားနှင့် ရဲချန်ဖန် စိတ်အနည်းငယ် အေးသွားမိသည်။
“ဓားအင်အား အမြင့်ဆုံးအဆင့်…”
ရဲချန်ဖန်ဆီမှ ဓားအင်အားကို ကိုယ်တိုင်မျက်မြင် ကြုံလိုက်ရ၍ ဟောင်လင်းရှန် မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။
“ရဲချန်ဖန်… မင်းက အသက် နှစ်ဆယ်တောင် မပြည့်သေးဘူး… ဓားအင်အား နဝမအဆင့်ကို အမြင့်ဆုံးအဆင့်ထိ ရောက်အောင် လေ့ကျင့်နိုင်တယ်။ မင်းလို ပြိုင်ဘက်ကင်း ပါရမီရှင်ကို မြင်ဖူးဖို့ မပြောနဲ့ ကြားတောင် မကြားဖူးခဲ့ဘူး။ ငါ မင်းကို တကယ် မသတ်ချင်ဘူး။ ဒီလိုလုပ်… မင်း ငါ့တပည့်လုပ်… မင်းသာ လိမ်လိမ်မာမာနဲ့ ငါ့စိတ်ဝိညာဉ် အချုပ်အနှောင်ကို မင်းရဲ့ စိတ်ဝိညာဉ် နယ်ပယ်ထဲ ထည့်တာလက်ခံ။ ဒါဆိုရင်… မင်းကို အသက်ချမ်းသာခွင့် ပြုမယ်…”
ဟောင်လင်းရှန်က ပြောလိုက်သည်။
“ခင်ဗျားက… ကျွန်တော့်ဆရာ ဖြစ်ချင်တယ် ဟုတ်လား။ ခင်ဗျားမှာ အဲဒီလို အရည်အချင်း မရှိဘူး…”
ရဲချန်ဖန်က အေးစက် မာကျောစွာ ခပ်ရိုင်းရိုင်းပင် ပြန်ပြောလိုက်သည်။
“ဒီလိုဆိုလည်း… ငါ့မှာ အဲဒီအရည်အချင်း ရှိမရှိဆိုတာ… ကြည့်ကြတာပေါ့…”
ဟောင်လင်းရှန်ဆီမှ ပြင်းထန်သော လူသတ်အော်ရာများ ထွက်ပေါ်လာသည်။ ဟောင်လင်းရှန် က အနီရောင် ပေတံကဲ့သို့ လက်နက်ကို ထုတ်လိုက်ပြီး ပြင်းထန်သည့် မီးမုန်တိုင်းအလား ရဲချန်ဖန်ကို တိုက်ခိုက်လိုက်သည်။
“အစ်မတော်ဖု… ကိုယ့်ဘာသာကိုယ် ဂရုစိုက်…”
ဟောင်လင်းရှန်ဆီမှ ပြင်းထန်သော လူသတ်အော်ရာ ထွက်လာသည်နှင့် သူ့ရင်ခွင်ထဲတွင် ရှိနေသော ဖုယုရွှယ်ကို လွှတ်လိုက်ပြီး ကောင်းကင်ဓားကို ထုတ်ယူကာ ဟောင်လင်းရှန်၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။
“ဓားအင်အား အမြင့်ဆုံးအဆင့်… ပေါင်နှစ်သိန်းစွမ်းအား…”
ဟောင်လင်းရှန်က အားကုန်သုံး တိုက်ခိုက်လိုက်သည်နှင့် ရဲချန်ဖန်လည်း အားကုန်ထုတ်ကာ ပြန်လည် တိုက်ခိုက်လိုက်သည်။
“ဝုန်း… ဝုန်း…”
အစွမ်းကြီးမားသည့် စစ်တပ်ကြီးနှစ်ခု တိုက်ခိုက်နေသည့် အလား နေရာအနှံ့တွင် မီးတောက်များ ပေါက်ကွဲထွက်နေသည်။ တိုက်ခိုက်မှုက ထိပ်တိုက် တွေ့ဆုံသွားချိန်တွင် ပြင်းထန်သော ပေါက်ကွဲမှုက ဖြစ်ပေါ်လာသည်။
“အွန့်…”
ဟောင်လင်းရှန်၏ သိုင်းတစ်ကွက်သာ ခုခံလိုက်ရသော်လည်း ရဲချန်ဖန် တစ်ကိုယ်လုံး တုန်ခါကာ သွေးများလည်း ပေါက်ကွဲမတတ် ပူလောင်လာသည်။ ထို့ကြောင့် ရဲချန်ဖန် သွေးတစ်ပွက် အန်ထုတ် လိုက်လေသည်။
“ကောင်းကင်အဆင့် ဓား… မင်းလက်ထဲမှာ ကောင်းကင်အဆင့် ရတနာ ရှိနေတာပဲ…”
သူ၏ တိုက်ခိုက်မှုကို ခုခံလိုက်နိုင်သောကြောင့် ဟောင်လင်းရှန် အကြည့်များက ရဲချန်ဖန် လက်ထဲရှိ ကောင်းကင်အဆင့် ဓားထံ ရောက်ရှိသွားသည်။ ကောင်းကင်အဆင့် ရတနာသည် နှင်းမြောက်နိုင်ငံတွင် မမြင်တွေ့ရသည်မှာ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။ ကောင်းကင်အဆင့် ဓားကိုကြည့်ရင်း ဟောင်လင်းရှန်က ဓားကို ပိုင်ဆိုင်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည်။
“ချန်ဖန်… ရှင်… အဆင်ပြေရဲ့လား…”
ရဲချန်ဖန် ဒဏ်ရာရသွားသည်ကို ကြည့်ပြီး ဖုယုရွှယ်သည် နှလုံးသားများ နာကျင်သွားရသည်။ သူမက ရဲချန်ဖန်ဆီ အပြေးတစ်ပိုင်း ရောက်လာကာ စိုးရိမ်တကြီး မေးလိုက်သည်။
“ကျွန်တော် အဆင်ပြေပါတယ်….”
ရဲချန်ဖန်က နှုတ်ခမ်းထောင့်တွင် ပေနေသော သွေးများသုတ်လိုက်ကာ ဒဏ်ရာများ ပိုဆိုး မလာစေရန် သွေးကြောများ ထိုးပိတ်လိုက်သည်။ ဟောင်လင်းရှန်၏ သိုင်းကွက်တစ်ကွက်မျှ ခုခံရုံနှင့် သူနှင့် ဟောင်လင်းရှန်တို့အစွမ်း ကွာခြားမှုကို ရဲချန်ဖန် သေချာ နားလည်သွားသည်။ သူ ဓားအင်အား နဝမအဆင့်နှင့် ကောင်းကင်အဆင့် ဓားတို့ကို အသုံးမပြုပါက ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။ သို့သော် ရဲချန်ဖန်က ဟောင်လင်းရှန်ကို ကြောက်ရွံ့ခြင်း အလျဉ်းမရှိပေ။ သူ့တွင် အသုံးမပြုရ သေးသော လျှို့ဝှက်ချက်များ ရှိသည်မဟုတ်ပါလော။ ထိုအရာများကို ထုတ်သုံးလိုက်ပါက ဟောင်လင်းရှန်ကိုပင် အနိုင်ရမည်ဟု ရဲချန်ဖန်တွင် ယုံကြည်ချက် ရှိနေသည်။