Switch Mode

Chapter – 162

ကောင်းကင်မိုးကြိုး မြက်ပင်

အခန်း (၁၆၂)
ကောင်းကင်မိုးကြိုး မြက်ပင်

ရဲချန်ဖန် ထွက်ခွာပြီး သိပ်မကြာမီပင် ဒေါသတကြီး ဖြစ်နေသာ မီးခန်းမ သခင် နှင့် ဓားခန်းမ သခင်တို့ ထန်ဟွမ်တောင်ထိပ် ပေါ်သို့ ပြန်ရောက်လာကြသည်။ မှော်အစီအရင် ဝင်္ကပါကို ဖွင့်လိုက် သည်နှင့် မဟာ ကောင်းကင်မီးဂိုဏ်းမှ အကြီအကဲများ သွေးအိုင်ထဲ လဲကျသေဆုံး နေသည်ကို တွေ့လိုက်ရသည်။

“ရဲချန်ဖန်… မင်းကို ငါ မရ ရအောင် သတ်ပြမယ်။ မင်းကို ငါသတ်မယ်…”

ထိုအချိန်တွင် မီးခန်းမ သခင်တို့သည် ဒေါသများ ထိန်းမရအောင် ထွက်လာပြီး မျက်လုံးများပင် နီရဲသွားသည်။ သူတို့သည် ကျားနာတစ်ကောင်လို အော်ဟစ်နေကြသည်။

မီးခန်းမ သခင်သည် ရဲချန်ဖန်ကို ဖမ်းမိရန် ဆုကြေငွေ ထုတ်ခြင်းက ရဲချန်ဖန်ကို ဖမ်းမမိဘဲ သူတို့သာ ဓားပြတိုက်ခံ လိုက်ရမည်ဟု မတွေးထားမိချေ။ ယခုတော့ ဝိညာဉ် ကျောက်တုံးများ လုယူ ခံရသည့်အပြင် မဟာ ကောင်းကင်မီးဂိုဏ်းမှ အကြီးအကဲ နှစ်ဆယ်နီးပါး သေဆုံးသွားလေပြီ။ ဤအဖြစ်အပျက်က မဟာ ကောင်းကင်မီးဂိုဏ်း၏ အင်အားကို များစွာ လျှော့ပါး သွားစေပြီ ဖြစ်သည်။

တွေးရင်း မီးခန်းမ သခင် ပိုပို၍ ဒေါသထွက်လာသည်။ သူတို့သာ ရဲချန်ဖန်ကို မသတ်နိုင်ပါက ရဲချန်ဖန်သည် သူတို့၏ နှလုံးသားမိစ္ဆာ ဖြစ်လာပြီး သူတို့ဘဝ တစ်လျှောက် မဟာသားရဲ ဘိုးဘေး အဆင့်သို့ တက်လှမ်း နိုင်တော့မည် မဟုတ်ပေ။

ရဲချန်ဖန် မဟာ ကောင်းကင်မီးဂိုဏ်းမှ တန်ခိုးရှင် အများအပြားကို သတ်ဖြတ်လိုက်သည့် သတင်းမှာ နှင်းမြောက်နိုင်ငံ တစ်ခုလုံးကို တောမီးပမာ အလွန်လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ရဲချန်ဖန် သည် အလွန်ကျော်ကြားလာပြီး မဟာဂိုဏ်းသုံးခုမှ ပါရမီရှင် များထက်ပင် ပို၍ နာမည်ကြီးသွား လေသည်။

“အရူးလိုကောင်တွေ… မင်းတို့ အရူးနှစ်ကောင်ကြောင့်… ငါတို့ မဟာ ကောင်းကင်မီးဂိုဏ်း တစ်ခုလုံး အရှက်ရ ရပြီ”

မဟာ ကောင်းကင်မီးဂိုဏ်းချုပ်သည် အလွန်ရည်မှန်းချက် ကြီးလှသူ ဖြစ်ရာ မဟာ ကောင်းကင်မီးဂိုဏ်းကို မဟာလေမုန်တိုင်း ကျေးရွာထက် ကျော်လွန်ပြီး နှင်းမြောက်နိုင်ငံ၏ အစွမ်းအထက်ဆုံး ဂိုဏ်းဖြစ်အောင် အဆက်မပြတ် ကြိုးစားနေသူ ဖြစ်သည်။ သူ့လက်ထက်တွင် မဟာ ကောင်းကင်မီးဂိုဏ်း၏ အင်အားမှာ အဆက်မပြတ် တိုးတက်လာနေသည်။

ယခု ထန်ဟွမ်တောင် အဖြစ်အပျက် သည် မဟာ ကောင်းကင်မီးဂိုဏ်းကို မျက်နှာပျက်၊ အရှက်ရစေရုံသာ မကပဲ အကြီးအကဲ နှစ်ဆယ်နီးပါး သေဆုံးသွားသည် ဖြစ်ရာ မဟာ ကောင်းကင်မီးဂိုဏ်း၏ အင်အားကို များစွာ လျော့ကျသွားစေသည်။ ဂိုဏ်းချုပ်ကြီး ဟောင်ချင်ဟုန်သည် ရဲချန်ဖန်ကို အလွန်သတ်ချင် နေလေသည်။

“ဂိုဏ်းချုပ်ကြီး ကျွန်တော်တို့ ပေါ့ဆတာကို ခွင့်လွှတ်ပေးပါ။ ကျွန်တော်တို့ကို အခွင့်အရေး ထပ်ပေးရင် နောက်ကိစ္စတွေကို အကောင်းဆုံး ကြိုးစားမယ်လို့ ကတိပေးပါတယ် ခင်ဗျာ…”

ညိုမည်းမှောင်နေသော ဂိုဏ်းချုပ်ကြီး မျက်နှာကိုကြည့်ပြီး မီးခန်းမ သခင်နှင့် ဓားခန်းမ သခင်တို့ ကြောက်ရွံ့စွာ ပြောလိုက်ကြသည်။

“အေး… ငါ မင်းတို့ကို အခွင့်အရေး ထပ်ပေးမယ်။ မင်းတို့ နောက်တစ်ခါ ဒီလိုပေါ့ဆရင်… ငါနဲ့ တွေ့ပြီသာမှတ်…”

ဂိုဏ်းချုပ်ကြီး ဟောင်ချင်ဟုန်က ဒေါသတကြီး ပြောလိုက်လေသည်။

“ဓားခန်းမ သခင်… ဖုယုရွှယ်ကို သွားခေါ်လာခဲ့။ ကြည့်ကျတာပေါ့… ဖုယုရွှယ် အသက်က ရဲချန်ဖန် ထွက်လာအောင် မျှားခေါ်လို့ ရမလားဆိုတာ…”

“ဟုတ်ကဲ့ပါ… ဂိုဏ်းချုပ်ကြီး…”

ဖုယုရွှယ်သည် ပါရမီ အလွန်ထက်သန် လွန်းသောကြောင့် ဓားခန်းမ သခင်က အလွန် အရေးထား ချစ်မြတ်နိုးသော်လည်း ဤအကြိမ်တွင် ဓားခန်းမ သခင်က ဖုယုရွှယ်ကို စတေးပစ်ရန် ဝန်လေးနေခြင်း မရှိပေ။

“အေး… ရဲချန်ဖန်… မင်းက ငါတို့ မဟာ ကောင်းကင်မီးဂိုဏ်းနဲ့ ရန်သူဖြစ်လာပြီ ဆိုတော့… ငါ မင်းကို သတ်ပစ်ရမှာပဲ”

ဂိုဏ်းချုပ်ကြီး မျက်လုံးထဲမှ ရက်စက်သည့် အလင်းများက ထွက်ပေါ်နေသည်။

***

ချင်ပန်မြို့…

ချင်ပန်မြို့သည် ထန်ဟွမ်တောင်၏ အနောက်မြောက်တွင် ရှိသော အေးချမ်းလှသည့် မြို့ကလေး တစ်ခု ဖြစ်သည်။

ရဲချန်ဖန်သည် ချင်ပန်မြို့ရှိ ဧည့်ရိပ်သာ တစ်ခုလေးတွင် အခန်းတစ်ခန်းကို ငှားရမ်းလိုက်သည်။ အခန်းလေးထဲတွင် အနားယူပြီးနောက် သူသတ်ဖြတ်ခဲ့သော မဟာ ကောင်းကင်မီးဂိုဏ်းမှ အကြီးအကဲ များ၏ သိုလှောင်အိတ်များကို ထုတ်ယူ စစ်ဆေးလိုက်သည်။

“အင်း… သူတို့တွေ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ဘယ်လောက်များ ပိုင်ဆိုင် ထားမလဲ…”

ရဲချန်ဖန်သည် ဝိညာဉ်ကျောက်တုံးများ အသည်းအသန် လိုအပ်နေသည်။ သူလိုအပ်သော ဝိညာဉ်ကျောက်တုံးများ ရမည်ဆိုပါက မဟာ ကောင်းကင်မီးဂိုဏ်း၏ ဌာနချုပ်ကိုပင် ဝင်ရောက် တိုက်ခိုက်ရဲ‌သည်။

“အင်း… မဆိုးဘူး။ သူတို့အားလုံးရဲ့ ပိုင်ဆိုင်မှုက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးသောင်း ရှစ်ထောင်ကျော် ရှိတယ်”
ရဲချန်ဖန်က သိုလှောင်အိတ် အားလုံးကို ရှာဖွေပြီးနောက် အလယ်အလတ် အဆင့် ဝိညာဉ် ကျောက်တုံး သုံးသောင်း ရှစ်ထောင်ကျော် ရှိနေသည်ကို တွေ့လိုက်ရသည်။ သူ့တွင်ရှိနေသော ဝိညာဉ် ကျောက်တုံးများနှင့် ပေါင်းပါက ဝိညာဉ်ကျောက်တုံး ရှစ်သောင်းကျော် ရှိလာသည်။ ယခု သူတွင် ဝိညာဉ်ကျောက်တုံး ရှစ်သောင်းကျော် ရှိနေသောကြောင့် ဓားစက်ရုပ်ကို အသက်သွင်းရန် လုံလောက်ပြီ ဖြစ်သည်။

“ဓားစက်ရုပ်… အသက်ဝင်စမ်း…”

ရဲချန်ဖန် ဓားစက်ရုပ်ကို သိုလှောင်အိတ်ထဲမှ ထုတ်ယူပြီး ဝိညာဉ်ကျောက်တုံးများ ထည့်ကာ အသက်သွင်းလိုက်သည်။ ဝိညာဉ်ကျောက်တုံးများ ဓားစက်ရုပ်ထဲ ထည့်သွင်းလိုက်သည်နှင့် ဓားစက်ရုပ်၏ ကျောက်မျက်ရတနာ ကဲ့သို့သော မျက်လုံးက ပွင့်လာသည်။ ဓားစက်ရုပ်၏ မျက်လုံး အရောင်သည် စူးရှ ထက်မြက်လှရာ ရဲချန်ဖန်ပင် ရုတ်တရက် မျက်လုံးများ မှိတ်ထားလိုက်ရသည်။

“မဟာသားရဲ ဘိုးဘေး ပဉ္စမအဆင့်… အင်း… အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးသောင်း ထည့်လိုက်ရင် ဓားစက်ရုပ် အစွမ်းက မဟာသားရဲ ဘိုးဘေး ပဉ္စမအဆင့် တန်ခိုးရှင် အစွမ်းနဲ့ တူတာပဲ”

ရဲချန်ဖန် မျက်လုံးတွင် ကျေနပ်သော အရောင်များ ထွက်လာလေသည်။

“အင်း… ငါ ဝိညာဉ်ကျောက်တုံး ရှစ်သောင်းကျော်လုံး ထည့်လိုက်ရင် ဓားစက်ရုပ်က ဘယ်လောက်တောင် အစွမ်းထက်လာ လိမ့်မလဲ”

သို့သော် ရဲချန်ဖန်က လက်လွတ်စပယ် မစမ်းသပ်ရဲချေ။ ဓားစက်ရုပ်၏ တိုက်ခိုက်မှုက အလွန် အစွမ်းထက်လှသည် ဖြစ်ရာ စွမ်းအင် ကုန်ဆုံးမှုကလည်း အလွန်မြင့်မားလှ၍ ရဲချန်ဖန် အနေဖြင့် အရေးကြုံလာလျှင် အသုံးပြုရန် သက်စောင့် ချန်ထားရပေမည်။

“အဆင့်နိမ့် မြေကမ္ဘာအဆင့် လက်နက် ဆယ့်သုံးခု၊ အဆင့်မြင့် ဝိညာဉ်အဆင့် လက်နက် သုံးဆယ့်တစ်ခု၊ ဝိညာဉ်အဆင့် ရတနာပစ္စည်း လေးဆယ့်ငါးခု၊ ဝိညာဉ်အဆင့်…”

ရဲချန်ဖန်က ဓားစက်ရုပ်ကို သိုလှောင်အိတ်ထဲ သိမ်းဆည်း လိုက်ပြီးနောက် ကျန်ရှိနေသော ပစ္စည်းများကို စစ်ဆေးလိုက်သည်။ ရဲချန်ဖန်တွင် ကောင်းကင်အဆင့် ဓားနှင့် ကျောက်စိမ်းဓား ရှိနေပြီ ဖြစ်သဖြင့် မြေကမ္ဘာအဆင့် လက်နက်များ၊ ဝိညာဉ် လက်နက်များသည် အသုံးမဝင်တော့ချေ။ အခြေအနေ ပေးပါက ထိုပစ္စည်းများကို ရောင်းချရပေမည်။

“ဟာ… ဒါကဘာကြီးလဲ”

ရဲချန်ဖန်က သိုလှောင်အိတ်များ စစ်ဆေးနေစဉ် မိုးကြိုးစွမ်းအင်များ ပြည့်ဝနေသည့် လက်မဝက် သာသာ ရှိသည့် နက်ပြာရောင် မြက်ပင်လေးကို တွေ့လိုက်လေသည်။

“ကောင်းကင်မိုးကြိုး မြက်ပင်… ဒါ… ကောင်းကင်မိုးကြိုး မြက်ပင်ပဲ…”

ရဲချန်ဖန်၏ နတ်ဦးနှောက်က ချက်ချင်းပင် ဘာမြက်ပင်မှန်း ခွဲခြားပေးလိုက်သည်။ ကောင်းကင်မိုးကြိုး မြက်ပင်သည် ဝိညာဉ်စွမ်းအင်များ စုပ်ယူပြီး ကြီးထွားလာကာ ကောင်းကင် မိုးကြိုးကိုပင် စုပ်ယူနိုင်လေသည်။ ထို့ကြောင့် ကောင်းကင်မိုးကြိုး မြက်ပင်တွင် အလွန် စွမ်းအား ပြင်းထန်သော မိုးကြိုးဓာတ်များ ပါဝင်ပြီး အလွန် တန်ဖိုးကြီးမားသည့် ရတနာဖြစ်သည်။

“ဟား… ကောင်းတယ်။ ငါ တော်တော် ကံကောင်းတာပဲ”

ရဲချန်ဖန်သည် ကောင်းကင် ခန္ဓာကိုယ်ကျင့်စဉ်မှ အရိုးသန်မာစေဖို့ အဆင့်အောင်မြင်ရန် လေ့ကျင့် နေသည်မှာ အကြိမ်တော်တော် များနေပြီ ဖြစ်သော်လည်း အရိုးသည် အသွေး၊ အသားများနှင့် ဖုံးလွှမ်းထားရာ အရိုးထဲထိ စွမ်းအင် ဖိနှိပ်ပို့လွှတ်ရန် စွမ်းအင် လိုအပ်ချက်မှာ အလွန် များပြားလှသည်။ ထို့ကြောင့် အရိုးသန်မာစေခြင်း အဆင့်ကို မအောင်မြင်ပဲ ဖြစ်နေရာ ယခု ရဲချန်ဖန်တွင် ကောင်းကင် မိုးကြိုးမြက်ပင် ရှိလာပြီ ဖြစ်သောကြောင့် အရိုးသန်မာစေခြင်း အဆင့်ကို ကျင့်ကြံနိုင်တော့မည် ဖြစ်သည်။

“အင်း… ဒီကောင်းကင်မိုးကြိုး မြက်ပင်ရဲ့အစွမ်းကို ကြည့်ရအောင်…”

ရဲချန်ဖန်သည် ဝင်သက် ထွက်သက်ကို ထိန်းညှိလိုက်ပြီးနောက် ကောင်းကင်မိုးကြိုး မြက်ပင်ကို မျိုချလိုက်သည်။ ထို့နောက် ဝိညာဉ်စုပ်သိုင်းကို အသုံးပြုကာ ကောင်းကင်မိုးကြိုး မြက်ပင်မှ စွမ်းအင် များကို စတင် စုပ်ယူတော့သည်။ ရုတ်တရက် မိုးကြိုး စွမ်းအင်များသည် ရဲချန်ဖန် ကိုယ်တွင်းတွင် ပေါက်ကွဲ ဖြစ်ပေါ်လာလေသည်။ ဆက်တိုက်ပင် မိုးကြိုး စွမ်းအင်များသည် ရဲချန်ဖန် သွေးကြောများမှ တစ်ဆင့် တစ်ကိုယ်လုံး ပျံ့နှံ့ပေါက်ကွဲ တော့သည်။

ကံကောင်းသည်မှာ ရဲချန်ဖန်သည် ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ် စတုတ္ထအဆင့်သို့ ရောက်ရှိ နေခြင်း ဖြစ်သည်။ သို့မဟုတ်ပါက မိုးကြိုး စွမ်းအင်ကြောင့် ရဲချန်ဖန် တစ်ကိုယ်လုံး ပေါက်ကွဲ ပျက်စီး သွားနိုင်သည်။ အသည်းကွဲမတတ် နာကျင်မှုများကို တောင့်ခံပြီး ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ်ကို စတင် လေ့ကျင့်တော့သည်။ ကောင်းကင်မိုးကြိုး မြက်ပင်တွင် အလွန်များပြားသော စွမ်းအင်များ ပါဝင်နေရာ အရိုးများအထိ ရောက်အောင် စွမ်းအင်ကို ဖိနှိပ်ပစ်နိုင်စွမ်း ရှိသည်။

ရဲချန်ဖန်သည် နာကျင်မှုကို ညည်းခံလျက် လေ့ကျင့်နေစဉ် သွေးများက ရဲချန်ဖန် တစ်ကိုယ်လုံးမှ ထွက်ပြီး အသားများက အဆက်မပြတ် ကွဲထွက်နေသည်။ အလွန်တရာ နာကျင်လှ သော်လည်း ရဲချန်ဖန်သည် အလွန်သန္နိဋ္ဌာန် ခိုင်မာသော လူဖြစ်ရာ ဇွဲမလျှော့ဘဲ ဆက်လက် လေ့ကျင့် နေသည်။ အရိုးသန်မာစေခြင်း အဆင့်သည် စွမ်းအင် လိုအပ်ချက် အလွန် များပြားလှသဖြင့် ကောင်းကင်မိုးကြိုး မြက်ပင် တစ်ခုတည်းနှင့် အောင်မြင်ရန်မှာ မဖြစ်နိုင်ပေ။

“အင်း… အရိုးသန်မာစေခြင်း အဆင့်က ပိုပိုခက်လာပြီ။ ငါ ဒီအဆင့်ကို ဘယ်လို အောင်မြင်အောင် လေ့ကျင့်ရမလဲ”

ကောင်းကင်မိုးကြိုး မြက်ပင်မှ စွမ်းအင်သည် အရိုးသန်မာစေခြင်း အဆင့် အောင်မြင်ရန် စွမ်းအင် လိုအပ်ချက်၏ အပုံတစ်ထောင်ပုံမှ တစ်ပုံလောက်သာရှိရာ စွမ်းအင် လိုအပ်ချက် မည်မျှ များပြားသည်ကို မြင်တွေ့နိုင်သည်။

“အင်း… တစ်ဆင့်ချင်း သွားတာပေါ့။ အင်း… ပိုင်ရွယ်နိုင်ငံ အပြင်ဘက်ထွက်ပြီး ဝိညာဉ် ရတနာတွေ ပေါကြွယ်ဝတဲ့ ကျယ်ပြန့်တဲ့ အနောက်မြောက် ဒေသကိုသွားမှပဲ ဖြစ်နိုင်မယ် ထင်တယ်”

ရဲချန်ဖန် ဝိညာဉ်ဆေးလုံး တစ်လုံး ထုတ်သောက်လိုက်ပြီး ဒဏ်ရာများကို ကုသလိုက်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset