အခန်း (၁၅၅)
ဓားအင်အား
နေရာကား အလွန်သာယာ လှပကာ ဝိညာဉ် စွမ်းအင်များ အလွန် သိပ်သည်းနေပြီး နှင်းမြောက်နိုင်ငံ၏ မြင့်မြတ်သော နယ်မြေဟု ကျော်ကြားလှသည့် ဝိညာဉ်တောင်ကုန်း ဖြစ်လေသည်။ မဟာ ကောင်းကင်မီးဂိုဏ်းသည် နှင်းမြောက်နိုင်ငံ၏ အင်အား အကြီးမားဆုံး သုံးဂိုဏ်းမှ တစ်ခုဖြစ်သည့်အလျှောက် ဝိညာဉ်တောင်ကုန်း၏ အရှင်သခင်လည်း ဖြစ်လေသည်။
“ခန်းမသခင်… မကောင်းတော့ဘူး။ ကိစ္စကြီးတစ်ခု ဖြစ်လာနေတယ်”
ရုတ်တရက် အလွန်ကျယ်လောင်သော စိုးရိမ်သံက တိတ်ဆိတ်သော ညအချိန်ကို ဖောက်ခွင်းလျက် လုံခြုံရေး အလွန် တင်းကြပ်လှသည့် ယင်ယန်ခန်းမ သခင်၏ အိမ်အပြင်တွင် ထွက်ပေါ် လာလေသည်။
“ဘာတွေ ဒီလောက် ပျာယာခတ် နေတာလဲ”
ရွှေအိုရောင် ဝတ်စုံနှင့် ကြီးမားခိုင်မာသော ကိုယ်လုံးနှင့် လူထွားကြီး ထွက်ပေါ်လာလေသည်။ ထိုလူ့ဘီးလူးကြီးသည် အလွန်ချောမောပြီး နှင်းကဲ့သို့ အသားများ ဖွေးဆွတ်နေကာ ရှိုက်ကြီးရှိုက်ဖို အသွယ်သွယ်ကို မလုံတလုံ အဝတ်အစားများနှင့် လွှမ်းခြုံထားသည့် မိန်းမပျိုလေးကို ပွေ့ဖက်ရင်း ကျယ်လောင်သော အသံဖြင့် စိတ်ဆိုးစွာ မေးလိုက်လေသည်။ သူ၏ ပျော်ရွှင်စရာ အချိန်ကို အော်ဟစ်သံက ဖျက်ဆီးလိုက်သည် မဟုတ်ပါလော။ ထိုလူကား ယင်ယန်ခန်းမ သခင်ဖြစ်သော ယုံရန်တန်ပင်။
“ခန်းမသခင် ယင်ယန်ခန်းမ အကြီးအကဲရဲ့ အသက်ကျောက်ပြားက ကျိုးပျက်သွားပြီ”
ထိုလူက အလျင်အမြန် ရှင်းပြလိုက်သည်။
“ဘာ… ယင်ယန်အကြီးအကဲက သေပြီ ဟုတ်လား။ ဒါလျှို့ဝှက် ဝိညာဉ်ဘုံနဲ့ ပတ်သက်နေ သလား”
ထိုအခါမှ ယုံရန်တန်၏ စိတ်ဆိုးနေသော မျက်နှာသည် အလွန်လေးနက် သွားလေသည်။ ချက်ချင်းပင် ယုံရန်တန်က သူ့ရင်ဘတ်ထဲတွင် ရှိနေသော မိန်းမပျိုလေးကို အဝေးကို တွန်းဖယ်လိုက်ပြီး မဟာ ကောင်းကင်မီးဂိုဏ်း အစည်းအဝေး ခန်းမဆီသို့ ဦးတည်လိုက်လေသည်။
သိပ်မကြာခင်မှာပင် အကြီးအကဲ သေဆုံးမှုသည် မဟာ ကောင်းကင်မီးဂိုဏ်းတစ်ခုလုံးကို ပျံ့နှံ့သွားပြီး အားလုံးအား တုန်လှုပ်သွားစေသည်။
“ဓားခန်းမသခင် ဖုယုရွှယ်ကို ခေါ်လိုက် ငါ သူ့ကို မေးစရာ ရှိတယ်”
ရွှေရောင်ဝတ်စုံနှင့် မျက်နှာမှာ လေးထောင့်ကျပြီး ငွေရောင်ဆံပင်များက ပခုံးပေါ်မှာ ဝဲကျနေသော လူက ပြောလိုက်လေသည်။ ထိုလူ၏ မျက်လုံးမှ အလွန်စူးရှသော အရောင်များ ထွက်ပေါ် နေကာ အစည်းခန်းမ အလယ်ရှိ အဓိကထိုင်ခုံ ပေါ်မှနေ၍ အမိန့်ပေး လိုက်လေသည်။ ထိုသူကား မဟာကောင်းကင်မီး ဂိုဏ်းခေါင်းဆောင် ဟောင်ချင်ဟုန်ပင်။ ဓားခန်းမ သခင်က ဖုယုရွှယ်ကို ချက်ချင်းပင် သွားခေါ်လိုက်လေသည်။
“ဂိုဏ်းချုပ်ကြီး အကြီးအကဲ နှစ်ယောက် သေဆုံးတာ ရဲချန်ဖန်နဲ့ ပတ်သက်တယ်လို့ ထင်နေတာလား”
ဖုယုရွှယ်ကို သွားခေါ်နေစဉ် အကြီးအကဲ တစ်ယောက်က ဂိုဏ်းချုပ်ကြီးကို မေးလိုက်လေ သည်။
“ဓားခန်းမ သခင် ပြောစကားအရဆို ရဲချန်ဖန်က လွယ်တဲ့ကောင် မဟုတ်ဘူး။ ငါတို့ မသိနိုင်တဲ့ အခွင့်အရေး ကောင်းတွေကို လျှို့ဝှက် ဝိညာဉ်ဘုံကနေ သူရလာပြီး အကြီးအကဲတွေကို သတ်ပစ် လိုက်နိုင်တာလည်း ဖြစ်နိုင်တာပဲ”
ဂိုဏ်းချုပ်ကြီးက သူသံသယ ရှိနေသည်ကို ပြန်ပြောလိုက်လေသည်။
“အဲဒီလိုလည်း ဖြစ်နိုင်သလို အကြီးအကဲတွေကို မဟာလေမုန်တိုင်း ကျေးရွာ ဒါမှမဟုတ် မဟာမိုးကြိုး ဂိုဏ်းက လူတွေ လုပ်ကြံတာလည်း ဖြစ်နိုင်တယ်။ ဘာပဲပြောပြော ရဲချန်ဖန်က မြေကမ္ဘာ သားရဲစစ်သူကြီး အဆင့်ပဲ ရှိသေးတယ်။ သူ အရမ်းကံကောင်းပြီး အစွမ်းထက်လာလည်း အကြီးအကဲ တွေကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
ဂိုဏ်းချုပ်ကြီးက သုံးသပ်ပြလိုက်ရာ အများစုက လက်ခံကြလေသည်။ အချင်းချင်း တိုင်ပင်နေကြစဉ် လှပသော မိန်းမပျိုလေး ဖုယုရွှယ်က ဓားခန်းမ သခင် နောက်မှနေ၍ အစည်းအဝေး ခန်းမထဲသို့ ဝင်ရောက် လာလေသည်။
“ဂိုဏ်းချုပ်ကြီး ခင်ဗျာ… ကျွန်တော် ဖုယုရွှယ်ကို ခေါ်ဆောင်လာပါပြီ ခင်ဗျာ”
ဓားခန်းမ သခင်က ရိုသေလေးစားစွာ ပြောလိုက်သည်။
“ဖုယုရွှယ် ငါ မင်းကို မေးစရာရှိတယ်။ မင်း မှန်မှန်ဖြေရင် ကောင်းမယ်။ မင်း ငါ့ကိုလိမ်ရဲရင် ငါအပြစ်ပေးတော့မှ အဆိုးမဆိုနဲ့”
ဂိုဏ်းချုပ်ကြီး၏ မျက်လုံးထဲတွင် ရက်စက်မည့် အရိပ်အယောင်များ ထွက်ပေါ်နေပြီး အေးစက်စွာ သတိပေး လိုက်လေသည်။
“ကျွန်မ မလိမ်ရဲပါဘူး ရှင်”
ဟောင်ချင်ဟုန်၏ မျက်လုံးထဲတွင် ရက်စက်မည့် အရိပ်အယောင် ထွက်နေ၍ ဖုယုရွှယ် တုန်ခါသွား သူမကို ဘာအကြောင်းကြောင့် ခေါ်လဲဆိုတာ ရိပ်မိသွားလေသည်။
“ဖုယုရွှယ် လျှို့ဝှက် ဝိညာဉ်ဘုံ ထဲမှာတုန်းက ရဲချန်ဖန် ဘယ်ထဲ ဝင်သွားတာလဲ”
“ရဲချန်ဖန်က ရွှေနတ်ဘုရား ကျောင်းထဲက အနက်ရောင် တွင်းနက်တစ်ခုထဲ ဝင်ရောက် ပျောက်ကွယ် သွားတာပဲ။ သူ ဘယ်ရောက်နေတယ် ဆိုတာ ကျွန်မလည်း မသိပါဘူး ရှင်”
ဟောင်ချင်ဟုန်၏ မေးခွန်းကြောင့် ရဲချန်ဖန် မသေနိုင်သေးကြောင်း သိလိုက်ရ၍ ဖုယုရွှယ် ဝမ်းသာသွား လေသည်။ သို့သော် သူမက ဝမ်းသာမှုကို သူမ မျက်နှာပေါ်တွင် မပေါ်လာအောင် ထိန်းထားလေသည်။ ထို့နောက် အမူအရာမပျက်ဘဲ ရဲချန်ဖန် သင်ပေးထားသည်ကို ပြန်လည် ပြောပြ နေလေသည်။ ဖုယုရွှယ် ပြောနေချိန်တွင် ဟောင်ချင်ဟုန်က ဝိညာဉ်စွမ်းအင် ထုတ်လွှင့်ပြီး ဖုယုရွှယ် အမူအရာကို စောင့်ကြည့်နေရာ အမူအရာ ပျက်သွားသည်ကို မတွေ့ရဘဲ ဖုယုရွှယ် သူတို့ကို လိမ်လည်ခြင်း မရှိဟု ကောက်ချက်ချ လိုက်လေသည်။
“ဘာလို့ အဲဒီအချိန်က မင်း သူနဲ့အတူတူ လိုက်မဝင် သွားတာလဲ”
“ကျွန်မလည်း လိုက်ဝင်သွားချင် ပါတယ်။ ဒါပေမဲ့ ထူးဆန်းတဲ့ အင်အားတစ်ခုက အဲဒီတွင်းနက်ကနေ ထွက်ပေါ်နေပြီး ကျွန်မ ဝင်ရောက်လို့ မရအောင် ပိတ်ဆို့ တားဆီး ထားလို့ပါရှင်”
“အေး… မင်းဘက်က မှားတာမရှိဘူး မင်း ပြန်လို့ရပြီ”
ဟောင်ချင်ဟုန်က ဖုယုရွှယ် စကားများကို အနည်းငယ် စဉ်းစားပြီးနောက် ဖုယုရွှယ်ကို ပြန်ခွင့်ပြု လိုက်လေသည်။
“ဂိုဏ်းချုပ်ကြီး ဘာလို့ သူ့စိတ်ဝိညာဉ်ကို မရှာဖွေရတာလဲ။ ရှာရင် အခြေအနေကို ကျွန်တော်တို့ ပိုပြီး ရှင်းရှင်းလင်းလင်း သိနိုင်တယ်”
ဖုယုရွှယ် ထွက်သွားပြီးနောက် မျက်နှာ မှောင်မည်းနေသော ယုံရန်တန်က မေးလိုက်လေသည်။
“သူပြောနေတဲ့အချိန် ငါတောက်လျှောက် ကြည့်နေတာ။ ငါလေ့လာ မိသလောက် သူမက လိမ်နေတာနဲ့ မတူဘူး။ ပြီးတော့ သူမက ငါတို့အတွက် အသုံးဝင်သေးတယ်။ အကယ်၍ အကြီးအကဲ နှစ်ယောက်သေတာ ရဲချန်ဖန် သတ်တာဆိုရင် သူမကို ငါးစာအဖြစ် အသုံးချပြီး ရဲချန်ဖန် ထွက်လာအောင် မျှားလို့ရတယ်”
“ဓားခန်းမ သခင်၊ မီးခန်းမ သခင် မင်းတို့နှစ်ယောက်က လျှို့ဝှက် ဝိညာဉ်ဘုံရှိတဲ့ နေရာကိုသွားပြီး အကြီးအကဲနှစ်ယောက် သေဆုံးတာကို စုံစမ်းလာခဲ့။ ပြီးတော့ တစ်ခုခု သိရတာနဲ့ ငါ့ကို ချက်ချင်း သတင်းပို့”
ဂိုဏ်းချုပ်ကြီးက အမိန့်ပေးလိုက် လေသည်။
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်ကြီး”
ဓားခန်းမ သခင်နှင့် မီးခန်းမ သခင်တို့သည် ငှက်ကြီးများကို စီးကာ ချက်ချင်းပင် လျှို့ဝှက် ဝိညာဉ်ဘုံဆီ ထွက်ခွာသွားလေသည်။ မဟာ ကောင်းကင်မီးဂိုဏ်းက အကြီးအကဲ နှစ်ယောက် သေဆုံးမှုအတွက် စုံစမ်းနေစဉ် ရဲချန်ဖန်သည် နှင်းတောင်ထဲတွင် ဓားသိုင်း လေ့ကျင့်နေလေသည်။ သူက ဓားအင်အားကို အမြင့်ဆုံးအဆင့်ထိ ရောက်အောင် ကြိုးစားနေလေသည်။ ရဲချန်ဖန်က ရွှေနတ်ဘုရား ကျောင်းတွင် ရရှိခဲ့သော ဓားကျောက်တုံးထဲ ဝိညာဉ်စွမ်းအင်များ ပို့လွှတ်လိုက်ရာ အစွမ်းထက်လှသော ဓားအင်အားက ထွက်ပေါ်လာသည်။
“ဓားအင်အား အမြင့်ဆုံးအဆင့်က ဓားအင်အား နဝမအဆင့်ထက် အဆပေါင်းများစွာ အစွမ်းထက် တာပဲ”
ဓားအင်အား အမြင့်ဆုံးအဆင့်ထိ အောင်မြင်နိုင်ရန် ရဲချန်ဖန်သည် ပင်ပန်းမှုကို မမူဘဲ နတ်ဦးနှောက်ဖြင့် သုံးသပ်ကာ အဆက်မပြတ် လေ့ကျင့်နေသည်။ အချိန်သည် တရွေ့ရွေ့နှင့် ကုန်ဆုံးသွားပြီး ရဲချန်ဖန်၏ ဓားအင်အားက ပိုမိုတိုးတက်လာသည်။ မည်မျှကြာသွားသည် မသိဘဲ ရုတ်တရက် ရဲချန်ဖန် ဆီမှ ပြင်းထန်လှသော ဓားအင်အားက ပေါက်ကွဲ ထွက်ပေါ်လာသည်။
ဓားအင်အားက ရဲချန်ဖန် ကိုယ်ပေါ်တွင် ဖုံးလွှမ်းနေသော နှင်းထုကြီးကို အလွယ်တကူ ထိုးခွဲကာ ကောင်းကင်ထဲပင် ဝင်ရောက် သွားလေသည်။ ဓားအင်အားမှာ အလွန် အစွမ်းထက်စွာ တိုးတက်လာပြီ ဖြစ်သည်။ ရဲချန်ဖန်သည် အချိန် တစ်လကျော်ကြာ နတ်ဦးနှောက် အကူအညီဖြင့် ဓားအင်အားကို သုံးသပ်ပြီး ဓားအင်အား နဝမအဆင့်၏ အမြင့်ဆုံး အဆင့်ထိ ကျင့်ကြံ အောင်မြင် သွားပြီ ဖြစ်သည်။
“ဟုတ်တယ်… ဒီခံစားချက်က…”
ရဲချန်ဖန် ဝမ်းသာလွန်း၍ ထ၍ပင် ကလိုက်လေသည်။ သူသည် ဓားအင်အားကို ဓားသိုင်းထဲ ပေါင်းစပ် သုံးစွဲလိုက်နိုင်ပြီ မဟုတ်ပါလော။ ရဲချန်ဖန်သည် မည်သည့်စွမ်းအင်မှ မထုတ်သော်လည်း အလွန်စူးရှသော ဓားအော်ရာက သူ့ဆီမှ ထွက်ပေါ်နေလေသည်။ ထိုအော်ရာက နှိုင်းယှဉ်၍ မနိုင်အောင် ကမ္ဘာကြီးကို တုန်လှုပ် သွားစေနိုင်သည်။ ဓားအော်ရာ တစ်ခုထဲကပင် မီတာပေါင်းများစွာ မြင့်မား ထူထပ်သော နှင်းတောင်ကို ဖြိုခွဲပစ်လိုက် နိုင်သည်။
“အင်း… ဓားအင်အား နဝမအဆင့်ကို အမြင့်ဆုံးအဆင့်ထိ ရောက်သွားပြီ”
ရဲချန်ဖန် မျက်နှာတွင် တဖြည်းဖြည်း အပြုံးတစ်ပွင့်က ဖြစ်ပေါ်လာသည်။ အချိန်အတော်ကြာ ကြိုးစားပြီးနောက် ဓားအင်အားကို အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံလိုက်နိုင်ပြီ မဟုတ်ပါလော