အခန်း၃၁၃
ခင်ဗျား အဆိပ်မိနေပြီ(၂)
“ရန်လေးရဲ့ မျက်နှာကို ထောက်ပြီး ခင်ဗျား လုပ်ခဲ့တာတွေကို လျော့ပေး လိုက်မယ်”
အဆုံးအထိ ဝမ်ရှန်းသည် စုန့်ဟုန်ထယ်အား မျက်နှာသာ မပေးခဲ့ချေ။
“ကျွန်တော် ရန်လေးကို ပြောစရာ ရှိသေးလို့။ အဲ့တာပြီးမှ လမ်းခွဲပြီး တစ်ယောက် တစ်လမ်းစီ သွားကြတာပေါ့”
စုန့်ဟုန်ထယ်သည် မကျေနပ်သော်လည်း ဝမ်ရှန်း၏ အစီအရင်အား လက်ခံ လိုက်ရသည်။ လက်မခံ၍လည်း မရချေ။ ယခုတွင် အခြေအနေမှာ ဝမ်ရှန်း၏ လက်ထဲတွင် ရှိနေသည် မဟုတ်ပါလော။
ထို့နောက် စုန့်ဟုန်ထယ် ထိုနေရာမှ ထွက်လာခဲ့သည်။ ဝမ်ရှန်း သူ့သမီးအား တစ်ခုခု လုပ်မည်ကို စိုးရိမ် မနေတော့ဘဲ သူတို့ နှစ်ယောက်ကို စခန်း အတွင်း၌သာ ချန်ထားခဲ့သည်။
စုန့်ဟုန်ထယ် အပြင်ရောက်လျှင် သူ့လက်အောက် ငယ်သားများထဲမှ အဆိပ်ဆေး ဆရာများကို ရှာကာ သူ့ကို စစ်ဆေး ခိုင်းတော့မည် ဖြစ်ကြောင်း ဝမ်ရှန်း သိပေသည်။ စုန့်ဟုန်ထယ်သည် ရာနှင့်ချီသည့် လက်ရွေးစင်များကို ခေါ်ကာ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်၏။ အဆိပ်များဖြင့် ပြည့်နေသည့် ဤနေရာကို အဆိပ်ဆေး ဆရာများ မခေါ်ဘဲ လာရန်မှာ မဖြစ်နိုင်ပေ။
သို့သော် ယခုအချိန်မှာတော့ ဘာကိုမှ စစ်ဆေးကြည့်၍ ရမည် မဟုတ်ကြောင်း ဝမ်ရှန်း သိပေသည်။ သတ္ထုအဆိပ်များသည် ပမာဏ အတိုင်းအတာ တစ်ခုထိ စုပုံမိသွားသည့် အချိန်မှသာ သိသာသည့် လက္ခဏာများ ပြလာမည် ဖြစ်သည်။ လက္ခဏာများထဲမှ တစ်ခုမှာ အဆိပ်မိထားသူ အနေဖြင့် ဒေါသထွက် လွယ်လာခြင်း ဖြစ်သည်။ စုန့်မိသားစုမှ လုံခြုံရေးကို စိတ်ပူနေရသည့် စုန့်ဟုန်ထယ်သည် နေ့စဉ်နေ့တိုင်း စွမ်းအင်များမှာ ကုန်ခန်း အသုံးပြုနေသည်။ ထို့ကြောင့် သူ ဒေါသထွက်သည်ကိုလည်း ပုံမှန်ဟုသာ ထင်နေပေလိမ့်မည်။
ထိုကဲ့သို့ ဆိုလျှင် နှစ်ပေါင်းများစွာ ကြာရင်တောင် အဆိပ်မိနေကြောင်း သိမည် မဟုတ်ချေ။
“ဖေဖေက တကယ်ပဲ အဆိပ်မိနေတာလား”
စုန့်ဟုန်ထယ် ထွက်သွားပြီးနောက် စုန့်ရန်မှာ စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
“အင်း… ဟုတ်တယ်”
ဝမ်ရှန်း စဉ်းစား မရသည်မှာ ပြင်းထန်သည့် သတ္ထုများက လက်ဖက်ရည်၌ ရှိနေခြင်းလား ဒါမှ မဟုတ် ရေထဲ၌ ရှိနေခြင်းလား ဆိုသည်ပင် ဖြစ်၏။ ရေထဲ၌ ရှိနေခြင်း ဖြစ်ပါက ဤနေရာမှ ဝိညာဉ်သခင်များ အားလုံး အဆိပ်မိ နေနိုင်ပေသည်။
သို့သော် ထိုအကြောင်းကို ဝမ်ရှန်း ပြောမည် မဟုတ်ချေ။ စုန့်ဟုန်ထယ်သာ ဉာဏ်ကောင်းသည်ဆိုလျှင် သူ့ကိုသူ သေချာ စစ်ဆေးပြီးနောက် ကျန်သည့် သူ၏ လက်အောက် ငယ်သားများကို သေချာပေါက် စစ်ဆေးမည် ဖြစ်၏။
“သူ ဆေးပညာရပ်မှာ ကျွမ်းကျင်ပြီး အတွေ့အကြုံ ရင့်တဲ့ ဆေးပညာရှင်တွေကို သူရှာသင့်တယ်”
“ အင်း ငါရှာလိုက်မယ်”
စုန့်ရန် ခေါင်းညိတ်ကာ ပြန်ဖြေ လိုက်၏။ စုန့်ရန် သူမအဖေ စုန့်မိသားစုသို့ ပြန်သွားသည့် အချိန်တွင် သူမသည် အရှက်ခွဲ ခံရသည့် နေ့ရက်များ အနိုင်ကျင့် ဖိနှိပ်ခံရကာ ကြောက်ရွံ့နေသည့် နေ့ရက်များ၌ နေစရာ မလိုတော့ပေ။ သူမ အဖေသည် သူမ အပြည့်အဝ ယုံကြည် အားကိုး၍ ရသည့် ထောက်တိုင်ကြီး သဖွယ် ဖြစ်၏။
ဘယ်လို အခြေအနေမျိုးပဲ ဖြစ်လာပါစေ သူမ သူမအဖေကို မည်သည့် မတော်တဆမှ ဖြစ်ပေါ်စေမည် မဟုတ်ချေ။ ထိုကဲ့သို့ ပြောပြီးနောက် စုန့်ရန်မှာ ရုတ်တရက် ပြောစရာ စကားများ ကုန်ခန်း သွားသလို ဖြစ်သွားသည်။
သူမ အဖေနှင့် ဝမ်ရှန်းတို့ ထိပ်တိုက် တွေွ့ဆုံမှုကြားတွင် သူမသည် ဝမ်ရှန်းဘက်မှ အပြည့်အဝ မရပ်တည် ပေးခဲ့ချေ။ ထို့ကြောင့် သူမသည် တောင်းပန်ချင်သော်လည်း ဘာပြောလို့ ပြောရမည် မသိကာ တွန့်ဆုတ် နေခဲ့၏။
“မင်း ဝိညာဉ်အဆင့် ဆဌမအဆင့် ရောက်ရင် မင်းဝိညာဉ်ကို ဘယ်လို အဆင့်မြင့်တင် ရမယ်ဆိုတဲ့ အကြောင်းကို ငါပြောခဲ့ဖူးတယ်လေ”
ဝမ်ရှန်း စကားကြောင့် စုန့်ရန် ဆတ်ခနဲ ခေါင်းထောင် လာကာ မယုံကြည်နိုင်စွာ ကြည့်လိုက်၏။
“ငါအခု အဲ့တာကို ပြောပြမယ်။ အခုမှ ပဉ္စမအဆင့် အထွတ်အထိပ်ပဲ ရှိသေးတယ် ဆိုပင်မဲ့ အပြင်ရောက်ခါ မင်းအဖေရဲ့ အကူအညီနဲ့ ဆိုရင် သေချာပေါက် ဆဌမအဆင့်ကို တက်နိုင်မှာပဲ”
“ကြယ် ၆ ပွင့် နှင်းခဲလေးက တကယ်ပဲ ဆဌမအဆင့်ထက် ပိုပြီး အဆင့်မြှင့်တင်လို့ ရတာလား…”
စုန့်ရန်မှ ယုံရခက် မယုံရခက် အနေအထားဖြင့် မေးလိုက်သည်။
“ မင်း ငါ့ကို မယုံဘူးလား”
ဝမ်ရှန်း ပြုံးကာ စုန့်ရန်အား မေးလိုက်သည်။
“ ဒါပေါ့ ယုံတာပေါ့”
စုန့်ရန် အဆက်မပြတ် ခေါင်းညိတ်ကာ ပြောလိုက်၏။ ဝမ်ရှန်းကို ဘယ်လောက်တောင် ယုံကြည်ကြောင်း စိတ်နှလုံး ခွဲထုတ်၍တောင် ပြချင်စိတ် ပေါ်သွားသည်။
“ အဲ့တာဆို ရပါတယ်”
ဝမ်ရှန်း ပြုံး၍သာ ပြန်ဖြေလိုက်သည်။
“ ဒါပင်မဲ့…”
စုန့်ရန် တစ်ခုခု ထပ်ပြောချင်ခဲ့သော်လည်း ထပ်မပြောနိုင်ခဲ့ချေ။ ကြယ် ၆ ပွင့် အဆင့်ဝိညာဉ်ကို ဆဌမအဆင့်အထိ အဆင့်မြှင့်တင်ပြီးလျှင် ဆက်၍ အဆင့်မြှင့်တင်လို့ ရသည်လား… သူမ၏ နှင်းခဲလိပ် ဝိညာဉ်မှာ ဝမ်ရှန်း၏ ဝိညာဉ်နှင့် မတူပေ။ သူမ ဝိညာဉ်သည် အစကတည်းက အဆင့် မြှင့်တင်၍ ရသည့် ဝိညာဉ်ဖြစ်၏။
ဝမ်ရှန်း ပြောသည့်အတိုင်း ယုံကြည်မှုကို ကိုင်ဆွဲကာ အဆင့်မြှင့်တင် ရမည်လော…။ ယုံကြည်မှု တစ်ခုတည်းပေါ် မူတည်ကာ အဆင့်မြှင့်တင်၍ ရသည်ဆိုလျှင် အဆင့်တက်၍ မရသည့် ဝိညာဉ်သခင်များ အဘယ်မှာ ရှိမည်နည်း။ ဝိညာဉ်သခင်များ အားလုံးသည် ယုံကြည်ချက် အလွန်မြင့်မား ပြင်းထန်ကြသည်ပင်။
ဝမ်ရှန်းက သူမအား ထိခိုက်အောင် မပြုလုပ်မည်ကိုတော့ သူမ အပြည့်အဝ ယုံကြည်သည်။ သို့သော် ဝမ်ရှန်း၏ လုပ်ဆောင်နိုင်စွမ်းကို အပြည့်အဝ မယုံကြည်ရဲခြင်း ဖြစ်၏။ မည်သို့ပင် ဖြစ်စေကာမှု လက်ရှိတွင် ဝမ်ရှန်းသည် ယခုအချိန်တွင် တတိယအဆင့် ဝိညာဉ်သခင် တစ်ယောက်သာ ဖြစ်၏။ ထို့ကြောင့် သူ့အား ယုံကြည်ရန် ခက်ခဲသည်မှာ ပုံမှန်ပင် မဟုတ်ပါလား။
“တကယ်တော့ မင်းစိတ်ထဲမှ လွန်ဆွဲနေတယ် မလား။ ငါ့ရဲ့ စကားကို မယုံနိုင် ဖြစ်နေတာမလား…”
ဝမ်ရှန်းသည် တစ်ချက် ကြည့်လိုက်ရုံဖြင့် စုန့်ရန်၏ ဒွိဟဖြစ်နေသည့် မျက်နှာအား မြင်လိုက်ရသည်။
“ငါက ဒီတိုင်း….”
စုန့်ရန် တစ်ခုခု ပြောလိုက်ချင်သည်။ သို့သော် ပါးစပ် ဟလိုက်သည့် အချိန်တွင် မည်သည့် စကားမှ ထွက်မလာခဲ့ချေ။
ရုတ်တရက် စုန့်ရန် စိတ်ထဲ မေးခွန်းတချို့ ရောက်လာလေသည်။ ရှေ့လျှောက် နေ့ရက်များသည် အများကြီး ကျန်ရှိ နေသေးပေသည်။ သူမ ဝိညာဉ်အဆင့် ဆဌမအဆင့်ပင် မရောက်သေးဘဲနဲ့ ဝမ်ရှန်းက ဘာလို့ သူမကို ကြိုပြောပြချင် နေသနည်း…။
ဝမ်ရှန်း အဘယ်ကြောင့် ဒီလိုမျိုး ပြောခဲ့သည် ဆိုသည်အား စုန့်ရန် တစ်ခဏအတွင်း သဘောပေါက် သွားသည်။
သူမသည် သူမအဖေ နှင့်အတူ စုန့်မိသားစု ထံသို့ ပြန်လိုက်သွားမည် ဆိုလျှင် ထို အချိန်မှစ၍ သူမသည် စုန့်မိသားစု၏ တရားဝင် သခင်မလေး ဖြစ်သွားမည် ဖြစ်သည်။ သို့ရာတွင် ဝမ်ရှန်းမှာမူ ဝူရုံမြို့မှ အစိမ်းရောင် ကြေးစား တံဆိပ်ပြားနှင့် ကြေးစား တစ်ယောက်သာ ဖြစ်၏။ ထို့ကြောင့် ဝမ်ရှန်းက အထောက်အကူ ဖြစ်သည်ဟု စုန့်ဟုန်ထယ် တွေးမည် မဟုတ်ပေ။ ထိုကဲ့သို့ ဆိုလျှင် သူတို့ နှစ်ယောက်ကြားမှ ဆက်ဆံရေးမှာ ပို၍ ဝေးကွာသွားမည် ဖြစ်၏။ သူတို့ နှစ်ယောက် နောက်တစ်ချိန် ဘယ်တော့မှ ပြန်တွေ့ရမည် ဆိုသည်အား မသိတော့ချေ။
ထိုသို့ဆိုလျှင် ဝမ်ရှန်းသည် သူမနှင့် ဆက်ဆံရေးကို အပြီးတိုင် ဖြတ်တောက် နေခြင်းလား… ထို့ကဲ့သို့ တွေးမိလိုက်သည်နှင့် စုန့်ရန် သူမ၏ နှလုံးသား တစ်ခုလုံး နာကျင် လာရသည်ဟု ခံစားရသည်။ သူမ အဖေနှင့် တွေ့ရသည့် ၁ နာရီ အတောအတွင်းတွင် စုန့်ရန်သည် ဤကဲ့သို့ ခဏခဏ ခံစားနေရသည် ဖြစ်သည်။
“မဟုတ်ဘူး”
သူမ ဘယ်တော့မှ ထိုသို့ အဖြစ်မျိုး ဖြစ်ခွင့်ပေးမည် မဟုတ်ပေ။
“စိတ်မကောင်းပါဘူး ငါ့အထင်တော့ ငါအဆင့်သင့် မဖြစ်သေးဘူး”
စုန့်ရန်မှ လေးနက်စွာ ပြောလိုက်သည်။ ထို့နောက် အံကြိတ်ကာ –
“နင်က နင်ပြောတဲ့အတိုင်း လုပ်မယ်ဆိုတာ ငါသိတယ်။ ငါနဲ့ ငါ့အဖေ စုန့်မိသားစုထဲ နေသားကျပြီး ငါလည်း ဆဌမအဆင့် ရောက်ပြီဆိုမှ ငါနင့်ကို လာရှာမယ်။ အဲ့အချိန်ကျရင် ငါ့အသက်ကိုတောင် ပေးရမယ် ဆိုရင်တောင် ငါနင့်ဆီ အားလုံး ပုံအပ်လိုက်မယ်”
စကားပြောနေရင်းနှင့်ပင် စုန့်ရန်၏ မျက်နှာ နီရဲလာခဲ့သည်။
“ နင်က ငါ့ကို ဘယ်တော့မှ တစ်ယောက်တည်း ပစ်ထားလို့ မရဘူး”
စုန့်ရန်၏ လှပသည့် မျက်နှာကို ကြည့်ကာ ဤကောင်မလေးက သူ့အစီအစဉ်များကို သိသွားပြီဖြစ်ကြောင်း ဝမ်ရှန်း နားလည်သွားသည်။ ထို့နောက် တစ်ခဏ စဉ်စားကာ ဝမ်ရှန်း ခေါင်းညိတ်လိုက်၏။ သူ သဘောကျသည့် ကောင်မလေးကို သူလည်း တွန်းအား မပေးချင်ပေ။
“ ဟုတ်ပြီ”
ထို့နောက် ဝမ်ရှန်း စုန့်ရန်၏ နားနားသို့ ကပ်သွားကာ သူမ တစ်ယောက်တည်း ကြားနိုင်သည့် အသံဖြင့် ပြောလိုက်၏။
“မင်းကိုယ်မင်း လုပ်နိုင်တယ်လို့ယုံ အရင်တုန်းက ဖီးနစ်တောင်မှာ ဖီးနစ်တစ်ကောင် ဖြစ်လာဖို့ စားကလေး တစ်ကောင်အနေနဲ့ စခဲ့တာပဲ”
***