အပိုင်း ၃၀၈
ဖီးနစ်မှတ်တမ်း (၁)
ဝမ်ရှန်း၏ ရင့်သီးသည့် စကားများကို နားထောင်ကာ စုန့်ဟုန်သယ် သွေးအန်လုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော် သူ ဘာမှ မပြောနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် သူသာ ဆက်ပြီး မာန်တင်း နေဦးမည်ဆိုလျှင် ဝမ်ရှန်းထံမှ တန်ပြန် တိုက်ခိုက်မှုကို သေချာပေါက် ခံစားရမည်ကို သိနေပေသည်။
“မျက်နှာပြောင် လိုက်တာ…”
ယခုအချိန်တွင် အခြေအနေသည် ဝမ်ရှန်း လက်တွင်း၌ ရှိနေခြင်းဖြစ်သည်။ တခြား စွမ်းဆောင်မှုကို အပထား အသားစား ပုရွက်ဆိတ်များကို ထိန်းချုပ်နိုင်သည့် ထူးခြားသည့် စွမ်းရည် တစ်ခုတည်းဖြင့် သူတို့ကို ပါးစပ်ပိတ်အောင် လုပ်နိုင်ပြီဖြစ်သည်။
ယခုလို အခြေအနေမျိုးတွင် သူသည် သူ့စကားကို ပြန်ရုပ်သိမ်းချင်သည် ဆိုလျှင် အလွန် မျက်နှာပြောင် တိုက်နိုင်မှ တော်ကာ ကျပေမည်။ သူသည် မျက်နှာပြောင် တိုက်ကာ ပြန်ရုပ်သိမ်း နိုင်သည့်တိုင် အခြေအနေကို ထည့်စဉ်းစား ရပေဦးမည်။
စုန့်ဟုန်ထယ်သည် ပြောဆို ဆွေးနွေး ညှိနှိုင်းရာ၌ တကယ်ကို အရည်အချင်း မရှိပေ။ သူသည် ဝမ်ရှန်း သူ့အား ဦးညွှတ်လာအောင် နောက်ဆုံး အချိန်အထိ ဖိအားပေးခဲ့သည်။ သို့သော် ယခုအချိန်တွင် ဝမ်ရှန်းက သူ့အား ဖိအား ပြန်ပေးနေသည်။ ထိုကဲ့သို့ ဖိအားပေး ခံရသည့် ခံစားချက်က အလွန့် အလွန်ကိုမှ ခံစား၍ မကောင်းကြောင်း ထိုအချိန်မှ စုန့်ဟုန်ထယ် နားလည် သွားရသည်။
“ကိစ္စတွေ ကြီးကြီးကျယ်ကျယ် လုပ်နေတဲ့ လူတွေက အသေးစိတ်ကို မကြည့်ကြဘူး…”
စုန့်ဟုန်ထယ် သူ့စိတ်ကို မပြင်ဆင် ရသေးခင်မှာပင် ဝမ်ရှန်းမှ ပြောလာခဲ့သည်။
“ပြီးခဲ့တဲ့ နှစ်တွေတုန်းက စုန့်ရန် ဘယ်လောက်တောင် ခံစားခဲ့ရလဲဆိုတာ တွေးကြည့်လိုက်။ အဖေတစ်ယောက် အနေနဲ့ ခင်ဗျား ဒါလေးတောင် မလုပ်ပေးနိုင်ဘူးလား…”
စုန့်ဟုန်ထယ် အနည်းငယ် တွန့်ဆုတ် နေသေးသည်။ သူ မသေချာသည့် နောက်တစ်ချက်မှာ ထိုကောင်လေးသည် စုန့်ရန်နှင့် ထွက်သွား ပြီးနောက် သူတို့ကို ဘာမှ မလုပ်ဘူးဟု အာမခံနိုင် မခံနိုင် မသိသေးချေ။ ထို့ပြင် သူသည် အသားစား ပုရွက်ဆိတ်များကို မထိန်းချုပ်တော့ပါက အခြေအနေသည် ပိုဆိုးရွားသွားမည်လော…
စုန့်ဟုန်ထယ်သည် ထိုကဲ့သို့ တွေးနေစဉ်မှာပင် ဘယ်လိုမှ ယုံကြည်နိုင်စရာ မကောင်းသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ စုန့်ဟုန်ထယ် သာမက သစ်ပင်ဖြင့် မကွယ်နေသည့် လူများ အားလုံးလည်း ထိုမြင်ကွင်းကို မြင်ခဲ့ရပေသည်။
ဝမ်ရှန်း၏ ခြေဖမိုးထက်မှ နေ၍ ပုံမှန်ထက် အနည်းငယ် ပိုကြီးသည့် အသားစား ပုရွက်ဆိတ် အုပ်စုများ တစ်စုပြီးတစ်စု အတန်းလိုက် တက်လာခဲ့သည်။ ထို့နောက် သူ၏ဘောင်းဘီပေါ်၊ ထို့နောက် သူ၏ လက်ပေါ် တက်သွားခဲ့သည်။
အသားစား ပုရွက်ဆိတ်များက ဝမ်ရှန်းအား မကိုက်သည်ကို သူတို့အားလုံး လက်ခံပါသည်၊ သို့သော် သူတို့ ပါးစပ်ထဲ၌ ကိုက်ထားသည့် အရာများက…
ပုရွက်ဆိတ်အုပ်စု တစ်ခုချင်းစီသည် လက်စွပ်နှင့် တူသော အရာများကို ကိုက်ခဲ သယ်ဆောင် လာခဲ့ကြ၏။ ထို့နောက် ထိုအရာများက တကယ်ပဲ လက်စွပ်များ ဖြစ်ပြီး စုန့်ကျီမင်၏ လက်၌ ဝတ်ထားသည်ကို သူတို့ အားလုံး မြင်ဖူးပေသည်။
ပထမ ပုရွက်ဆိတ် အုပ်စုသည် ဝမ်ရှန်း၏ လက်ဖဝါးပေါ်သို့ လက်စွပ်တစ်ခု ချပေးကာ ထို့နောက် တစ်ဖက်မှနေ၍ ပတ်ဆင်း သွားသည်။ ထို့နောက် ဒုတိယတစ်ကွင်း၊ တတိယတစ်ကွင်း… ဤသို့ဖြင့် တစ်ခဏ ကြာပြီးနောက်တွင် ဝမ်ရှန်း၏ လက်ထဲတွင် လက်စွပ်များ အပုံလိုက် ရောက်လာခဲ့သည်။ အရေအတွက်အားဖြင့် လက်စွပ်များသည် အခု ၄၀ ကျော် ရှိပေသည်။
“ခင်ဗျားတို့ စုန့်မိသားစုက တကယ့်ကို ကြွယ်ဝ ချမ်းသာကြတာပဲ…”
လက်တွင်းမှ လက်စွပ်ပုံကို ကြည့်ကာ ဝမ်ရှန်း ပြောလိုက်သည်။
“ဂျင်ဒီနယ်မြေထဲ ဝင်လာတဲ့အချိန် အားလုံးက လက်စွပ်နှစ်ကွင်းစီ ယူလာခဲ့ကြတာပဲ။ အံ့သြစရာပဲ…”
လူအုပ်ကြီး တစ်ခုလုံး မှင်သက် သွားခဲ့သည်။ အစော၌ ဝမ်ရှန်း ပြောလိုက်သည့် စကားက ဤကဲ့သို့ အကျိုးရလဒ်မျိုး ဖြစ်ပေါ် လာစေလိမ့်မည်ဟု မည်သူကမျှ မထင်ထားခဲ့ချေ။ ဝမ်ရှန်းက ဟိတ်ဟန်ပြု နေခြင်းသာ ဖြစ်မည်ဟု သူတို့ တွေးလိုက်ခြင်း ဖြစ်သည်။ အသားစား ပုရွက်ဆိတ်များက အလွန် နာခံတတ်ကာ ဤကဲ့သို့ အသိဉာဏ်မျိုး ရှိလိမ့်မည်ဟု သူတို့ မထင်ထားသည်မှာ အမှန်ပင် ဖြစ်သည်။
စုန့်ဟုန်ထယ်ကမူ ထိုမြင်ကွင်းကို ပြုတ်ထွက်မတတ် ပြူးကျယ်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့် နေခဲ့သည်။ အသားစား ပုရွက်ဆိတ်များက ဤကဲ့သို့ မြင့်မားသည့် ဉာဏ်ရည်မျိုး မရှိပေ။ ဝမ်ရှန်း၏ ထိန်းချုပ်မှုသာ ဖြစ်ရမည်ဟု သူ အလျင်မြန်ဆုံး တွေးကြည့် လိုက်သည်။
သူသည် သူ့စိတ်ထဲ၌ ဤကိစ္စနှင့် ပတ်သက်၍ သံသယ အတွေးများ တွေးနေခြင်း ဖြစ်သည်။ သို့သော် ဝမ်ရှန်းက ထိုအတွေးများကို ချက်ချင်း သက်သေပြခဲ့သည်။
ဤအချိန်တို အတွင်းတွင် ဝမ်ရှန်းသည် သူ့အတွေးများကို ကြိုသိနေခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် သူ ပြုလုပ်မည့် ရွေးချယ်မှုကိုပင် သိချင်သိနေနိုင်၏။ ထိုအတွေးကြောင့် ဝမ်ရှန်းက ပို၍ ကြောက်စရာ ကောင်းသည်ဟု စုန့်ဟုန်သယ် ခံစားမိလိုက်သည်။
“ရန်လေး၊ ဆင်းလာခဲ့။ ကိုယ် မင်းကို မင်းတို့ စုန့်မိသားစုရဲ့ စခန်းဆီ ခေါ်သွားပြမယ်”
ဝမ်ရှန်း စုန့်ဟုန်ထယ်အား လျစ်လျူရှုကာ စုန့်ရန်ကို ဦးတည် ပြောလိုက်သည်။ အခေါ်အဝေါ်သည် နောက်တစ်ကြိမ် ပြောင်းသွားကာ အစကတုန်းက အတိုင်း ရန်လေး ပြန်ဖြစ်သွားသည်။
စုန့်ရန်သည် ဝမ်ရှန်း အသံကို ပြန်ကြားရသည့် အချိန်ကတည်းက ပျော်ရွှင်နေခြင်း ဖြစ်၏။ ယခု ဝမ်ရှန်းက ထိုကဲ့သို့ ပြောလာသည်ကို ကြားလိုက် ရသောအခါ သူမသည် ပျော်လွန်း၍ ထခုန်မိမတတ်ပင် ဖြစ်သည်။
“ဖေဖေ၊ သမီး သွားပြီ…”
ဝမ်ရှန်းက အသက်ရှင် နေသေးသည့် အတွက်ကြောင့် သူမ အဖေအပေါ်၌ ရှိနေသည့် သူမ၏ မကျေနပ်မှုများ ပျောက်ကွယ် သွားပြီဖြစ်၏။ သူမ အဖေအား နှုတ်ဆက်ကာ သူမက သစ်ပင်အထက် ပေပေါင်းများစွာ အမြင့်၌ ရောက်နေသည်ကိုပင် ဂရုစိုက် မနေတော့ဘဲ သစ်ပင်ပေါ်မှ ခုန်ချ လိုက်တော့သည်။
“သတိထား…”
စုန့်ဟုန်ထယ်သည် သူ ရှုံးနိမ့်ကြောင်းကို သူ့စိတ်ထဲ၌ ဝန်ခံပြီးဖြစ်၏။ သို့သော် စုန့်ရန်မှ စ၍ ခုန်ချလိုက်သည့် အတွက် သူ့အား မျက်နှာပျက်မည့် အရေးမှ များစွာ သက်သာ သွားစေခဲ့သည်။ ဤအမြင့်မှ ခုန်ချလျှင်လည်း စုန့်ရန်သည် ပဥ္စမအဆင့် ဝိညာဉ်သခင် ဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား ရမည်မဟုတ်ပါ။
သို့သော် သူမသည် အသားစား ပုရွက်ဆိတ် အလယ်သို့ ရောက်သွားမည် ဖြစ်၏။ ဝမ်ရှန်းက ထိုအကောင်များကို ထိန်းချုပ်နိုင်သည် ဆိုသော်ငြား ထိုအကောင်များ ထိန်းချုပ်မှု ကင်းမဲ့ သွားသည်နှင့် စုန့်ရန်သည် သူမ၏ ကံကောင်းမှုများ အဆုံးသတ် သွားပေမည်။
စုန့်ရန် ပြုံးပျော်လျက် ခုန်ဆင်း လာသည်ကို ဝမ်ရှန်း မြင်လိုက်ရသည်။ ဤကောင်မလေးသည် အပျော်လွန်နေကာ အခြေအနေကိုပင် ဂရုမစိုက်မိတော့။ သက်ပြင်း ချကာသာ ဝမ်ရှန်း သူ့လက်ထဲမှ လက်စွပ်များကို အိတ်ကပ်အတွင်း အလျင်အမြန် ထည့်လိုက်သည်။ ထို့နောက် စုန့်ရန်ကို လက်နှစ်ဖက်လုံးဖြင့် ဆီးကြိုပွေ့ဖက် လိုက်၏။
စုန့်ရန်၏ ခန္ဓာကိုယ် သူ့လက်တွင်းသို့ ကျရောက် လာသည်နှင့် ဝမ်ရှန်း၏ လက်များကို ကွေးညွှတ် သွားသည်။ များစွာသော ပေအမြင့်မှ ပြုတ်ကျလာသည့် အရှိန်ကြောင့် ဒူးများ ကွေးညွှတ်သွားကာ ခြေထောက်က မြေကြီးထဲသို့ အနည်းငယ် နစ်ဝင်သွား၏။ ထိုပုံစံဖြင့် သစ်ပင်ထက်မှ ခုန်ဆင်းလာသည့် စုန့်ရန်သည် မည်သည့် တုန်ခါမှုမှ မခံစားရဘဲ ဝမ်ရှန်း၏ လက်မောင်း အတွင်း၌ မင်းသမီး တစ်ပါးကဲ့သို့ ပွေ့ချီခြင်းကို ခံလိုက်ရသည်။
ထိုအချိန်တွင် စုန့်ရန်သည် မီးဝင်းဝင်း တောက်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသည့် သူမ အဖေကိုဖြစ်စေ၊ သက်ပြင်း ချလိုက်သည့် စုန့်လောင်ယုကိုဖြစ်စေ၊ သို့မဟုတ် ကြက်သေသေ မှင်သက် နေကြသည့် သူမအဖေ၏ နောက်လိုက်များကိုဖြစ်စေ ဂရုစိုက် မနေတော့။ ဝမ်ရှန်း၏ လည်ပင်းကိုသာ ပြန်လည် သိုင်းဖက် လိုက်သည်။
“မြေကြီးပေါ်မှာက အသားစား ပုရွက်ဆိတ်တွေချည်းပဲ၊ အဲ့ဒါကြောင့် စုန့်ရန်လေး မြေကြီးပေါ် နင်းဖို့အတွက် အန္တရာယ်ရှိတယ်”
ဆားခဲ ကိုက်မိသလို ရှုံ့မဲ့နေသည့် သစ်ပင်ထက်မှ စုန့်ဟုန်ထယ်ကို ဝမ်ရှန်း ရှင်းပြလိုက်သည်။ ထို့နောက် စုန့်ဟုန်သယ်ကို အဖတ်လုပ် မနေတော့ဘဲ စုန့်ရန်ကို တင်းတင်းကြပ်ကြပ် ပွေ့ချီကာသာ စခန်းအတွင်း ဝင်သွားလိုက်သည်။
ဝမ်ရှန်း လှမ်းသည့် ခြေလှမ်းတိုင်းတွင် အသားစား ပုရွက်ဆိတ်များ နေရာဖယ်ပေးကာ ဝမ်ရှန်းအား ချောချောမွေ့မွေ့ လျှောက်လှမ်း စေခဲ့၏။ အားလုံးသည် အလွန် ထူးဆန်းလှသည့် ဤမြင်ကွင်းကို သစ်ပင်ထက်မှနေ၍ ကြည့်သာ နေနိုင်ခဲ့ကြသည်။
***