အခန်း (၁၆၄)
ငါ့ကို ရန်စတဲ့လူ သေရမည်
“အစ်မတော်ဖု လား… သူမက ဘာဖြစ်လို့လဲ”
ရဲချန်ဖန်က မျက်မှောင်ကုတ် သွားလေသည်။ ယွမ်လောင်လောင် ပြောမည့်သတင်းက ဖုယုရွှယ်နှင့် ဆက်စပ်နေမည်ဟု မထင်ထားမိချေ။ သို့သော် သူက ယွမ်လောင်လောင်ကို သံသယ မဝင်မိပေ။ သူနှင့် ဖုယုရွှယ်နှင့် ဆက်ဆံရေးကို မဟာ ကောင်းကင်မီးဂိုဏ်းက သံသယဝင်မှာ မလွဲ သေချာလှသည်။ ထို့ကြောင့် သူနှင့်ပတ်သက်ပြီး ဖုယုရွှယ်နှင့် သူနှင့် ပက်သက်သူတိုင်းသည် အမှုပတ်လာမှာ သေချာနေသည်။
“သခင်လေးရဲ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ရှစ်သောင်းနဲ့ ဖုယုရွှယ် သတင်း ဆိုရင် ဒီရတနာတွေ ရောင်းဖို့အတွက် အဆင်ပြေပြီလား”
ယွမ်လောင်လောင်က ရဲချန်ဖန် အမေးကိုမဖြေဘဲ ရဲချန်ဖန် မျက်နှာကို အကဲခတ်နေပြီး မေးလိုက်သည်။
“အင်း… ရတယ်”
ရဲချန်ဖန်က အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ရှစ်သောင်းနှင့် ဖုယုရွှယ် သတင်းကို ယူရန် သဘောတူလိုက်သည်။ သူ့လက်ထဲတွင် ကျန်နေသည့် ဝိညာဉ်ကျောက်တုံး သုံးသောင်းနှင့် လက်ရှိ ယွမ်လောင်လောင် ဆီမှရသည့် ဝိညာဉ်ကျောက်တုံး ရှစ်သောင်းကို ပေါင်းလိုက်ပါက ရဲချန်ဖန် လက်ထဲတွင် ဝိညာဉ်ကျောက်တုံး တစ်သိန်းတစ်သောင်း ဝန်းကျင် ရှိလာမည်ဖြစ်ရာ ဓားစက်ရုပ်ကို အချိန်အတန်ကြာ မောင်းနှင်လို့ရပြီ ဖြစ်သည်။
“ကဲ… အခု ငါ့ကို အစ်မတော် ဖုယုရွှယ်သတင်း ပြောလို့ ရပြီလား”
ရဲချန်ဖန်က အေးစက်စက် မေးလိုက်သည်။
“မဟာ ကောင်းကင်မီးဂိုဏ်းက သခင်လေးနဲ့ ဖုယုရွှယ်ကြားမှာ သိပ်ကောင်းတဲ့ ဆက်ဆံရေး ရှိတယ်ဆိုတာ သိထားတော့… ဖုယုံရွှယ်ကို ဓားစားခံလုပ်ပြီး သခင်လေး သူတို့ဆီ ရောက်လာအောင် မျှားခေါ်ဖို့ အကွက်ဆင်ထားတယ်။ သခင်လေးက တစ်လအတွင်း မီးတောက်မြို့ကို ရောက်မလာဘူး ဆိုရင် တစ်လပြည့်တဲ့နေ့မှာ ဖုယုရွှယ်ကို လူအများရှေ့မှာ သတ်ပစ်မယ်လို့ သတင်းလွှင့်ထားတယ်”
ယွမ်လောင်လောင်က အသေးစိတ် ပြောပြလိုက်သည်။
“ဝုန်း… ဒိုင်း…”
ယွမ်လောင်လောင်၏ စကားသံ ဆုံးသည်နှင့် ရဲချန်ဖန်က ရှေ့တွင်ရှိနေသော စားပွဲခုံကို ဒေါသတကြီး ထုချ လိုက်လေသည်။
“မီးတောက်မြို့က ဘယ်နားမှာရှိလဲ လမ်းညွှန်ပေးနိုင် မလား”
ရဲချန်ဖန် အသက်ပြင်းပြင်း ရှူလိုက်ကာ ဒေါသထိန်းလိုက်ပြီး ယွမ်လောင်လောင်ကို မေးလိုက်သည်။
“သခင်လေးရဲ… သခင်လေးသာ မဟာလေမုန်တိုင်း ကျေးရွာနဲ့ ပူးပေါင်းရင်… မဟာ လေမုန်တိုင်း ကျေးရွာက ဖုယုရွှယ်ကို ကူညီ ကယ်တင်ပေးပြီး မဟာ ကောင်းကင်မီးဂိုဏ်းကို ချေမှုန်းဖို့ ကူညီပေးမယ်”
ယွမ်လောင်လောင်က ရဲချန်ဖန် မဟာလေမုန်တိုင်း ကျေးရွာသို့ ဝင်ရောက်ရန် ထပ်မံ စည်းရုံးလိုက်သည်။
“မလိုဘူး။ ကျွန်တော် တစ်ယောက်တည်းနဲ့ အစ်မတော်ဖုကို ကယ်တင်နိုင်ပါတယ်”
ရဲချန်ဖန်က ယွမ်လောင်လောင်၏ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်သည်။
“နှုတ်ဆက်ပါတယ်….”
ရဲချန်ဖန်က ယွမ်လောင်လောင်ကို တစ်ချက်ပင်လှည့် မကြည့်တော့ဘဲ ထွက်ခွာသွားလေသည်။ ရဲချန်ဖန် ကောင်းကင်ရတနာ ခန်းမ၏ အပြင်ကို ထွက်လိုက်သည်နှင့် သူ့အား စောင့်ဆိုင်းနေသည့် မဟာ ကောင်းကင်မီးဂိုဏ်း အမှတ်အသားဝတ်စုံ ဝတ်ဆင်ထားသော လူငါးယောက်ကို တွေ့လိုက်ရလေ သည်။ ထိုသူ ငါးယောက်လုံးသည် ကောင်းကင် သားရဲဘုရင် ပဉ္စမမအဆင့် တန်ခိုးရှင်များ ဖြစ်ကြလေသည်။
“ရဲချန်ဖန်… ငါတို့ မင်းကိုစောင့်နေတာ ကြာပြီ။ မင်းဘယ်ပြေးမလဲ…”
တိမ်တိုက်ရတနာ ခန်းမသည် မဟာလေမုန်တိုင်း ကျေးရွာမှ ပိုင်ဆိုင်သောကြောင့် မဟာ ကောင်းကင်မီးဂိုဏ်းက အတင်းဝင်ရောက် မတိုက်ခိုက်ရဲချေ။ ထို့ကြောင့် သူတို့က ရဲချန်ဖန် တိမ်တိုက်ခန်းမမှ ပြန်ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
“မဟာ ကောင်းကင်မီးဂိုဏ်းက လူတွေ… ဟုတ်လား…”
ရဲချန်ဖန်က ဒေါသထွက်နေရာ သူ၏ ဒေါသများကို ထိုတန်ခိုးရှင် ငါးယောက်ပေါ်သို့ ဖောက်ခွဲ ထုတ်တော့မည် ဖြစ်သည်။ ကံဆိုးရှာသော တန်ခိုးရှင် ငါးယောက် ပါတကား။ ထို့ကြောင့် ရဲချန်ဖန်သည် ပြင်းထန်သော အစွမ်းများထုတ်ပြီး စတင် တိုက်ခိုက်လိုက်သည်။
“အစ်ကိုတော်… ရဲချန်ဖန်က မဟာ ကောင်းကင်မီးဂိုဏ်းက တန်ခိုးရှင် ငါးယောက် ပေါင်းပြီး ဝိုင်းတိုက်ခိုက်တာကို ခံနေရတာ… သူ… လွတ်မြောက်နိုင် ပါ့မလား”
“ရဲချန်ဖန် လွတ်မြောက်ဖို့… ဟုတ်လား။ စောင့်ကြည့်မှ အဖြေပေါ်မှာပဲ… ဘယ်သူ လွတ်မလဲ ဆိုတာ”
“ငါကတော့ ပါရမီရှင်လေး ရဲချန်ဖန်ကိုပဲ ယုံတယ်။ နိုင်တဲ့လူက ရဲချန်ဖန်ပဲ ဖြစ်မှာ…”
မဟာ ကောင်းကင်မီးဂိုဏ်းမှ တန်ခိုးရှင် ငါးယောက်နှင့် ရဲချန်ဖန် တိုက်ခိုက်နေသည်ကို ဘေးမှ ကြည့်နေသော လူအုပ်ကြီးက တီးတိုးဝေဖန် နေကြလေသည်။
“ဝင်္ကပါပုံစံ ပြင်ကြဟေ့…”
ရဲချန်ဖန်၏ တိုက်ခိုက်မှုက အလွန်ပြင်းထန်နေသဖြင့် မဟာ ကောင်းကင်မီးဂိုဏ်းမှ တန်ခိုးရှင် ငါးယောက်၏ ခေါင်းဆောင်က အော်ဟစ် အမိန့်ပေးလိုက်သည်။ မဟာ ကောင်းကင်မီးဂိုဏ်းမှ တန်ခိုးရှင် ငါးယောက်သည် ဝင်္ကပါပုံစံ ပြင်ဆင်လိုက်ပြီး ရဲချန်ဖန်ကို ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက် လိုက်သည်။
“ဓားအင်အား… အဆင့်အမြင့်ဆုံး အဆင့်…”
တစ်ဦးချင်း တိုက်မည်ဆိုပါက မဟာ ကောင်းကင်မီးဂိုဏ်းမှ တန်ခိုးရှင် ငါးယောက်လုံးသည် သေဆုံးသွားသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ သို့သော် သူတို့က ဝင်္ကပါဖြင့် စုပေါင်း တိုက်ခိုက်နေခြင်း ဖြစ်၍ ရဲချန်ဖန်ကို အန္တရာယ်ပေးနိုင်စွမ်း ရှိလာသည်။ ဓားအင်အားက ချက်ချင်းပင် ဆယ်မီတာကျော် ရှည်သော ဓားအလင်းအဖြစ် ပြောင်းလဲကာ မဟာ ကောင်းကင်မီးဂိုဏ်းမှ တန်ခိုးရှင် ငါးယောက်ထံ တိုးဝင်သွားသည်။
ရဲချန်ဖန်က ဓားအလင်းဖြင့် တိုက်ခိုက်လိုက်စဉ် ဝင်္ကပါကြီးထံမှ အနီရောင် သွေးလက်ဝါးကြီး ထွက်ပေါ်လာပြီး ခုခံလိုက်သည်။ ဓားအလင်းနှင့် သွေးလက်ဝါးက ထိမှန်သွားချိန်တွင် ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပေါ်လာပြီး ကောင်းကင်ရတနာ တိမ်တိုက်၏ အဆောက်အဦ တစ်ခုလုံးပါ တုန်ခါ သွားစေသည်။
“မှော်အစီအရင်ကို အသက်သွင်းလိုက်စမ်း…”
ရဲချန်ဖန်နှင့် မဟာ ကောင်းကင်မီးဂိုဏ်းမှ တန်ခိုးရှင် ငါးယောက်၏ တိုက်ခိုက်မှုက အလွန် ပြင်းထန်လှသဖြင့် ယွမ်လောင်လောင်သည် ကောင်းကင်ရတနာ ခန်းမ ထိခိုက်ပျက်စီး သွားမည်ကို စိုးရိမ်လာပြီး မှော်အစီအရင် ဝင်္ကပါကို အသက်သွင်းရန် အမိန့်ပေးလိုက်ရသည်။
“သွေးနဂါး….”
ရဲချန်ဖန်က မဟာ ကောင်းကင်မီးဂိုဏ်းမှ တန်ခိုးရှင် ငါးယောက်နှင့် တစ်ပြိုင်နက် ရင်ဆိုင် တိုက်ခိုက် နေရသဖြင့် သွေးနဂါးကို ဆင့်ခေါ်လိုက်သည်။ သွေးနဂါး အော်ရာက ဘေးပရိသတ်ကို ကြောက်ရွံ့ တုန်လှုပ်သွားစေသည်။
“ရဲချန်ဖန်က ဘယ်သူလဲ… ဘာလို့ သူ့ဝိညာဉ်သားရဲက နဂါး ဖြစ်နေရတာလဲ”
ဝိညာဉ်သားရဲ သွေးနဂါးနှင့် ပေါင်းစပ်လိုက်ပြီးနောက် ရဲချန်ဖန်ကိုယ်မှ ကြောက်ခမန်းလိလိ အစွမ်းများက ထွက်ပေါ်နေရာ ယွမ်လောင်လောင်က အလွန်တုန်လှုပ်သွားသည်။ ရဲချန်ဖန်၏ ဝိညာဉ် သားရဲသည် နှင်းမြောက်နိုင်ငံရှိ မဟာပါရမီရှင်များထက် အပြတ်အသတ် သာလွန်နေသည် မဟုတ်ပါ လော။
“တော်သေးတယ်… မဟာ ကောင်းကင်မီးဂိုဏ်းက ဒီလို ပါရမီရှင်မျိုးကို မောင်းထုတ် လိုက်လို့… မဟုတ်ရင် ငါတို့ မဟာလေမုန်တိုင်း ကျေးရွာက ဂြိုဟ်ဆိုးဝင်ပြီပဲ”
ယွမ်လောင်လောင်သည် ရဲချန်ဖန်ကို မဟာ ကောင်းကင်မီးဂိုဏ်းက ရန်သူအဖြစ် သတ်မှတ်၍ တိုက်ခိုက်နေခြင်းကို တွေးမိပြီး သူမတို့၏ မဟာလေမုန်တိုင်း ကျေးရွာအတွက် စိတ်သက်သာရာ ရမိလိုက်သည်။ မဟာ ကောင်းကင်မီးဂိုဏ်းတွင် ရဲချန်ဖန်လို ပါရမီရှင် တန်ခိုးရှင်သာ ခေါင်းဆောင် ဖြစ်လာပါက သူမတို့ မဟာလေမုန်တိုင်း ကျေးရွာက နှိပ်ကွပ်ခံရမည်မှာ သေချာလှသည်။
“ဝုန်း… ဒိုင်း…”
ရဲချန်ဖန်သည် ကောင်းကင်အဆင့် ဓားကိုကိုင်ဆွဲကာ မဟာ ကောင်းကင်မီးဂိုဏ်းမှ တန်ခိုးရှင် ငါးယောက်၏ ဝင်္ကပါနှင့် ယှဉ်ပြိုင် တိုက်ခိုက်နေသည်။ ပြင်းထန်သော ပေါက်ကွဲမှုက အဆက်မပြတ် ဖြစ်ပေါ်နေရာ ဘေးတွင် ကြည့်ရှုနေသူများသည် မည်သူဘယ်ဝါမှန်းပင် မမြင်ရတော့ဘဲ စွမ်းအင်များ ပေါက်ကွဲမှုကိုသာ မြင်ရတော့သည်။
“ရဲချန်ဖန်က အရမ်း စွမ်းအားကြီးလွန်းတယ်။ ငါယုံတောင် မယုံနိုင်ဘူး။ သူက အခုမှ ကောင်းကင် သားရဲဘုရင် ဒုတိယအဆင့်ပဲ ရှိသေးတယ်”
“ရဲချန်ဖန်က အရမ်း အစွမ်းထက်တယ်။ ဒါပေမဲ့ မဟာ ကောင်းကင်မီးဂိုဏ်းမှ တန်ခိုးရှင် ငါးယောက်ရဲ့ ဝင်္ကပါကလည်း အရမ်း ဆန်းကြယ်တယ်။ ကြည့်ရတာတော့ ရဲချန်ဖန် ရှုံးမဲ့ပုံ မပေါ်ဘူး”
“ရဲချန်ဖန်… မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ…. ကြည့်ကြတာပေါ့…”
မဟာ ကောင်းကင်မီးဂိုဏ်းမှ တန်ခိုးရှင် ငါးယောက်သည် ဝင်္ကပါထဲ ဝိညာဉ် စွမ်းအင်များ အဆက်မပြတ် ထည့်သွင်းပြီး ဝင်္ကပါကြီးကို ထိန်းချုပ်ကာ ရဲချန်ဖန်ကို ပြင်းထန်စွာ တိုက်ခိုက်နေသည်။
“သခင်လေးရဲ… မဟာလေမုန်တိုင်း ကျေးရွာက ကူညီဖို့လိုသေးလား…”
ရဲချန်ဖန်က အလွန် အစွမ်းကြီးနေသည်ကို တွေ့ပြီး ယွမ်လောင်လောင်က ရဲချန်ဖန်ကို အကူအညီ ပေးနိုင်ရန် ကမ်းလှမ်းလိုက်သည်။ ရဲချန်ဖန်က သူမကို ကျေးဇူးကြွေး တင်နေပါက တစ်နေ့ အလွန် အကျိုးရှိလာမည်ကို သူမ နားလည်ထားသည်။
“မလိုဘူး…”
တစ်ဆက်တည်းမှာပင် ရဲချန်ဖန်ထံမှ အလွန်ပြင်းထန်လှသည့် အစွမ်းတစ်ခုက ထွက်ပေါ်လာပြီး မဟာ ကောင်းကင်မီးဂိုဏ်းမှ တန်ခိုးရှင် ငါးယောက်၏ တိုက်ခိုက်မှုမှ ထွက်ပေါ်နေသော အပူချိန်သည် ချက်ချင်းပင် လျော့ကျသွားသည်။
“တရားစီရင်ရေးသိုင်း… မဟာအေးခဲခြင်း…”
ရဲချန်ဖန်သည် မဟာ ကောင်းကင်မီးဂိုဏ်းမှ တန်ခိုးရှင် ငါးယောက်နှင့် တိုက်ခိုက်နေရသည်ကို စိတ်မရှည်တော့ဘဲ လူသတ်သိုင်းဖြစ်သည့် မဟာတာအို သဘောတရား ပါဝင်သော တရားစီရင်ရေး သိုင်းကို ထုတ်သုံးလိုက်သည်။ ဓားချက် ထွက်ပေါ်လာသည်နှင့် ကောင်းကင်ကြီးပင် အရောင်ပြောင်းလဲ သွားသည်။ အသည်းများပင် အေးစက် တုန်ခါစေနိုင်သည့် ဓားအလင်းက မဟာ ကောင်းကင်မီးဂိုဏ်းမှ တန်ခိုးရှင် ငါးယောက်၏ ဝင်္ကပါကို စက္ကူကို ဆွဲချေစုတ်ဖြဲ လိုက်သည့်နှယ် တစ်ချက်တည်း ဖျက်ဆီး ပစ်ကာ မဟာ ကောင်းကင်မီးဂိုဏ်းမှ တန်ခိုးရှင် ငါးယောက်၏ အသက်ကိုပါ နုတ်ယူသွားလေသည်