Switch Mode

Chapter – 304

ငါ့ကို ဖိအားပေးမယ်ပေါ့ (၁)

အပိုင်း ၃၀၄
ငါ့ကို ဖိအားပေးမယ်ပေါ့ (၁)

ထိုစကားကြောင့် စုန့်ဟုန်ထယ်၏ မျက်နှာ နီမြန်းသွားခဲ့သည်။

စုန့်ကျီမင်တို့ အုပ်စု ဘယ်လိုလုပ် လဲကျသွားတာလဲ ဆိုတာကို ဝမ်ရှန်း ကိုယ်တိုင်မှလွဲ၍ အခြားမည်သူမှ မသိပေ။ အားလုံး ခန့်မှန်းကြသည်မှာ ထိုလူများသည် အဆိပ်မိသွားကာ အကြောများ သေသွားခြင်း ဖြစ်သည် ဟူ၍ပင်။

သို့သော် သူတို့ မည်သို့ အဆိပ်မိသွားကြောင်း၊ တစ်ပြိုင်နက်တည်း မည်သို့ မိသွားကြောင်းနှင့် သူတို့သာမိပြီး အခြားသူများက ဘာမှမဖြစ် ဟူသည့် အချက်များသည် ထူးခြားဆန်းကြယ်မှုများ ဖြစ်နေသည်။

ဤအခြင်းအရာမှာ စာလုံးကိုးလုံး မန္တန်ကြောင့် ဖြစ်ကြောင်း ဝမ်ရှန်း တစ်ယောက်တည်းသာ သိပေသည်။

“ငါ့ကို မီအောင် လိုက်စမ်းပါ…”

ထိုစာလုံးထဲတွင် “接” ဟူသည့် စာလုံးသည် “皆 (ကျဲ)” စာလုံးနှင့် အသံထွက်ခြင်း ဆင်တူ၏။ “皆 (ကျဲ)” စာလုံးသည် ဝမ်ရှန်းကို ဂျင်ဒီနယ်မြေ အတွင်းရှိ သေးငယ်သည့် အဆိပ်ရှိ အင်းဆက် ပိုးမွှားကောင်များကို အလွယ်တကူ ထိန်းချုပ် စေနိုင်ပေသည်။

ထိုအဆိပ်ရှိ အင်းဆက်ကောင်များသည် အလွန် သေးငယ်ကာ သူတို့နေသည့် နေရာ၌ လှုပ်ရှားမှု ကြီးကြီးမားမား ရှိလျှင် လျင်မြန်စွာ ထွက်ပြေးခြင်းသာ လုပ်ဆောင်ကြ၏။ ထို့ကြောင့် ဂျင်ဒီနယ်မြေထဲတွင် အများစုသည် ထိုပိုးမွှားများနှင့် ကြုံတွေ့ရလေ့ မရှိပေ။

သို့သော် ဝမ်ရှန်းက မတူ။ “阵 (ကျန့်)” ဟူသည့် စာလုံးကို အသုံးပြုပြီးနောက် ဝမ်ရှန်းသည် ထိုသေးငယ်သည့် ပိုးမွှားများနှင့် တစ်သားတည်း ဖြစ်သွားပြီဖြစ်သည်။ သူတို့ကြား၌ ထူးဆန်းသည့် ရင်းနှီးဆက်သွယ်မှများ ဖြစ်ပေါ်လာကာ ကြီးကြီးမားမား လှုပ်ရှားမည် ဆိုလျှင်တောင် သူတို့ ထွက်ပြေး သွားကြတော့မည် မဟုတ်ပေ။

ဝမ်ရှန်း၏ “皆 (ကျဲ)” ဟူသည့် စာလုံး၏ အမိန့်ပေးမှု အောက်တွင် ထိုအဆိပ်ရှိ ပိုးမွားများသည် စုန့်ကျီမင်တို့ အုပ်စုအတွင်း၌ ငြိမ်သက်စွာ ပုန်းအောင်း နေကြပြီဖြစ်သည်။

ပိုးမွှားများသည် အလွန်ကို သေးငယ်လှကာ အကြီးဆုံးဆိုလျှင် သိုက်ဝူကျီအား သတ်ရာ၌ အသုံးပြုခဲ့သည့် ပဲ့စေ့ အရွယ်သာ ရှိသည်။ အဝတ်အစားများ ကြား၌ ပုန်းကွယ်နေမည် ဆိုလျှင် ထိုအကောင်များကို မမြင်ရပေ။

ဝမ်ရှန်း တစ်ခုခု ပြောလိုက်သည်နှင့် ဤအဆိပ် ပိုးမွှားများသည် အချိန်မရေး နေရာမရွေး တိုက်ခိုက် ကြတော့မည်ဖြစ်၏။

ဤသို့ဖြင့် တိုက်ခိုက်မည့် အကောင်များကို အပြည့်အဝ ထိန်းချုပ်နိုင်၏၊ သို့သော် တိုက်ခိုက်ခံရမည့် လူများသည် အကွာအဝေး တစ်ခု အတွင်း၌ ရှိနေရန် လိုအပ်သည်။

ထိုအချိန် ဝိညာဉ်နယ်မြေ အတွင်းတွင် “皆 (ကျဲ)” နှင့် “阵 (ကျန့်)” စာလုံးတို့သည် “兵 (ပင်း)” နှင့် “者 (ကျယ်)” တို့ကဲ့သို့ တောက်ပ လာခဲ့သည်။ “临 (လင်)” နှင့် “前 (ချန်)” ဟူသည့် စာလုံးများကတော့ မှိန်ဖျော့ဖျော့လေးသာ လင်းနေ၏။ “斗 (တုတ်)” “列 (လဲ့)” နှင့် “行 (ရှင်)” စာလုံးများကတော့ မည်သည့် အရောင်မှ မထွက်ပေါ်နေပေ။

ဝမ်ရှန်းမှ ဆွေးနွေးလို့ ရပြီမလားဟု မေးခွန်း ထုတ်ခဲ့သော်လည်း စုန့်ဟုန်ထယ်သည် ဆွေးနွေးသင့် မဆွေးနွေးသင့်ကို သူ့စိတ်ထဲ၌ မေးခွန်း ထုတ်နေဆဲဖြစ်၏။ သူ့ရှေ့၌ စုန့်ရန် ဝမ်ရှန်းကို တစ်ခုခု ပြောပြမည် ဟူသည့် ကတိကိုတော့ စုန့်ဟုန်ထယ် စိတ်ထဲပင် မထည့်ပေ။

သူ့လို ခေါင်းဆောင် တစ်ယောက်အဖို့ အဆင့်မြင့် ဝိညာဉ်သခင်များက သူ့အား ဝန်းရံနေသည့် အချိန်တွင် ဝမ်ရှန်းကို ပျောက်ကွယ် သွားအောင် အချိန်မရွေး လုပ်၍ ရပေသည်။ ဤနေရာ၌ အပြင်လူလည်း တစ်ယောက်မှ မရှိနေသည့် အတွက်ကြောင့် သူ ကတိဖျက်လျှင်လည်း မည်သူမှ သိမည် မဟုတ်ပေ။

တစ်ခုတည်းသော မေးခွန်းမှာ ထိုကဲ့သို့ လုပ်လိုက်လျှင် ရလာမည့် အရာက တန်မတန် ဖြစ်သည်။

“ငါ့နောက်လိုက် အသက် အန္တရာယ် ရှိနေလား”

ဝမ်ရှန်း၏ မေးခွန်းကို မဖြေဘဲ လဲကျသွားသည့် သူ့နောက်လိုက်၏ အခြေအနေကို စိုးရိမ်စွာ ပြန်မေး လိုက်သည်။

“ဘာအန္တရာယ်မှ မရှိပါဘူး။ လှုပ်လို့မရတာပဲ ရှိတယ်”

ဝမ်ရှန်းသည်လည်း စုန့်ဟုန်ထယ်နှင့် ထိပ်တိုက် တွေ့စေမည့် လုပ်ရပ်မျိုး မလုပ်ချင်ပါ။ သူသည် စုန့်ရန်ဆီမှ ဖီးနစ်အကြောင်း အသေးစိတ် အချက်အလက်ကို သိရဦးမည် ဖြစ်၏။ ထို့ကြောင့် သူ ထပ်တိုး ဖြေဆိုလိုက်သည်။

“သူ့ဝိညာဉ်အဆင့်က အမှန်ဆိုရင်တော့ အဆင်ပြေပါတယ်”

“မင်း ဘယ်လို လုပ်လိုက်တာလဲ”

စုန့်ဟုန်ထယ်၏ မျက်နှာအမူအရာ ပုံမှန်ပြန်ဖြစ်သွားကာ ဝမ်ရှန်းအား စူးစမ်းစွာ မေးလိုက်သည်။ ဤမေးခွန်း၏ အဖြေကို စုန့်ဟုန်ထယ် တစ်ယောက်တည်း သိချင်ခြင်းမဟုတ်… စုန့်ရန်၊ စုန့်လောင်ယုနှင့် သူ့လက်အောက်မှ လူများလည်း သိချင်နေကြသည်ပင်။

“ဘယ်လို လုပ်လိုက်တာလဲ ဟုတ်လား…”

ဝမ်ရှန်းသည်လည်း ထိုမေးခွန်းကို ပြန်မဖြေပေ၊ စုန့်ဟုန်သယ်ကိုသာ မေးခွန်း ပြန်မေးလိုက်၏။

“ကျုပ် ဂျင်ဒီနယ်မြေထဲမှာ နေလာတာ တော်တော် ကြာနေပြီ”

ထို့နောက် နှစ်ဖက်လုံး တိတ်ဆိတ်သွားကာ တစ်ဖက်ကိုတစ်ဖက် မီးပွင့်မတတ် စိုက်ကြည့် လိုက်ကြသည်။ စုန့်ဟုန်ထယ်က ဝမ်ရှန်း၏ လျှို့ဝှက်ချက်ကို မေးသည်။ ဝမ်ရှန်းကလည်း စုန့်မိသားစု၏ လျှို့ဝှက်ချက် အကြောင်း မေးနေခြင်း ဖြစ်သည်။ စုန့်ဟုန်ထယ်သာ ဖြေမည်ဆိုလျှင် ဝမ်ရှန်းသည်လည်း သူက အဆိပ်ရှိ အင်းဆက် ပိုးမွှားများကို ထိန်းချုပ်နိုင်ကြောင်း ပြန်ဖြေရန် ဝန်မလေးပါ။ သို့သော် စုန့်ဟုန်ထယ် မဖြေလျှင် သူ နှုတ်ပိတ်နေခြင်း အတွက် သူ့ကို အပြစ်တင်၍ မရပါ။

“ငါ့စကားကို ပြန်ရုန်သိမ်းရင် မင်း ဘာလုပ်မလဲ ဆိုတာတော့ သိချင်မိသား…”

တတိယအဆင့် ဝိညာဉ်သခင် တစ်ယောက်က သူ့အား မဖော်ပြနိုင်သည့် ခံစားချက်များ ခံစားရအောင် လုပ်နေခြင်းက စိတ်ရှုပ်ထွေး လာစေသည်။

“ဖေဖေ…”

စုန့်ဟုန်ထယ်၏ စကားကို ကြားလိုက် ရသောအခါ တစ်ခုခု မှားနေကြောင်း စုန့်ရန် နားလည် လိုက်သည်။ သတိပေးသည့် အနေဖြင့် သူမ အဖေအား ချက်ချင်း အော်ပြော လိုက်သည်။

စုန့်ရန် ဝမ်ရှန်းအကြောင်း ကောင်းကောင်းကြီးကို သိပါသည်။ ဝမ်ရှန်းနှင့် သိလာခဲ့သည့် တစ်လျှောက်လုံးတွင် သူပြောခဲ့သည့် စကားများ၊ သူ သိသည့် အရာများတွင် မှားယွင်းနေသည့် အရာများ တစ်ခုတလေမျှပင် မပါဝင်နေ။ သူမအဖေသာ စကားဖျက်ခဲ့ပါက ဖိအားပေး ရလိမ့်မည်ဟုလည်း ဝမ်ရှန်း အစောကမှ ပြောခဲ့သေးသည်။

ဝမ်ရှန်း၏ စကားများသည် ဘယ်တော့မှ ဟာသတစ်ခု မဟုတ်ပေ။ ယခုအချိန်တွင် ဝမ်ရှန်းနှင့် စုန့်မိသားစုတို့ ရန်သူများ ဖြစ်သွားမည်ကို သူမ စိုးရိမ်မိပေသည်။ ထိုကဲ့သို့ဆိုလျှင် သူမ ဘယ်ဘက်လိုက်လို့ လိုက်ရမည်မှန်း သိတော့မည် မဟုတ်ပေ…

“လူသား တစ်ယောက် အနေနဲ့ ငါမကြိုက်ဆုံး အရာက အကျပ်ကိုင်ခံရတာပဲ”

စုန့်ဟုန်ထယ် သူ့သမီး၏ စကားကို ပိတ်ပြော လိုက်သည်။ ယခု တစ်ကြိမ်တွင် သူသည် စုန့်ရန်အား ထိန်းချုပ်သည့် စကားမျိုး မပြောပေ။ သူ၏လေသံထဲ၌ မည်သည့် အရိပ်အယောင်မှလည်း မရှိနေ။ သူ ဝမ်ရှန်းဘက် လှည့်ကာ-

“ငါ့ရှေ့မှ ဘယ်သူမှ ငါ့ကို အတင်းအကြပ် မလုပ်ခိုင်းရဲဘူး။ မင်းက ပထမဆုံးပဲ။ အဲ့ဒါကြောင့် မင်း ငါ့ကို ဘယ်လိုတွေ ဖိအားပေးမလဲ ဆိုတာ စောင့်ကြည့် ရတာပေါ့…”

စုန့်ဟုန်ထယ် စကားဆုံးသည်နှင့် စုန့်မိသားစုမှ ဝိညာဉ်သခင်များ အားလုံး လှုပ်ရှားရန် အသင့်ပြင် လိုက်ကြသည်။ လူပေါင်း ဒါဇင်ကျော်ကို အချိန်မရွေး၊ နေရာမရွေး လဲကျသွားအောင် လုပ်နိုင်သည့် ဝမ်ရှန်းကဲ့သို့ နားလည်ရ ခက်သည့် ရန်သူမျိုးနှင့် ရင်ဆိုင်ရမည် ဆိုလျှင် မိမိကိုယ်ကိုယ် စိတ်ကြီးဝင်လွန်းနေ၍ မရပေ။

“ငါ ငါ့မိသားစုက လက်ရွေးစင် ကောင်လေးတွေနဲ့ ဂျင်ဒီနယ်မြေထဲနေ လာတာ ၁၀ နှစ်ကျော်ရှိပြီ။ ငါမကြုံတွေ့ဖူးတဲ့ ဘယ်လို အန္တရာယ်မျိုး ရှိနေသေးလို့လဲ”

စုန့်ဟုန်သယ် ဝမ်ရှန်းအားကြည့်ကာ ခိုင်မာစွာ ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် စုန့်ရန်နှင့် စုန့်လောင်ယုတို့အား ပြောနေခြင်းလည်း ဖြစ်၏။

“ငါ ဘယ်လောက်တောင် စတေးခဲ့ရလဲ၊ နောက်ဆုံးတော့ ငါ့ကောင်လေးတွေကို တခြား လူတွေထက် သန်မာအောင် လုပ်ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် ဘာမှ မဟုတ်တဲ့ မင်းလိုလူ တစ်ယောက်က ငါ့ကို ခြိမ်းခြောက်ပြီး တွန်းအား ပေးတာကို ခံလိုက်မယ်ဆိုရင် ပြီးခဲ့တဲ့ နှစ်တွေတုန်းက အသက်ပေးခဲ့ရတဲ့ ငါ့ကောင်လေးတွေက အလကား အသက်ပေးသလို ဖြစ်သွားမှာပေါ့၊ ဟုတ်တယ်မလား…”

စုန့်ကျီမင်နှင့် ရင်ဆိုင်စဉ်တွင် စုန့်ဟုန်ထယ်သည် သူ့အား တစ်ချက်တည်းနှင့် သတ်ပစ်လိုက်၍ ရသည်။ ထို့ကြောင့် စုန့်ကျီမင်တို့ အဖွဲ့ကလည်း စပြီး မတိုက်ခိုက်ရဲကြပေ။ သို့သော် တတိယအဆင့် ဝိညာဉ်သခင် တစ်ယောက်ဖြစ်သည့် ဝမ်ရှန်းက မည်သူမှ မခန့်မှန်းနိုင်သည့် ကိစ္စများကို တစ်ခုပြီးတစ်ခု လုပ်နေခဲ့သည်။ ဤအရာသည် စုန့်ဟုန်ထယ်နှင့် သူ၏လက်ရွေးစင် ကောင်လေးများကို လှောင်ပြောင် နေသကဲ့ပင် ဖြစ်၏။

သူတို့ကိုယ်သူတို့ ယုံကြည်မှု ဆက်ရှိရန် စုန့်ဟုန်ထယ်သည် ဝမ်ရှန်း၏ မာန်စွယ်ကို အပြည့်အဝ ချိုးနှိမ်ပစ် ရပေမည်။ စုန့်ဟုန်ထယ်ထံမှ ထိုစကားများ ထွက်လာသည်နှင့် စုန့်ရန်နှင့် စုန်လောင်ယုတို့သည် ဘယ်လောက်ပဲ အင်တင်တင် ဖြစ်နေကြပါစေ သူတို့ကို ဖျောင်းဖျရန် မပြောနိုင်တော့ပေ။

“ခင်ဗျားတို့ ဂျင်ဒီနယ်မြေထဲ နေလာတာ တော်တော်ကြာနေပြီ ဆိုတော့…” စုန့်ဟုန်ထယ်မှ သူ၏ယုံကြည်မှုကို ပြန်တည်ဆောက် နေစဉ်တွင် ဝမ်ရှန်းမှ ပြုံးကာ ပြောလိုက်သည်။

“ဒီလိုအသံမျိုး ကြားဖူးလား”
***

Comment

Leave a Reply

Options

not work with dark mode
Reset