အခန်း (၁၅၈)
သတ်ဖြတ်ခြင်း
“လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း…”
“ရဲချန်ဖန်က သိုင်းတစ်ကွက်တည်း အသုံးပြုပြီး မဟာ ကောင်းကင်မီးဂိုဏ်းက ကောင်းကင် သားရဲသခင် ပဉ္စမအဆင့်ကို သတ်ပစ်လိုက်နိုင်တယ်…”
ထိုမြင်ကွင်းက အကုန်လုံးကို အလွန်ထိတ်လန့် သွားစေသည်။ ဤသည်မှာ သူတို့နားလည်မှု ထက်များစွာ ကျော်လွန် နေပေသည်။
“ဒီခွေးကောင်က အချိန်တိုအတွင်း ဘာလို့ဒီလောက် အစွမ်းထက် လာတာလဲ”
ရဲချန်ဖန်က ကောင်းကင် သားရဲဘုရင် ပဉ္စမအဆင့်ကို တစ်ကွက်တည်းဖြင့် သတ်လိုက်သော မြင်ကွင်းက ယုံရန်တန်ကို တုန်လှုပ် ချောက်ချား သွားစေသည်။
“ဘာလို့ မီးခန်းမ သခင်နဲ့ ဓားခန်းမ သခင်တို့ မရောက်လာကြ သေးတာလဲ”
ရဲချန်ဖန်က အလွန်အစွမ်းထက် နေသောကြောင့် မဟာ ကောင်းကင်မီးဂိုဏ်းမှ အကြီးအကဲ များသည် စိတ်ပူလာကြ လေသည်။ ရဲချန်ဖန်က ဤမျှလောက်ထိ ရဲတင်းလိမ့်မည်ဟု မထင်ထားရာ မဟာ ကောင်းကင်မီးဂိုဏ်းကို အငိုက်မိသွားစေ လေသည်။
“မိတ်ဆွေတို့ ရဲချန်ဖန်ကို ထိခိုက် ဒဏ်ရာရအောင် လုပ်နိုင်တဲ့ မည်သူမဆို အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး သုံးသောင်း၊ သတ်နိုင်တဲ့ မည်သူမဆို အလယ်အလတ်အဆင့် ဝိညာဉ် ကျောက်တုံး တစ်သိန်းကို ပေးမယ်လို့ မဟာ ကောင်းကင်မီးဂိုဏ်းက ကတိပေးတယ်”
အခြေအနေကို ထိန်းချုပ် နိုင်ရန်အတွက် ယုံရန်တန်သည် ထန်ဟွမ်တောင် ရောက်နေသူ အားလုံး၏ စွမ်းအားကို စုစည်းနိုင်ရန် လိုနေရာ မဟာ ကောင်းကင်မီးဂိုဏ်းကို တိုင်တည်ပြီး ကတိပြုလိုက်လေသည်။
များပြားလှသော ဆုကြေးကြောင့် စွန့်စားလိုသူများ ထွက်ပေါ်လာစမြဲ ဖြစ်ရာ ထန်ဟွမ် တောင်သို့ ရောက်ရှိနေသော ကောင်းကင်သားရဲ ဘုရင်အဆင့် တန်ခိုးရှင်များသည် လောဘဇောများ တက်လာပြီး မျက်လုံးများပင် နီရဲသွားသည်။ အလယ်အလတ်အဆင့် ဝိညာဉ် ကျောက်တုံးများသည် အလွန် အဖိုးထိုက်တန်လှသည် မဟုတ်ပါလော။ ထိုအချိန်တွင် မဟာ ကောင်းကင်မီးဂိုဏ်းမှ တန်ခိုးရှင် များကမူ ရဲချန်ဖန်၏ ဆုတ်လမ်း တက်လမ်းများကို ပိတ်ဆို့လိုက်သည်။
“သူတို့က ဘာလုပ်နိုင်မှာ မို့လို့လဲ”
ရဲချန်ဖန်က သူ့ကို ကောင်းကင်သားရဲ ဘုရင်အဆင့် တန်ခိုးရှင်များက ဝိုင်းထားသော်လည်း စိုးရိမ်ခြင်းမရှိဘဲ သူ၏ လူသတ်အော်ရာက ပိုမိုပြင်းထန်လာကာ တိုက်ခိုက်လိုစိတ်များ ပြင်းထန် လာသည်။ ရဲချန်ဖန်သည် အလွန် သွေးဆာနေသည့် ဓားက ဓားအိမ်မှ ထွက်လာတော့မည့် နှယ်ပင်။
“မကြောက်ကြနဲ့… ငါတို့အားလုံး စုတိုက်ရင် ဒီကောင် ဘာလို့ မသေရမှာလဲ”
မဟာ ကောင်းကင်မီးဂိုဏ်းမှ အကြီးအကဲ တစ်ယောက်က လှုံ့ဆော်လိုက်သည်။
“ဓားအင်အား အမြင့်ဆုံး အဆင့်…”
လောဘဇော တက်နေသော လူအုပ်ကြီးသည် မဟာ ကောင်းကင်မီးဂိုဏ်းမှ အကြီးအကဲ တစ်ယောက်၏လှုံ့ဆော်မှုကြောင့် တိုက်ခိုက်ရန် ပြင်ဆင်နေချိန် ရဲချန်ဖန် ကိုယ်ဆီမှ ဓားအင်အားက ထွက်ပေါ်လာသည်။
“ဓားအင်အား အမြင့်ဆုံးအဆင့်… သူက ဓားအင်အား အမြင့်ဆုံး အဆင့်ထိ အောင်မြင်အောင် လေ့ကျင့်ထား ပြီးပြီလား…”
ရဲချန်ဖန်ကိုယ်မှ ဓားအင်အား အမြင့်ဆုံးအဆင့်က ထွက်ပေါ်လာသဖြင့် ရဲချန်ဖန်ကို ထိပ်ဆုံးမှ ဝိုင်းထားသော ကောင်းကင် သားရဲဘုရင် ပဉ္စမဆင့် တန်ခိုးရှင် နှစ်ယောက်သည် မျက်နှာပျက် သွားလေသည်။ အလွန်ငယ်ရွယ်သော ရဲချန်ဖန်က အလွန်ထူးခြား ဆန်းကြယ်သော ဓားအင်အားကို အမြင့်ဆုံး အဆင့်ထိ အောင်မြင်အောင် လေ့ကျင့်ထားနိုင် သဖြင့် အားလုံးက မယုံနိုင် ဖြစ်နေကြသည်။ ရဲချန်ဖန်က ကျောက်စိမ်းဓားကို သိမ်းဆည်းလိုက်ကာ ကောင်းကင်အဆင့် ဓားကို ထုတ်ယူလိုက်သည်။
“ဒါ… ဒါ… ကောင်းကင်အဆင့် ရတနာဓားပဲ…”
ကောင်းကင်အဆင့် ရတနာဓားက လူတိုင်း၏ လောဘကို ပိုမိုလောင်မြိုက် သွားစေသည်။ မဟာ ကောင်းကင်မီးဂိုဏ်းမှ ဆုကြေးထက်ပင် ကောင်းကင်အဆင့် ရတနာဓားက သူတို့၏ စိတ်ကို ဖမ်းစား သွားစေသည်။ ဤအကြိမ်တွင်မူ အနည်းငယ် တွေဝေနေသော သူများပင် လောဘများ တက်ကာ ဝိညာဉ် သားရဲများကို အသီးသီး ဆင့်ခေါ်ကာ လက်နက်များ ထုတ်ယူပြီး ရဲချန်ဖန်ကို စတင် တိုက်ခိုက်လိုက်ကြ လေသည်။
“မင်းတို့က သေချင်နေမှတော့ မင်းတို့ဆန္ဒကို ဖြည့်ဆည်း ပေးရမှာပေါ့…”
ရဲချန်ဖန်က အရိပ်မဲ့သိုင်းကို အသုံးပြုပြီး လူအုပ်ထဲ ပြေးဝင်လိုက်သည်။ နတ်ဦးနှောက်၏ အကူအညီဖြင့် ရဲချန်ဖန်က လူအုပ်ထဲတွင် လှပစွာ တိုးဝင် ပျောက်ကွယ် သွားသလိုပင်။ ပုံရိပ်ယောင် များက ခွဲထွက်ပြီး လူအုပ်ကြီးကို ပြေးလွှား တိုက်ခိုက်လိုက်သည်။ ရဲချန်ဖန်၏ လှုပ်ရှားမှုသည် ကြောက်ခမန်းလိလိ မြန်လှရာ ချက်ချင်း ဆိုသလိုပင် ကောင်းကင် သားရဲဘုရင် နှစ်ယောက်ကို သေဆုံးသွားစေသည်။ ရဲချန်ဖန်က ကောင်းကင်အဆင့် ရတနာဓားကို အသုံးပြု၍ ကောင်းကင် သားရဲဘုရင် စတုတ္ထအဆင့် နှစ်ယောက်ကို ထပ်မံတိုက်ခိုက် လိုက်သည်။
ရဲချန်ဖန်၏ အစွမ်းမှာ အလွန် ထက်မြက်နေသည့် အပြင် အလွန် အစွမ်းထက်သည့် ကောင်းကင်အဆင့် ရတနာဓားကပါ အားဖြည့် ပေးထားသဖြင့် ကောင်းကင် သားရဲဘုရင် နှစ်ယောက်သည် ရဲချန်ဖန် တိုက်ခိုက်မှုကို ခုခံနိုင်ခြင်း မရှိဘဲ သွေးများ ဖြာကျကာ မြေပေါ် အတုံးအရုံး လဲကျ သေဆုံးသွားသည်။
သို့သော် ရဲချန်ဖန်လည်း မသက်သာလှချေ။ ကောင်းကင်သားရဲ ဘုရင်အဆင့် တန်ခိုးရှင်ပေါင်း များစွာက စုပေါင်း တိုက်ခိုက်နေခြင်း ဖြစ်ရာ ဓားဒဏ်ရာ နှစ်ချက်ပင် သူ့နောက်ကျောတွင် ရရှိနေပြီး သွေးများ အန်ထုတ်လိုက်ရသည်။
“တိမ်ခွင်းလက်ဝါး…”
ရဲချန်ဖန်က ဒဏ်ရာများကို ဂရုစိုက်နိုင်ခြင်း မရှိဘဲ ပေါင်နှစ်သိန်းကျော် စွမ်းအားကို ဘယ်ဘက် လက်ထဲ ဖြည့်သွင်းလိုက်ကာ သူ့ကို ဝိုင်းဝန်း ပိတ်ဆို့နေသည့် လူတစ်ဦးကို တိုက်ခိုက်လိုက်သည်။ တိမ်ခွင်း လက်ဝါးဖြင့် မိမိရရ ထိမှန် ခံလိုက်ရသည့် အတွက် ကောင်းကင် သားရဲဘုရင်ကို လဲကျ သေဆုံးသွား စေသည်။ ရဲချန်ဖန်၏ လျင်မြန်စွာ လှည့်ပတ် တိုက်ခိုက်မှုကို ခံလိုက်ရသဖြင့် ကောင်းကင် သားရဲဘုရင် တန်ခိုးရှင်များသည် အချင်းချင်း နီးကပ်စွာနေလျက် ရဲချန်ဖန်ကို ပိုမိုပြင်းထန်စွာ တိုက်ခိုက် ကြတော့သည်။
ဖိအားများ ပိုမိုများလာသဖြင့် ရဲချန်ဖန်သည် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို စတင် အသုံးပြုလိုက်ရာ ရဲချန်ဖန်ဆီမှ အရိုးကွဲမတတ် အအေးဓာတ်က ထွက်ပေါ်လာသည်။ ရဲချန်ဖန်သည် ကောင်းကင် သားရဲဘုရင် ဒုတိယအဆင့်သို့ ရောက်သွားပြီးနောက် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို ပိုမို အစွမ်းထက်အောင် အသုံးပြုလာနိုင်သည်။ ချက်ချင်းပင် ကောင်းကင်သားရဲ ဘုရင်အဆင့် တန်ခိုးရှင် သုံးယောက်ကို အေးခဲသွားစေသည်။ တစ်ဆက်တည်းမှာပင် ဓားအင်အား အပြည့်ပါဝင်သော ဓားအလင်းက ထိုအေးခဲနေသော တန်ခိုးရှင် သုံးယာက်၏ ခန္ဓာကိုယ်ကို ထိုးခွဲ ပေါက်ကွဲသွားစေသည်။
“ဝိညာဉ်စမ်းရေလား… သူက ဝိညာဉ်စမ်းရေကို ပိုင်ဆိုင်ထားတာလား…”
ယုံရန်တန်သည် ရဲချန်ဖန်တွင် အလွန် အစွမ်းထက်သော တိုက်ခိုက်ရေးအစွမ်း ရှိရုံသာမက ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေပါ ရှိသဖြင့် မျက်နှာ အလွန်ပျက်သွားသည်။ ရဲချန်ဖန် တိုက်ခိုက် လိုက်တိုင်း ထွက်ပေါ်လာသော မမြင်ရသည့် အင်အားက သူ့စိတ်အင်အားကို လျော့ကျစေသည်။
ရဲချန်ဖန်က ကြောက်ရွံ့နေသည့် ယုံရန်တန်ကို သတိပြုမိလိုက်ပြီး အလျင်အမြန် တိုက်ခိုက် လိုက်ရာ ဓားအလင်းက ယုံရန်တန်ဆီ လျင်မြန်စွာ တိုးဝင်သွားသည်။ ထို့ကြောင့် ယုံရန်တန် အလွန် ရုပ်ပျက်သွားပြီး ရှိသမျှ အားကုန်ထုတ်ကာ ခုခံလိုက်သည်။
“လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း…”
ဓားအလင်းနှစ်ခု ထိပ်တိုက် တွေ့ဆုံသွားချိန်တွင် ရဲချန်ဖန်က ယုံရန်တန်ကို မြန်မြန် သတ်ချင် သည့်အတွက် လျှပ်တစ်ပြက် သတ်ဖြတ်ခြင်းကို ဆက်တိုက်ဆိုသလို အသုံးပြုလိုက်ရာ အလွန်စူးရှ ထက်မြက်သော ဓားက ယုံရန်တန်၏ ရင်ဘတ်ကို ထိုးခွဲသွားသည်။ မဟာ ကောင်းကင်မီးဂိုဏ်းမှ ယင်ယန်ခန်းမ သခင် ယုံရန်တန် ပြင်းထန်စွာ ဒဏ်ရာရသွားပြီ ဖြစ်သည်။ ရဲချန်ဖန်၏ ဓားအစွမ်းနှင့် လူသတ်အော်ရာက ပိုမို ပြင်းထန်လာသဖြင့် အားလုံးကို ပိုမိုကြောက်ရွံ့ သွားစေသည်။
ရဲချန်ဖန်ကို သတ်ပြီး ကျောက်စိမ်းဓားကို လိုချင်ကြသော်လည်း ရဲချန်ဖန်မှာ အလွန် အစွမ်းထက် နေသည့်အပြင် လှုပ်ရှားမှုကလည်း ခန့်မှန်းမရအောင် မြန်ဆန်လှရာ အသက်အန္တရာယ်က ပိုမို အရေးကြီးသဖြင့် အားလုံးက ထန်ဟွမ်တောင်မှသာ လွတ်မြောက်ရန် အတွေးများ ဖြစ်လာကြ လေသည်။