အပိုင်း ၃၁၀
ခေါင်းဆောင် သိသည့်အရာ (၁)
ထိုမေးခွန်းကို ဖြေသင့်မဖြေသင့် စဉ်းစားကာ စုန့်ရန် တစ်ခဏ တွန့်ဆုတ်သွားသည်။ သို့သော် ခဏအကြာတွင် သူမ ပြောလာခဲ့၏။
“အစတုန်းကတော့ ဘယ်သူမှ သတိမထားမိခဲ့ဘူး။ ဒါပေမယ့် အချိန်တစ်ခု ကြာပြီးနောက်မှာ အဲ့မှာရှိတဲ့ ဝိညာဉ်သခင်တွေက ထူးဆန်းတဲ့ နေရာတစ်ခု ရှာတွေ့ခဲ့ကြတယ်”
“ဟမ်၊ ထူးဆန်းတဲ့နေရာ…”
စုန့်ရန်၏ စကားထဲမှ အဓိက အချက်ကို ဝမ်ရှန်း သံယောင်လိုက် ပြောလိုက်သည်။
“အဲ့ဒါက မှတ်တမ်းတွေထဲက အတိုင်း ထူးဆန်းတာပဲရှိတာ။ တခြား ဘာမှမရှိဘူး”
စုန့်ရန် ခေါင်းညိတ် ထောက်ခံကာ ဆက်ပြောလိုက်သည်။
“ဒါပေမယ့် မှတ်တမ်းတွေထဲမှာ အဲ့မှာနေတဲ့ ဝိညာဉ်သခင်တွေက အဲ့နေရာကနေ ဘယ်တော့မှ ကြာကြာ မခွာဘူးလို့လည်း ပြောထားတယ်”
“အဲ့နေရာက အန္တရာယ်များလို့လား” ဝမ်ရှန်းမှ မေးလိုက်သည်။
“အဲ့လိုလည်း မဟုတ်ဘူး…”
စုန့်ရန် ခေါင်းခါလိုက်သည်။
“-အန္တရာယ် များတယ်ဆိုရင် ဘာမှတ်တမ်းမှ ကျန်မှာ မဟုတ်ဘူး။ အဲ့ဒါတွေကို အဲ့မှာနေတဲ့ စုန့်မိသားစုက ဘိုးဘေးတွေ ပြောပြခဲ့တာ။ အဲ့ဒါတွေ ပြောပြီးတာနဲ့ သူတို့ အဲ့နေရာကို မြန်မြန် ပြန်သွားကြတာပဲတဲ့”
စုန့်မိသားစု မှတ်တမ်းအရဆိုလျှင် လင်မိသားစု၏ ကမ္ဘာ့နံပါတ်တစ် ဝိညာဉ်သခင်သည် ဖီးနစ်ဝိညာဉ်ကို ပိုင်ဆိုင်ခဲ့၏။ သို့သော် တာအိုဘုန်းတော်ကြီး ကျောင်းကဲ့သို့ပင် စုန့်မိသားစုသည်လည်း ဖီးနစ်ဝိညာဉ် ဆိုတာကိုပဲသိကာ ဖီးနစ်က ဘာလဲဆိုတာ မသိကြချေ။
“လင်မိသားစုက ချိပ်ပိတ်ခံရတဲ့ ဝိညာဉ်သခင်တွေက ခုခံတာကြောင့် အဲ့နေရာမှာ သူတိုက် ငါခုခံနဲ့ တိုက်ပွဲ ဖြစ်သွားသေးတယ်တဲ့”
စုန့်ရန်မှ ဆက်ပြောလိုက်သည်။
“အဲ့နောက်မှာ အဲ့နေရာက သာမန် ဝိညာဉ်သခင်တွေ ကပ်လို့မရတဲ့ နေရာဖြစ်လာတယ်။ ဒါပေမယ့် ထူးဆန်းတာက သားရဲတွေက သွားလာလို့ရပြီး သူတို့အပေါ်တော့ ဘာသက်ရောက်မှုမှ မရှိဘူး”
“အဲ့လို သာမန် ဝိညာဉ်သခင်တွေ ထိလို့မရတဲ့ နေရာက တဖြည်းဖြည်းနဲ့ ပိုပို တိုးလာပြီး အခု ဂျင်ဒီနယ်မြေ အနေအထားအထိ ဖြစ်လာတာပဲတဲ့”
စုန့်ရန် ပြောသည်ကို နားထောင်ရလျှင် တာအိုဘုန်းတော်ကြီး ကျောင်း၏ မှတ်တမ်းက ပို၍ အသေးစိတ် ကျပေသည်။
“အစတုန်းကတော့ ဝိညာဉ်သခင် ဒါဇင်လောက် ရှိသေးတယ်။ ဒါပေမယ့် တစ်နှစ် အကြာမှာ ဂျင်ဒီနယ်မြေက ဘယ်သူမှ ဝင်လို့မရတဲ့ နေရာတစ်ခု ဖြစ်လာတော့တာပဲ”
“အဲ့ဒါဆို အခု မင်းတို့က ဘာလို့ ဂျင်ဒီနယ်မြေထဲ ဝင်လာကြတာလဲ” ဝမ်ရှန်းမှ မေးလိုက်သည်။
“ရွှေငွေရတနာတွေ အတွက်ဆိုရင် လင်မိသားစုက သူတို့ အမြစ်ဖြတ် ရှင်းလင်း ခံရပြီးတဲ့ နောက်မှာ ဘယ်လောက်များ ကျန်မှာမို့လို့လဲ။ လျှို့ဝှက် ကျင့်စဉ်တွေကြောင့်လား။ ဒါမှမဟုတ် တခြား တစ်ခုခုလား…”
“ငါလည်းမသိဘူး” စုန့်ရန် ခေါင်းခါကာ ပြောလိုက်သည်။
“မိသားစုထဲမှာ ငါ့နေရာကိုလည်း နင်သိတာပဲ။ ဖီးနစ်အကြောင်း မှတ်တမ်းတွေ ဖတ်ရတာနဲ့တင် ကံကောင်းနေပြီ။ နင် ငါ့အဖေကို မေးသင့်တယ်။ သူက ပိုပြီး သိရင် သိလောက်တယ်”
ဝမ်ရှန်း ခဏလောက် စဉ်းစားကြည့်ကာ ထိုအကြံက အကြံကောင်းဟု တွေးလိုက်သည်။ အစော၌ စုန့်ဟုန်ထယ်အား မခေါ်လာခြင်းမှာ သူ၏ မောက်မာမှုအတွက် လက်တုံ့ပြန်ခြင်း ဖြစ်သော်လည်း စုန့်ဟုန်ထယ်က ပိုသိနေကြောင်း သိသာသည့် အတွက် သူ့ဆီက အကြံဉာဏ် တောင်းရန် ဝမ်ရှန်း ဝန်လေးနေမည် မဟုတ်ပေ။ ဤအရာမှာ သူ့ဘက်က ခြေတစ်လှမ်း လျှော့ပေး လိုက်ခြင်းလည်း ဖြစ်၏။
ယခုတစ်ကြိမ်တွင် ဝမ်ရှန်းသည် စုန့်ဟုန်ထယ်အား ရန်စရန် အတွက် သူ့သမီးကို မပွေ့သွားတော့ပေ။ သူမလက်ကို ဆုပ်ကိုင်ကာ အပြင်ထွက် လာခဲ့၏။
အမှန်အတိုင်း ပြောရမည်ဆိုလျှင် ဝမ်ရှန်းသည် အသားစား ပုရွက်ဆိတ်များ အုပ်လိုက်ကြား၌ လမ်းလျှောက် နေရသည်ကို အလွန် စိတ်လှုပ်ရှား နေပေသည်။ ဤအတွေ့အကြုံသည် သ ယခင်က တစ်ခေါက်မှ မတွေ့ကြုံခဲ့ဖူးသည့် အတွေ့အကြုံပင် ဖြစ်သည်။
စုန့်ရန်မှာမူ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေ၏။ အထူးသဖြင့် အသားစား ပုရွက်ဆိတ်နှစ်ကောင်က သူမ ခြေထောက်ပေါ်သို့ တက်လာသည့် အချိန်တွင် ဖြစ်သည်။ သူမဘေး၌ ဝမ်ရှန်းသာ ရှိမနေပါက သူမသည် အသည်းခိုက်မတတ်ကို ကြောက်ရွံ့ကာ ထပင် အော်မိလောက်ပေသည်။
“စုန့်ခေါင်းဆောင်၊ စုန့်ရန် အဖြေပေးမယ်လို့ ကတိပေးတုန်းက ခေါင်းဆောင်ကိုပါ ခေါ်သွားမယ်လို့ ကျွန်တော် ကတိပေး ထားတာပဲ။ ကြည့်ရတာ ကျွန်တော် မေ့သွားတယ် ထင်တယ်”
စုန့်ဟုန်သယ် ရှိနေသည့် နေရာသို့ စုန့်ရန်အား ခေါ်လာကာ ဝမ်ရှန်းမှ အော်ပြော လိုက်သည်။
“တွေးကြည့်မှပဲ၊ အဲ့လိုလုပ်တာက မသင့်တော်ဘူးလေ ဟုတ်တယ်မလား။ လူဆိုတာ စကား တည်သင့်တာပေါ့။ အဲ့ဒါကြောင့် ခေါင်းဆောင်ကို တကူးတက ပြန်လာခေါ်တာ”
ဝမ်ရှန်း သူ့သမီးလက်ကို ဆုပ်ကိုင်ကာ သူ့အား လာလှောင်ပြောင်သလို ပြောလာသည်ကို မြင်သော် စုန့်ဟုန်ထယ် ဒေါသထွက်လွန်း၍ သစ်ပင်ပေါ်မှ ပြုတ်ကျနီးပါးပင် ဖြစ်သွားခဲ့သည်။ သို့သော် သူသည် ဦးနှောက် မရှိသည့်လူ မဟုတ်ပေ။ စုန့်ရန် မဖြေနိုင်သည့် မေးခွန်းတချို့ ရှိရပေမည်၊ ထို့ကြောင့်သာ ဝမ်ရှန်း သူ့သမီးကို ခေါ်ကာ ပြန်လာခြင်းပင်။
သို့သော် သူက ဘာလို့ သူ့သမီးလက်ကို တစ်ချိန်လုံး ကိုင်ထား နေသနည်း… သူ့အား တမင်သက်သက် လုပ်ပြနေသည်လား…
“အထင်မလွဲပါနဲ့… ရန်လေးလက်ကို မကိုင်ထားရင် ဒီအသားစား ပုရွက်ဆိတ်တွေက ရန်လေးကို အရိုးပဲ ကျန်အောင် ချက်ချင်း ကိုက်သွားလိမ့်မယ်”
စုန့်ဟုန်ထယ်၏ အတွေးများကို သိနေသကဲ့သို့ ဝမ်ရှန်း စုန့်ဟုန်ထယ်အား မော့ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
ထိုစကား ကြားလိုက် ရသောအခါ စုန့်ဟုန်ထယ် မဆိုထားနှင့် စုန့်လောင်ယုသည်ပင် ဝမ်ရှန်းအား ဖြတ်ရိုက်ချင်စိတ် ပေါက်သွားသည်။ သူ၏ အသားစား ပုရွက်ဆိတ်များကို ထိန်းချုပ်နိုင်သည့် စွမ်းရည်နှင့်ဆိုလျှင် သူပြောသည့် ဖြစ်ရပ်မျိုး မည်သို့မျှ မဖြစ်နိုင်ချေ။ အခုက အခြေအနေကို အခွင့်ကောင်း ယူနေခြင်းပင် မဟုတ်ပါလော။
သို့သော် စုန့်ဟုန်ထယ်သည် ဉာဏ်ကောင်းသည့် လူတစ်ဦးဖြစ်၏။ ဝမ်ရှန်းက မုန်းစရာ ကောင်းသော်လည်း သူ့ဘက်မှ အကြောင်းပြချက် ခိုင်ခိုင်လုံလုံဖြင့် တစ်ထစ် လျှော့ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူ့သမီးက ဝမ်ရှန်းနှင့် ဆက်ဆံရေး အလွန် ကောင်းမွန်ကြောင်းကိုလည်း သူ မြင်တွေ့ခဲ့ပြီးဖြစ်၏။ မဟုတ်လျှင် သူမကိုယ်၌ကိုက ဝမ်ရှန်းအား ထိုကဲ့သို့ အကပ်ခံမည် မဟုတ်ပေ။ သူ သူ့သမီးနှင့် မတွေ့ရသည်မှာ ဆယ်စုနှစ် တစ်ခုကျော်ရှိလေပြီ။ ယခုတွေ့တွေ့ခြင်း သူ့သမီးအား အခြားလူများပေါ် ကြိုက်နှစ်သက်ခြင်းကို ပိတ်ပင်သည့် လုပ်ရပ်မျိုး မလုပ်သင့်ပေ။
ထိုသို့စဉ်းစားကာ ဘာမှ ထပ်မပြောတော့ဘဲ သစ်ပင်ထက်မှသာ ခုန်ချလိုက်သည်။ အားလုံးလည်း ထိတ်လန့်သွားကာ သူ့နောက်မှ လိုက်ခုန်ချရန် ပြင်လိုက်ကြသည်။ သို့သော် စုန့်ဟုန်ထယ်သည် သူ ခုန်ဆင်း ပြီးသည်နှင့် ချက်ချင်း အမိန့်တစ်ခု ပေးလိုက်သည်။
“မင်းတို့က ဒီမှာပဲစောင့်နေ…”
သူ့တစ်ယောက်တည်း ခုန်ဆင်းလျှင် ဝမ်ရှန်း ဘာမှလုပ်မည် မဟုတ်ပေ။ သို့သော် အားလုံး ခုန်ဆင်းလာမည် ဆိုလျှင် ဝမ်ရှန်း အသားစား ပုရွက်ဆိတ်များကို တိုက်ခိုက်ရန် ချက်ချင်း အမိန့်ပေး ပစ်နိုင်ပေသည်။
စုန့်ရန် ခုန်ချလာသည့် အချိန်တွင် ဝမ်ရှန်းသည် ထိုက်ချီ သိုင်းပညာရပ်ကို အသုံးပြုကာ သူမအား ဆီးကြို ပွေ့ဖက်ခဲ့သည်။ သို့သော် စုန့်ဟုန်သယ် ခုန်ဆင်းလာသည့် အချိန်၌မူ ဂရုပင်မစိုက်ပေ။
စုန့်ဟုန်ထယ်ကလည်း ထိုအခြင်းအရာကို ဂရုမစိုက်ပေ။ သူ၏ဝိညာဉ်အဆင့်က ဤအမြင့်လောက်ကိုတော့ မမှုပါ။ သူ ခုန်ချသည့် နေရာတွင် အသားစား ပုရွက်ဆိတ်များ ချက်ချင်း ရှဲသွားကာ သူ မြေပြင်ပေါ်သို့ ဘာအထိအခိုက်မှမရှိ ရောက်လာခဲ့သည်။
“ခေါင်းဆောင်က ဒီစခန်းနဲ့ ရင်းနှီးတယ်ဆိုတော့… ကျေးဇူးပြုပြီး ကြွပါ”
အရှေ့ဘက်သို့ လက်ဆန့်ထုတ်ပြကာ စုန့်ဟုန်ထယ်အား “ကြွပါ”ဟူသည့် အမူအရာ လုပ်ပြလိုက်သည်။ ဝမ်ရှန်း ထိုအမူအရာကို စုန့်ဟုန်ထယ် နှာရှုံ့၍သာ တုံ့ပြန်လိုက်ပြီး အရှေ့မှ ဦးဆောင် သွားလိုက်သည်။
စုန့်ရန်သည်လည်း ဝမ်ရှန်းလက်ကို ဆုပ်ကိုင်ကာ ဝမ်ရှန်းနောက်မှ အလျင်အမြန် လိုက်သွား လိုက်သည်။
အသားစား ပုရွက်ဆိတ်များက စုန့်ရန်အား တိုက်ခိုက်မည်ကို စိုးသောကြောင့် စုန့်ရန်လက်အား ကိုင်ထားရခြင်း ဖြစ်ပါသည်တဲ့… အလိမ်အညာတွေ…
စုန့်ဟုန်ထယ် လျှောက်နေသည်မှာ ဝမ်ရှန်းနှင့် အနည်းဆုံး ၆ ပေ ကွာပေသည်။ သူ့အား အသားစား ပုရွက်ဆိတ်များက နည်းနည်းသော်မျှ တိုက်ခိုက်မှု မရှိပါချေ။
စုန့်ဟုန်ထယ် သူတို့နှစ်ယောက်ကို အတော်အသင့် သပ်ရပ် ကျယ်ဝန်းသည့် လိုဏ်ဂူတစ်ခုသို့ ဦးဆောင် ခေါ်သွားလိုက်သည်။ ထိုအခန်းသည် စုန့်ဟုန်ထယ်၏ အခန်း ဖြစ်ရပေမည်။ ခေါင်းဆောင် တစ်ယောက်အနေဖြင့် သူ့နေရာက အခြားလူများထက် အနည်းငယ် ပိုသာနေသည်မှာ ပုံမှန်ပင်ဖြစ်သည်။
“ကဲ… မင်း ဘာသိချင်တာလဲ”
လိုဏ်ဂူ အတွင်းရှိ စားပွဲဝိုင်း တစ်ခု၌ စုန့်ဟုန်ထယ် ဒေါသတကြီး ထိုင်ချလိုက်သည်။ ထို့နောက် သူ့ဘေးရှိ သစ်သားစင်ပေါ်မှ သစ်သားခွက် နှစ်ခွက်ယူကာ သူ ဂျင်ဒီနယ်မြေ အတွင်း၌ ပြုလုပ်ထားသည့် လက်ဖက်ရည်ကို ငှဲ့ထည့်လိုက်သည်။ တစ်ခွက်ကို စုန့်ရန်အား ပေးလိုက်၏။ ထို့နောက် သူ့လက်ဖက်ရည်ခွက်ကို လက်ထဲ၌ကိုင်ကာ ဝမ်ရှန်းအား မေးခွန်း မေးလိုက်သည်။ ကြည့်ရသည်မှာ သူ ဝမ်ရှန်းအတွက် လက်ဖက်ရည် ငှဲ့ပေးရန် အစီအစဉ်ရှိဟန် မရှိပေ။
စုန့်ရန်ကသာ ကြောင်အစွာဖြင့် စင်ပေါ်မှ လက်ဖက်ရည်ခွက် တစ်ခွက်ယူကာ ဝမ်ရှန်းအတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။ ထို့နောက် သူမ အဖေနှင့် ဝမ်ရှန်းတို့ကြား ဝင်ထိုင် လိုက်သည်။ တစ်ဖက်က အဖေ၊ တစ်ဖက်က “သတို့သားလောင်း” ဖြစ်နေသည်မှာ အတော်ကို ဘေးကျပ်နံကျပ် ရှိလှပေသည်…
“တကယ်တော့ ကျွန်တော်က မေးခွန်း တချို့တလေလောက် မေးချင်ရုံပါပဲ”
ဝမ်ရှန်းသည် သူက အဖြေသိချင်သည့် လူဖြစ်သည့် အတွက်ကြောင့် စုန့်ဟုန်ထယ်အား စကားပြောရာ၌ လေသံအနည်းငယ် လျှော့လိုက်သည်။
“အားလုံးက ဂျင်ဒီနယ်မြေထဲ ဝင်ချင်ကြတယ်… ဂျင်ဒီနယ်မြေ ဆီကနေ သူတို့ ဘာလိုချင်တာလဲ ဆိုတာကို သိချင်တာ။ လင်မိသားစုက နံပါတ်တစ် ဝိညာဉ်သခင်ရဲ့ ကျင့်စဉ် အမွေအနှစ်ကို လိုချင်လို့လား…”
***