အခန်း၃၀၆
စုန့်ရန်ကို ခေါ်သွားပြီ
“၁”
ဝမ်ရှန်းကြားသည့် အသံကို သူနှင့် သူ့လူများက တစ်ခဏ အကြာမှ ကြားခဲ့သည့် အတွက်ကြောင့်မို့ စုန့်ဟုန်ထယ် ထိတ်လန့်နေခြင်း ဖြစ်သည်။ တတိယ အဆင့် ဝိညာဉ်သခင် တစ်ယောက်၏ အကြားအာရုံက သတ္တမအဆင့်နှင့် ဆဌမအဆင့် ဝိညာဉ်သခင်များထက် ပိုကောင်း နေသည်လား။ ဝိညာဉ်အဆင့်ကြောင့် မဟုတ်ပါက ဝမ်ရှန်းသည် အဆင့်တက်သည့် အချိန်၌ သူ၏ အကြားအာရုံ တိုးတက်လာခြင်း ဖြစ်ပေမည်။
ထိုသို့ မဟုတ်ပါက သားရဲများ ချဉ်းကပ် လာသည်အား သိရှိနိုင်သည့် အခြား နည်းလမ်း ရှိရပေမည်။ သို့သော် ထိုအကောင်များက သားရဲများသာ ဖြစ်ကာ သူတို့က ပထမအဆင့်သာ ရှိကြောင်း ဝမ်ရှန်း ပြောလာသောအခါ စုန့်ဟုန်ထယ် အပြည့်အဝ စိတ်သက်သာရာ ရသွားခဲ့သည်။ ပထမ သားရဲ ဆိုလျှင် အရေအတွက်က များနေမည် ဆိုပါက သူတို့က မည်သို့ အနိုင်ယူနိုင်မည်နည်း။ အကောင် ၁ သောင်းလောက် ရှိရုံဖြင့် တတိယမြောက် ဝိညာဉ်သခင်ကိုပင် အသက်အန္တရာယ် ရှိအောင် လုပ်နိုင်မည် မဟုတ်ချေ။
“ အရေအတွက်က ဘယ်လောက်လဲ”
စုန့်ဟုန်ထယ်မှ ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေးပင် မေးလိုက်သည်။
“၁ထောင်လား၊ ၁သောင်းလား၊ မင်းက ဒီအကောင်တွေ သုံးပြီး ငါ့ကို ဖိအား ပေးချင်နေတာပေါ့ မင်းစိတ်ပျက်သွားမှာတောင် စိုးမိတယ်”
“ မောက်မာတဲ့ လူတွေက တကယ်ကို အကြောက်တရား ကင်းမဲ့ကြတာပဲ”
ဝမ်ရှန်း စိတ်ထဲမှ နေ၍ ပြောလိုက်သည်။ ထို့နောက် သူသည် စုန့်ဟုန်ထယ်ဘက်သို့ လှည့်လိုက်ကာ ဖျော့တော့သော အပြုံးယဲ့ယဲ့ဖြင့် –
“အရေအတွက် ဆိုရင်တော့ တစ်သန်း နီးပါးလောက် ရှိလောက်တယ်၊ ဒီလောက်များတဲ့ လူသားစား ပုရွက်ဆိတ်တွေကို ခင်ဗျားတို့ ဘယ်လို့ ကိုင်တွယ်မလဲ ဆိုတာကို ကျွန်တော် ဒီကနေပဲ ရပ်ကြည့်နေမယ်”
ရေစီးသံသည် ပိုမို နီးကပ်လာပြီး တဖြည်းဖြည်းခြင်း ပို၍ ကျယ်လောင် လာလေသည်။ ထိုအသံများက သားရဲများ ဖြစ်သည်ဟု ဝမ်ရှန်း ပြောကတည်းကပင် သူတို့အားလုံးသည် လက်နက်များထုတ်ကာ ၎င်းတို့ကို သတ်ရန် အသင့်ပြင် ထားကြပြီး ဖြစ်၏။
သို့သော် ဝမ်ရှန်းမှ လူသားစား ပုရွက်ဆိတ်ဟု ပြောလိုက်သည့် အချိန်တွင် စွန့်ဟုန်ထယ် ဦးနှောက်ထဲ၌ ဗုံးတစ်လုံး ပေါက်ကွဲ သွားသည့်အလား ခံစားလိုက်ရသည်။ စုန့်ဟုန်ထယ်နှင့် သူ့လူများသည် လူသားစား ပုရွက်ဆိတ်များကို မမြင်ဖူးသော်လည်း ထို ပုရွက်ဆိတ်များ၏ ပြုလုပ်နိုင်စွမ်းများအား သိထားပြီးဖြစ်သည်။ ထိုသားရဲများသည် သူတို့ သွားလေရာ နေရာ၌ ခွေးတစ်ကောင်၊ ကြောင်တစ်မြှီး မချန်သည့်အတွက် အလွန် နာမည်ကြီးပေသည်။
ထိုအကောင်ကို မြင်ဖူးကြရသည့် လူများသည်လည်း သေကြရသည်သာ ဖြစ်၏။ ထို့ကြောင့် ကမ္ဘာပေါ်တွင် ထိုသားရဲများကို အသက်ရှင်လျက် မြင်ဖူးသည့်သူ များများစားစား မရှိချေ။
ဝမ်ရှန်းက ဂျင်ဒီ နယ်မြေနှင့် အလွန် ရင်းနှီးကြောင်း စုန့်ဟုန်ထယ် သေချာ သိသွားလေပြီ။ သူသည် လူသားစား ပုရွက်ဆိတ်များကို မြင်တွေ့ပြီးနောက် အသက်ရှင် နေနိုင်သည့် တစ်ဦးတည်းသော လူတစ်ဦးပင် ဖြစ်နိုင်ပေ၏။ မဟုတ်လျှင် ထိုအသံက မည်သည့် အသံဆိုသည်အား သိနေမည် မဟုတ်ပေ။
“စခန်းကို ဖွင့်ပြီး အမြန် အထဲဝင်ကြ…”
ယခုလို အချိန်မျိုးတွင် စုန့်ဟုန်ထယ်သည် ဝမ်ရှန်းအား အာရုံစိုက် မနေနိုင်ချေ။ အားလုံးကို ဘေးကင်း လုံခြုံသည့် နေရာသို့ ပို့ဆောင်ရမည် ဖြစ်သည်။ မဟုတ်လျှင် ဤနေရာ၌ ရှိနေနေသည့် လူများအားလုံး အမှုန့်ပါမကျန် ဖြစ်သွား နိုင်ပေသည်။
ခေါင်းဆောင်မှာ အမိန့်ပေး လိုက်သည်နှင့် တစ်ပြိုင်နက် ထို ဝိညာဉ်သခင်များ လှုပ်ရှား လိုက်ကြသည်။ သူတို့သည် တောင်နံရံဆီသို့ ရုတ်ခြည်း ပြေးသွားကာ ထိုနေရာ၌ တွဲလောင်း ကျနေသည့် နွယ်ပင်များကို တစ်ပြိုင်နက်တည်း ဆွဲချ လိုက်ကြသည်။
ထိုအချိန်မှသာ နွယ်ပင်များက အတုများ ဖြစ်ကြောင်း စုန့်ရန်နှင့် စုန့်လောင်ယုတို့ သိသွားကြသည်။ သို့သော် ဝမ်ရှန်းသည် အစောကတည်းက သိနေပြီးသား ဖြစ်သောကြောင့် အနည်းငယ်မျှ အံ့ဩသွားခြင်း မရှိချေ။
ချီဝမ်နဂါး ပြောင်းလဲခြင်းသည် ဝမ်ရှန်း၏ အမြင်အာရုံကို ပိုမို စူးရှစေခဲ့သည်။ ထို့ကြောင့် ထို နွယ်ပင်များနှင့် ဘေးပတ်ပတ်လည်၌ ရှိနေသည့် နွယ်ပင်များ၏ ခြားနားချက်ကို သူအလွယ်တကူ မြင်နိုင်ပေသည်။ ထိုနွယ်ပင်များနှင့် နွယ်ပင် အစစ်တို့သည် အရောင် အနည်းငယ် ကွာသော်ငြား အရောင် အနုစိတ်ကိုပင် ခွဲခြား သိမြင်နိုင်သည့် ဝမ်ရှန်းမှာမူ ထိုနွယ်ပင်များ၏ အရောင် ကွဲပြားမှုသည် ညအမှောင်ယံမှ ပိုးစုန်းကြူးများ ကဲ့သို့ ထင်ရှားနေပေသည်။
ထို့အတွက်ကြောင့် ဝမ်ရှန်းသည် တောင်နံရံမှ လျှို့ဝှက်ချက်ကို နေရာ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ စုန့်မိသားစုမှ လူများ အလောတကြီး ဖြစ်နေသည်ကို မြင်ရသောအခါ ဝမ်ရှန်း ပြုံး၍ ခေါင်းခါလိုက်သည်။
“အခုမှတော့ နောက်ကျသွားပြီ…”
ဝမ်ရှန်း၏ စကားကို အတည်ပြု ပေးလိုက်သည့်အလား တောင်နံရံတွင် လူတစ်ယောက် ဝင်ဆန့်သည်အထိ ပွင့်သွားသည့် အချိန်တွင် အထဲမှ လူသားစား ပုရွက်ဆိတ် အုပ်စုလိုက် ပြုံထွက် လာခဲ့သည်။
တောင်နံရံ အတွင်းတွင် ရာနှင့် ချီသည့် လူများ နေထိုင်ခြင်း ဖြစ်၏။ ထို့ကြောင့် ထိုထဲတွင် လေဝင် လေထွက်ပေါက်များ၊ မိန်လာ အညစ်အကြေးပေါက်များ ရှိပေသည်။ ထို့အတွက်ကြောင့် လူသားစား ပုရွက်ဆိတ်များသည် ထိုအပေါက်များမှ နေ၍ တောင်နံရံအတွင်း ဝင်ရောက်ကာ နေရာတစ်ခုလုံး ပြည့်လုနီးပါး ဖြစ်နေပြီ ဖြစ်၏။
တောင်နံရံ အပေါက်အား ဖွင့်လိုက်သည်နှင့် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ဝိညာဉ်သခင် များသည် ချက်ချင်း အော်ဟစ်ကာ အလျင်အမြန် နောက်ပြန်ဆုတ် လိုက်ကြတော့သည်။
ရေစီးသံက သူတို့ဘက်သို့ ဦးတည်လာခြင်း ဖြစ်သော်လည်း စုန့်မိသားစုမှ လူများသည် ထို လူသားစား ပုရွက်ဆိတ်များ၏ ဝိုင်းအုံခြင်းကို ခံလိုက်ရပြီ ဖြစ်၏။
“သစ်ပင်ပေါ် တက်ကြ”
လူတစ်ယောက်မှ ထက်မြက်သည့် နည်းလမ်းကို ချက်ချင်း ရှာတွေ့လိုက်သည်။ ဤနေရာသည် တောတွင်း ဖြစ်သည့် အလျှောက် ကြီးမား ရှည်လျားသည့် သစ်ပင်များ များစွာ ရှိပေသည်။
“ ဝွှီ…ဝွှီ…ဝွှီ…”
ထိုလူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ရာနှင့်ချီသည့် ပုံရိပ်များသည် လှပ သေသပ် မြန်ဆန်သည့် ပုံစံများဖြင့် သူတို့နှင့် အနီးဆုံးတွင် ရှိနေသည့် သစ်ပင်ကြီးမား ဆီသို့ ခုန်တက် လိုက်ကြသည်။ ထို့နောက် သစ်ပင် အမြင့်သို့ အသည်းအသန် တက်သွားကြလေသည်။ ထိုအထဲတွင် စုန့်ဟုန်ထယ်လည်း ပါပေသည်။ သူသည် စုန့်ရန်အား ဆွဲကာ သစ်ပင်ပေါ်သို့ ၂ ပေအမြင့် တက်လိုက်ပြီး သစ်ကိုင်းတစ်ခုကို ဆုပ်ကိုင်၍ စုန့်ရန်အား သစ်ကိုင်း တစ်ခုပေါ်သို့ တွန်းပို့လိုက်သည်။
တစ်ဆက်တည်းမှာပင် စုန့်လောင်ယုအား ဆွဲခေါ်ကာ သစ်ပင်ပေါ်သို့ တက်စေလိုက်၏။ ထို့နောက် သူတို့ ၃ ယောက်သည် သစ်ပင်အမြင့်ဖျားသို့ တဖြည်းဖြည်းချင်း တက်သွား လိုက်ကြသည်။
စုန့်မိသားစုမှာ ဝိညာဉ်သခင်များ၏ လှုပ်ရှားမှုများကို ကြည့်ကာ ဝမ်ရှန်း ခေါင်းတညိတ်ညိတ် ဖြစ်နေလေသည်။ အဆင့်မြင့် ဝိညာဉ်သခင်များ ဆိုသည့်အတိုင်းပင် သူတို့၏ လှုပ်ရှားမှုများသည် လျင်မြန် သေသပ်လှသည်။ စုန့်ဟုန်ထယ်သည်လည်း မဆိုးပေ။ သူ သမီးကို မမေ့မလျော့ သတိထား အလေးထားခဲ့သည်။ ထို့ပြင် သူသည် စုန့်လောက်ယုကိုပါ ဆွဲတင်ရန် မမေ့ခဲ့ပေ။ ထို့ကြောင့် ပြောရမည် ဆိုလျှင် ဤလူသည် စိတ်ကောင်း အနည်းငယ် ရှိသေးသည်ဟု ပြော၍ရနိုင်သည်။
သို့သော် ဝမ်ရှန်းသည် စုန့်ဟုန်ထယ်၏ အဓိက အင်အားစု အခြေအနေများကို အထက်စီးဆန်ဆန် ဖိနှိပ်သည့် ပုံစံဖြင့် ကိုင်တွယ်သည်ကို သူမကြိုက်ပေ။ ထို့ကြောင့် သူသည် ယနေ့တွင် စုန့်ဟုန်ထယ်အား တစ်သက်သာ မမေ့နိုင်သည့် သင်ခန်းစာ ပေးမည်ဖြစ်သည်။ လူအုပ်ကြီး၏ လှုပ်ရှားမှုက လျင်မြန်လှသလို လူသားစား ပုရွက်ဆိတ်များ၏ လျင်မြန်နှုန်းသည်လည်း မသေးလှပေ။ သူတို့ သစ်ပင် ပေါ်သို့ ရောက်သည့် အချိန်မှာပင် မြေပြင် တစ်ခုလုံးတွင် လူသားစား ပုရွက်ဆိတ်များ လွှမ်းခြုံသွားပြီ ဖြစ်သည်။
အောက်သို့ ငုံကြည့်လိုက်သည့် အချိန်တွင် ကြွေကျနေသည့် သစ်ရွက်များနှင့် မြက်ခင်းပြင်များကို မတွေ့ရချေ။ အနက်ရောင် မြင်ကွင်းကြီးကိုသာ တွေ့မြင်ရလေသည်။
သစ်ပင်ကို တက်ခြင်းက အလျင်းသင့််သလို ပြုလုပ်လိုက်သည့် နည်းလမ်း တစ်ခုသာ ဖြစ်ကြောင်း အားလုံး သိပေသည်။ လူသားစား ပုရွက်ဆိတ်များ၏ ဝန်းရံခြင်းကို ခံနေရသည့် အချိန်တွင် သူတို့အားလုံး သစ်ပင်ပေါ် မတက်ခဲ့ပါက မည်သို့ ဖြစ်သွားမည်နည်း။ အနည်းဆုံးတော့ သစ်ပင်ပေါ် တက်လိုက်လျှင် လူသားစား ပုရွက်ဆိတ်များ၏ ခြိမ်းခြောက်မှု အတွင်းမှာ တစ်ခဏ လွတ်နိုင်ပေသည်။ သစ်ပင်ပေါ် တက်လာသည့် လူသားစား ပုရွက်ဆိတ်များကို အာရုံစိုက်ကာ ဖယ်ရှားနိုင်မည် ဆိုပါက လွတ်မြောက်နိုင်ချေ ရှိသည်ပင်။
မည်သို့ပင် ဆိုစေကာမှု မသေမခြင်းတော့ ကြိုးစားကြည့်၍ ရနိုင်သည် မဟုတ်ပါလော…။
ကံဆိုးသွားသည်ကတော့ စုန့်ကျီမင်နှင့် သူ၏ လူများပင် ဖြစ်သည်။ လူသားစား ပုရွက်ဆိတ်များသည် မြေပြင်ထက်၌ လဲနေသည့် သူတို့အား ချက်ချင်း ဝါးမျိုသွားကာ ကြီးမားသည့် အနက်ရောင် အပုံကြီး ချက်ချင်း ထွက်ပေါ်လာသည်။ သို့သော် တစ်မိနစ်၊ နှစ်မိနစ် အကြာခန့်တွင် ထို လူသားစား ပုရွက်ဆိတ်အုံများ တဖြည်းဖြည်းချင်း ကျဲသွားခဲ့သည်။ သူတို့ နေရာတွင် ဖြူဖွေး သန့်စင်သည် အရိုးစုများသာ ကျန်ခဲ့လေသည်။
သွေးတစ်စက်မှ မမြင်ခဲ့ရသော်လည်း ထို ပုရွက်ဆိတ်များ၏ ဖြည်းညင်းစွာ ကိုက်ဖြတ် စားသောက်သည့် အသံသည် မိစ္ဆာနတ်ဆိုး၏ အသံကဲ့သို့ပင် ဖြစ်၏။ သူတို့၏ အောက်ဘက်မှ ထိတ်လန့် ချောက်ချားဖွယ် ကောင်းသည့် မြင်ကွင်းကို ကြည့်ကာ သူတို့၏ နှလုံးသားထဲ၌ ကြောက်စိတ်တို့က တရစ်ရစ် တိုးမြင့် လာခဲ့တော့သည်။
***