အခန်း (၁၆၅)
ဘိုးဘေး မီးတောက်ဝိညာဉ်
“ယား…”
မဟာ ကောင်းကင်မီးဂိုဏ်းမှ ကောင်းကင် သားရဲဘုရင် ပဉ္စမအဆင့် တန်ခိုးရှင် ငါးယောက်ကို ရဲချန်ဖန်က သိုင်းတစ်ကွက်တည်းဖြင့် သတ်လိုက်သော မြင်ကွင်းသည် ယွမ်လောင်လောင် အပါအဝင် လူအုပ်ကြီးကို အသည်းများပင် တုန်အောင် ကြောက်လန့် သွားစေသည်။
“အရမ်း အစွမ်းထက်တာပဲ။ အဲဒီလိုဓားချက်က လူသားတွေ ထုတ်သုံးနိုင်စွမ်း ရှိလား… ဓားတစ်ချက်တည်းနဲ့ မဟာ ကောင်းကင်မီးဂိုဏ်းက အကြီးအကဲ ငါးယောက်ကို သတ်ပစ်လိုက် နိုင်တယ်…”
ဓားချက်ကို မြင်ခဲ့သူတိုင်းသည် အိပ်မက်မက်နေသလို ခံစားနေမိကြသည်။ ရဲချန်ဖန်ကို ကြည့်သော အကြည့်က ပြောင်းလဲသွားပြီး ကြောက်ရွံ့လေးစားမှုက သူတို့စိတ်ထဲတွင် အလိုလို ဖြစ်ပေါ် လာသည်။
တရားစီရင်ရေး သိုင်းကို အသုံးပြုပြီးနောက် ရဲချန်ဖန် ကိုယ်ထဲတွင် ဝိညာဉ် စွမ်းအင်များ ကုန်ခမ်းသလောက် ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်သည် အလွန် အားနည်းနေပြီး မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ရဲချန်ဖန်က မဟာ ကောင်းကင်မီးဂိုဏ်းမှ အကြီးအကဲများ၏ သိုလှောင် အိတ်များ သိမ်းဆည်းနေသည်ကို မည်သူတစ်ယောက်မှ သွား၍ ရဲချန်ဖန်ကို ပြဿနာ မရှာဝံ့ချေ။
ရဲချန်ဖန် ကသိုလှောင်အိတ်များကို သိမ်းဆည်းပြီးနောက် လှည့်ထွက်လာရာ လူအုပ်ကြီးက ရဲချန်ဖန် သွားဖို့လမ်းကို ရှဲပေးလိုက်ကြပြီး ရဲချန်ဖန် အနား မကပ်ဝံကြပေ။ ရဲချန်ဖန် တဖြည်းဖြည်း အဝေးသို့ဝင်ရောက် ပျောက်ကွယ်သွားသည်ကို ကြည့်ရှုနေကြသည်။
“ဒီရဲချန်ဖန်က အရမ်း အစွမ်းထက်တာပဲ။ သူက လျှို့ဝှက် ဝိညာဉ်ဘုံထဲက ပညာ အမွေအနှစ် တွေ ရခဲ့တာ သေချာတယ်။ မဟုတ်ရင် ဘယ်လိုလုပ်… ဒီလိုအစွမ်းထက်တဲ့ ဓားသိုင်းကို ထုတ်သုံး နိုင်မှာလဲ”
ယွမ်လောင်လောင်သည် ရဲချန်ဖန် သတင်းများက လိုသည်ထက် ချဲ့ကား၍ ပိုမိုပြောဆိုနေသည် ဟုသာ ထင်မှတ်ထားခဲ့သည်။ ယခု သူမ ကိုယ်တိုင် မျက်မြင်တွေ့ကြုံ ရပြီးနောက် ရဲချန်ဖန်သည် သတင်းများထက် အပြင်တွင် များစွာပို၍ ကြောက်မက်ဖွယ် ကောင်းကြောင်း နားလည်သွားသည်။ ရဲချန်ဖန် အသုံးပြုခဲ့သော ဓားချက်သည် သူမ မဆိုထားနှင့် မဟာသားရဲ ဘိုးဘေးအဆင့် တန်ခိုးရှင်ပင် ခုခံနိုင်ရန် မလွယ်ဟု သူမထင်သည်။
“တရားစီရင်ရေး သိုင်းကွက်တွေက အရမ်း အစွမ်းထက်တာပဲ။ ဒါပေမဲ့ ဝိညာဉ်စွမ်းအင် ကုန်ဆုံးနှုန်းက ကြောက်စရာပဲ”
ရဲချန်ဖန်သည် အသက်ကို ပါးစပ်မှ တစ်ချက်ချင်း ရှူသွင်းနေရသည်။ သူက အဖိုးထိုက်တန် သော ဝိညာဉ်စမ်းရေကို သောက်သုံးခြင်း မပြုပေ။ ဝိညာဉ်ဆေးလုံး နှစ်လုံးကိုသာ သောက်သုံးပြီး ကုန်ခမ်းသွားသော ဝိညာဉ်စွမ်းအင်ကို ပြန်လည် ဖြည့်တင်းလိုက်သည်။ ထို့နောက် နှင်းတောင်မြို့၏ တောင်ဘက်အရပ်သို့ ထွက်လာခဲ့သည်။
ရဲချန်ဖန် မဟာ ကောင်းကင်မီးဂိုဏ်းမှ အကြီးအကဲ ငါးယောက်ကို သတ်ဖြတ်မှုမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသဖြင့် နောက်ယောင်ခံ လိုက်နေသော မဟာ ကောင်းကင်မီးဂိုဏ်းမှ တန်ခိုးရှင်များသည် ရဲချန်ဖန်ကို ဟန့်တားရဲခြင်း မရှိပေ။ ရဲချန်ဖန်မြို့က ထွက်သွားသည့်တိုင် သူတို့သည် ဘာမှ မလုပ်ဝံ့တော့ချေ။
***
“ဘာ… ရဲချန်ဖန်က နှင်းတောင် မြို့တော်ထဲမှာ ဝင်္ကပါ အကူအညီနဲ့ တိုက်ခိုက်တဲ့ ငါတို့ မဟာ ကောင်းကင်မီးဂိုဏ်းက အကြီးအကဲ ငါးယောက်ကို တစ်ချက်တည်းနဲ့ သတ်သွားတယ်… ဟုတ်လား…”
ထိုသတင်းကို ကြားပြီးနောက် မဟာ ကောင်းကင်မီး ဂိုဏ်းချုပ်ကြီးသည် ဒေါသများ အလိပ်လိပ် ထွက်ကာ တစ်ကိုယ်လုံး တုန်ယင်နေသည်။ တချို့အကြီးအကဲများ ဆိုလျှင် ကြားရသည်ကို မယုံနိုင် ဖြစ်နေကြသည်။
“ဘယ်လိုလုပ်… ရဲချန်ဖန် ဒီလောက်မြန်မြန် အစွမ်းထက် လာတာလဲ။ သူ့တိုက်ခိုက်မှုက အရမ်း အစွမ်းထက်နေတယ်…”
မဟာ ကောင်းကင်မီး ဂိုဏ်းချုပ်ဖြစ်ပြီး ကောင်းကင် သားရဲဘုရင် ဆဋ္ဌမအဆင့် တန်ခိုးရှင် ဖြစ်သော သူကိုယ်တိုင်ပင် ထိုကဲ့သို့ မလုပ်နိုင်သည်ကို နားလည်ထားလေသည်။
“ကြည့်ရတာ… ဒါ ကောင်းကင်အဆင့် ရတနာဓားကြောင့် ဖြစ်မယ်…”
ဟောင်ရန် မသိသည်မှာ ရဲချန်ဖန်တွင် တာအိုအဆင့် သိုင်းပညာ ရှိနေသည်ကို ဆိုခြင်းပေ။ ထို့ကြောင့် သူက ရဲချန်ဖန် ဤမျှ အစွမ်းထက်နေသည်မှာ ကောင်းကင်အဆင့် ဓားကြောင့်ဟု လွဲမှားစွာ ထင်မှတ်သွားသည်။ ဟောင်ရန် စိတ်ထဲတွင် ကောင်းကင်အဆင့် ရတနာဓားကို ပိုမိုလိုချင် လာလေသည်။
“ဒီ ရဲချန်ဖန်ကို သတ်ပစ်မှ ရမယ်။ ပြီးတော့ သူလက်ထဲက ကောင်းကင်အဆင့်ရတနာဓား ကငါတို့ပဲပိုင်ဆိုင်ရမယ်”
ဟောင်ရန်က အသက်ပြင်းပြင်း ရှူကာ စိတ်တည်ငြိမ်အောင် အရင်ကြိုးစားလိုက်သည်။ ရဲချန်ဖန် အစွမ်းကို သိပြီးနောက် သူကိုယ်တိုင် ရဲချန်ဖန်ကို မကိုင်တွယ်နိုင်ကြောင်း နားလည်လိုက် သည်။ ရဲချန်ဖန်ကို ယခုအချိန် မသတ်နိုင်ပါက အနာဂတ်တွင် မည်သို့မျှ မဖြစ်နိုင်ကြောင်း ဟောင်ရန်က သိရှိနေသည်။
“အင်း… ကြည့်ရတာ… ငါ… ဆရာကို အကူအညီ သွားတောင်းမှပဲ ရမယ်နဲ့တူတယ်”
ထို့နောက် ဂိုဏ်းချုပ်ကြီး ဟောင်ရန်သည် မဟာ ကောင်းကင်မီးဂိုဏ်းမှ တိတ်တဆိတ် ထွက်ခွာ သွားလေသည်။
***
“ဆရာ… ဟောင်ရန် ဆရာကို အရေးကြီးကိစ္စ တိုင်ပင်စရာ ရှိလို့ပါ။ ဆရာနဲ့ တွေ့ချင်ပါတယ်”
ဟောင်ရန် ရောက်နေသည့် နေရာသည့် မီးခိုးငွေ့ တလူလူ ထွက်နေသော အလွန်ကြီးမားသည့် တောင်ထိပ် တစ်ခုပေါ်တွင် ဖြစ်သည်။ တောင်ထိပ်ပေါ်တွင် အပူချိန်မှာ ကြောက်ခမန်းလိလိ မြင့်မား လှပြီး သာမန်လူများသည် ခဏတဖြုတ် အသက်ရှင်ရန်ပင် မလွယ်အောင် ပူလောင်လှသည်။ အမှန်မှာ ဤနေရာသည် ချော်ရည်ပူများ ပွက်ပွက်ဆူအောင် ထနေသော မီးတောင်ကြီး တစ်ခု၏ ထိပ်ဝနေရာ ဖြစ်သည်။ ဂိုဏ်းချုပ်ကြီး ဟောင်ရန်က အလွန်ရိုသေ လေးစားသည့် အမူအရာဖြင့် ပြောလိုက်သည်။
“ဟောင်ရန်…… မင်း ဘာဖြစ်လို့ ငါနဲ့ တွေ့ချင်ရတာလဲ…”
အချိန်ခဏ ကြာပြီးနောက် ပွက်ပွက်ဆူနေသော ချော်ရည်ပူထဲတွင် လေ့ကျင့်နေသော ဟောင်လင်းရှန် ထွက်ပေါ်လာသည်။ ဟောင်လင်းရှန်သည် မဟာ ကောင်းကင်မီးဂိုဏ်း၏ အရင် ဂိုဏ်းချုပ်ကြီးဖြစ်ကာ တပည့်ဖြစ်သူ ဟောင်ရန်အား ဂိုဏ်းချုပ်နေရာ လွှဲပေးပြီးနောက် ဂိုဏ်း နာယကကြီး တာဝန်ယူကာ ချော်ရည်ပူထဲတွင် လာရောက် ကျင့်ကြံနေခြင်း ဖြစ်သည်။ ဟောင်လင်းရှန် သည် အလွန် အစွမ်းထက်လှပြီး မဟာ သားရဲဘိုးဘေး တတိယအဆင့် တန်ခိုးရှင်လည်း ဖြစ်သည်။ သူက ထွက်ပေါ်လာပြီးနောက် ဂိုဏ်းချုပ်ကြီး ဟောင်ရန်ကို မေးလိုက်သည်။
“ဆရာ… အကြောင်းစုံ ပြောရမယ်ဆိုရင်… ဒီလိုပါ…”
အစချီ၍ ရဲချန်ဖန် အကြောင်းကို ဟောင်ရန်က ဟောင်လင်းရှန်ကို အကြောင်းစုံ ရှင်းပြလိုက် သည်။
“ဟိုးအရင်ထဲက မင်းကို ငါသတိပေးခဲ့တယ်။ ဂိုဏ်းခွဲလေးတွေက ပါရမီရှင်တွေကို အထင်မသေးပါနဲ့လို့။ သူတို့က ဂိုဏ်းခွဲက ထွက်ပေါ်လာတာ မှန်ပေမဲ့ ပါရမီက ငါတို့ ဂိုဏ်းကြီးက ပါရမီရှင်တွေထက် သာနိုင်တာပဲ”
ဟောင်လင်းရှန်က ရဲချန်ဖန်၏ ပင်ကိုပါရမီ ရင့်သန်ပုံ ကြားပြီးနောက် မဟာ ကောင်းကင်မီး ဂိုဏ်းအတွက် နှမြောသလို ဖြစ်မိသည်။ ရဲချန်ဖန်သာ မဟာ ကောင်းကင်မီး ဂိုဏ်းဝင်သာ ဖြစ်နေပါက မဝေးသော အနာဂတ်တွင် ရဲချန်ဖန်နှင့်အတူ မဟာ ကောင်းကင်မီးဂိုဏ်းက အလွန် အစွမ်းထက်လာမည် ဖြစ်သည်။
“အမှန်တော့ ကျွန်တော်လည်း နောင်တရသလိုပဲ။ ဒါပေမဲ့ အခြေအနေတွေက ပြန်ပြင်လို့ မရတော့ဘူး။ ကျွန်တော်တို့သာ ရဲချန်ဖန်ကို အခုမသတ်နိုင်ရင် သူက ကျွန်တော်တို့အတွက် ဂြိုဟ်ဆိုး ဖြစ်လာလိမ့်မယ်။ ပိုအရေးကြီးတာက သူက လျှို့ဝှက် ဝိညာဉ်ဘုံထဲက အလွန်အစွမ်းထက်တဲ့ ပညာ အမွေအနှစ်တွေကို ရရှိထားတဲ့ အချက်ပဲ။ အဲဒီပညာရပ်တွေကို ကျွန်တော်တို့ ပိုင်ဆိုင်ခွင့် ရမယ်ဆိုရင် ကျွန်တော်တို့ မဟာသားရဲ ဘုရင်အဆင့် တန်ခိုးရှင် ဖြစ်လာနိုင်တယ်”
ဟောင်ရန်က ရှင်းပြလိုက်သည်။
“အိမ်း… ဖြစ်ပြီးမှတော့… ဘာတတ်နိုင်မှာလဲ။ ဒါပေမဲ့ ရဲချန်ဖန်လို ပါရမီရှင်က သတ်ဖို့ အလွန်ခက်တယ်။ ဘိုးဘေး မီးတောက်ဝိညာဉ် ကိုယ်တိုင် ဝင်ရောက် ကူညီမယ်ဆိုရင် ငါတို့ အောင်မြင်မှာ သေချာတယ်”
ဟောင်လင်းရှန်က တွေးတွေးဆဆနှင့် ပြောလိုက်သည်။
“မင်း… ဒီမှာ ခဏစောင့်နေ….. ငါ ဘိုးဘေး မီးတောက်ဝိညာဉ် ဆီသွားပြီး အကူအညီ တောင်းကြည့်မယ်”
ဟောင်လင်းရှန်က ဟောင်ရန်အား မှာကြားပြီး မီးတောင် ချော်ရည်များထဲ ဝင်ရောက် သွားသည်။ ဘိုးဘေး မီးတောက်ဝိညာဉ်သည် မဟာ ကောင်းကင်မီး ဂိုဏ်းကြီး၏ အခြေခံအုတ်မြစ် ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီးစွမ်းအင်များ စုပ်ယူကာ အစွမ်းထက်လာသော အစွမ်းထက်လှသည့် ဝိညာဉ်မီး ဖြစ်သည်။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် မီးတောင်ထိပ်တွင် စောင့်ဆိုင်းနေသော ဟောင်ရန်သည် ရုတ်တရက် အပူချိန်မှာ အလွန်ပူလာသည်ဟု ခံစားလိုက်ရသည်။ မျက်နှာပုံပန်း သဏ္ဌာန် မရှိသော မီးလျှံများ အရှိန်တဟဲဟဲ ထွက်နေသည့် လူပုံသဏ္ဌာန် မီးတောက်တစ်ခုသည် ဟောင်လင်းရှန် နှင့်အတူ ထွက်ပေါ်လာသည်။
မီးတောက် ဝိညာဉ်သည် အလွန် အစွမ်းထက်လှပြီး မဟာ ကောင်းကင်မီး ဂိုဏ်းတွင် ကျင့်ကြံလျက် ရှိသည်မှာ နှစ်တစ်သောင်း နီးပါးပင် ရှိနေပြီဖြစ်သည်။ သူ၏အစွမ်းသည် ကောင်းကင်အဆင့် မီးအစွမ်းနီးပါး ရောက်ရှိနေပြီ ဖြစ်သည်။
“ကျွန်တော်… ဟောင်ရန်က ဘိုးဘေးကို ဂါရဝပြုပါတယ်”
ဟောင်ရန်သည် မဟာ ကောင်းကင်မီး ဂိုဏ်းကြီး၏ ဂိုဏ်းချုပ်ဖြစ်သော်လည်း ဘိုးဘေး မီးတောက်ဝိညာဉ်က အလွန် ရှည်ကြာလှပြီဖြစ်သော မျိုးဆက်မှ ဖြစ်လေသည်။ ထို့အပြင် ဘိုးဘေး မီးတောက်ဝိညာဉ်သည် မဟာ ကောင်းကင်မီးဂိုဏ်းကို စောင့်ရှောက်နေသည်မှာ အလွန်ကြာမြင့်လှပြီ ဖြစ်သဖြင့် ဟောင်ရန်က အလွန်ရိုသေစွာ ဂါရဝပြုရခြင်း ဖြစ်သည်။
“အင်း… အခြေအနေ အကြောင်းစုံကိုတော့ ဟောင်လင်းရှန်ဆီက ငါကြားပြီးပြီ။ မင်းလုပ်တာ မှန်တယ်။ အဲဒီရဲချန်ဖန်က ငါတို့ မဟာ ကောင်းကင်မီးဂိုဏ်းနဲ့ ကံမပါတော့……. သူ့ကို သတ်ပစ် ရမှာပဲ…”
အလွန် ဉာဏ်ရည် မြင့်မားနေပြီ ဖြစ်သော မီးတောက်ဝိညာဉ်က ပြောလိုက်သည်။
“ဟုတ်ကဲ့… ဘိုးဘေးရဲ့ အမိန့်တော် အတိုင်းပါပဲ ခင်ဗျာ….”
ဟောင်ရန်က ဘိုးဘေး မီးတောက်ဝိညာဉ်၏ စကားကြားပြီး အလွန် ဝမ်းသာသွားပြီး ရိုသေစွာ ပြောလိုက်သည်။
“ဘာမှ မပူနဲ့။ အချိန်ကျလာရင် သူ့ကို ငါကိုယ်တိုင် သတ်မယ်။ သူအသက်ရှင် လွတ်မြောက်ဖို့ အခွင့်အရေး မပေးဘူး”
ဟောင်လင်းရှန်က ဝင်ရောက် ပြောဆိုလိုက်သည်။
“ရဲချန်ဖန် ဒီတစ်ခါတော့ မင်းသေပြီ။ မင်း မီးတောက်မြို့မှာ ထွက်ပေါ်လာတဲ့ နေ့ဟာ… မင်းသေနေ့ပဲ”
ဟောင်လင်းရှန်နှင့် ဘိုးဘေး မီးတောက်ဝိညာဉ်တို့ ပါဝင်လှုပ်ရှား လာပါက ရဲချန်ဖန် လွတ်မြောက်ရန် အခွင့်အလမ်း စိုးစဉ်းမျှ မရှိတော့ဟု ဟောင်ရန်က တွေးလိုက်လေသည်။ သူ၏ မျက်လုံးထဲတွင် လောဘဇောများနှင့် ပြည့်နှက်နေသည်။ ဘိုးဘေး မီးတောက်ဝိညာဉ်နှင့် ဟောင်လင်းရှန်တို့ မဟာ ကောင်းကင်မီးဂိုဏ်းမှ တိတ်တဆိတ် ထွက်ခွာပြီး မီးတောက်မြို့သို့ ခရီးနှင်နေစဉ် မမျှော်လင့်ဘဲ မမျှော်လင့်သော လူတစ်ယောက်က မီးတောက်မြို့သို့ ရောက်ရှိလာသည်။ သူမ၏ ဦးတည်ချက်မှာလည်း ရဲချန်ဖန်ဆီသို့ပင် ဖြစ်သည်။