Switch Mode

Chapter – 314

စုန့်မိသားစု ခေါင်းဆောင် ပြန်ရောက်လာပြီ (၁)

အခန်း၃၁၄
စုန့်မိသားစု ခေါင်းဆောင် ပြန်ရောက်လာပြီ (၁)

စခန်းအပြင်သို့ ရောက်လာသည့် တိုင်အောင် စုန့်ရန်သည် ကြောင်အနေဆဲ ဖြစ်၏။ ဝမ်ရှန်း၏ နောက်ဆုံး စကားမှာ သူမနားထဲ မထွက်သေးပေ။

ဒဏ္ဍာရီလာ ဝိညာဉ်ဖြစ်သည့် မီးနစ်ဝိညာဉ်ရဲ့ မူလဝိညာဉ်ပုံစံက စာကလေး ငှက်တစ်ကောင်တဲ့လား… ဖြစ်နိုင်ပါရဲ့လား… ဝမ်ရှန်း မလိမ်ညာကြောင်းကို သူ၏ စိတ်မှ အလိုလို သိနေသည်။ သို့သော် စုန့်ရန်သည် သံသယ မဝင်ဘဲ မဝင်နိုင်ပေ။ ယခု အခြေအနေသည် ထိုအကြောင်းအရာကို မေးရန် အကောင်းဆုံး အချိန် မဟုတ်သောကြောင့် သူမသည် ဘာမှ ဆက်မမေးတော့ဘဲ နောက်မှ မေးရန်သာ မှတ်ထား လိုက်တော့သည်။

ယခု အခြေအနေတွင် စုန့်ရန်၏ စိတ်အခြေအနေသည် ပုံမှန် မဖြစ်တော့ဘဲ တည်ငြိမ်နေပြီ ဖြစ်၏။ သူမသည် တစ်ခုခုကို ပုံဖော် မိသွားဟန် ရှိသည်။ အစောပိုင်း၌ သူမ ဝမ်ရှန်းအား ပြောခဲ့သည့် အတိုင်းပင် အရာအားလုံး အခြေကျ တည်ငြိမ်သွားပြီ ဆိုကာမ ဝမ်ရှန်းအပေါ် အပြည့်အဝ ပုံအပ်မည် ဖြစ်သည်။ စုန့်ရန်၏ ပြောင်းလဲမှုတိုင်းကို ဝမ်ရှန်း နည်းနည်း သတိထားမိခဲ့လေသည်။ အစပိုင်းတွင် သူ ဤအရှုပ်အထွေး အားလုံးကို ဤနေရာ၌သာ ရပ်တန့် ဖြတ်တောက်ပစ်ရန် စီစဉ်ထားခြင်း ဖြစ်၏။

သို့သော် စုန့်ရန်က သူ့အား ဖီးနစ်အကြောင်း ပြောပြခဲ့သည့် အတွက် သူမအပေါ် နောက်တစ်ကြိမ် အခွင့်အရေး ပေးရန် စိတ်ဖြစ်ပေါ် လာခဲ့သည်။ သူသည် သူ့အိပ်မက်ထဲမှ ကောင်မလေးနှင့် ပထမဆုံး ဆုံတွေ့သည့် အချိန်တွင် သူမ ဝိညာဉ်သည် ဖီးနစ် မဟုတ်သေးပဲ ဝိညာဉ်အဆင့် အတွင်း၌ပင် မရှိသေးသည့် စာကလေးငှက် တစ်ကောင်သာ ဖြစ်၏။ သူနှင့် ထိုကောင်မလေး ကြား၌ မည်သည့် ဆက်နွှယ်မှုများ ရှိသည်ကို သူလည်း မသိတာ အမှန်ပင်။ သို့သော် သူတို့ နှစ်ယောက်သည် အိပ်မက်ထဲ၌ ဆက်သွယ်၍ ရလေသည်။

ထိုအချိန်က ဝမ်ရှန်းသည် အမျိုးမျိုးသော တိုက်ခိုက်ရေး နည်းလမ်းများကို သင်ကြား ပြသပေးကာ ထိုကောင်မလေးအား အမြဲတမ်း အားပေးခဲ့၏။ သို့သော် ထိုကောင်မလေးသည် သူမ ဝိညာဉ်က ဝိညာဉ်အဆင့်၌ပင် မရှိဟု ဆိုကာ အမြဲတမ်း စိတ်ဓာတ်ကျ အားငယ်နေခဲ့သည်။

ထို အချိန်တွင် သူပြောခဲ့သည့် စကားကို သူမှတ်မိသေးပေသည်။

“ဘယ်သူပြောလဲ စာကလေး တစ်ကောင်က ဖီးနစ်တစ်ကောင် ဖြစ်လာနိုင်တာပဲ။ ကမ္ဘာပေါ်က မိန်းကလေးတွေ အားလုံးကလည်း အဲ့လို ဖြစ်ချင်နေကြတာမလား…”

“ စာကလေး တစ်ကောင်က ဖီးနစ်တစ်ကောင် ဖြစ်လာနိုင်တယ် ဟုတ်လား ဖီးနစ်က ဘာလဲ”

ထိုအချိန်တွင် ထိုကောင်မလေးသည် စိတ်လှုပ်ရှားလွန်း၍ အသံကိုပင် တည်ငြိမ်အောင် မနည်း ထိန်းပြောနေခဲ့ရသည်။

ထိုအခိုက်အတန့်မှာပင် ဝမ်ရှန်း ထိုကောင်မလေးအား ချစ်မိသွားခြင်း ဖြစ်သည်။ ထိုကောင်မလေးမှ တစ်ခေါက်မှ မတွေ့ခဲ့ဘူး၊ နာမည်ကိုလည်း မသိဘူး ဆိုသော်ငြား သူမ၏ မျက်ဝန်း အကြည့်လေးနှင့်ပင် ဝမ်ရှန်း စွဲလမ်းခဲ့ရသည်။

ထိုကောင်မလေး သူ့ကိုယ်သူ ယုံကြည်ချက် ရှိလာစေရန် အတွက် ဝမ်ရှန်းသည် ဖီးနစ်တစ်ကောင်မှာ မည်သည့် အရာဖြစ်ကြောင်း၊ ထို ဒဏ္ဍာရီလာ သတ္တဝါက ဘယ်လောက်တောင် စွမ်းအား ကြီးမားကြောင်း၊ သစ်ကိုင်းသစ်ခက်များပေါ်၌ အနားယူ ပျံသန်းသည့် စာကလေး ငှက်များမှာ ဖီးနစ်ငှက်များအဖြစ် ပြောင်းလဲသွားသည့် ဒဏ္ဍာရီလာ ပုံပြင်များကို ပြောပြခဲ့သည်။ ထိုကဲ့သို့ ပြောပြခဲ့ပြီး နောက်တွင် ထိုကောင်မလေးသည် ဝမ်ရှန်း အိပ်မက်ထဲမှ အချိန်အတော်ကြာ ပျောက်သွားခဲ့သည်။

နောက်ပိုင်း ပြန်ပေါ် လာခဲ့သော်လည်း သူမသည် စကားတစ်လုံးမှ မပြောခဲ့‌ချေ။ ထိုင်းမှိုင်း ဆွေးမြည့်သည့် မျက်လုံးများဖြင့်သာ ဝမ်ရှန်းအား ကြည့်နေခဲ့သည်။ နောက်ဆုံး တစ်ကြိမ် ထိုကောင်မလေး ပြန်ပေါ်လာသည့် အချိန်သည် သူ လေထီးဖြင့် ခုန်ချသည့် အချိန်ဖြစ်သည်။

သို့သော် ထိုအချိန်တွင် ထိုကောင်မလေးသည် သူမကို သတ်ပေးရန်သာ ပြောခဲ့သည်။ ဤအကြိမ်သည် ဝမ်ရှန်း ဖီးနစ်၏ မူလဇာစ်မြစ်ကို အပြင်လူအား ပြောပြသည့် ပထမဆုံး အကြိမ်ပင် ဖြစ်၏။ မည်သို့ပင် ဆိုစေကာမှု ဝမ်ရှန်းသည် သူ့အိပ်မက်ထဲမှ ကောင်မလေးအကြောင်း အမှန်တရားကို သိရန် ဘယ်လောက်မှ မလိုတော့ဟု ယုံကြည်နေသည်။

……

စုန့်ဟုန်ထယ် စခန်းအတွင်းမှ တည်ငြိမ်စွာ ထွက်ခွာလာသည့် အချိန်တွင် သူ့နောက်လိုက်များသည်လည်း စိုးရိမ်စိတ်များ ပျောက်ကွယ် သွားခဲ့သည်။ သူတို့ ခေါင်းဆောင်က ဝမ်ရှန်းနှင့် အပေးအယူ လုပ်ခဲ့ကြောင်း သူတို့ သိပေသည်။ ထို့‌ကြောင့် တည်ငြိမ်စွာဖြင့်သာ သစ်ပင်အောက်၌ ရပ်နေ၏။

ဝမ်ရှန်း တွေးထားသည့် အတိုင်းပင် စုန့်ဟုန်ထယ်သည် အပြင်‌ ရောက်လာသည်နှင့် အဆိပ်ဆေးဆရာ ရှိနေသည့် သစ်ပင်ထက်သို့ တက်သွားကာ ထိုဆရာကို သူအား စစ်ဆေး စေရန် ဖြစ်သည်။ သို့သော် ဤနေရာတွင်လည်း ဝမ်ရှန်း တွေးထားသကဲ့ပင်၊ အဆိပ်ဆေး ဆရာ တစ်ဦးမှ ရှာမတွေ့ခဲ့ပေ။

ထိုအချိန်တွင် သူ စုန့်လောင်ယုကို ဝမ်ရှန်းအကြောင်း မေးချင်ခဲ့သည်။ သို့သော် စုန့်လောင်ယု ရှိသည့် သစ်ပင်ထက်သို့ သွား၍ မရပေ။ ဝမ်ရှန်း၏ ထိန်းချုပ်မှု မရှိဘူးဆိုလျှင် ဒီ အသားစား ပုရွက်ဆိတ်များသည် သူ မြေပြင်ပေါ်သို့ ဆင်းသွားသည်နှင့် အရိုးပဲ ကျန်သည်အထိ ကိုက်ဖြတ် စားသောက်ကြမည် ဖြစ်သည်။ ထို့ကြောင့် ရွေးချယ်စရာ မရှိဘဲ ဝမ်ရှန်းနှင့် သူ့သမီး ထွက်လာမည့် အချိန်ကိုသာ စောင့်နေလိုက်၏။

သူထွက်လာပြီး သိပ်မကြာခင်မှာပင် ဝမ်ရှန်းတို့ နှစ်ယောက် ထွက်လာသည်ကို မြင်လိုက်ရသည်။ သို့သော် သူ့သမီး အနည်းငယ် ပြောင်းလဲ သွားသည်ကိုလည်း သူသတိထားမိ လိုက်၏။ သူမ၏ မျက်လုံးတို့သည် ပြုံးရောင် သန်းနေခဲ့သည်။

ထိုအပြုံးသည် အဖေနှင့်သမီး ပြန်လည် တွေ့ဆုံမှုကြောင့် ဖြစ်ပေါ်လာသည့် ပျော်ရွှင်မှု မဟုတ်ပေ။ ဘဝသစ် တစ်ခုကို စတင် ရတော့မည် ဖြစ်သောကြောင့် ပျော်ရွှင်နေသည့် အပြုံးပင် ဖြစ်၏။

“ စုန့်ခေါင်းဆောင် ကျွန်တော်တို့ လမ်းခွဲရတော့မည် အချိန်ရောက်ပါပြီ”

စုန့်ရန် သူမ အဖေရှိသည့် သစ်ပင်အောက်သို့ လျှောက်သွားသည်ကို ကြည့်ကာ ဝမ်ရှန်းမှ စုန့်ဟုန်ထယ်အား နှုတ်ဆက်စကား ဆိုလိုက်သည်။

“နှုတ်ဆက်ပါတယ်”

ထို့နောက် ဘာအပိုစကားမှာ မဆိုဘဲ ဝမ်ရှန်း ထွက်သွားသည်။ ဝမ်ရှန်း ထွက်သွားပြီး မကြာမီပင် သူပုံရိပ်ကို မမြင်ရသည့် အချိန်တွင် မြေပြင်ထက်မှ အသားစား ပုရွက်ဆိတ် များသည်လည်း အခြားလားရာ တစ်ခုသို့ ဦးတည် သွားလိုက်ကြသည်။ ထို့နောက် မြေပြင်ပေါ်တွင် အရိုးစု ၂၀ ကျော်နှင့် သူတို့၏ လက်နက်များသာ ကျန်ရှိခဲ့၏။

ဝမ်ရှန်း ဤလက်နက်များကို မလိုချင်ပေ။ ဤအရာများ အားလုံးကို စုန့်ဟုန်ဒယ် ဆီသို့ ချန်ထားပေးခြင်း ဖြစ်၏။

ထိုအချိန်တွင် စုန့်ဟုန်ထယ်သည်လည်း သစ်ပင်ပေါ်မှ ခုန်ဆင်းလာကာ ဝမ်ရှန်း ပျောက်ကွယ်သွားသည့် ဘက်ကို ကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းချကာ အချိန်အတော်ကြာ ဘာမှမပြောဘဲ ရပ်ကြည့်နေ ခဲ့သည်။

စုန့်ဟုန်ထယ်နှင့် ဝမ်ရှန်း၏ ထိပ်တိုက် တွေ့ဆုံမှုတွင် မြေပြင်ထက်မှ ဝိညာဉ်သခင် တစ်ယောက်နှင့် စခန်းအတွင်းမှ စောင့်ကြည့်နေသည့် ဝိညာဉ်သခင် ၁၀ ယောက်တို့ ဆုံးရှုံးခဲ့ရသည်။ သတ္တမအဆင့်နှင့် အဌမအဆင့် ဝိညာဉ်သခင် ၁၀ ယောက်ပင် ဖြစ်၏။ ဤကဲ့သို့ ကြီးမားသည့် ဆုံးရှုံးမှုမျိုးကို မည်သည့် အင်အားစုများမှ စိတ်မထိခိုက်ဘဲ နေမည်နည်း။ သို့သော် ဤအရာများ၏ တရားခံမှာ သူကိုယ်တိုင်ပင် ဖြစ်သောကြောင့် စုန့်ဟုန်ထယ်သည် မည်သည့် စကားတစ်ခွန်းမှ မပြောနိုင်ဖြစ်ကာ ရပ်နေခဲ့၏။

ဂျင်ဒီ နယ်မြေ အတွင်းတွင် ဝမ်ရှန်းအား လက်တုံ့ပြန်ရန်က ဘယ်လိုမှ မဖြစ်နိုင်ချေ။ ဂျင်ဒီနယ်မြေ အပြင်ဘက်တွင်တော့ ဖြစ်ရင် ဖြစ်နိုင်သည်။ သို့သော် ဝမ်ရှန်းကို သတ်ရန် အခြား အင်အားစုများက အခွင့်အရေး ပေးနိုင်ပါမည်လော။

“ စခန်းဆီကို ပြန်သွားပြီး ပစ္စည်းတွေကို ပြန်ထုပ်ပိုးကြ၊ ပြီးရင် စုန့်မိသားစုကို ပြန်ကြမယ်…”

အချိန်အတော်ကြာ ပြီးနောက် စုန့်ဟုန်ထယ်မှ အမိန့်ပေး လိုက်သည်။ သူသည် နဂိုကတည်းက ပြန်ရန် စိတ်ကူး ရှိခဲ့သည်။ ယခုတွင် ထိုအခွင့်အရေးကို အသုံးချကာ တစ်ခါတည်း ပြန်သွားတော့မည်။

“ရန်လေး ၊ လောင်ယု မင်းတို့ နှစ်ယောက်က ငါနဲ့ လိုက်ခဲ့”

လက်အောက် ငယ်သားများကို အမိန့်ပေးပြီးနောက် စုန့်ရန်နှင့် စုန့်လောင်ယုကို ခေါ်ကာ သူ၏ လိုဏ်ခေါင်း အတွင်းသို့ သွားလိုက်သည်။ အတွင်းသို့ ရောက်သည့်အချိန် သူ၏ အကျင့်အတိုင်း လက်ဖက်ရည် သောက်ရန် ပြင်လိုက်၏။ သို့သော် ဝမ်ရှန်း၏ စကားကို မှတ်မိကာ စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ လက်ဖက်ရည် မသောက်တော့ဘဲ ဘေးသို့ တွင်းပို့လိုက်ကာ –

“ဒီနှစ်တွေ အတွင်းမှာ အခြေအနေ ဘယ်လိုရှိလဲ။ အပြင်ဘက်မှကော ဘာတွေ ရှိနေလဲ ပြီးတော့ အဲ့ ဝမ်ရှန်းက ဘာကောင်လဲ အကုန်လုံး ပြောပြကြစမ်း”

မိသားစု ခေါင်းဆောင် တစ်ယောက် အနေဖြင့် ပြန်သွားမည် ဆိုလျှင် အပြင်ဘက်မှ အခြေအနေများကို သိရန် လိုအပ်ပေသည်။ အထူးသဖြင့် အနှီကောင်လေး ဝမ်ရှန်း အကြောင်းကို အသေးစိတ်သိရန် ပိုလိုအပ်၏။ ထိုမှသာ ပြန်သွားပြီးနောက် သူ၏ လက်တုံ့ပြန်ရေးကို ရေးဆွဲနိုင်မည် ဖြစ်သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset