Switch Mode

Chapter – 157

အငိုက်မိခြင်း

အခန်း (၁၅၇)
အငိုက်မိခြင်း

ထန်ဟွမ်တောင်သည် နှင်းမြောက်နိုင်ငံ၏ အမြင့်ဆုံး တောင်တန်းများ တည်ရှိရာ အနောက်မြောက် ဒေသတွင် ရှိလေသည်။ ထိုတောင်တန်းကြီး၏ အဆုံးမရှိသော တောင်ထွတ်များ၊ တောင်စဉ်တန်းများသည် ကြီးမားလှသည့် နဂါးကြီး ခွေနေသလိုပင်။ အလွန်စိမ်းလန်း၊ ရှည်လျားလှ လေသည်။ ထိုထဲတွင် ထန်ဟွမ်တောင်သည် အမြင့်မားဆုံးတောင် ဖြစ်ရာ အလွန်ကြီးမား ဝင့်ထည်လှ ပေသည်။

ထန်ဟွမ်တောင်တွင် ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသော ဝိညာဉ်သစ်သီးများ၊ ဝိညာဉ် သားရဲများ ရှိနေလေရာ အင်မော်တယ်တို့၏ ဘုံဗိမာန်အလားပင်။ သို့သော် အစွမ်းထက်လှသော ဝိညာဉ် သားရဲများ ကျင်လည် ကျက်စားရာ နေရာဖြစ်သဖြင့် မြေကမ္ဘာသားရဲ စစ်သူကြီးအဆင့် တန်ခိုးရှင်များ ဝင်ရောက်နိုင်သော နေရာမဟုတ်ပေ။

“မဟာ ကောင်းကင်မီးဂိုဏ်းက ဒီလိုနေရာကို ရွေးချယ်တယ် ဆိုတော့ သူတို့က ဘယ်လို တန်ခိုးရှင်တွေကို ဖိတ်ခေါ်ထားတာလဲ မသိဘူး”

“ရပ်လိုက်စမ်း… ဒီနေရာက မဟာ ကောင်းကင်မီးဂိုဏ်းရဲ့ ပိုင်နက်နေရာပဲ။ အပြင်လူ ဝင်ခွင့်မရှိဘူး”

ရဲချန်ဖန်က ထန်ဟွမ်တောင်ပေါ်သို့ တက်လာခဲ့ရာ တောင်ထိပ်နား ရောက်ခါနီးတွင် မဟာ ကောင်းကင်မီးဂိုဏ်း ဝတ်စုံများ ဝတ်ထားသော ဂိုဏ်းသား နှစ်ယောက်ကို တွေ့လိုက်ရလေသည်။

“ငါက ရဲချန်ဖန်အတွက် ထုတ်ထားတဲ့ ဆုကြေးအတွက် လာတာပဲ”

မျက်နှာဖုံးနှင့် ရဲချန်ဖန်က သူ၏အော်ရာကို တမင်ထုတ်လွှင့်ကာ ပြောလိုက်လေသည်။

“ဆရာကြီး ဝင်လို့ရပါတယ်”

အစွမ်းထက်သော ရဲချန်ဖန်၏ အော်ရာကြောင့် လူတကာကို မာရေ၊ ကျောရေနှင့် ဆက်ဆံသော မဟာ ကောင်းကင်မီးဂိုဏ်းသားနှစ်ဦးမှာ အချိုးချက်ချင်း ပြောင်းသွားကာ ရဲချန်ဖန် ပြောစကားကို ယုံသွားလေသည်။ အစွမ်းထက်လှသော ကောင်းကင် သားရဲဘုရင် အဆင့်များသာ ဆုကြေးကို ရယူနိုင်စွမ်း ရှိသည် မဟုတ်ပါလော။

မဟာ ကောင်းကင်မီးဂိုဏ်း ထိန်းချုပ်ထားသည့် နယ်မြေကို ဝင်လာပြီးနောက် ထန်ဟွမ် တောင်ထိပ်ပေါ်တွင် မိုင်ပေါင်းများစွာကို လွှမ်းခြုံထားသော မဟာမှော်အစီအရင် ဝင်္ကပါတစ်ခု ရှိနေသည်ကို တွေ့ရှိလိုက် ရလေသည်။ ထိုမှော်အစီအရင်သည် မဟာသားရဲ ဘိုးဘေး အဆင့်ကိုပင် ဒုက္ခပေးနိုင်စွမ်း ရှိလေသည်။

မဟာ ကောင်းကင်မီးဂိုဏ်းသည် မှော်အစီအရင်ကို ချထားသော်လည်း ရဲချန်ဖန်၏ နတ်ဦးနှောက်မှာ ဆင့်ကဲပြောင်းလဲပြီး အစွမ်းထက်လာနေရာ ချက်ချင်းပင် မှော်အစီအရင်၏ အားနည်းချက် နေရာများကို ရှာဖွေတွေ့ရှိ သွားလေသည်။ ရဲချန်ဖန် တောင်ထိပ်ပေါ်တွင် လမ်းလျှောက် လာနေရင်း မှော်အစီအရင်ကို ဖြိုခွဲနိုင်မည့် နည်းများကို အဆက်မပြတ် ရှာဖွေနေလေသည်။

ဆယ့်ငါးမိနစ်ခန့် လျှောက်လာပြီးနောက် တောင်ထိပ်ပေါ်တွင် အလွန်ကျယ်ပြန့်သော လွင်ပြင်ကျယ်ကြီး ရှိနေသည်ကို တွေ့လိုက်ရပြီး အစွမ်းထက်လှသော တန်ခိုးရှင်များကလည်း နေရာ အနှံ့တွင် အုပ်စု အသီးသီးဖွဲ့ကာ စကားများ ပြောဆိုနေကြသည်ကို တွေ့လိုက်ရလေသည်။ ထိုတန်ခိုးရှင် များသည် အနည်းဆုံး ကောင်းကင်သားရဲ ဘုရင်အဆင့် ရောက်ရှိနေကြသူများ ဖြစ်လေသည်။

“များပြားလိုက်တဲ့ ကောင်းကင်သားရဲ ဘုရင်အဆင့် တန်ခိုးရှင်တွေပါလား…”

နှစ်ဆယ်ကျော်ရှိနေသော ကောင်းကင်သားရ ဘုရင်အဆင့် တန်ခိုးရှင်များကို ကြည့်ပြီး ရဲချန်ဖန် မျက်နှာတွင် အပြုံးများ ဖြစ်ပေါ်လာသည်။ သူ မမျှော်လင့်ထားသည်မှာ မဟာ ကောင်းကင်မီးဂိုဏ်း၏ မြင့်မားသော ဆုကြေးသည် ထိုမျှလောက် ကောင်းကင်သားရဲ ဘုရင်အဆင့် တန်ခိုးရှင်များကို ဆွဲဆောင် နိုင်မည်ကိုပင်။ သို့သော် သူ့တွင် ရွှေလင်းယုန် တောင်ပံရှိနေရာ ထန်ဟွမ်တောင်ထိပ်တွင် ပိတ်မိ နေမည်ကို စိုးရိမ်ခြင်း မရှိပေ။ အန္တရာယ်နှင့် တွေ့ကြုံလာပါက ရွှေလင်းယုန် တောင်ပံကိုအသုံးပြု၍ ပျံဝဲ ထွက်သွား နိုင်လေသည်။

“အင်း… ငါ့ပုံတူတွေ မဟာ ကောင်းကင်မီးဂိုဏ်းမှာ ရှိနေမလား… မဟာ ကောင်းကင်မီးဂိုဏ်းမှာ ပုံတူဆွဲတဲ့ ပညာရှင် ရှိမယ်မထင်ဘူး…”

ရဲချန်ဖန် ရှေ့ဆက် လျှောက်လာရာတွင် လွင်ပြင်ကြီး အလယ်တွင် အသစ်စက်စက် တည်ဆောက် ထားသော ခန်းမကြီးကို တွေ့လိုက်ရပြီး ခန်းမကြီး၏ နံရံများပေါ်တွင် ရဲချန်ဖန်၏ ပုံတူများ ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရလေသည်။ ဘေးတိုက်၊ အရှေ့၊ တစ်ကိုယ်လုံး ကိုယ်နေဟန် သုံးမျိုးပုံစံကို ချိတ်ဆွဲထားလေသည်။ ခန်းမထဲတွင်မူ မဟာ ကောင်းကင်မီးဂိုဏ်းမှ တန်ခိုးရှင် အယောက်နှစ်ဆယ်ကျော် ရှိနေသည်ကို တွေ့လိုက်ရလေသည်။

“မင်းက ဘယ်သူလဲ ဘာလာလုပ်တာလဲ”

ခန်းမထဲ ဝင်လိုက်သည်နှင့် ရဲချန်ဖန်ကို မဟာ ကောင်းကင်မီးဂိုဏ်းမှ လူများက ချက်ချင်း သတိထားမိသွားပြီး မဟာ ကောင်းကင်မီးဂိုဏ်းမှ တန်ခိုးရှင် တစ်ယောက်က မေးလိုက်လေသည်။

“ငါမှာ ရဲချန်ဖန်ရဲ့ သတင်းတွေ ရှိနေတယ်။ မင်းတို့ မဟာ ကောင်းကင်မီးဂိုဏ်းက လူတွေ သိချင်မလားလို့”

ရဲချန်ဖန်က အားလုံး၏ စူးစမ်းသော အကြည့်များကို လျစ်လျှူရှုလိုက်ပြီး ခန်းမအလယ်တွင် ထိုင်နေသည့် မဟာ ကောင်းကင်မီးဂိုဏ်းမှ အကြီးအကဲ နှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်လေသည်။

“မင်းမှာ ရဲချန်ဖန်နဲ့ ပတ်သက်တဲ့ သတင်းရှိနေတာလား”

ပိုးထည်အင်္ကျီကို ဝတ်ဆင်ထားပြီး မျက်ပေါက်မှေးမှေးနှင့် ယင်ယန်ခန်းမမှ အကြီးအကဲ တစ်ယောက်က ရဲချန်ဖန်ကို အသေအချာ စူးစိုက်ကြည့်ကာ မေးလိုက်သည်။ ထိုအကြီးအကဲက တခြားလူ မဟုတ်ပေ။ ယင်ယန်ခန်းမသခင် ယုံရန်တန်ပင်။ သူ့မြေးအတွက် လက်စားချေနိုင်ရန် သူကိုယ်တိုင် ဦးစီးကာ ထန်ဟွမ်တောင်သို့ ရောက်နေခြင်းပေ။

“ဟုတ်ပါတယ်။ ဒါပေမဲ့ ငါ သတင်းမပေးခင် ငါရမဲ့ ဆုတွေကို အရင်ကြည့်ချင်တယ်”

ရဲချန်ဖန်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“စိတ်ချ။ မင်းသတင်းမှန်ရင် ဆုတွေက မင်းအတွက်ပဲ”

ယုံရန်တန် မျက်ဝန်းများက ပုံမှန်ထက် ပိုမို ကျဉ်းမြောင်းသွားကာ အေးစက်စွာ ပြောလိုက် လေသည်။

“ဆုတွေမမြင် ရရင်တော့ ငါ သတင်း မပေးနိုင်ဘူး”

“ကောင်းပြီလေ။ ဆုတွေကို မင်းကိုပြမယ်။ ငါတို့ကို လာနောက်တာ မဟုတ်ဘူးလို့ မျှော်လင့်တယ်။ မဟုတ်ရင် ငါတို့ကို အဆိုးမဆိုနဲ့။ ဒါက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းပဲ။ မင်းသတင်း မှန်လို့ကတော့ ဒါတွေအားလုံးက မင်းဟာတွေပဲ။ သတင်းအမှားတွေ ဆိုရင်တော့ မင်းသေဖို့သာ ပြင်ပေတော့”

ယုံရန်တန်က အေးစက်စွာပြောရင်း သူ၏ သိုလှောင်အိတ်ထဲမှ သေတ္တာတစ်လုံးကို ထုတ်ယူကာ ရဲချန်ဖန်ကို ဖွင့်ပြလိုက်လေသည်။

“ဟုတ်ပြီလေ။ ငါ မင်းကို ပြောပြမယ်။ ရဲချန်ဖန်က မင်းရှေ့မှာပဲ…”

ပြောရင်း ရဲချန်ဖန်ကိုယ်က လှုပ်ရှားသွားရာ ချက်ချင်းဆိုသလို ဝိညာဉ်ကျောက်တုံးများ ထည့်ထားသော သေတ္တာရှေ့ ရောက်သွားလေသည်။ ရဲချန်ဖန်က သေတ္တာကို ကောက်ယူပြီး သူ၏ သိုလှောင်အိတ်ထဲ ထည့်သွင်းသိမ်းဆည်း လိုက်သည်။

“မင်း… မင်း… က… ရဲချန်ဖန်… ပဲ”

ယုံရန်တန်နှင့် အခြားလူများသည် ရဲချန်ဖန် ဤမျှရဲတင်းကာ သူတို့ရှေ့ ရောက်လာလိမ့်မည်ဟု တစ်ခါမှ မတွေးထားမိရာ အငိုက်မိသွားပြီး စကားများပင် အ ထစ်နေသည်။

“ဒီရဲချန်ဖန်က အရူးပဲ”

လူအများစိတ်တွင် ထိုကဲ့သို့အတွေးက ဖြစ်ပေါ်လာသည်။

“ရဲချန်ဖန် မင်း ငါ့မြေးကို သတ်ခဲ့ပြီး ဒီကိုတောင် လာရဲတယ်ဆိုတာ့ မင်းသေလို့ရပြီ”

ယုံရန်တန်က ချက်ချင်း အသိဝင်လာပြီး အော်ဟစ် မာန်သွင်းကာ အားကုန်သုံး တိုက်ခိုက် လိုက်သည်။

“သွေးနဂါး … ပေါင်းစပ်စမ်း…”

နဂါးတွန်သံက ချက်ချင်း ထွက်ပေါ်လာပြီး မီတာတစ်ရာကျော် ရှည်လျားသော သွေးနဂါးသည် ရဲချန်ဖန်ကိုယ်မှ ထွက်ပေါ်လာပြီး ယုံရန်တန်ကို တိုက်ခိုက်လိုက်သည်။ ပြင်းထန်သော တိုက်ခိုက်မှု ကြောင့် ချက်ချင်းပင် ထန်ဟွမ်တောင် တစ်ခုလုံး တုန်ခါသွားသည်။

“နဂါး… သူ့ရဲ့ဝိညာဉ်သားရဲက နဂါးပဲ”

ရဲချန်ဖန်၏ ဝိညာဉ် သားရဲကိုမြင်ပြီး အကုန်လုံး တုန်လှုပ်သွားကြသည်။ နဂါးကဲ့သို့ အစွမ်း ထက်သော ဝိညာဉ် သားရဲများသည် အမြွှာညီနောင် တိုက်ကြီးတွင် မထွက်ပေါ်သည်မှာ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။

“ဓားအင်အား အမြင့်ဆုံးအဆင့်…”

အကုန်လုံး အံ့သြမှင်သက်နေစဉ် ရဲချန်ဖန်က ကျောက်စိမ်းဓား ထုတ်ယူကာ ယုံရန်တန်ကို တိုက်ခိုက် လိုက်လေသည်။ ယုံရန်တန်က အတွေ့အကြုံ ရင့်ကျက်သူပီပီ ချက်ချင်းပင် မြေကမ္ဘာအဆင့် အနက်ရောင် ဓားတစ်လက်ကို ထုတ်ယူကာ ခုခံလိုက်သည်။ ဓားနှစ်လက် ထိပ်တိုက် တွေ့ဆုံ သွားချိန်တွင် ပြင်းထန်သော ပေါက်ကွဲမှုက ဖြစ်ပေါ်လာသည်။ အလယ်အလတ်အဆင့် မြေကမ္ဘာ ကျောက်စိမ်းဓား၏ အစွမ်းသည် အဆင့်နိမ့် မြေကမ္ဘာအဆင့် အနက်ရောင်ဓားနှင့် များစွာ ကွာခြားနေရာ အနက်ရောင်ဓားသည် ချက်ချင်းပင် ကျိုးကြေသွားပြီး ယုံရန်တန် လက်ကို တုန်ခါသွား စေသည်။

“ယင်ယန် ဓားစုစည်းသိုင်း…”

ယုံရန်တန် တုန်ခါ၍ အနောက်သို့ ဆုတ်လိုက်ချိန်တွင် ယင်ယန်ခန်းမမှ အကြီးအကဲများသည် လက်နက်များ စွဲကိုင်လျက် ရဲချန်ဖန်ကို စုပေါင်း ဝင်ရောက် တိုက်ခိုက် ကြလေသည်။

“လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း…”

ဓားအင်အားကို အဆင့်မြင့်ဆုံး အဆင့်ထိ အောင်မြင်ထားသောကြောင့် ရဲချန်ဖန်၏ တိုက်ခိုက်မှုသည် အလွန် အစွမ်းထက်နေပြီ ဖြစ်သည်။ သူ၏ သွေးနဂါးနှင့် ပေါင်းစပ် လိုက်သောအခါ အလွန် ကြောက်စရာ ကောင်းအောင် အစွမ်းထက်သွား လေသည်။ ထို့ကြောင့် လျှပ်တစ်ပြက် ဓားချက် သည် ယင်ယန် စုပေါင်းသိုင်းကို အလွယ်တကူ ဖြိုခွင်းလိုက်နိုင်ပြီး ရဲချန်ဖန်ကို ဝင်ရောက် တိုက်ခိုက် သော ယင်ယန်ခန်းမမှ အကြီးအကဲ တစ်ယောက်၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းပြတ်သွား စေလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset