Switch Mode

Chapter – 153

ဘယ်သူသေမလဲ

အခန်း (၁၅၃)
ဘယ်သူသေမလဲ

“ရဲချန်ဖန် မင်းကို ငါတို့ လုပ်ပေးနိုင်တာ အားလုံး လုပ်ပေးပြီးပြီ။ အခု မင်း လျှို့ဝှက် ဝိညာဉ်ဘုံက ပြန်ထွက်ချင်တယ်ဆိုရင် ပြန်လို့ရပြီ”

ဘုံစောင့်ကြီးက ရဲချန်ဖန်ကို ကြည့်ကာ ပြောလိုက်လေသည်။

“ဆရာကြီး ကျွန်တော့်ကို လျှို့ဝှက်ဝိညာဉ်ဘုံ အပြင်မှာ ရှိနေတဲ့လူ ရှိနေသလားဆိုတာ ကူညီပြီး ကြည့်ပေးလို့ ရမလား”

ရဲချန်ဖန်က မေးလိုက်လေသည်။

“ရတယ်”

ဘုံစောင့်ကြီးက ပြောပြီးသည်နှင့် အစွမ်းထက်လှသော ဝိညာဉ်စွမ်းအင်က ထွက်ပေါ်လာပြီး လျှို့ဝှက်ဝိညာဉ်ဘုံ အပြင်ဘက်သို့ ထွက်သွားလေသည်။ လျှို့ဝှက်ဝိညာဉ်ဘုံမှ ပြင်းထန်သော ဝိညာဉ် စွမ်းအင် ထွက်ပေါ်လာပြီး ရဲချန်ဖန်ကို စောင့်ဆိုင်းနေသော မဟာ ကောင်းကင်မီးဂိုဏ်းမှ အကြီးအကဲ နှစ်ယောက်က ချက်ချင်းပင် မျက်လုံးများ ပွင့်လာလေသည်။

ယင်ယန်ခန်းမ အကြီးအကဲထံမှ ချက်ချင်းပင် လူသတ်အော်ရာများ ထွက်ပေါ်လာလေသည်။ သူတို့နှစ်ယောက်လုံး လက်နက်များ ထုတ်ကာ ချက်ချင်းပင် တိုက်ခိုက်ရန် အနေအထားကို အသင့်ပြင် လိုက်လေသည်။

“အပြင်မှာ ကောင်းကင် သားရဲဘုရင် ပဉ္စမအဆင့် နှစ်ယောက်ကလွဲရင် ဘယ်သူမှ မရှိဘူး။ သူတို့နှစ်ယောက်က မင်း ရန်သူတွေလား”

ဘုံစောင့်ကြီးက မေးလိုက်လေသည်။

“အင်း… သူတို့က အခုထိ မထွက်သွားသေးဘူးပဲ”

ရဲချန်ဖန်က ပြန်ဖြေလိုက်သည်။

“ငါဝင်ပြီး ကူညီဖို့ လိုသေးလား”

“မလိုပါဘူး ခင်ဗျာ၊ ကျွန်တော့်အစွမ်းကို စမ်းသပ်ဖို့ လိုနေတာနဲ့ အတော်ပဲ”

ရဲချန်ဖန် နှုတ်ခမ်းများ ကွေးညွှတ်အောင် ပြုံးလိုက်လေသည်။ ရဲချန်ဖန် အဆင့်က သူတို့နှင့် များစွာ ကွာခြားနေသော်လည်း သူ့တွင် ကောင်းကင်အဆင့် ဓားရှိနေပြီး ပေါင်နှစ်သိန်းခန့် စွမ်းအားကလည်း အထောက်အကူ ပြုနေလေသည်။

“အေး… မင်းအဆင့်သင့် ဖြစ်ရင် ငါ မင်းကို အပြင်ပို့တော့မယ်”

ရဲချန်ဖန်က အသက်ဝိညာဉ် စမ်းရေကို ထုတ်ကာ သုံးငုံခန့် သောက်လိုက်ပြီး နှစ်ပေါင်း သုံးရာကျော် ကုန်ခမ်းနေသော အသက်စွမ်းအင်ကို ပြန်ဖြည့်တင်း လိုက်လေသည်။

“ရဲချန်ဖန် နှုတ်ဆက်ပါတယ်။ မင်း အောင်မြင်ပါစေ။ နောက်စမ်းသပ်မှုတွေ အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ ငါတို့ဝိညာဉ် ကလန်ရဲ့ အစွမ်းအထက်ဆုံး ရတနာကို ရနိုင်အောင် ကြိုးစား…”

ဘုံစောင့်ကြီး ပြောပြီးသည်နှင့် ရဲချန်ဖန် ခေါင်းပေါ်တွင် အစွမ်းထက်သော အလင်းတန်း ဖြစ်ပေါ်လာကာ ရဲချန်ဖန်ကို ဘုံအပြင်သို့ ပြောင်းရွှေ့ ပို့ဆောင် လိုက်လေသည်။ ရဲချန်ဖန်က ဘုံအပြင်ဘက်မှာ ရှိနေသည့် အကြီးအကဲနှစ်ဦးနှင့် မနီးမဝေးနေရာတွင် ထွက်ပေါ်လာလေသည်။

ရဲချန်ဖန် ထွက်ပေါ်လာသည်ကို မြင်သည်နှင့် အကြီးအကဲနှစ်ဦး၏ လူသတ်စိတ်က ရဲချန်ဖန်ကို လာရောက် ဖိနှိပ်လေသည်။

“ခွေးကောင်… မင်းထွက်လာပြီပဲ။ ငါတို့ မင်းကို စောင့်နေတာ ကြာလှပြီ”

ယင်ယန် အကြီးအကဲထံမှ ကြီးမားသော အနက်ရောင်မြွေကြီး ထွက်ပေါ်လာကာ ရဲချန်ဖန်ကို ချက်ချင်းပင် အလစ်ဝင်တိုက် လိုက်သည်။ တိုက်ခိုက်မှုမှာ လျင်မြန်လှသော်လည်း ရဲချန်ဖန် အနည်းငယ် လှုပ်ရှားလိုက်ရာ တိုက်ခိုက်မှုကို ရှောင်တိမ်းပြီး ဖြစ်လေသည်။ တစ်ဆက်တည်းမှာ ရဲချန်ဖန်ကိုယ်မှ အနီရောင် အကြေးခွံများ ဖုံးလွှမ်းနေပြီး ခေါင်းပေါ်တွင် အလွန်ခန့်ညားလှသည့် ဦးချိုပါသည့် မီတာတစ်ရာကျော် ရှည်လျားသည့် နဂါးကြီး ထွက်ပေါ်လာကာ ယင်ယန်ခန်းမ အကြီးအကဲကို ဟိန်းဟောက် လိုက်လေသည်။

“နဂါး… နဂါး… ဒီခွေးကောင်ရဲ့ သားရဲက နဂါးလား…”

ရဲချန်ဖန်၏ သားရဲကိုကြည့်ပြီး အကြီးအကဲနှစ်ယောက် အလွန်တုန်လှုပ် သွားလေသည်။ အမြွှာညီနောင် တိုက်ကြီးတွင် နဂါးကဲ့သို့ အလွန်အစွမ်းထက်သော သားရဲ မထွက်ပေါ်လာသည်မှာ အလွန်ကြာမြင့်နေပြီ ဖြစ်သည်။ ရဲချန်ဖန်မှာ သာမန်ဂိုဏ်းခွဲမှ လူဖြစ်ရာ မည့်ကဲ့သို့ ဖြစ်နိုင်သည်ကို သူတို့မတွေးနိုင် ဖြစ်လာလေသည်။

“ခွေးကောင်… မင်းမှာ ထိပ်သီး ဝိညာဉ်သားရဲရှိလည်း ဘာမှမထူးဘူး။ မင်း ငါတို့လက်ချက်နဲ့ သေရတော့မယ်”

ရဲချန်ဖန် သားရဲကိုမြင်ပြီး သူတို့၏စိတ်မှာ ပိုမိုပြတ်သား လာလေသည်။ သူတို့သာ အခုချိန် ရဲချန်ဖန်ကို မသတ်နိုင်ပါက အနာဂတ်တွင် ရဲချန်ဖန်က သူတို့ မဟာဂိုဏ်းကြီးအတွက် အကြီးမားဆုံး အန္တရာယ် ဖြစ်လာပေလိမ့်မည်။

“ဘယ်သူသေမလဲ ကြည့်ကြသေးတာပေါ့”

ရဲချန်ဖန် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အစွမ်းထက်လှသော ဓားအင်အားက ရဲချန်ဖန် ဆီမှ ထွက်ပေါ်လာလေသည်။

“ဓားအင်အား နဝမအဆင့်…”

အစွမ်းထက်သော အားက ထွက်ပေါ်လာပြီး ယင်ယန်ခန်းမ အကြီးအကဲကို ထိမှန်သွားရာ လွင့်စဉ်သွားလေသည်။ ထိုအချိန်တွင် အကြီးအကဲ နှစ်ယောက်သည် ကြောက်ရွံ့သည်ထက် နောင်တများရသလို ခံစားလိုက်ရသည်။ ထိုကဲ့သို့ ပါရမီရှင် ဦးဆောင်ပါက သူတို့ မဟာ ကောင်းကင်မီးဂိုဏ်းသည် မဟာလေမုန်တိုင်း ကျေးရွာကို ယှဉ်ပြိုင်နိုင်ပြီး နှင်းမြောက် နိုင်ငံတော်တွင် ပြိုင်ဘက်ကင်း ဖြစ်လာနိုင်ပေသည်။

သို့သော် နောင်တကား အသုံးမဝင်တော့ပေ။ သူတို့သည် ရဲချန်ဖန် လက်စားချေခြင်းမှ လွတ်မြောက်ရန် ယခု ရဲချန်ဖန်ကို အစွမ်းကုန် ကြိုးစားသတ်ဖြတ် ရပေတော့မည်။

“ယား…”

မီးလျှံများ ဖုံးလွှမ်းနေသော ကြီးမားသည့် ခြင်္သေ့ကြီးတစ်ကောင်က မီးအကြီးအကဲထံမှ ထွက်ပေါ် လာလေသည်။ မီးလျှံများ၏ တဟဲဟဲအသံများ ထွက်ပေါ်ကာ အရှိန်ပြင်းထန်စွာ တောက်လောင် နေလေသည်။

“မီးလျှံ မဟုတ်လား။ ဒီမီးအကြီးအကဲက ဝိညာဉ်အဆင့် မီးလျှံကို ပိုင်ဆိုင်ထားတာလား”

မီးတောက်များ ဖုံးလွှမ်းနေသည့် ခြင်္သေ့ကြီးကို ကြည့်ပြီး ရဲချန်ဖန် အံ့အားသင့် နေလေသည်။

“မဟုတ်ဘူး၊ ဒါဝိညာဉ်အဆင့် မီးလျှံမဟုတ်ဘူး၊ ဒါ ပုံစံတူ မွေးလာတဲ့ မီးလျှံပဲ။ ဝိညာဉ်အဆင့် မရောက်သေးဘူး”

မီးခြင်္သေ့ကြီးက ရဲချန်ဖန်ကို တိုက်ခိုက်လိုက်လေသည်။ ရဲချန်ဖန်က ချက်ချင်းပင် ဓားအင်အား နဝမအဆင့်ကို အသုံးပြုကာ ပြန်လည် တိုက်ခိုက်လိုက်သည်။ ရဲချန်ဖန်က တိုက်ခိုက်မှုများကို စမ်းသပ်ချင်နေရာ ကောင်းကင်အဆင့် ဓားကို ထုတ်ယူလိုက်ပြီး ပေါင်နှစ်သိန်း စွမ်းအား ဖြည့်သွင်းကာ ထပ်မံ တိုက်ခိုက်လိုက်သည်။ ပြင်းထန် စူးရှလှသည့် ဓားအလင်းက လေဟာနယ်ကို ဖြတ်ခွင်းပြီး မီးအကြီးအကဲ၏ ဝိညာဉ်သားရဲကို ဖြတ်ပိုင်းလိုက်လေသည်။

“ဘယ်လောင်တောင် အစွမ်းထက်လိုက်တဲ့ လက်နက်လဲ။ အဲဒါက ကောင်းကင်အဆင့် ရတနာလား…”

ဓားမှ ထွက်ပေါ်လာသည့် အစွမ်းကြောင့် အကြီးအကဲ နှစ်ယောက်လုံးသည် နှလုံးများပင် တုန်သွားလေသည်။ သူတို့မျက်လုံးထဲတွင် လိုချင် တပ်မက်စိတ်များ ဖြစ်ပေါ် လာလေသည်။

“မီးအကြီးအကဲ ကျွန်တော်တို့ ပူးပေါင်း တိုက်ခိုက်ရအောင်။ ကျွန်တော်တို့ ပူးပေါင်း တိုက်ခိုက်မှုကို သူခံနိုင်မယ်လို့ မယုံဘူး”

ယင်ယန်ခန်းမ အကြီးအကဲက ပြောရင်း ရဲချန်ဖန်ကို ဝင်ရောက် တိုက်ခိုက်လိုက်သည်။ ယင်ယန်ခန်းမ အကြီးအကဲက အားကုန်သုံး တိုက်ခိုက် လိုက်သည်နှင့် မီးအကြီးအကဲ ကလည်း အစွမ်းကုန် တစ်ပြိုင်နက် ဝင်တိုက်ခိုက် လိုက်သည်။

“လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း…”

ရဲချန်ဖန်က ကောင်းကင်အဆင့် ဓားနှင့် တစ်သားတည်း ဖြစ်သွားကာ စွမ်းအင်များ ပြည့်နေသော ဓားအလင်းက အချိန်တည်နေရာကို ရပ်တန့် ဖျက်ဆီးပစ်နိုင်သည့် အလားပင် မီး အကြီးအကဲ လက်နက်ကို ထိမှန်သွားလေသည်။ လက်နက်ကျိုးကြေသံ ထွက်ပေါ်လာလေသည်။ မီးအကြီးအကဲ၏ အဆင့်မှာ ရဲချန်ဖန်ထက် မြင့်မားသော်လည်း သူ၏ လက်နက်မှာ မြေကမ္ဘာအဆင့် လက်နက်သာ ဖြစ်နေရာ ရဲချန်ဖန်၏ ကောင်းကင်အဆင့် ရတနာဓားကို မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်ချေ။

ထို့ကြောင့် ရဲချန်ဖန်၏ တိုက်ခိုက်မှုကို ခုခံရန် မဖြစ်နိုင်ပဲ မြေကမ္ဘာအဆင့် လက်နက်မှာ ပျက်စီး သွားခြင်းပေ။ မီးအကြီးအကဲ လက်ထဲမှ လက်နက်သည် ကျိုးကြေသွားလေသည်။ သို့သော် ရဲချန်ဖန်လည်း မသက်မသာ ခံစားလိုက်ရသည်။

ရဲချန်ဖန်သည် အလွန် အစွမ်းထက်သော သားရဲနဂါး ပေါက်ဖွားလာပြီး ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ် လေ့ကျင့်ထား၍သာ အဆင့်များစွာ ကွာခြားနေသော်လည်း တိုက်ခိုက်နေနိုင်ခြင်း ဖြစ်သည်။ မဟုတ်ပါက မီးအကြီးအကဲကြောင့် သူ့လက်များ ကျိုးကြေသွားစေနိုင်သည်။

“ကောင်းကင် သားရဲဘုရင် ပဉ္စမအဆင့်နဲ့ တိုက်ခိုက်ဖို့ မလွယ်ဘူးပဲ”

ရဲချန်ဖန် သွေးများ တုန်ခါသွားမှုကို ထိန်းချုပ်လိုက်ပြီး ပြင်းထန်သော ဝိညာဉ်စွမ်းအင်က ထွက်ပေါ်လာသည်။

“ဘာလဲ… ဒါဆိုရင် သူ့အစွမ်းက အကုန် မဟုတ်သေးဘူးလား…”

ရဲချန်ဖန် အစွမ်းများ တိုးလာသည်ကို ကြည့်ပြီး အကြီးအကဲ နှစ်ယောက် မျက်နှာပျက်သွား လေသည်။ ရဲချန်ဖန်လို သားရဲဘုရင် ပထမအဆင့်တွင် သူတို့ အသက်အန္တရာယ်ကို ခြိမ်းခြောက် နိုင်အောင် အစွမ်းရှိမည်ကို မယုံနိုင် ဖြစ်နေသည်။ ရဲချန်ဖန် အစွမ်းက အဆက်မပြတ် ပေါက်ကွဲထွက်ပေါ် နေသလိုပင်။ ရဲချန်ဖန် တိုက်ခိုက်လိုစိတ်က ပိုမိုပြင်းထန်လာသည်။ ရဲချန်ဖန်က အရိပ်များအဖြစ် ပြောင်းလဲ သွားသလိုပင် အကြီးအကဲနှစ်ဦးကို ဝင်ရောက် တိုက်ခိုက်လိုက်လေသည်။ ရဲချန်ဖန်က သူတို့ကို တိုက်ခိုက် ရန်စသူများကို မည်ကဲ့သို့ လမ်းစဉ်လိုက်ရမည်ကို ပြသပေတော့မည် ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset