Switch Mode

Chapter – 311

ခေါင်းဆောင် သိသည့်အရာ (၂)

အပိုင်း ၃၁၁
ခေါင်းဆောင် သိသည့်အရာ (၂)

“ကျင့်စဉ်အမွေအနှစ်” ဟူသည့် စကားကို ကြားလိုက်ရသည်နှင့် စုန့်ဟုန်ထယ်သည် မြားဖြင့် ပစ်ခံလိုက်ရသည့် ယုန်တစ်ကောင်ကဲ့သို့ ချက်ချင်း နားရွက်များ ထောင်ထသွားသည်။

“မင်း ဘယ်လိုလုပ် သိတာလဲ”

ဝမ်ရှန်းအား မေးခွန်းထုတ်ပြီးနောက် သူ စုန့်ရန်အား အဓိပ္ပာယ်ပါသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သို့သော် ထိုအချိန်တွင် စုန့်ရန်၏ မျက်နှာထက်၌လည်း အံ့သြဟန်များ သိသိသာသာ ထွက်ပေါ်နေ၏။ ဝမ်ရှန်းက ဘာကျင့်စဉ် အမွေအနှစ် အကြောင်းကို ရုတ်တရုတ် နားမလည်ပေ၊ ထိုအရာက ဘာလဲ… သူမ မသိချေ။

စုန့်ရန်၏ မျက်နှာ အမူအရာကို မြင်လိုက်ရသော် သူ့သမီးက ဘာမှ မသိမှန်း စုန့်ဟုန်ထယ် ချက်ချင်း နားလည် သွားသည်။ သေချာစဉ်စား ကြည့်မည်ဆိုလျှင် သူမ မသိသည်မှာ ပုံမှန်ပင်ဖြစ်၏။ ဝမ်ရှန်း ပြောလိုက်သည့် အရာသည် ယခင်မင်းဆက်ကို မှီခဲ့သည့် ဘိုးဘေးများမှ စကားဖြင့် လက်ဆင့်ကမ်း လာခဲ့သည့် အရာဖြစ်သည်။ ထိုအကြောင်းကို မိသားစု မှတ်တမ်းထဲ၌ မရေးမှတ်ထားပေ။ ထို့ကြောင့် စုန့်ရန်က မည်သို့မျှ မသိနိုင်ပေ။

ထိုကဲ့သို့ ဆိုလျှင် စုန့်ရန်ပင် မသိသည်ကို ဝမ်ရှန်းက ဘယ်လိုလုပ် သိသနည်း…

“ကျွန်တော်နဲ့အတူ လိုက်လာတဲ့ထဲမှာ တော်ဝင်မိသားစုက မကောင်းဆိုးဝါး အိုကြီးပါတယ်၊ သူ မတော်တဆ ထုတ်ပြောမိခဲ့တာ”

ဝမ်ရှန်း အကြောင်းအရာ အပြည့်အစုံကို မပြောဘဲ တော်ဝင်မိသားစုထံမှ သိခဲ့ရသည် ဟုသာ ပြောလိုက်သည်။

သတင်းကို သူ့မိသားစုထံမှ သိခဲ့ခြင်း မဟုတ်သည့် အတွက်ကြောင့် စုန့်ဟုန်ထယ် စိတ်သက်သာရာ ရစွာ သက်ပြင်း ချလိုက်သည်။ တော်ဝင်မိသားစုမှ မည်သည့် မကောင်းဆိုးဝါးအိုက ကံဆိုးကာ ဝမ်ရှန်း၏ အသုံးချခြင်းကို ခံခဲ့ရလဲ မသိတော့ပေ။

“ဂျင်ဒီနယ်မြေထဲကို တော်ဝင်မိသားစုလည်း ဝင်ခဲ့တယ်ပေါ့”

အခြား အင်အားစုများကလည်း ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက်ခဲ့သည် ဟူသည့်အချက်ကို စုန့်ဟုန်ထယ် ပို၍ စိတ်ဝင်စား သွားသည်။

“ဘယ်မကောင်းဆိုးဝါးအိုလဲ… တခြား ဘယ်သူတွေရော ဂျင်ဒီနယ်မြေထဲ ဝင်ခဲ့သေးလဲ”

“တော်ဝင်မြို့တော်ထဲမှာ နန်းတွင်းတပ်ဖွဲ့ကို လေ့ကျင့်ပေးတဲ့ မျိုးရိုးနာမည် ‘လီ’ လို့ ခေါ်တဲ့ မိန်းမစိုး ပြောခဲ့တာပဲ”

ထိုအချက်ကို ဝမ်ရှန်း မဖုံးကွယ်ထားပေ။ အင်အားစုများ ကြားတွင် ပဋိပက္ခဖြစ်လျှင် သူ့အတွက် ပိုကောင်းပေသည်။

“သူတို့ တောထဲကို တစ်လဝင်ပြီး ရှန့်ယင် အကျဉ်းထောင် တစ်ဝိုက်မှာ လဝက်လောက် နေခဲ့တယ်။ သူတို ဘာရသွားကြလဲ ဆိုတာတော့ ကျွန်တော် မသိဘူး… ပြီးတော့ ကိုင်ရွှယ် နန်းတော်လည်း ဝင်ခဲ့သေးတယ်။ သူတို့ကတော့ ချီရှုန်းခန်းမ တစ်ဝိုက်မှာ ရှာခဲ့ကြတာပဲ။ သူတို့ ဘာရသွားလဲ ဆိုတာလည်း ကျွန်တော် မသိဘူး”

“သူတို့ ဘယ်နေရာတွေ သွားလဲဆိုတာကို မင်းက ဘယ်လိုလုပ် တိတိကျကျ သိနေတာလဲ”

ဝမ်ရှန်းကို သူ မယုံပေ။ တော်ဝင်မိသားစုနှင့် ကိုင်ရွှယ်နန်းတော်တို့၏ လျှို့ဝှက်ခရီးစဉ် အကြောင်းကို သူက ဘယ်လိုလုပ် သိနေရတာတဲ့လဲ။

“ဘာလို့လဲဆိုတော့ သူတို့ကို ဂျင်ဒီနယ်မြေထဲ ကျွန်တော် ကိုယ်တိုင် လမ်းပြပေးခဲ့တာ မို့လို့ပေါ့…”

ဝမ်ရှန်းမှ တစ်ဖက်အား အထင်သေးသည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။

“အဲ့ထဲမှာ ခင်ဗျားတို့ စုန့်မိသားစုလည်း ပါတယ်။ ကျွန်တော့်ကြောင့် သူတို့ ဒီနေရာ ရောက်လာပြီး ခင်ဗျားကို ရှာတွေ့နိုင်ခဲ့တာပဲ…”

ထိုစကားများ ကြားသောအခါ စုန့်ဟုန်ထယ် သူ့သမီးကို လှမ်းကြည့် လိုက်သည်။ စုန့်ရန်မှလည်း မှန်ကန်ကြောင်း ခေါင်းညိတ် ထောက်ခံလိုက်၏။ စုန့်ဟုန်ထယ် တစ်ခဏသာ ပြောစရာ စကားများ ပျောက်ရှသွားသည်။ ဝမ်ရှန်းသည် သူသာ စုန့်မိသားစု အတွင်းသို့ ဝင်မည်ဆိုလျှင် စုန့်မိသားစုက တစ်ကမ္ဘာလုံးနှင့် ရန်သူ ဖြစ်လာလိမ့်မည်ဟု ပြောခဲ့သည်မှာ အံ့သြစရာ မရှိတော့ပေ။

ယခုတွင် ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေ အတွင်း၌ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာ နိုင်ရုံသာမက ကြောက်စရာ ကောင်းသည့် အသားစား ပုရွက်ဆိတ်များကိုပင် ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ ဤအရာမှ ဝမ်ရှန်းသာ အမှန်တကယ် ကူညီချင်သည်ဆိုလျှင် ဂျင်ဒီနယ်မြေ အတွင်းမှ အရာများကို တူးဖော် ထုတ်ယူနိုင်သည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလော။

စုန့်ဟုန်ထယ်၏ အတွေးထဲတွင် ဝမ်ရှန်းကို သူ့သမီးနှင့် အတင်းအကြပ် လက်ထပ် ပေးချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။ ဝမ်ရှန်းနှင့် သူ့သမီးသည် အချင်းချင်း ပွေ့ဖက်ပြီးနေပြီ ဖြစ်သည့် အတွက်ကြောင့် ဤအချက် တစ်ချက်တည်းနဲ့တင် တွန်းအားပေး၍ ရနေပြီဖြစ်သည်။

သို့သော် ဝမ်ရှန်း၏ ပြီတည်တည် အကြည့်ကို မြင်လိုက်ရသော် စုန့်ဟုန်ထယ် သူ့အတွေးကို လက်လျှော့ လိုက်သည်။ ယခုအချိန်တွင် သူတို့ အသက်သည် ဝမ်ရှန်း လက်တွင်း၌ ရှိနေခြင်းဖြစ်သည်။ နှစ်ဖက်စလုံးကို ကသိကအောက် ဖြစ်စေမည့် စကားများ မပြောလျှင် ပိုကောင်းပေမည်။

“ဟုတ်တယ်… လင်မိသားစုနေတဲ့ နေရာမှာ တောင်ကြား တစ်ခုရှိတယ်။ ပြောကြတာတော့ အဲ့တောင်ကြားက တောင်နံရံတွေပေါ်မှာ တွေးကြည့်လို့တောင် မရတဲ့ လျှို့ဝှက်ဝိဉာဉ် ကျင့်စဉ်တွေ ရေးထိုး ထားတယ်တဲ့။ ပြီးတော့ ပြိုင်ဘက်ကင်း ဝိဉာဉ်သခင် လေ့ကျင့်တဲ့ တော်တော် အားပြင်းတဲ့ သိုင်းကျင့်စဉ်တွေလည်း ရေးထားသေးတယ်တဲ့..”

ဝမ်ရှန်းက ဒီအဆင့်အထိ ခန့်မှန်းခဲ့ပြီး ဖြစ်သည့် အတွက်ကြောင့် စုန့်ဟုန်ထယ် မဖုံးကွယ် ထားချင်တော့ပေ။ အမှန်အတိုင်းသာ ပြောလိုက်၏။

“ငါတို့ ဒီနေရာမှာ ဆယ်နှစ်ကျော် ကျင့်ကြံနိုင်တာက ဒီနေရာထိ ပျံ့နှံ့လာနေတဲ့ အဲ့သိုင်းပညာရပ်ရဲ့အော်ရာတွေကြောင့်ပဲ”

“ဟမ်… လျှို့ဝှက်ကျင့်စဉ် ရေးထွင်းထားတဲ့ တောင်ကြားတစ်ခု ဟုတ်လား…”

ရုတ်တရက် ဝမ်ရှန်း၏ မျက်နှာအမူအရာ ထူးဆန်းသွားသည်။ အတည်ပြု ရမည်ကို အနည်းငယ် စိုးထိတ် နေသကဲ့သို့ သေချာစေရန် နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

“အင်း…”

စုန့်ဟုန်သယ်သည် ပါးစပ် ဟလိုက်ပြီ ဖြစ်သည့် အတွက်ကြောင့် ဘာကိုမှ ထိမ်ချန် ထားမနေတော့။

“လင်မိသားစု ဖျက်ဆီး ခံခဲ့ရပြီးတဲ့ နောက်မှာ ငါတို့ ဘိုးဘေးတွေရဲ့ အဆင့်မြင့် ဝိဉာဉ်သခင်တွေက အဲ့တောင်ကြားမှာ နေပြီး လေ့ကျင့်ဆင်ခြင် ရှုမှတ်ခဲ့ကြတယ်။ လင်မိသားစုက နှစ်နည်းနည်းလေး လောက်နဲ့ ကမ္ဘာ့နံပါတ်တစ် ဝိဉာဉ်သခင် တစ်ယောက် မွေးထုတ် ပေးနိုင်ခဲ့တာပဲ။ သူက အဲ့လျှို့ဝှက်ချက်တွေ အပြည့်အဝ နားလည်တဲ့ ဝိဉာဉ်သခင် တစ်ယောက်ပဲ ဆိုတာ ငါ ယုံတယ်”

“ဖီးနစ်ဝိဉာဉ် အကြောင်းကရော… ဘယ်လို သိခဲ့တာလဲ…”

ဝမ်ရှန်း ဖီးနစ်အကြောင်း နောက်မေးခွန်း တစ်ခု မေးလိုက်သည်။ သိုင်းပညာရပ် အမွေအနှစ်များ အကြောင်းမှ ရုတ်တရက် စကားလမ်းကြောင်း လွှဲလိုက်၏။

သူ ထိုအကြောင်းကို စိတ်မဝင်စားခြင်း မဟုတ်ပေ။ သို့သော် ဤတောင်ကြား၊ လျှို့ဝှက် ကျင့်စဉ်နှင့် သိုင်းပညာရပ်များဟု ခေါ်သည့် အရာများ အကြောင်းကို နားလည်သွားခြင်း ဖြစ်သည်။

ဝမ်ရှန်းသည် သူ့ကမ္ဘာမြေပေါ်၌ ရှိစဉ်တွင် သိုင်းဝတ္ထုများ အလွန်ဖတ်လေ့ ရှိသည်။ ထို့ပြင် သူ့အိပ်မက်ထဲမှ ကောင်မလေးသည် အိပ်မက်ထဲ၌ သူနှင့် စကားပြောစဉ်တွင် မေးခွန်းများ မေးလေ့ရှိသည်။ တိုက်ခိုက်ရေးနှင့် ရှင်သန်ရေး နည်းလမ်းပေါင်း များစွာကို ဝမ်ရှန်း သူမအား အကြံပေးခဲ့ဖူးသည်။ တစ်ခါတစ်ရံ အဖြေ မပေးနိုင်သည့် မေးခွန်းများ ရှိလျှင်လည်း သိုင်းဝတ္ထုများထဲမှ အဖြေရှာကာ ထိုကောင်မလေးကို ပြန်ပြောပြလေ့ ရှိသည်။

တောင်ကြားအတွင်း၌ ရေးထိုးထားသည့် သိုင်းပညာရပ်များနှင့် ကျင့်စဉ် ပညာရပ်များ ဆိုသည်မှာ “သူရဲကောင်း၏ခရီးစဉ်” နှင့် “လေဟာနယ် ကျိုးပျက်ခြင်း” ဝတ္ထုများ၏ ဇာတ်ညွှန်း ဇာတ်ကွက်များပင် ဖြစ်သည်။ ထိုနှစ်ပုဒ်သည် သူ ထိုကောင်မလေးကို ပြောပြခဲ့သည့် များစွာသော ဝတ္ထုပုံပြင်များထဲမှ နှစ်ပုဒ်ဖြစ်သည်။ သူ့အိပ်မက်ထဲမှ ကောင်မလေးကို ထိုအကြောင်းများ ပြောပြစဉ်တွင် ထိုအကြောင်းများမှာ အပြောင်အပြက်သာ ဖြစ်ကာ တကယ့်ကျင့်စဉ် ကိုယ့်ကိုယ်ကိုယ်ပေါ်သာ အဓိက မူတည်ကြောင်း သေချာပေါက် ပြောခဲ့သေးပေသည်။

သူ မမျှော်လင့် ထားသည်က လွန်ခဲ့သည့် နှစ်ရာချီတွင် လင်မိသားစုသည် ထိုအရာများကို အမွေအနှစ်အဖြစ် ရေးထိုး ထားသည်တဲ့။ ထိုကောင်မလေးက ဘာလှည့်ကွက်များ စီစဉ်နေခဲ့သနည်း…

ဤအရာများကို သိုင်းပညာရပ် အမွေအနှစ်တဲ့လား… ထောင်ချောက် လှည့်ကွက်တစ်ခုသာ ဖြစ်ကြောင်း သိသာပေသည်။ ထိုဇာတ်ညွှန်း ဇာတ်ကွက်များကို လင်မိသားစုမှ နံပါတ်တစ် ဝိဉာဉ်သခင်၏ အလွန် သန်မာအားပြင်းသည့် ကျင့်စဉ်ဟု အားလုံး အထင်လွဲအောင် လှည့်စား လိုက်ခြင်းပင် ဖြစ်၏။

ကမ္ဘာ့နံပါတ်တစ် ဝိဉာဉ်သခင် ဖြစ်လာစေသည့် ကျင့်စဉ်များနှင့် သိုင်းပညာရပ်များ…

ထိုကဲ့သို့ ဆိုလျှင် အပြင်၌ ကျန်ရှိခဲ့သည့် သူတို့ အင်အားစုများမှာ အခြား အင်အားစုများ၏ လက်ဝါးကြီးအုပ် ခြယ်လှယ်ခြင်းကို ခံနေရသည့်တိုင် ထိုဝိဉာဉ်သခင်များ ဤနေရာမှ မထွက်သွားချင် ကြသည်မှာ ပုံမှန်ပင်ဖြစ်၏။ သူတို့သည် အတုအယောင်များ အတွက် ပိတ်မိနေခဲ့ခြင်းပင် ဖြစ်သည်။

အဓိက အင်အားစုများမှ အစီအရင် ဆရာများသည် ရာနှင့်ချီသည့် အစီအရင်များ အသုံးပြုကာ သူမအား ချိပ်ပိတ်ခဲ့သည်။ ထို့ကြောင့် သူမသည် တောင်ကြားလမ်းကြောင်း တစ်ခုကို အသုံးပြုကာ ထိုလူများကို ခြေကုပ်မိအောင် ပြုခဲ့လေသည်။

ဝမ်ရှန်းသည် ယခုအချိန်၌ သူ ဘယ်လို ခံစားနေမည်ကို စကားလုံးများပင် ဖော်ပြ၍ မနိုင်ပေ။ သို့သော် တစ်ခုတော့ သေချာသည်။ သူသည် သူ့အိပ်မက်ထဲမှ ကောင်မလေးနှင့် ခြေတစ်လှမ်း ပိုနီးလာပြီဖြစ်၏။

“ဖီးနစ်ဝိဉာဉ်ဆိုတာ လင်မိသားစုက ဝန်ခံထားတာပဲ ရှိတယ်” စုန့်ဟုန်သယ်မှ ပြောလိုက်သည်။

“တောင်ကြားလမ်းမှာ ရှိတဲ့ ကျင့်စဉ်တွေထဲမှာ ဝိဉာဉ်ကျင့်စဉ်တွေ အမျိုးမျိုး ရှိတယ်။ အဲ့ထဲမှာ ဖီးနစ်ဝိဉာဉ်ကို ကျင့်ကြံတဲ့ ကျင့်စဉ် ရှိတာနေမှာ”

ထို့နောက် ဝမ်ရှန်းမှ မေးခွန်းများ ဆက်မေးခဲ့ကာ စုန့်ဟုန်ထယ်သည်လည်း သူသိသမျှ အားလုံး ပြန်ဖြေ ပေးခဲ့သည်။ ထိုကဲ့သို့ ပြန်ဖြေရာ၌ သူ၏ ရက်ရောမှုသည် စကားလုံးဖြင့်ပင် ဖော်ပြ၍ မရပေ။ သို့သော် ဝမ်ရှန်းမှ ပုံမှန်အတိုင်းသာ ပြန်တုံ့ပြန်ခဲ့၏။ အစောပိုင်းမှ အထင်အမြင် လွဲမှားမှုကို လွယ်လွယ်နှင့် ဖျောက်ဖျက်၍ မရကြောင်း စုန့်ဟုန်ထယ် သိပေသည်။ ထို့ကြောင့် ဝမ်ရှန်း၏ တုံ့ပြန်မှုကို သိပ်ပြီး စိတ်ထဲ မထားခဲ့ပေ။

“ဒါနဲ့… ခင်ဗျားအတွက် ဒီလက်ဖက်ရည်ကို ဘယ်သူ ယူလာပေးတာလဲ”

အချိန်တစ်ခုအထိ မေးပြီးနောက် အကြောင်းအရာနှင့် မသက်ဆိုင်သည့် မေးခွန်း တစ်ခုကို ဝမ်ရှန်း ရုတ်တရက် ထမေးလိုက်သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset