အခန်း (၁၅၉)
တိုက်ခိုက်ကြပြီ
“ပြေး…”
ကောင်းကင် သားရဲဘုရင် တန်ခိုးရှင် တစ်ယောက်က စတင်၍ ထွက်ပြေးရာ ကျန်လူများ သည်လည်း ရဲချန်ဖန်ကို ရင်ဆိုင်ရန် သတ္တိ မရှိတော့ပေ။ သူ့ထက်ငါ အလုအယက် စတင်ထွက်ပြေး ကြလေသည်။ ကောင်းကင်မီးဂိုဏ်း ထိန်းချုပ်ထားသည့် နယ်မြေမှ လွတ်မြောက်ခါနီးတွင် ကြီးမား သော မှော်အစီအရင် ဝင်္ကပါကြီးတစ်ခုလုံးက တောင်ထိပ်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး အပြင်သို့ ထွက်ရန် မဖြစ်နိုင်တော့ပေ။
“မြန်မြန်ဖွင့်… ငါတို့ကို ထွက်ခွင့်ပေးပါ…”
ကြောက်ရွံ့နေသော တန်ခိုးရှင်များသည် ထိတ်လန့်စွာ အော်ဟစ်လိုက်ကြပြီး မှော်အစီအရင်ကို သဲကြီးမဲကြီး စတင်တိုက်ခိုက် ကြတော့သည်။ သူတို့စိတ်ထဲတွင် ထန်ဟွမ်တောင်မှ လွတ်မြောက်ရန် အတွေးတစ်ခုသာ ရှိလေသည်။ ရဲချန်ဖန်သည် မဟာကောင်းမီး ဂိုဏ်းဝင်မဟုတ်သော ကောင်းကင် သားရဲ ဘုရင်အဆင့် တန်ခိုးရှင်များကို လိုက်လံ တိုက်ခိုက်ခြင်း မပြုပေ။ သူ့ရည်ရွယ်ချက်မှာ ယုံရန်တန်ကို သတ်ဖြတ်ပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများ ရယူရန်သာ ဖြစ်လေသည်။
“သေကြစမ်း…”
ရဲချန်ဖန်သည် သွေးဆာနေသည့် သားရဲ အလားပင် မဟာ ကောင်းကင်မီးဂိုဏ်းမှ ကောင်းကင် သားရဲဘုရင် တန်ခိုးရှင်များကို စတင် သတ်ဖြတ်တော့သည်။ ဓားချက် အလင်းတစ်ခုက ကောင်းကင် သားရဲဘုရင် စတုတ္ထအဆင့် တန်ခိုးရှင် နှစ်ယောက်၏ အသက်ကို နုတ်ယူသွားလေသည်။ တောင်ထိပ် တစ်ခုလုံးသည် ငရဲစခန်းအလားပင် သွေးများနှင့် ပြည့်နှက်နေသည်။ မဟာ ကောင်းကင်မီးဂိုဏ်းမှ အကြီးအကဲများသည် သေဆုံးသွားသည့် အလောင်းများကို ကြည့်ပြီး အသည်းများပင် အေးစက် သွားသည်။
“ယင်ယန်ခန်းမ အကြီးအကဲ… ရဲချန်ဖန်က အရမ်း အစွမ်းထက်လွန်းတယ်။ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ”
ကြောက်ရွံ့နေသော အကြီးအကဲ တစ်ယောက်က မေးလိုက်သည်။
“ဘာလုပ်ရမှာလဲ… မှော်အစီအရင် ဝင်္ကပါကိုဖွင့်လိုက်… ငါတို့ ဒီနေရာက ထွက်သွားကြမယ်”
ယုံရန်တန်သည် ထွက်ပြေးရန် ဆန္ဒမရှိသော်လည်း သူကိုယ်တိုင်လည်း ဒဏ်ရာပြင်းထန်စွာ ရထားပြီး ကျန်လူများသည်လည်း ကြောက်ရွံ့နေပြီဖြစ်ရာ ထွက်ပြေး လွတ်မြောက်ခြင်းသာ အကောင်းဆုံး နည်းလမ်း ဖြစ်လေသည်။
“ကျွီ…”
မှော်အစီအရင် ဝင်္ကပါကို ဖွင့်ရန် ပြင်လိုက်ချိန်တွင် မှော်အစီအရင် ဝင်္ကပါတွင် ဂိတ်တံခါး တစ်ခုက ထွက်ပေါ်လာပြီး ဓားခန်းမ သခင်နှင့် မီးခန်းမ သခင်တို့က မဟာ ကောင်းကင်မီးဂိုဏ်းမှ တန်ခိုးရှင် အများအပြားကို ဦးဆောင်လျက် မှော်အစီအရင် ဝင်္ကပါထဲ ဝင်ရောက်လာလေသည်။
“ဓားခန်းမ သခင်နဲ့ မီးခန်းမ သခင် ခင်ဗျားတို့ အချိန်မီ ရောက်လာတာပဲ”
ဓားခန်းမ သခင်နှင့် မီးခန်းမ သခင်တို့ကို ယုံရန်တန်က အကျိုးကြောင်းကို အလျင်အမြန် ရှင်းပြလိုက်သည်။
“ခွေးကောင်… မင်းက… ငါတို့ မဟာ ကောင်းကင်မီးဂိုဏ်းက လူတွေကို သတ်ရဲတယ် ဟုတ်လား”
ရဲချန်ဖန် လက်ချက်ကြောင့် မဟာ ကောင်းကင်မီးဂိုဏ်းမှ အကြီးအကဲ အတော်များများ သေဆုံးသွားရသည်ကို သိလိုက်ပြီး ဓားခန်းမ သခင်နှင့် မီးခန်းမ သခင်တို့ အလွန်ဒေါသ ထွက်သွား လေသည်။
“ဘာလဲ… မင်းတို့ကပဲ လုပ်ချင်သလို လုပ်လို့ရမယ်။ တခြားလူတွေက မင်းတို့ကို ပြန်လုပ်ခွင့် မရှိဘူး။ အဲဒီလိုလား… မင်းတို့ကိုယ် မင်းတို့ သိပ်အထင်ကြီး မနေနဲ့”
ရဲချန်ဖန်က ဓားခန်းမ သခင်တို့အား ကြောက်ရွံ့ခြင်း တစ်ချက်မှမရှိဘဲ ပြန်ပြောလိုက်သည်။
“မီးခန်းမ သခင်… အဲဒီကောင်နဲ့ ပြိုင်ပြောမနေနဲ့။ ငါတို့ သူ့ကိုသတ်ပြီး အကြီးအကဲတွေ အတွက် လက်စားချေပေးရအောင်…”
ဓားခန်းမ သခင်က အလွန်အေးခဲ ထက်မြက်ပုံရသည့် အသွား ခြောက်လက်မခန့် ရှည်သည့် အလယ်အလတ် မြေကမ္ဘာအဆင့် ဓားကို ထုတ်ယူလိုက်သည်။
“အေး… ငါ မင်းကို ဖမ်းမိလို့ကတော့ အရိုးတခြား၊ အသားတခြား ဖြစ်ပြီသာမှတ်…”
မီးခန်းမ သခင်ကပါ အလယ်အလတ် မြေကမ္ဘာအဆင့် စက်လုံးလက်နက်ကို ထုတ်ယူကာ ရဲချန်ဖန်ကို အော်ဟစ် မာန်သွင်းပြီး ဝင်ရောက်တိုက်ခိုက် လိုက်သည်။
“ခင်ဗျားတို့… သတိထားကြ… အဲဒီကောင်မှာ ကောင်းကင်အဆင့် ရတနာဓား ရှိတယ်…”
ယုံရန်တန်က ဓားခန်းမ သခင်တို့ကို သတိပေးလိုက်သည်။
“ကောင်းကင်အဆင့် ရတနာလား…”
ယုံရန်တန် သတိပေးသံကြားပြီး ဓားခန်းမသခင်၏ မျက်နှာက အလွန်ထူးဆန်းသော အမူအရာ ဖြစ်သွားသည်။
“ဓားအင်အား အမြင့်ဆုံးအဆင့်…”
ဓားခန်းမသခင် အံ့အားသင့်နေစဉ် ရဲချန်ဖန်က ခန္ဓာကိုယ် စွမ်းအားကို အမြင့်ဆုံး အဆင့်ထိ ထုတ်ကာ ကောင်းကင်အဆင့် ဓားဖြင့် တိုက်ခိုက်လိုက်သည်။ ရဲချန်ဖန် တိုက်ခိုက်မှုမှာ ဓားခန်းမသခင် မဟုတ်ဘဲ မီးခန်းမသခင် ဖြစ်နေလေသည်။ ခန်းမသခင် လေးယောက်ထဲတွင် ဓားခန်းမ သခင်သည် အစွမ်း အထက်ဆုံးဖြစ်ရာ ပို၍ အင်အားနည်းသော မီးခန်းမ သခင်ကို အရင်တိုက်ခိုက် လိုက်ခြင်း ဖြစ်သည်။ မီးခန်းမသခင်နှင့် ရဲချန်ဖန် တိုက်ခိုက်နေပြီဖြစ်ရာ ဓားကိုအသုံးပြုသော ဓားခန်းမသခင် သည် ကောင်းကင်အဆင့် ဓားကို လိုချင်တပ်မက်လာကာ ရဲချန်ဖန်၏ လျှို့ဝှက်ချက်ကို အလွန်သိချင် လိုချင် လာသည်။
“အရိပ်မဲ့သိုင်း…”
မီးခန်းမသခင်က တိုက်ခိုက်မှုကို ခုခံနေစဉ် ရဲချန်ဖန်က မဟာ ကောင်းကင်မီးဂိုဏ်းမှ ခန်းမသခင် နှစ်ယောက်နှင့် တစ်ချိန်တည်း ယှဉ်ပြိုင်တိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်း ရိပ်စားမိ လိုက်သည်။ ဤအကြောင်းကို ဓားခန်းမ သခင်တို့ကလည်း ချက်ချင်းပင် ရိပ်မိသွားကာ အပြင်းအထန်ပင် ရဲချန်ဖန်ကို တိုက်ခိုက်ကြတော့သည်။
“ဝုန်း… ဘုန်း…”
ဓားခန်းမသခင်၏ တိုက်ခိုက်မှုက ရဲချန်ဖန်ကို ထိမှန်သွားလေသည်။
“ခွေးကောင်လေး… မင်း… ဒဏ်ရာရသွားပြီ။ မင်း အတောင်ပါရင်တောင် မလွတ်စေရဘူး”
ဓားခန်းမသခင်က ရဲချန်ဖန် လက်ထဲမှဓားကို လိုချင်တပ်မက်စွာ ကြည့်ပြီး ပြောလိုက်လေ သည်။ ဓားခန်းမသခင်နှင့် ယှဉ်ပြိုင် တိုက်ခိုက်လိုပါက ရဲချန်ဖန်က အသက်ဝိညာဉ် ကျင့်စဉ် သို့မဟုတ် တရားစီရင်ရေး သိုင်းကို ထုတ်သုံးရမည် ဖြစ်သည်။ အသက်ဝိညာဉ် ကျင့်စဉ်သည် အသက်စွမ်းအင်ကို အသုံးချရမည် ဖြစ်ရာ အလွန်တန်ဖိုးကြီးပြီး တရားစီရင်ရေးသိုင်း သုံးမည်ဆိုပက ဝိညာဉ်စွမ်းအင်များ တစ်မုဟုတ်ချင်း ကုန်ဆုံးမည် ဖြစ်သောကြောင့် ရဲချန်ဖန်က အလွယ်တကူ ထုတ်သုံးခြင်း မပြုရန် ဆုံးဖြတ်ထားသည်။
“လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း… ကျိုးပဲ့စမ်း…”
ရဲချန်ဖန် မျက်ဝန်းများပင် ကျဉ်းမြောင်းသွားပြီး ကောင်းကင်ဓားဖြင့် လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း အကွက်ကို အသုံးပြုကာ မှော်အစီအရင် ဝင်္ကပါမှ အားနည်းသော နေရာကို တိုက်ခိုက် လိုက်သည်။
“အရူး… မင်းရဲ့အစွမ်းနဲ့ မှော်အစီအရင်ကို ချိုးဖောက်ချင်တယ် ဟုတ်လား… ငါတောင် အဲဒီ မှော်အစီအရင်ကို မချိုးဖောက်နိုင်ဘူး။ ကောင်လေး… မင်း ဆုတောင်းလိုက်…”
ဓားခန်းမ သခင်က ရဲချန်ဖန် မှော်အစီအရင်ကို တိုက်ခိုက်မှန်း သိလိုက်သည်နှင့် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာကာ ရဲချန်ဖန်ကို လှောင်ပြောင်လိုက်သည