Switch Mode

Chapter – 160

ထွက်ပြေးပြီ

အခန်း ( ၁၆၀ )
ထွက်ပြေးပြီ

“ဝုန်း… ကျွီ…”

“ဘယ်လို ဖြစ်နိုင်မှာလဲ… မှော်အစီအရင် ဝင်္ကပါက ကျိုးပဲ့သွားတယ် ဟုတ်လား…”

ယုံရန်တန်တို့ တစ်သိုက်သည် မှော်အစီအရင် ဝင်္ကပါကို ကြည့်ပြီး အံ့သြ တုန်လှုပ်မှုကြောင့် ကြောင်အကာ ရပ်တန့် နေကြလေသည်။ ယုံရန်တန်တို့သည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေကြ သည်။ မှော်အစီအရင်သည် မဟာသားရဲ ဘိုးဘေးပင် ချိုးဖျက်ရန် မလွယ်ကူချေ။

“ခန်းမသခင်တို့… အဲဒီခွေးကောင် ပြေးတော့မယ်။ သူလွတ်သွားရင် ကျွန်တော်တို့ ဒုက္ခရောက်ပြီ…”

ယုံရန်တန်က အံ့သြမှင်သက် နေသူများကို ကျယ်လောင်စွာ အော်ဟစ်သတိပေး လိုက်လေ သည်။ သို့သော် ယုံရန်တန် သတိပေးမှုက နောက်ကျသွားပြီ ဖြစ်သည်။ ရဲချန်ဖန်သည် မှော်အစီအရင်မှ လွတ်မြောက်သွားပြီ ဖြစ်သည်။ ရဲချန်ဖန်သည် အချိန်မဆိုင်းဘဲ စတင်ထွက်ပြေး လေတော့သည်။

“လိုက်ဖမ်းကြ…”

ဓားခန်းမ သခင်နှင့် မီးခန်းမ သခင်တို့သည် ငှက်ကြီးများအပေါ် အလျင်အမြန်တက်ကာ ရဲချန်ဖန်နောက်သို့ လိုက်ကြလေသည်။ အကယ်၍ ရဲချန်ဖန် လွတ်မြောက်သွားပါက သူတို့၏ အရှက်သာမက မဟာ ကောင်းကင်မီးဂိုဏ်းတစ်ခုလုံး မျက်နှာ ထားစရာမရှိအောင် အရှက်ကွဲရပေမည်။ ရဲချန်ဖန်သည် သူတို့ဘဝတစ်လျှောက် နတ်ဆိုးအလား ခြောက်လှန့်နေလိမ့်မည်။ ရဲချန်ဖန် တစ်ယောက် တည်းကိုပင် မဟာ ကောင်းကင်မီးဂိုဏ်းက အနိုင်မယူနိုင်ပါက တခြားလူများကပါ သွေးတိုးစမ်း ရန်စလာကြမည် ဖြစ်သည်။

“ဒီရဲချန်ဖန်က အရမ်း အစွမ်းထက်လွန်းတယ်။ ဘယ်လိုလုပ် နှင်းမြောက်နိုင်ငံမှာ ဒီလို အစွမ်းထက်တဲ့လူ ထွက်ပေါ် လာတာလဲ”

“ဟုတ်တယ်… သူက ငါတို့ထက် အများကြီး ပိုအစွမ်းထက်တယ်…”

အသက်ရှင် လွတ်မြောက်လာသော ကောင်းကင်သားရဲ ဘုရင်အဆင့် တန်ခိုးရှင်များသည် ရဲချန်ဖန်ကို လိုက်ဖမ်းရန် မတွေးဝံ့တော့ချေ။ မဟုတ်ပါက ကိုယ်သေတွင်း ကိုယ်တူးသလိုသာ ဖြစ်နေပေလိမ့်မည်။

“ကျွန်တော်တို့ သွားစရာ ရှိသေးတယ်။ ယင်ယန်ခန်းမသခင် ယုံရန်တန်… ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါ။ မှော်အစီအရင် ဝင်္ကပါကို ကျွန်တော်တို့ ပြန်ဖို့အတွက် ဖွင့်ပေးပါ”

“ခင်ဗျားတို့ အန္တရာယ်ကင်းပါပြီ။ ရဲချန်ဖန်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပြီးပြီ။ ခန်းမသခင် နှစ်ယောက် ကိုယ်တိုင် ရဲချန်ဖန်ကို လိုက်ဖမ်းနေတာ။ သူလွတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီကောင်က ငါတို့ မဟာ ကောင်းကင်မီးဂိုဏ်းကို လာပြဿနာရှာဝံ့တာ ဒီတစ်သက် သူကောင်းကောင်း မနေစေရဘူး”

ယုံရန်တန်က ကျယ်လောင်စွာ အော်ဟစ် ကြုံးဝါးလိုက်လေသည်။ သိက္ခာဆည်သည့် အနေဖြင့် ကြုံးဝါးလိုက်သော်လည်း မဟာ ကောင်းကင်မီးဂိုဏ်းက သိက္ခာကျ အရှက်ကွဲသွားပြီ ဖြစ်လေသည်။ မဟာ ကောင်းကင်မီးဂိုဏ်း၏ နယ်မြေထဲ ဝင်ရောက်၍ အကြီအကဲ အများအပြားကို လူငယ်လေး တစ်ယောက်က ဝင်ရောက် သတ်ဖြတ်သွားသည် မဟုတ်ပါလော။

ယုံရန်တန်က ထန်ဟွမ်တောင်‌ပေါ်တွင် အသက်ရှင် ကျန်ရှိနေသည့် ကောင်းကင် သားရဲဘုရင် တန်ခိုးရှင်များကို နှစ်သိမ့်ပေးနေစဉ် ရဲချန်ဖန်က ထန်ဟွမ်တောင် အောက်ခြေပင် ရောက်နေပြီ ဖြစ်သည်။

“ခွေးကောင်… ဒီနေ့က မင်းသေမဲ့နေ့ပဲ။ မိလို့ကတော့… အရိုးတခြား အသားတခြား ဖြစ်ပြီသာမှတ်…”

မီးငှက်ကြီးကို စီးနင်းကာ ရဲချန်ဖန်နောက် ဒေါသတကြီး လိုက်ဖမ်းနေသော မီးခန်းမသခင်က အော်ဟစ်လိုက်သည်။

“အဘိုးကြီး… မင်း ငါ့ကိုဖမ်းမိမှ ပြောစမ်းပါ။ မင်း ငါ့ကို လိုက်မဖမ်းနိုင်ပါဘူး…”

ရဲချန်ဖန်က ထွက်ပြေးရာတွင် ရွှေလင်းယုန် တောင်ပံကို အသုံးမပြုပေ။ ဝိညာဉ် စမ်းရေကိုသာ တစ်ငုံမျှ ထုတ်သောက်လိုက်ရာ တစ်မုဟုတ်ချင်း ကုန်ခမ်းနေသော ဝိညာဉ်စွမ်းအင်က ပြန်ပြည့်ဖြိုး လာသည်။ ထို့နောက် အရိပ်မဲ့သိုင်းကို အစွမ်းကုန် သုံးပြု၍ ထန်ဟွမ်တောင်မှ လွတ်မြောက်ရန် ပြေးလွှားနေသည်။

“မီးငှက်… အရှိန်ထပ်မြှင့်စမ်း… ဒီကောင်ကို အလွတ်ပေးလို့ မရဘူး…”

ရဲချန်ဖန်၏ စော်ကားမှုကို ခံလိုက်ရသဖြင့် မီးခန်းမသခင်သည် ပို၍ ဒေါသထွက်လာပြီး မီးငှက်ကို အရှိန်မြှင့်ကာ ရဲချန်ဖန်ကို လိုက်ရန် အမိန့်ပေးနေသည်။
မိုင်တစ်ရာ၊ မိုင်နှစ်ရာ၊ မိုင်သုံးရာ၊ မိုင်ရှစ်ရာ…

“ဟာ… ဒီခွေးကောင်က လူမှ ဟုတ်သေးရဲ့လား။ အခုထိ ဝိညာဉ်စွမ်းအင် မကုန်သေး ဘူးလား…”

မီးငှက်ကိုယ်စီ စီးနင်းကာ ရဲချန်ဖန်ကို လိုက်ဖမ်းနေသော ခန်းမသခင် နှစ်ယောက်တို့သည် မိုင်တစ်ထောင်နီးပါး ရှိလာသော်လည်း ရဲချန်ဖန်ကို မမိသေးသည့် အတွက် စိတ်မရှည်စ ပြုလာလေ သည်။

“ဒီအတိုင်း ဆက်သွားရင် အခြေအနေ မကောင်းဘူး။ ရှေ့ကျရင် ကျောက်စိမ်းမျက်နှာ မြစ်နား ရောက်တော့မယ်။ ဒီကောင် ကျောက်စိမ်းမျက်နှာ မြစ်ထဲ လွတ်မြောက်သွားရင် ငါတို့ ဒုက္ခများ လိမ့်မယ်”

ဓားခန်းမသခင်က အရှေ့ ခပ်လှမ်းလှမ်းတွင် ရှိနေသော ကြီးမား ကျယ်ပြန့်လှသည့် မြစ်ကြီးကို ကြည့်ပြီး စိုးရိမ်စိတ် ဖြစ်ပေါ်လာသည်။ မီးငှက်မှာ ရဲချန်ဖန်၏ အမြန်နှုန်းကို လိုက်မီရန် မဖြစ်နိုင်သဖြင့် ခန်းမသခင် နှစ်ယောက်သည် ရဲချန်ဖန် တစ်ယောက် ကျောက်စိမ်းမျက်နှာ မြစ်ထဲ ခုန်ဆင်း သွားသည် ကိုသာ ကြည့်နေရလေသည်။ မီးခန်းမသခင်တို့ မြစ်ကမ်းနား ရောက်သည့်အချိန်တွင် မည်သည့် အရိပ်အယောင်ကိုမျှ မတွေ့ရတော့ချေ။

“ဓားခန်းမသခင်… ကျွန်တော်တို့လည်း မြစ်ထဲဆင်းပြီး အဲဒီကောင်ကို လိုက်ဖမ်းရအောင်။ ဒီကောင့်ကို အလွတ်ခံလို့ မဖြစ်ဘူး”

မီးခန်းမသခင်က စိတ်ပျက်သည့်ဟန်ဖြင့် ပြောလိုက်သည်။ ရဲချန်ဖန် လွတ်မြောက်သွားပါက ချက်ချင်း သူတို့က ပြစ်ဒဏ်ပေးမှုကို ခံရမည့်အပြင် နောက်တစ်ချိန်တွင် ရဲချန်ဖန်ကြောင့် မဟာ ကောင်းကင်မီးဂိုဏ်း ဒုက္ခလှလှ တွေ့မည်ကို နားလည်ထားလေသည်။

“ဝုန်း…”

မီးခန်းမသခင်တို့ နှစ်ယောက်သည် မီးငှက်များကို ကမ်းနားတွင် စောင့်ဆိုင်းရန် အမိန့် ပေးပြီးနောက် အချိန်ဆိုင်း မနေတော့ဘဲ မြစ်ထဲ ခုန်ဆင်းလိုက်ကြသည်။ သို့သော် သူတို့ မထင်မှတ် ထားသည်မှာ ရဲချန်ဖန်သည် ဝိညာဉ်စုပ်သိုင်းကို အသုံးပြုကာ သူ၏ အော်ရာကို ဖုံးကွယ်ထားပြီး ရေစပ်နားလေးတွင် ပုန်းအောင်းနေခြင်း ဖြစ်သည်။ ခန်းမသခင်တို့ မြစ်ထဲဆင်းပြီး သူ့ကို လိုက်ရှာချိန်တွင် ကမ်းပေါ်တက်ပြီး မီးငှက်များထံ ချဉ်းကပ်လိုက်သည်။

“အ… အ… အာ…”

မီးငှက်များသည် ချက်ချင်းပင် ရဲချန်ဖန် ချဉ်းကပ်လာသည်ကို သတိပြု မိလိုက်ပြီး အော်ဟစ် အသံပြုကာ ထွက်ပြေးရန် ကြိုးစားကြလေသည်။

“လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း…”

ရဲချန်ဖန်က မီးငှက်များကို လွတ်မြောက်စေရန် အခွင့်အရေး မပေးဘဲ ကောင်းကင်အဆင့် ဓားကို ဓားအင်အား ဖြည့်သွင်းလျက် တိုက်ခိုက်လိုက်သည်။

“ရွှစ်… ရွှစ်…”

ကောင်းကင်အဆင့် ဓားက မီးငှက်များ၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြတ်ပစ် လိုက်သည်။ မီးငှက်များမှ ထွက်လာသော သွေးများသည် ရေအိုင်ငယ်လေး အလား မြေပေါ် အိုင်ထွန်းသွားသည်။ ရဲချန်ဖန်က ခန်းမသခင် နှစ်ယောက် ပြန်ထွက်လာသည်ကို စောင့်ဆိုင်းမနေဘဲ ရွှေလင်းယုန်‌ တောင်ပံကို ဆင့်ခေါ်ကာ အဝေး မိုးကောင်းကင်ယံထဲ ဝင်ရောက် ပျောက်ကွယ် သွားလေသည်။

“တောက်… ဒီခွေးကောင် လွတ်သွားပြန်ပြီ”

မီးငှက်များ ကြောက်လန့်တကြား အော်ဟစ်သံကြောင့် မြစ်ထဲမှ တက်လာသော ခန်းမသခင် နှစ်ယောက်တို့သည် မြစ်ကမ်းပေါ်တွင် သေနေသော မီးငှက်နှစ်ကောင်၏ အလောင်းများကိုသာ တွေ့လိုက်ရသည်။ သူတို့နှစ်ယောက် အလွန် ဒေါသထွက်သွား လေသည်။

“နေ့တစ်ဝက်လောက် ရှိနေပြီ။ ခန်းမသခင် နှစ်ယောက် ဘာလို့ ပြန်မရောက် လာသေး တာလဲ…”

မဟာ ကောင်းကင်မီးဂိုဏ်းမှ အကြီးအကဲ တစ်ယောက်က ညအမှောင်သမ်း လာသည်ကို ကြည့်ပြီးပြောလိုက်သည်။

“ဘာတွေ လောနေတာလဲ ခန်းမသခင် နှစ်ယောက်က လိုက်ဖမ်းနေမှတော့ ဒီခွေးကောင် လွတ်စရာအကြောင်း မရှိဘူး။ မကြာခင် ခန်းမသခင် နှစ်ယောက် ပြန်လာမယ်လို့ ငါထင်တယ်”

ယုံရန်တန်ကလည်း စိတ်အနည်းငယ် ပူနေမိသော်လည်း အေးဆေး သက်သာဟန် လုပ်ကာ ပြောလိုက်လေသည်။

“ခန်းမသခင် ယုံ… တဖြည်းဖြည်းနဲ့ ညလည်း ရောက်လာနေပြီ။ ခင်ဗျားတို့… ကျွန်တော်တို့ အတွက် ဘာမှ လုပ်ပေးစရာ မလိုဘူး။ မှော်အစီအရင်သာ ဖွင့်ပေး ကျွန်တော်တို့ ပြန်တော့မယ်”

အဖြူရောင်ဝတ်စုံနှင့် ကောင်းကင် သားရဲဘုရင် ပထမအဆင့် တန်ခိုးရှင် တစ်ယောက်က ပြောလိုက်လေသည်။

“မိတ်ဆွေတို့… ကျွန်တော် မှော်အစီအရင်ကို မဖွင့်ပေးချင်တာ မဟုတ်ဘူး။ ဓားခန်းမ သခင်က အသံလှိုင်းနဲ့ ဒီမှာရှိတဲ့ လူတိုင်းကို မထွက်ခွာစေဖို့ ကျွန်တော့်ကို လှမ်းပြောထားတယ်။ သူက မဟာ ကောင်းကင် မီးဂိုဏ်းကို လာကူညီတဲ့ မိတ်ဆွေတွေကို ဓားခန်းမသခင်က ကိုယ်တိုင်ကိုယ်ကျ တောင်းပန်စကားပြောပြီး နစ်နာကြေး ပေးမယ်လို့ ကျွန်တော်ထင်တယ်”

ယုံရန်တန်က ရှင်းပြလိုက်သည်။

“ဒါပေမဲ့… သူက ဘယ်ချိန်မှ ပြန်လာမလဲ မသိဘူးလေ”

ထိုလူငယ်လေးက ပြန်ပြောလိုက်သည်။ ထိုအချိန်တွင် မှော်အစီအရင်သည် ပြင်းထန်စွာ လှုပ်ရှား သွားသဖြင့် အကုန်လုံး၏ အာရုံသည် အသံကြားရာ နေရာသို့ ရောက်ရှိသွားသည်။

“ခန်းမသခင် နှစ်ယောက် ပြန်လာပြီ”

မှော်အစီအရင်ထဲ လူဝင်ရောက်လာသည့် အသံကြားပြီး ယုံရန်တန် စိတ်အေးသွားသည်။ သို့သော် ဝင်လာသည့်သူ၏ မျက်နှာကို မြင်လိုက်သည်နှင့် ယုံရန်တန် မျက်နှာမှာ အလွန်ပျက်သွား လေတော့သည်။

“ရဲ… ရဲချန်ဖန် မင်း… မင်း… မင်း ဒီကိုပြန်လာတယ်… ဟုတ်လား…”

“သူ… သူက ခန်းမသခင် နှစ်ယောက်ကို သတ်လိုက်ပြီလား…”

ယုံရန်တန်က အေးစက်သည့် အော်ရာနှင့် လူသတ်စိတ်များ ဖြာထွက်နေသည့် ရဲချန်ဖန်ကို ကြည့်ပြီး သေမင်းကို မြင်လိုက်ရသည့် အလား ကြောက်လန့်သွားသည်။ ခန်းမသခင် နှစ်ယောက်ကို ရဲချန်ဖန်က သတ်လိုက်ပြီဟူသည့် အတွေးကြောင့် ယုံရန်တန်က တစ်ကိုယ်လုံး ထိန်းမရအောင် တုန်ခါလာကာ သေမတတ် ကြောက်လန့် သွားစေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset