Switch Mode

Chapter – 309

ဖီးနစ်မှတ်တမ်း (၂)

အပိုင်း ၃၀၉
ဖီးနစ်မှတ်တမ်း (၂)

ယခုအချိန်တွင် စုန့်လောင်ယုမှ လွှဲ၍ ဤနေရာ၌ ရှိနေသည့် ကျန်သည့် လူများ အားလုံးသည် စွန့်စားချင်လျှင် သော်လည်းကောင်း အသက်ပေးရဲလျှင် သော်လည်းကောင်း ဝမ်ရှန်းကို သေချာပေါက် အသက်ပျောက်အောင် လုပ်နိုင်ပေသည်။

သို့သော် ဝမ်ရှန်း သေသွားသည်နှင့် ဤအသားစား ပုရွက်ဆိတ်များသည် ထိန်းချုပ်မှု ကင်းမဲ့သွားကာ မဲမဲမြင်သမျှ အရာအားလုံးကို အသည်းအသန် ကိုက်ဖြတ် စားသောက်တော့မည် ဖြစ်သည်။ သို့မဟုတ် ဝမ်ရှန်းက မ‌သေခင် အမိန့်ပေး သွားသည် ဆိုလျှင်လည်း ထိုရလဒ်မျိုးပင် ဖြစ်ပေါ်လာမည်ဖြစ်၏။

ဝမ်ရှန်း သေသွားပြီးနောက် သူ၏ အသားစား ပုရွက်ဆိတ်များ ဤနေရာမှ အစုခွဲသွားရန်လည်း ဖြစ်နိုင်ပေသည်။ သို့သော် ထိုဖြစ်နိုင်ခြေသည် အလွန် နည်းပါး သေးငယ်လှကာ စုန့်ဟုန်ထယ်သည်ပင် မစွန့်စားရဲ‌ချေ။ ပြန်ဆုံတွေ့သည်မှာ တစ်နာရီပင် မကြာသေးသည့် သူ့သမီးကို ဝမ်ရှန်းက သူတို့ပုန်းခိုသည့် နေရာသို့ ပွေ့ဖက် သယ်သွားသည်ကိုသာ ဘာမှ မလုပ်နိုင်ဘဲ ကြည့်နေရ‌တော့၏။

ဝမ်ရှန်း ဦးတည်သွားသည့် နေရာသည် သူတို့ အစောင့်များ ထူထပ်စွာ ချထားကာ ကောင်းမွန်စွာ ဖုံးကွယ် သိုဝှက်ထားသည့် သူတို့ ပုန်းကွယ် နေထိုင်ရာ နေရာအစစ် ဖြစ်သည်။ သို့သော် ဝမ်ရှန်းက ထိုနေရာကို သူ့သမီးနှင့် နှစ်ယောက်တည်း ဝင်သွားသည်။

ထိုအကြောင်း တွေးမိသွားကာ စုန့်ဟုန်ထယ် ဝမ်ရှန်းကို မီးလောင်ပြာချ ပစ်ရန်ပင် မစောင့်နိုင်တော့။ စုန့်ဟုန်ထယ်သည် မိသားစု တစ်စု၏ အကြီးအကဲ ဖြစ်သည်။ သို့သော် အရှုံးမခံနိုင်သည့် လူမဟုတ်၊ ရှုံးနိမ့်မည်ကိုလည်း မကြောက်။ သို့သော် ဘာလို့ ရှုံးမှန်းမသိဘဲ ရှုံးမည်ကိုတော့ သူ စိုးထိတ်မိသည်။ ရှုံးနိမ့်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်လည် မတည်ဆောက် နိုင်မည်ကိုလည်း သူ စိုးရိမ်သည်။

ဤဖြစ်ရပ်တွင် စုန့်ဟုန်ထယ်၏ ပထမဆုံး အကြီးမားဆုံး အမှားမှာ သူ့ကိုယ်သူ အခြေအနေကို အပြည့်အဝ ထိန်းချုပ် နိုင်သည်ဟု ထင်ကာ တစ်ဖက်မှ လူများ အားလုံးကို ချက်ချင်း မသတ်ခဲ့ခြင်း ဖြစ်၏။ ထိုကဲ့သို့ သာလုပ်ခဲ့မည် ဆိုလျှင် နောက်ပိုင်း ဤကဲ့သို့ အဖြစ်ဆိုးမျိုး ဖြစ်ပျက်မည် မဟုတ်ချေ။

ဒုတိယအမှားမှာ ဝမ်ရှန်းက ဘယ်လို လူမျိုးလဲဆိုတာကို မသိဘဲ အချိန်မရွေး အလွယ်တကူ သတ်ပစ်၍ ရသည့်လူဟု ထင်ခဲ့ခြင်း ဖြစ်သည်။ ဤဖြစ်ရပ်ပြီးလျှင် သူ၏ ခေါင်းမာတတ်သည့် အကျင့်ကို ဖျောက်ပစ် ရမည်ဟု သူ တွေးလိုက်၏။

ပုံမှန် အခြေအနေဆိုလျှင် သူတို့ အသိုက်ကို စောင့်နေသည့် အစောင့်များ ရှိပေသည်။ သို့သော် အသားစား ပုရွက်ဆိတ်များက အမျိုးမျိုးသော လေဝင်လေထွက် အပေါ်များမှ ဝင်ရောက်ခဲ့ပြီး နောက်တွင် အစောင့်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘာမှ မထူးတော့ပေ။ သူတို့သည် အရိုးစုများ အဖြစ်သာ ပြောင်းလဲ သွားလောက်ပေပြီ။

ကျောက်နံရံများသည် သိပ်မထူပေ၊ သို့သော် တဲစခန်းသို့ ရောက်ရန် ထိုစင်္ကြံလမ်းကို မီတာ အနည်းငယ် လျှောက်ရ၏။ ထိုလမ်းအဆုံးမှာမှ အတန်အသင့် ကျယ်ဝန်းသည့် အပေါက်တစ်ခုကို တွေ့ကာ အထဲသို့ ဝင်သွားရာတွင် ပိုမို ချောင်ကျသည့် တောင်ကြားလမ်း တစ်ခုကို တွေ့လိုက်ရသည်။

ဤတောင်ကြားလမ်း အပေါ်ကို အမျိုးမျိုးသော ကြိမ်ပင်များနှင့် အခြား အရာများဖြင့် ယှက်နွယ် ဖုံးကာထားသည်။ အောက်မှ ကြည့်လျှင် အပေါ်မှ အပြာရောင် ကောင်းကင်ကြီးကို ကွက်တိကွက်ကြားသာ မြင်ရသည်။ သို့သော် ထိုပေါ်တွင် အစီအရင်များဖြင့် ဖုံးကာ ထားဟန်ရှိ၏။ ထို့ကြောင့် ထိုကြိမ်ပင်များ အပေါ်မှနေ၍ အောက်သို့ ငုံ့ကြည့်လျှင်တောင် ဤတောင်ကြားလမ်းကို မမြင်ရပေ။ ထိုကဲ့သို့ဆိုလျှင် ပျံသန်းတတ်သည့် သားရဲများ၏ ရန်ကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားပြီ ဖြစ်သည်။

တောင်ကြားသည် လူတစ်ရာကျော် နေထိုင်နိုင်ရန် လုံလောက်သည်။ သူ၏ဖွဲ့စည်း တည်ဆောက်ပုံသည် အပြင်၌ စွန့်ပစ်ခံထားရသည့် တဲစခန်းနှင့် အတူတူပင်ဖြစ်၏။ မြေပြင်အထက် ၁၀ မီတာ အမြင့်တွင် လိုဏ်ဂူများ ရှိသည်။ မြေပြင်ထက် အချို့ထောင့်များတွင်မူ ဆေးပင် အချို့နှင့် အသီးပင်များကို စိုက်ထား၏။ အချို့နေရာများသည် ဟင်းလင်းပြင် ဖြစ်ကာ လေ့ကျင့်ရေးကွင်း ဖြစ်ဟန်ရှိသည်။

တောင်ကြား အတွင်းသို့ ဝင်လိုက်သည်နှင့် အပြင်ဘက်နှင့် လုံးဝ မတူသည့် ဝိညာဉ်စွမ်းအားကို ဝမ်ရှန်း ခံစားလိုက်ရသည်။ ဤနေရာမှ ဝိညာဉ်စွမ်းအားသည် အပြင်မှ ဝိညာဉ်စွမ်းအားများထက် များစွာ ပိုမိုသန့်စင်နေ၏။

ဤနေရာ၌ လေ့ကျင့်ခြင်းက သာမန်နေရာ၌ လေ့ကျင့်ခြင်းထက် အကျိုးရလဒ် များစွာ ပိုမိုရရှိပေသည်။ ဤနေရာတွင် အမျိုးမျိုးသော သားရဲများ၏ ဝိညာဉ်စွမ်းအားများကိုလည်း ခံစားနေရသည်။

စခန်း အတွင်းပိုင်းသည် အလွန် ရှင်းလင်းလှသည်၊ ယခင်က မရှင်းလင်းခဲ့သော်ငြားလည်း ယခု အခြေအနေအရ အသားစား ပုရွက်ဆိတ်များ ရောက်လာပြီး နောက်တွင် ရှင်းလင်းသွားပြီ ဖြစ်၏။ လမ်းကြောင်း တစ်လျှောက်အတိုင်း ၁၀ မီတာအမြင့်အထိ တက်သွားကာ အစည်းအဝေး ခန်းမနှင့် တူသည့် အခန်းတစ်ခုကို ရှာလိုက်သည်။ ထို့နောက် စုန့်ရန်ကို ထိုင်ခုံပေါ်သို့ ညင်သာစွာ ချပေးလိုက်၏။

စုန့်ဟုန်ထယ်နှင့် ရာနှင့်ချီသည့် နောက်လိုက်များ ရှေ့၌ စုန့်ရန် သူ့လည်ပင်းကို သိုင်းဖက်လိုက်သည့် အချိန်တွင် သူ ပြောစရာ စကားများပင် ဆွံ့အ သွားခဲ့သည်။ စုန့်ရန်အား ပွေ့ဖက်လာသည့် အချိန်၌လည်း သူ၏ခန္ဓာကိုယ် အတွင်း၌ လျှပ်စီးကြောင်းများ စီးဆင်း နေသည်ဟု ခံစားနေခဲ့ရ၏။ တစ်ချိန်တည်းမှာပင် သူ့လည်ပင်းကို လာဟပ်နေသည့် စုန့်ရန် ရှူထုတ်လိုက်သည့် လေက တဖြည်းဖြည်းချင်း ပိုပို ပူလာသည်ကိုလည်း သူ ခံစားရပေသည်။

“ဟုတ်ပြီ၊ စိတ်မပူပါနဲ့။ ကိုယ် မင်းအဖေနဲ့ တခြားလူတွေကို ဘာမှ မလုပ်ပါဘူး”

စုန့်ရန် စိတ်ချလက်ချရှိရန် ဝမ်ရှန်း ပြောလိုက်သည်။

ဝမ်ရှန်း စုန့်ရန်အား စိတ်ကျေနပ်အောင် ပြောလိုက်ခြင်း မဟုတ်ပေ။ အကြောင်းအရင်း အချို့ရှိသော်လည်း ဝမ်ရှန်း သူတို့ကို လွှတ်ပေးရသည့် အဓိကအချက်မှာ စုန့်ဟုန်ထယ် သူ့လူများနှင့် ထွက်လာသည့် အချိန်တွင် အဓိက အင်အားစုများက ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို မြင်ချင်သောကြောင့် ဖြစ်၏။

မည်သို့ဆိုစေ ဝမ်ရှန်း၏ မူလပန်းတိုင်သည် သူ့အိပ်မက်ထဲမှ ကောင်မလေးကို ရှာဖွေရန် ဖြစ်သည်။ သူ့ရှေ့၌ ထိုင်နေသည့် စုန့်ရန်အပေါ် သူ စိတ်ဝင်စားမိသည်ကို ဝမ်ရှန်း ဝန်ခံပါသည်။ သို့သော် စိတ်ဝင်စားခြင်းသာ ဖြစ်၏။ သူ့အိပ်မက်ထဲမှ ကောင်မလေးကဲ့သို့ ချစ်ခင်စွဲလမ်းရသည့် အဆင့်အထိ မရောက်ပေ။

ဝမ်ရှန်း စကားကြားမှ စုန့်ရန် စိတ်သက်သာရာ ရစွာ သက်ပြင်း ချလိုက်သည်။ ဝမ်ရှန်းသာ သူမအဖေ အုပ်စုကို သတ်ချင်သည်ဆိုပါက မည်သို့ လုပ်ရမည်ကို သူမ မသိပေ။ သူမ အဖေကို ကူညီရမည်လား၊ သူမ သူငယ်ချင်းကို ကူညီရမည်လား ထိုရွေးချယ်မှုသည် အခက်ခဲဆုံး ရွေးချယ်မှုပင် ဖြစ်၏။

“မင်းမိသားစုရဲ့ ဖီးနစ်အကြောင်း မှတ်တမ်း ပြောပြဦး…”

စုန့်ရန်ရှေ့၌ ထိုင်ကာ ဝမ်ရှန်း ဂရုတစိုက် မေးလိုက်သည်။

လူနှစ်ယောက်တည်း အတူတကွ ရှိနေသည့် အချိန်တွင် သာယာနာပျော်ဖွယ် မကောင်းသည့် အကြောင်း ကိစ္စများကို ပြောရခြင်းက အနည်းငယ် နှမြောစရာ ကောင်းသည်ဟု စုန့်ရန် ထင်မိသည်။ သို့သော် သူမ အဖေနှင့် အခြားသူများက အပြင်ဘက်တွင် သစ်ပင်ကြီးများ ထက်၌ အကြောက်တရားနှင့် ရင်ဆိုင် နေရသည်ကိုလည်း သူမ မမေ့ပေ။ ယခုအချိန်သည် သူတို့နှစ်ယောက်တည်း ကမ္ဘာကြီး၏ သာယာ နာပျော်ဖွယ်များကို ခံစားသင့်သည့် အချိန် မဟုတ်ပေ။

ထို့နောက် စုန့်ရန်မှ ဝမ်ရှန်းအား စတင် ပြောပြလိုက်သည်။ ရှန့်ယင် အကျဉ်းထောင်၊ ချီရှုန်းခန်းမ၊ လင်မိသားစုမှ နံပါတ်တစ် ဝိညာဉ်သခင်၊ လူများ၏ ဒေါသကို ဆွပေးသည့် လုပ်ရပ်များ အစရှိသဖြင့် အစပိုင်းသည် လင်ရှူး ပြောခဲ့သည်နှင့် ဘာမှ သိပ်မကွာပေ။

ထိုအချိန်တွင် စုန့်မိသားစုမှ တတိယ အဆင့်နှင့် တတိယအဆင့် အထက် ဝိညာဉ်သခင်များ ထွက်လာခဲ့သည်။ အခြား အင်အားစုများသည်လည်း အတူတူပင်ဖြစ်၏။ ထို့နောက် လင်မိသားစုနှင့် သွေးစွန်းတိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အစပိုင်းတွင် လင်မိသားစုမှ နံပါတ်တစ် ဖီးနစ်ဝိညာဉ်ဘက်မှ မလှုပ်ရှားခဲ့ပေ။ ပြဿနာကို ပိုမို မကြီးမားချင် သောကြောင့်ဖြစ်၏။ သို့သော် လင်မိသားစုမှ နိုင့်ထက်စီးနင်း လုပ်လေ့ရှိသည့် ဝိညာဉ်သခင်များက ပြန်လည် တုံ့ပြန်ခဲ့သည်။ ထို့နောက် သူတို့ကြားမှ အမုန်းတရားသည် ပြန်လည်ဖြန်ဖြေ၍ မရဖြစ်သွားခဲ့၏။

နှစ်ဖက်လုံး အထိအခိုက် အကျအဆုံး များပြား ခဲ့သော်လည်း တစ်ဖက်မှာ ပို၍ ပြင်းထန်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် လင်မိသားစု တစ်ခုလုံး သုတ်သင်ရှင်းလင်း ခံလိုက်ရလေသည်။

အချိန်တစ်ခု ရောက်သည်တွင် အင်အားစု အသီးသီးမှ အစီအရင် ဆရာများသည် သူတို့ နှစ်ပေါင်းများစွာ လျှို့ဝှက် ပြင်ဆင်ထားခဲ့သည့် ချိပ်ပိတ်ခြင်း အစီအရင်ကို အသက် သွင်းလိုက်သည်။ ထို့နောက် လင်မိသားစုမှ နံပါတ်တစ် ဝိညာဉ်သခင်ကို ထိုအစီအရင် အတွင်း၌ ချိပ်ပိတ် လိုက်သည်။

ထိုအစီအရင်အား အဆင့်မြင့် ဝိညာဉ်သခင် ၆၀ ကျော်သည် စောင့်ကြပ်ကာ ဝိညာဉ်စွမ်းအားများ ထောက်ပံ့ ပေးခဲ့ကြသည်။

“ဝိညာဉ်သခင်တွေ အဲ့လောက် အများကြီး ရှိနေတာကို ဂျင်ဒီနယ်မြေက ဘယ်လိုလုပ် အခုလို အခြေအနေမျိုး ဖြစ်လာတာလဲ…” ဝမ်ရှန်းမှ သိချင်စိတ် ပြင်းပြစွာ မေးလိုက်သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset