အခန်း ၃၀၇
စုန့်ရန်ကို ခေါ်သွားပြီ
စုန့်ဟုန်ထယ်နှင့် သူ့နောက်လိုက် များသည် ဂျင်ဒီနယ်မြေ အတွင်းတွင် ရှိနေသည်မှာ တစ်ရက်၊ နှစ်ရက်သာ ရှိနေခြင်း မဟုတ်။ သူတို့ အမြင်တွင်တော့ သူတို့သည် ဂျင်ဒီ နယ်မြေအတွင်းရှိ သားရဲများ အားလုံး နီးပါးကို မြင်ဖူးခဲ့ပြီး ဖြစ်သည်။ သို့သော် ဤကဲ့သို့ ကြောက်စရာ ကောင်းသည့် သေးငယ်သော အကောင်များကို သူတို့ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးပေ။
ဤနေရာ၌ ရှိနေသည့် သားရဲများကို သူတို့အဖွဲ့မှ ရှင်းခဲ့ပြီးသော်လည်း တစ်ခါတစ်ရံတွင် သေးငယ်သည့် သားရဲများကို တွေ့ရတတ်ပေသည်။ သို့သော် ယခုအချိန်တွင် မြေပြင်ပေါ်၌ သူတို့ မြင်တွေ့ နေရသည်မှာ အနက်ရောင် လူသားစား ပုရွက်ဆိတ်များသာ ဖြစ်၏။ တခြား မည်သည့်သားရဲ တစ်ကောင်တလေကိုမှ သူတို့ မမြင်ရပေ။
မြွေဖြစ်စေ၊ ပိုးကောင်များ ဖြစ်စေ၊ ခွေးများ ဖြစ်စ၊ ကျားများနှင့် ကျားသစ်များ ဖြစ်စေ အသားစား ပုရွက်ဆိတ်များ ရောက်လာသည်နှင့် သူတို့အားလုံး ချက်ချင်း အရိုးစုအဖြစ် ဘဝပြောင်း သွားကြမည် ဖြစ်သည်။
အောက်မှ မြင်ကွင်းကို ကြည့်နေကြသည့် လူများ၏ ကြောက်ရွံ့မှုမှာ တွေးကြည့်၍ပင် မရပေ။ ကံကောင်းသည်မှာ ဤ ပုရွက်ဆိတ်များက သစ်ပင်ပေါ်သို့ မတက်လာခြင်း ဖြစ်ပေသည်။ ထိုသို့ မဟုတ်ခဲ့လျှင် သူတို့သည် ဘာလုပ်၍ ဘာကိုင်ရမည်အား သိတော့မည် မဟုတ်ပေ။
ထိုကဲ့သို့ ကြောက်ရွွံ့ နေစဉ်မှာပင် တစ်ခုခု ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း သူတို့ သတိထားမိ လိုက်သည်။ သေရေး ရှင်ရေး အခြေအနေတွင် အားလုံးသည် သူတို့၏ သေရေးရှင်ရေး အတွက်သာ ဂရုစိုက်ကြကာ တခြား သူများအား ဂရုမစိုက်ခဲ့ကြချေ။
စုန့်ဟုန်ထယ်သည် ဝမ်ရှန်းအား ချက်ချင်း အမှတ်ရ သွားသည်။ ရေစီးကြောင်းသံ ထွက်ပေါ်လာသည့် အချိန် ကတည်းကပင် အသားစား ပုရွက်ဆိတ်များ ရောက်လာပြီဟု ဝမ်ရှန်း သူတို့အား သတိပေးခဲ့လေသည်။ ယခုအချိန်တွင် သူ ဘယ်ရောက် နေသနည်း။
အစော၌ ဝမ်ရှန်း ရပ်နေသည့် နေရာတွင် လူသားသဏ္ဌာန် အနက်အသားစား ပုရွက်ဆိတ် အုံကြီးကို တွေ့လိုက်ရသည်။ အနည်းငယ် ထူးဆန်း နေသည်မှာ ဝမ်ရှန်း၏ ကိုယ်နေဟန်ထားသည် ရပ်နေဆဲ ဖြစ်ကာ စုန့်ကျီမင်နှင့် အခြားသူများကဲ့သို့ မြေပြင်ပေါ်သို့ မလဲကျသွားခဲ့ပေ။
ထို့နောက် စုန့်ဟုန်ထယ်သည် သူ့နောက်လိုက်ကို အမှတ်ရ သွားသည်။ သူ၏ နောက်လိုက် လဲကျသွားသည့် အချိန်တွင် သူထင်ထားသည့် အတိုင်းပင် အရိုးစုနှစ်ခု ကန့်လန့် ရှိနေသည်ကို မြင်လိုက်ရသည်။ သူ၏ နောက်လိုက်တစ်ယောက် သေသွားကာ ဝမ်ရှန်းသည်လည်း အသားစား ပုရွက်ဆိတ်များ၏ ဝိုင်းအုံခြင်းကို ခံနေရလေသည်။
သို့သော် စုန့်ဟုန်ထယ် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။
သတ္တမအဆင့် ဝိညာဉ်သခင်၏ အသက်အား တတိယအဆင့်သာ ရှိသေးသည့် ဝမ်ရှန်းနှင့် လဲလှယ် လိုက်ရခြင်းပင်။ ထိုမျှမက အားလုံးသည်လည်း ထိုနေရာ၌ ပိတ်နေသေး၏။
စုန့်ရန်သည်လည်း သစ်ပင်ပေါ်မှ နေ၍ အသားစား ပုရွက်ဆိတ်များ ဝိုင်းအုံနေသည့် ဝမ်ရှန်းအား ကြည့်ကာ ဝမ်းနည်းမှုများမှာ မဖော်ပြ နိုင်လောက်အောင်ပင် လိမ့်တက် လာခဲ့လေသည်။ သူမ ဘဝထဲမှ အကြီးဆုံးသော အရာတစ်ခုကို လက်လွှတ် ဆုံးရှုံးလိုက်ရသကဲ့သို့ ခံစားရလေသည်။
သူမသည် နာကျင်လွန်း၍ အသက်ပင် မရှူနိုင် ဖြစ်နေရလေသည်။
“ သူက သမီးကို ဘာအကြောင်း မေးချင်တာလဲ”
နောက်ဆုံးတွင် စုန့်ဟုန်ထယ်မှ ထိုအချက်ကို သတိရသွားကာ ဝမ်ရှန်း မည်သည်အား သိလိုချင်သည်ကို မေးလိုက်သည်။
“အခု အချိန်မှ သိချင်တာက နောက်ကျ လွန်းလှပြီလို့ မထင်ဘူးလား”
စုန့်ရန်မှ အေးတိအေးစက် ပြန်ဖြေလိုက်သည်။ စုန့်ရန်၏ အသံကို ကြားလိုက် ရသောအခါ စုန့်ဟုန်ထယ် နောင်တ ရသွားသည်။ သူ့သမီးနှင့် ဝမ်ရှန်းကြားမှ ရင်းနီးမှုကို သူသိပေသည်။ ထိုအချိန်တွင် သူသည် ဖခင်တစ်ယောက် အနေဖြင့်သာ သိခဲ့ခြင်း ဖြစ်ကြောင်း ဘုရားသခင်ထံ၌ ကျိန်ဆိုရဲပေသည်။ ဝိညာဉ်အဆင့် ပဉ္စမအဆင့် ရှိသည့် သူ့သမီးက တတိယ အဆင့်သာ ရှိသည့် လူငယ်လေးနှင့် ရင်းနှီးနေသည်က သူ့အား အနည်းငယ် နေမထိ ထိုင်မသာ ရှိနေခဲ့သည်။ ဝမ်ရှန်းမှာ စုန့်ရန်အား ရည်ရွယ်ချက် ရှိရှိ ကပ်ခဲ့သည်ဟုလည်း သူထင်ခဲ့ခြင်း ဖြစ်၏။
သူတကယ်ပင် စုန့်ရန်အတွက် တွေးခဲ့ခြင်း ဖြစ်ပေသည်။ ယခုအချိန်တွင် စုန့်ဟုန်ထယ်သည် လွန်ခဲ့သည့် ၁၅ မိနစ်ကို အချိန် နောက်ပြန်ရစ်လို့ ရရင် ကောင်းလိမ့်မည်ဟု တွေးနေမိ၏။ ဤကိစ္စသည် စကားလုံး အနည်းငယ်ဖြင့် တည်ငြိမ် သွားအောင် လုပ်၍ရသည့် ကိစ္စပင် ဖြစ်သည်။
ထို့အပြင် သူသည် ဝမ်ရှန်း သတိပေးသည့် အချိန်တွင် မထွက်ပြေးဘဲ သူ၏ မိုက်မဲမှုကြောင့်သာ လွတ်မြောက်နိုင်သည့် နည်းလမ်းတစ်ခုကို ဖျက်ဆီးမိခဲ့သည် ဟူ၍ပင် တွေးထင်မိနေသည်။ ထိုအတွေးကြောင့်ပင် သူ နောက်တစ်ကြိမ် နောင်တ ရသွားရပြန်၏။
“ဒီကလေးက ဒီလောက်ထိ မဆင်မခြင် လုပ်လိုက်မယ်လို့ အဖေ မထင်ထားဘူး။ သူက သူ့ကိုယ်သူ အသေခံပြီး အဖေတို့ကို ဆွဲချသွားခဲ့သေးတယ်”
သူနှင့် သူ့သမီးကြားမှ စိတ်ဝမ်းကွဲခြင်း ပြေပျောက်ရန် အတွက် သူသည် ဝမ်ရှန်း၏ ရက်စက်လှသည့် ရည်ရွယ်ချက်အား တမင်သက်သက် ထုတ်ဖော် ပြောဆိုလိုက်သည်။ ဝမ်ရှန်းမှာ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ အားလုံးကို အကျပ်အတည်း အတွင်းသို့ တွင်းပို့လိုက်ခြင်း ဖြစ်သည်ဟု စုန့်ရန် ထင်မြင် သွားမိစေရန် ပြောလိုက်သည်။
“အရင်တုန်းက အဓိက အင်အားစု ၅ ခုရဲ့ လူတွေ ရာနဲ့ချီ လွှတ်ပြီး သူ့ကို လိုက်သတ်ခိုင်းခဲ့တယ်။ သူ အဲ့လူတွေ အားလုံးကို ဂျင်ဒီ နယ်မြေထဲမှာ သတ်ခဲ့တယ်တဲ့”
စုန့်ရန်၏ မျက်နှာထက်တွင် အတင်း လုပ်ယူသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“အဲ့တာတွေ ပြီးသွားမှ သူနဲ့ ကောင်းကောင်းမွန်မွန် ဆွေးနွေးလို့ ရတယ် ဆိုတာကို လူတွေ သိသွားကြတာ။ အပေးအယူ ကောင်းကောင်း ရှိရင် သူ့ကို ဂျင်ဒီနယ်မြေထဲတောင် လိုက်ပို့ ပေးခိုင်းလို့ ရတယ် ဆိုတာလည်း သူတို့လည်း အဲ့ချိန်မှ သိသွားကြတာပဲ။ သူက ရက်စက်တာ မဟုတ်ဘူး၊ သူက အသက်ရှင်သန်ရုံလေးပဲ”
စုန့်ဟုန်ထယ် ပြောစရာ စကားလုံးများ ပျောက်ဆုံး သွားလေသည်။ တစ်ဆက်တည်းမှာပင် သူအမှားတစ်ခုအား ပြုလုပ်လိုက်ပြီ ဖြစ်ကြောင်း နားလည်သွား၏။ ဝမ်ရှန်းနှင့် ဆွေးနွေး ညှိနှိုင်းလို့ ရသည် ဆိုသည်အား သိလျှင် သူသည် အဘယ်ကြောင့် ဤကဲ့သို့ ဖရိုဖရဲ ဖြစ်နေသည့် အခြေအနေသို့ ရောက်အောင် လုပ်မည်နည်း။
သို့သော် ယခုအချိန်တွင် နောင်တရရန် နောက်ကျသွားပြီ ဖြစ်သည်။ ဝမ်ရှန်း သေဆုံးသွားပြီ ဖြစ်ကာ မကြာမီ သူတို့သည် အသားစား ပုရွက်ဆိတ်များ၏ ပါးစပ်အတွင်း၌ ကျဆင်းတော့မည် ဖြစ်၏။ သူတို့၏ ရည်မှန်းချက်က မည်မျှပင် မြင့်မားပါစေ… ဂျင်ဒီ နယ်မြေအတွင်း၌ ၁၀ နှစ်ကျေုာ် ကြာအောင် ကြိုးစားခဲ့ခြင်း ဖြစ်ပါစေ နောက်ဆုံးတွင် လူတစ်ဦး တစ်ယောက်ကြောင့် အကုန် ပျက်ပြား သွားခဲ့ရသည်။ ထိုအရာများ အားလုံးက သူအထင်သေး နှိမ့်ချခဲ့သည့် ကောင်လေး တစ်ယောက်မှ လုပ်ဆောင်သွားခြင်း ဖြစ်ကြောင်း တွေးမိလိုက်သောအခါ စုန့်ဟုန်ထယ် ငိုချင်စိတ် ဖြစ်သွားသည်။
“ခင်ဗျားတို့ ကျုပ်အကြောင်း ပြောလိုက်တာလား”
အားလုံး၏ နားထဲသို့ သူတို့နှင့် ရင်းနှီးသည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံအား ကြားလိုက်ရသည့် အချိန်တွင် အားလုံး၏ ပထမဆုံး တုံ့ပြန်ချက်မှာ တစေ္ဆတစ်ကောင်အား တွေ့လိုက် ရသကဲ့သို့ပင် ဖြစ်၏။
“ခန္ဓာကိုယ်အနှံ့ နေရာလွတ် မကျန်အောင် အသားစား ပုရွက်ဆိတ်တွေရဲ့ ဖုံးလွှမ်းခြင်း ခံထားရတဲ့ လူတစ်ယောက်က စကားပြော နိုင်သေးသည်တဲ့လား”
အားလုံး၏ တွေဝေ ကြောင်အနေသည့် အကြည့်အောက်တွင် ဝမ်ရှန်း၏ ခန္ဓာကိုယ်အား ဖုံးလွှမ်းထားသည့် အသားစား ပုရွက်ဆိတ်များ ရုတ်တရက် အောက်သို့ လျောဆင်း သွားကုန်ကြသည်။
“ကလေးသို့ မြေကြီးပေါ် လဲနေတဲ့ အဲ့လူတွေ ဆီကနေ အားလုံး သွားယူလာခဲ့ အလကား မဖြစ်စေနဲ့”
ဝမ်ရှန်း ခေါင်းငုံ့ကာ ပြောလိုက်၏။ မသိလျှင် သူသည် ဘာမှ မရှိသည့် လေထဲကို စကား ပြောနေသကဲ့ပင် ဖြစ်သည်။
သို့သော် ဝမ်ရှန်း၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် အသားစား ပုရွက်ဆိတ် အားလုံးသည် ဝမ်ရှန်း၏ ခန္ဓာကိုယ်ပေါ်မှ အပြီးတိုင် ဆင်းသက် သွားကာ မြေပြင်ထက်၌ ရှိနေသည့် အနက်ရောင် အသားစား ပုရွက်ဆိတ် အုပ်ကြီးထဲသို့ တိုးဝင် ပျောက်သွားလေသည်။ ဝမ်ရှန်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် စောတုန်းက အခြေအနေနှင့် တစ်ထပ်တည်း အတူတူပင် ဖြစ်ကာ မည်သည့်အရာမှ မပြောင်းလဲ သွားချေ။
စု့န်ရန်နှင့် စုန့်ဟုန်ထယ်တို့ ရှိနေသည့် သစ်ပင်ကို ကြည့်ကာ ဝမ်ရှန်း ထိုသစ်ပင် ထံသို့ ဦးတည် သွားလေသည်။ သူ ခြေထောက် မလိုက်သည်နှင့် လွတ်သွားသည့် နေရာတွင် အသားစား ပုရွက်ဆိတ်များမှာ ချက်ချင်း ပြည့်နှက် သွားသည်။ သို့သော် သူ ခြေချမည့် နေရာတွင်တော့ အသားစား ပုရွက်ဆိတ်များမှာမူ အလျင်အမြန်စွာပင် နေရာတစ်ခုဖြစ်ရန် ရှောင်ရှား ပေးလိုက်ကြသည်။ ထိုနေရာသည် ဝမ်ရှန်း ခြေထောက် တစ်ဖက်စာ အတွက် အလုံအလောက် ရှိပေသည်။
“စုန့်ဟုန်ထယ် ခင်ဗျားမှာ ဘာမှ ငြင်းစရာ မရှိဘူးဆိုရင် ကျွန်တော် စုန့်ရန်ကို ခေါ်ထား လိုက်တော့မယ်”
ဝမ်ရှန်း သစ်ပင်အောက်သို့ လျှောက်လာကာ စုန့်ဟုန်ထယ်အား ပြုံး၍ ပြောလိုက်သည်။
“ ခေါင်းဆောင်ကတော့ ထွက်လာစရာ မလို့ပါဘူး”
***