Switch Mode

Chapter – 163

တိုက်ပွဲခေါ်သံ

အခန်း (၁၆၃)
တိုက်ပွဲခေါ်သံ

နှင်းတောင်မြို့တော်သည် နှင်းမြောက်နိုင်ငံတွင် အလွန်ထင်ရှား ကျော်ကြားသော မြို့ဖြစ်ပြီး ကုန်သွယ်ရေးအရ အလွန်အရေးပါလေသည်။ မဟာဂိုဏ်းကြီး သုံးခုလုံးမှ အဓိက အင်အားများနှင့် အင်အားကြီးမားသော မိသားစုကြီးများ၏ အခြေစိုက် စခန်းများရှိရာ မဟာဗျူဟာ ကျသော မြို့လည်း ဖြစ်သည်။

မြို့၏ အလွန်ထူးခြားသော တည်နေရာ အနေအထားအရ ဝိညာဉ်စွမ်းအင် ရတနာများနှင့် ကျင့်ကြံခြင်းအတွက် အရေးပါသော ရတနာများက မရေတွက်နိုင်သော လမ်းကြောင်းများမှ တစ်ဆင့် နှင်းတောင် မြို့တော်သို့ ဝင်ရောက်လျှက်ရှိပြီး ရောင်းဝယ် ဖောက်ကားမှု ပြုလုပ်ကြခြင်းကြောင့် ဖြစ်သည်။

ရက်အနည်းငယ် ကြာပြီးနောက် ရဲချန်ဖန်သည် မြေကမ္ဘာအဆင့် ရတနာများကို ရောင်းချရန် အတွက် နှင်းတောင် မြို့တော်သို့ ရောက်ရှိနေသည်။

“ခမ်းနား ထည်ဝါလိုက်တဲ့ မြို့ပဲ…”

နှင်းများစွာဖြင့် ဖုံးလွှမ်းလျက်ရှိသော မြို့ကြီးသည် အဝေးက ကြည့်ပါက နှင်းတောထဲတွင် အိပ်စက်လျက်ရှိသော နဂါးကြီး တစ်ကောင်နှင့်ပင် တူနေလေသည်။ မြို့ကြီး၏ ကြီးကျယ်ခမ်းနား မှုကြောင့် ရဲချန်ဖန်က အံ့မခမ်း ဖြစ်နေလေသည်။

“မှော်ဝင်္ကပါ… ဒီနှင်းတောင် မြို့တော်ကြီးကို မှော်ဝင်္ကပါကြီး တစ်ခုနဲ့ ဖုံးလွှမ်း ကာကွယ် ထားတာပဲ။ ဒါ… အရမ်းအစွမ်းထက်တဲ့ မဟာပုဂ္ဂိုလ်ကြီး တစ်ယောက်က စီရင်ရေးဆွဲ ပေးထားတာ ဖြစ်မယ်”

ရဲချန်ဖန် နှင်းတောင်မြို့ထဲ ဝင်ရောက်ပြီးနောက် မြို့ကို လျှောက်ပတ် ကြည့်နေသည်။ လမ်းမများ ပေါ်တွင်မူ နှင်းများက စိုးစဉ်းမျှ မရှိချေ။ မှော်ဝင်္ကပါက နှင်းများ မြေပေါ်ကျဆင်းခြင်း မရှိအောင် တားဆီး ထားသောကြောင့် ဖြစ်သည်။

မှော်ဝင်္ကပါကြီးက အလွန်နက်နဲသော်လည်း ရဲချန်ဖန်တွင် မှော်အစီအရင်ပညာ အမွေအနှစ် မှတ်ဉာဏ်များ ရှိသောကြောင့် အချိန်တို အတွင်းမှာပင် မှော်ဝင်္ကပါကြီး၏ အားနည်းချက် နေရာများကို ရှာဖွေ တွေ့ရှိသွားသည်။ သူ အန္တရာယ် ကြုံလာပါက မြို့ထဲတွင် ပိတ်မိနေမည်ကို စိုးရိမ်ခြင်း မရှိတော့ပေ။ ထို့အပြင် ရဲချန်ဖန်တွင် ဓားစက်ရုပ် ရှိနေသောကြောင့် မဟာဂိုဏ်းကြီး သုံးခုမှ ဂိုဏ်းချုပ်ကြီး များကိုပင် ကြောက်ရွံ့နေရန် မလိုပေ။ ထို့ကြောင့် ရဲချန်ဖန်က နှင်းတောင်မြို့ထဲ ရဲရဲဝံ့ဝံ့ သွားရောက်ပြီး မြေကမ္ဘာအဆင့် ရတနာများ ရောင်းချရန် ကြံစည်ရဲခြင်း ဖြစ်သည်။

မြို့ထဲသတင်းများ စုံစမ်းပြီးနောက် နှင်းတောင်မြို့တွင် အကြီးမားဆုံး ရတနာများ ရောင်းဝယ် ဖောက်ကားသော နေရာသည် မဟာလေမုန်တိုင်း ကျေးရွာမှ ပိုင်ဆိုင်သော တိမ်တိုက်ရတနာ ခန်းမ ဖြစ်ကြောင်း သိလိုက်ရသည်။

အချိန်တစ်နာရီ ကြာပြီးနောက် ရဲချန်ဖန်သည် အလွန်ကြီးကျယ် ခမ်းနားသော အဆောက်အဦ တစ်ခုရှေ့သို့ ရောက်နေလေသည်။ ဤအဆောက်အဦ ကြီးသည် တိမ်တိုက်ရတနာ ခန်းမ ဖြစ်လေသည်။ အဆောက်အဦ တစ်ခုလုံးကို အလွန်ရှုပ်ထွေး နက်နဲသော မှော်ဝင်္ကပါ တစ်ခုဖြင့် ကာကွယ်ထားသည်။

သို့သော် ရဲချန်ဖန်အတွက် ချိုးဖောက်ရန် လွယ်ကူသော မှော်အစီအရင်ဖြစ်ရာ ရဲချန်ဖန်က ဝင်ရောက်ရန် ကြောက်ရွံ့ခြင်း မရှိပေ။ အဆောက်အဦ တစ်ခုလုံးကို အလွန်အဖိုးတန်သော ရတနာများဖြင့် တည်ဆောက်ထားရာ အလွန်ခမ်းနား လှပေသည်။

“ဆရာလေး… ဘာများ ဝယ်ချင်လို့လဲရှင်…”

ရဲချန်ဖန်က တိမ်တိုက်ရတနာ ခန်းမထဲ ဝင်ရောက် လိုက်သည်နှင့် အနီရောင် ကိုယ်ကျပ် ဝတ်စုံလေးနှင့် ခန္ဓာကိုယ် အချိုးအစား အလွန်လှပသည့် ဆွဲဆောင်မှု ရှိသော မိန်းမပျိုလေး တစ်ယောက်က ရောက်လာပြီး သာယာနာ ပျော်ဖွယ် အသံလေးဖြင့် မေးမြန်းလိုက်သည်။

“ဝယ်မှာ မဟုတ်ဘူး။ ကျွန်တော်က ရောင်းစရာလေးတွေ ရှိလို့။ တိမ်တိုက်ရတနာ ခန်းမက ဝယ်လား မသိဘူး…”

ရဲချန်ဖန်က မိန်းမပျိုလေး၏ ဆွဲဆောင်မှုတွင် မြောပါမသွားဘဲ အေးဆေးတည်ငြိမ်စွာ မေးလိုက်သည်။

“ဆရာလေးက ဘာရတနာတွေ ရောင်းချင်တာလဲ။ သာမန်ပစ္စည်းဆိုရင် တိမ်တိုက်ရတနာ ခန်းမက မဝယ်ယူပါဘူး”

ဆွဲဆောင်မှုရှိသော မိန်းမပျိုလေး မျက်နှာတွင် ယောက်ျားသား အပေါင်းကို ကြွေဆင်း သွားနိုင်သော အပြုံးတစ်ပွင့်က ဖြစ်ပေါ်လာသည်။

“အဆင့်နိမ့် မြေကမ္ဘာအဆင့် လက်နက် ဆယ့်သုံးခု၊ အဆင့်မြင့် ဝိညာဉ်လက်နက် သုံးဆယ့်တစ်ခု၊ အဆင့်မြင့် ဝိညာဉ်ရတနာ လေးဆယ့်ငါးခု၊ … … …”

ရဲချန်ဖန်စကား ကြားလိုက်သည်နှင့် မိန်းမပျိုလေးသည် အလွန်အံ့သြသွားသည်။ ချက်ချင်းပင် ကောင်းကင်ရတနာ ခန်းမထဲ ရောက်နေသူများ၏ အာရုံက ရဲချန်ဖန်ဆီ ရောက်ရှိလာသည်။

ကောင်းကင်ရတနာ ခန်းမတွင် အလယ်အလတ် မြေကမ္ဘာ ရတနာများပင် ဝယ်ယူနိုင် သော်လည်း လူအများစုက အဆင့်မြင့် ဝိညာဉ်အဆင့် ရတနာများပင် မမြင်ဖူးကြရာ ကောင်းကင်ရတနာ ခန်းမထဲ ရောက်နေသူများက ရဲချန်ဖန် ဘယ်သူလဲဆိုတာ စိတ်ဝင်စား သွားကြလေသည်။

“ကောင်းကင်ရတနာ ခန်းမက ဝယ်ယူနိုင်မလား”

ရဲချန်ဖန်က အံ့သြမှင်သက်လျက်ရှိသော မိန်းမပျိုလေးကို မေးလိုက်သည်။

“ဟင်း…. ဟင်း… ကျွန်မခန့်မှန်းတာ မမှားဘူးဆိုရင်… သခင်လေးက အရမ်းကျော်ကြား နေတဲ့ သခင်လေး ရဲချန်ဖန် ဖြစ်မယ်နဲ့တူတယ်”

အံ့သြမှင်သက်လျက် ရှိသော မိန်းမပျိုလေး မဖြေခင်မှာပင် အလွန် သာယာနာပျော်ဖွယ် ကောင်းသော ရယ်သံလေးနှင့်အတူ အစိမ်းရောင် အင်္ကျီနှင့် စကပ်ရှည် ဝတ်ဆင်ထားပြီး ရှိုက်ကြီးရှိုက်ဖို အသွယ်သွယ်နှင့် ခန္ဓာကိုယ် အချိုးအစား အလွန်ကျကာ မြင်သူတကာ ငေးရလောက်အောင် အလွန် လှပ ချောမောပေသည်။ ထိုမိန်းမပျိုလေးက ရဲချန်ဖန်တို့အနား ရောက်လာပြီး ဝင်ရောက် ပြောဆိုလိုက်သည်။ သူမကား ကောင်းကင်ရတနာ ခန်းမပိုင်ရှင် ယွမ်လောင်လောင် ဖြစ်သည်။ သူမသည် အလွန် ထူးခြားသော ဆွဲဆောင်မှုရှိသည့် ပိုင်ရှင်ဖြစ်ပြီး ချက်ချင်းပင် ကောင်းကင်ရတနာ ခန်းမတစ်ခုလုံး အာရုံကို သူမက ဖမ်းစားသွားသည်။

“ဟုတ်တယ်… ကျွန်တော်က ရဲချန်ဖန်ပဲ”

ရဲချန်ဖန်က သူဘယ်သူလဲ ဆိုတာ ငြင်းဆန်ခြင်း မရှိပဲ ဝန်ခံလိုက်သည်။

“ဟာ… သူက… အခု အရမ်း နာမည်ကြီးနေတဲ့ ရဲချန်ဖန်ပဲ”

“အသက်က ငယ်ငယ်လေး ရှိသေးတာပဲ….”

“မဟာ ကောင်းကင်မီးဂိုဏ်းက သူ ဒီရောက်နေတာသိရင် လာဖမ်းကြမလား မသိဘူး…”

“ကြည့်ရတာ… မကြာခင် ပွဲကြီးပွဲကောင်းတစ်ခု ကြည့်ရတော့မယ်နဲ့ တူတယ်”

“ဝယ်ပါတယ်… သခင်လေးရှင့်။ သခင်လေးက အပြင်မှာ ဒီလောက် ခန့်ညား ချောမောမယ်လို့ ကျွန်မ မထင်ထားမိဘူး။ ထင်ထားတာထက် ပိုပြီး နာမည်ကြီးထိုက် ပါပေတယ်”

ယွမ်လောင်လောင်က ချစ်စဖွယ် အမူအရာလေးဖြင့် ပြောလိုက်သည်။ သူမ အမူအရာကြောင့် မြင်သူတကာက ရင်သပ်ရှုမော သွားရလေသည်။

“နတ်မိမယ်လေး…”

ရဲချန်ဖန်တွင် အလွန်ခိုင်မာသော နှလုံးသားရှိသော်လည်း ယွမ်လောင်လောင်၏ မျက်လုံးနှင့် ဆုံမိသည်နှင့် အလွန်ဆွဲဆောင်မှု ရှိသည်ဟု တွေးလိုက်မိသည်။ ရဲချန်ဖန် ရင်ခုန်သံများ ဆူညံသွားသည်။

“သခင်လေး ရောင်းချင်တဲ့ ရတနာတွေက မဟာ ကောင်းကင်မီးဂိုဏ်းက မြေကမ္ဘာအဆင့် လက်နက်တွေလား…”

ယွမ်လောင်လောင်က ချက်ချင်းပင် ပုံမှန်အမူအရာ ဖြစ်သွားသော ရဲချန်ဖန်ကြောင့် အတော်လေး အံ့သြသွားသည်။ သူမ၏ အလွန် အစွမ်းထက်သော ဆွဲဆောင်မှု မှော်မန္တန်သည် သာမန် မဟာသားရဲ ဘိုးဘေး အဆင့်များပင် မခံနိုင်ဘဲ သူမအလှတွင် ယစ်မူးသွားမည် ဖြစ်သည်။ ရဲချန်ဖန် ကမူ တစ်မုဟုတ်ချင်း ပုံမှန် ပြန်ဖြစ်သွားပြီး သူမအလှတွင် မျောပါခြင်း မရှိသောကြောင့် သူမကပင် ရဲချန်ဖန် မျက်လုံးကို ခဏခဏ ပြန်ကြည့်နေမိသည်။ သို့သော် သူမက ချက်ချင်းပင် အမူအရာ ထိန်းကာ ချိုချိုသာသာလေး မေးလိုက်သည်။

“ဟုတ်တယ်။ ဒီလက်နက်တွေက ကျွန်တော် မဟာ ကောင်းကင်မီးဂိုဏ်းက အကြီးအကဲတွေကို သတ်ပြီး ရလာတာပဲ။ တိမ်တိုက်ရတနာ ခန်းမက ဝယ်ယူရဲလား… မသိဘူး”

ရဲချန်ဖန်က တည်တည်ငြိမ်ငြိမ်ပင် ပြန်မေးလိုက်သည်။

“ဟင်း… ဟင်း… သခင်လေးက ရောင်းရဲမှတော့… ကျွန်မတို့ တိမ်တိုက်ခန်းမက ဘာလို့ မဝယ်ရဲ ရမှာလဲ”

ယွမ်လောင်လောင်က အလွန်ချိုသာသော အသံလေးဖြင့် ပြန်ပြောလိုက်သည်။

“သခင်လေး သီးသန့် အခန်းဘက်ကို ကြွပါရှင်။ အထဲမှာ ဈေးစကား ပြောရအာင်…”

ရဲချန်ဖန်ကို ဖိတ်ခေါ်ပြီးနောက် ယွမ်လောင်လောင်သည် သူမ၏ သေးကျင်လှသော ခါးနှင့် အလွန်လှပ သေးသွယ်သော ပေါင်တံများ လှုပ်ယမ်းကာ တိမ်တိုက်ရတနာ ခန်းမရှိ သီးသန့်ခန်းထဲသို့ ဦးဆောင် ဝင်ရောက်သွားသည်။

အလွန် ဆွဲဆောင်မှုရှိသော ယွမ်လောင်လောင်၏ နောက်ကျောကို ကြည့်ရင်း ရဲချန်ဖန်သည် စိုးရိမ် ကြောက်လန့်ခြင်း အလျဉ်းမရှိဘဲ ယွမ်လောင်လောင်‌ နောက်သို့ လိုက်ပါသွားသည်။ တိမ်တိုက် ခန်းမ လမ်းတစ်လျှောက်သည် အလွန်လှပသော ပန်းမန်များနှင့် အလှဆင်ထားရာ ပန်းဥယျာဉ်ထဲ ရောက်သွားသလို ရဲချန်ဖန် ခံစားလိုက်ရ လေသည်။

“သခင်လေး စိတ်မရှိနဲ့နော်။ သခင်လေး တိမ်တိုက်ခန်းမထဲ ဝင်လာတာ မကြောက် ဘူးလား…”

ယွမ်လောင်လောင်က အခန်းတံခါးကို ပိတ်ပြီးနောက် ရေနွေးကြမ်းကို ငှဲ့ပေးရင်း ရဲချန်ဖန် မျက်လုံးကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။

“နှင်းတောင်မြို့ထဲ လာပြီး ရတနာတွေ ရောင်းရဲမှတော့ ကျွန်တော်မှာ လုပ်နိုင်တဲ့အစွမ်း ရှိလို့ပဲ။ ကျွန်တော်ကတော့ မဟာလေမုန်တိုင်း ကျေးရွာက မဟာ ကောင်းကင်မီးဂိုဏ်း လမ်းစဉ် လိုက်ရအောင် မိုက်မဲမယ်လို့ မထင်ဘူး”

ရဲချန်ဖန်က ရေနွေးခွက်ကို ယူကာ တစ်ငုံမျှ သောက်လိုက်ပြီး တိမ်တိုက်ရတနာ ခန်းမ၏ နောက်ခံကို သိရှိကြောင်း ပြောလိုက်သည်။ မဟာလေမုန်တိုင်း ကျေးရွာကိုပင် ရင်ဆိုင်ဝံ့သည့် အင်အား ရှိကြောင်း ရဲချန်ဖန်က တစ်ဖက်လှည့်ဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။

“ဟင်း… ဟင်း… သခင်လေးက စကား အရမ်းပြောတတ်တာပဲ။ ကျွန်မတို့ မဟာလေမုန်တိုင်း ကျေးရွာက မဟာ ကောင်းကင်မီးဂိုဏ်းလို မဟာပါရမီရှင်ကို စွန့်ပစ်ရအောင် မမိုက်မဲပါဘူး”

“သခင်လေးက မဟာလေမုန်တိုင်း ကျေးရွာ ဂိုဏ်းဝင်လုပ်ဖို့ စိတ်ဝင်စားလား မသိဘူး။ တကယ်လို့ သခင်လေးသာ စိတ်ဝင်စားရင် ကျွန်မတို့ မဟာလေမုန်တိုင်း ကျေးရွာက သခင်လေး လိုအပ်တာ မှန်သမျှ ဖြည့်ဆည်းပေးဖို့ ဆန္ဒရှိပါတယ်”

ယွမ်လောင်လောင်က ရဲချန်ဖန်ကို မြှူဆွယ်သည့် ဟန်ဖြင့် ပြောလိုက်လေသည်။ ရဲချန်ဖန်လို ပါရမီရှင်မျိုးနဲ့ ပေါင်းဖက်ရပါက သူမ အနေအထားသည် ချက်ချင်းပင် ရွှေဘုံပေါ်က မင်းသမီးလေး ဖြစ်သွားနိုင်သည် မဟုတ်ပါလော။

“နတ်မိမယ်လေးရဲ့ ဖိတ်ခေါ်မှုကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်‌တော် လောလောဆယ် ဘယ်ဂိုဏ်းကိုမှ ဝင်ဖို့ အစီအစဉ် မရှိသေးဘူး။ ကျွန်တော်တို့ အရောင်းအဝယ်လေး စလိုက်ရအောင်။ ဒီရတနာတွေ ရောင်းရင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ဘယ်လောက် ရနိုင်မလဲ”

ရဲချန်ဖန် သိုလှောင်အိတ်ထဲမှ ရတနာများကို ထုတ်ယူပြီး ယွမ်လောင်လောင်ကို ပေးလိုက်သည်။

ယွမ်လောင်လောင်သည် ရဲချန်ဖန်က အတင်းအကျပ် ဖိအားပေးလို့ရသည့် လူစားမှန်း မဟုတ်ကြောင်း နားလည်ထားသည်။ ထို့ကြောင့် သူမက အတင်းအကျပ် မတိုက်တွန်းဘဲ ရဲချန်ဖန် ပေးလာသည့် ရတနာများကို စစ်ဆေးလိုက်သည်။ သို့သော် သူမ မျက်လုံးများက အံ့သြသည့် အမူအရာများက မထိန်းနိုင်ပဲ ထွက်ပေါ်လာသည်။ သတင်းများ ကြားထားသော်လည်း ရဲချန်ဖန်တွင် ဤမျှ များပြားသော ရတနာများ သိမ်းပိုက် ရရှိထားမည်ဟု သူမ မထင်ထားချေ။

“သခင်လေးက ဒီရတနာတွေကို ရောင်းပြီး အလယ်အလတ် ဝိညာဉ်ကျောက်တုံးနဲ့ပဲ ယူချင် တာလား။ ကျွန်မတို့ တိမ်တိုက်ရတနာ ခန်းမမှာ လောလောဆယ် အလယ်အလတ် ဝိညာဉ် ကျောက်တုံးက… ဟင်း… သိပ်မရှိဘူး။ ကဲပါလေ… ကျွန်မ ဒီရတနာတွေအတွက် အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ရှစ်သောင်းရယ် ပြီးတော့ သခင်လေး စိတ်ဝင်စားမဲ့ သတင်းကိုလည်း ပေးမယ်။ သခင်လေး ဘယ်လိုသဘောရလဲ…”

“ဘာသတင်းလဲ”

ရဲချန်ဖန် မျက်မှောင်ကြုတ်သွားပြီး လေသံမှာ အေးစက်မာကျော သွားလေသည်။

“ဖုယုရွှယ် သတင်းပဲ…”

ယွမ်လောင်လောင်က တစ်ခွန်းချင်း ပြောလိုက်လေသည်

Comment

Leave a Reply

Options

not work with dark mode
Reset