အပိုင်း ၃၀၃
စကားပြောလို့ ရပါတယ် (၂)
ပထမဆုံး လဲကျသွားသည့် လူသည် ခလုတ် တစ်ခုကို အစပျိုး လိုက်သည့်အလား သူမှအစပြု၍ ဒုတိယတစ်ယောက်၊ တတိယတစ်ယောက်… တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ ဆက်တိုက် လဲကျသွားသည်။ ဂျင်ဒီနယ်မြေအတွင်း ၁၀ နှစ်ကြာ လေ့ကျင့်ခဲ့သည့် ဝိညာဉ်သခင်များသည် သူတို့ ခေါင်းဆောင်က သေရမည်ဟု ပြောခဲ့သည့် သူတို့ မိသားစုမှလူများ တစ်ယောက်ပြီး တစ်ယောက် လဲကျနေသည်ကို ဘာမှ မတတ်နိုင်ဘဲ ကြည့်နေခဲ့ကြသည်။
ထိုလဲကျသွားသည့် လူများသည်လည်း သူတို့စိတ်ထဲ၌ သံသယ အတွေးများ၊ နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေကြကာ စိုးရိမ်ပူပန် နေကြမည်မှာ သေချာပေသည်။
ဝမ်ရှန်း ပြောခဲ့သလိုပင် မသိရသည့် အရာက ကြောက်စရာ အကောင်းဆုံးဖြစ်သည်။ သို့သော် ဝမ်ရှန်းသည် ခြေလက်များကို တစ်ချက်သော်မျှ လှုပ်ရှားမှု မပြုသေးခင်မှာပင် ဤအခြေအနေအထိ ဖြစ်ပျက်လာခဲ့၏။
ဤအရာက မှော်အတတ်ပညာ တစ်ခုပင်လော။
သူတို့အားလုံး ဂျင်ဒီနယ်မြေ အတွင်း၌ နေထိုင်လာစဉ် တစ်လျှောက်လုံးတွင် ဤကဲ့သို့ ထူးဆန်းသည့် မြင်ကွင်းမျိုး တစ်ခေါက်မှ မမြင်ဖူးခဲ့ကြပေ။
သူတို့အားလုံးသည် အဆင့်မြင့် ဝိညာဉ်သခင်များ ဖြစ်ကာ စုန့်ကျီမင်တို့ အုပ်စုနှင့် မနီးမဝေး၌ ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် လဲကျသွားသည့် လူများက သေလားရှင်လား ဆိုတာကို သူတို့ မြင်ရပေသည်။ လဲကျသူ အားလုံး၏ ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး အချို့ဆိုလျှင် အသက်ပြင်းပြင်းရှိုက် နေရသည်။ သို့သော် သူတို့ မည်သည့် လှုပ်ရှားမှုမျှ မပြုနိုင်ကြပေ။
လူပေါင်း ၂၀ ကျော် တစ်ယောက်ပြီး တစ်ယောက် လဲကျသွားကာ နောက်ဆုံး စုန့်ကျီမင် တစ်ယောက်သာ ကျန်ခဲ့သည်။ စုန့်ကျီမင်သည် မတ်တပ် ရပ်နေဆဲ ဖြစ်သော်လည်း တုတ်တုတ်မျှ မလှုပ်နိုင်ဘဲ စက်ရုပ်တစ်ရုပ် သဖွယ် တောင့်တောင့်ကြီး ရပ်နေဆဲဖြစ်သည်။
“ခင်ဗျားရဲ့ ကျင့်စဉ်အခြေခံက တော်တော်ကို ကောင်းတာပဲ…”
ဝမ်ရှန်းထံမှ ချီးကျူးစကား ထွက်လာခဲ့သည်။ စုန့်ကျီမင်သည် တကယ်ကို အဖွဲ့ထဲတွင် အင်အား အကြီးဆုံးလူဖြစ်သည်။ အဖွဲ့၏ ခေါင်းဆောင်ပီသစွာ ယခု အချိန်ထိတိုင် မတ်မတ် ရပ်နေနိုင်သေး၏။
ဝမ်ရှန်း အရှေ့သို့ တစ်လှမ်းချင်း လှမ်းသွားလိုက်သည်။ ထိုနေရာတွင် တိတ်ဆိတ်ခြင်းက ကြီးစိုးနေလျက် အားလုံးမှာ အသက်ပင် ရဲရဲမရှူရဲကြချေ။ တစ်လှမ်းချင်း သစ်ရွက်များအပေါ် ဖြတ်လျှောက် သွားနေသည့် ဝမ်ရှန်း၏ခြေသံ တရှပ်ရှပ်သည်သာ ထွက်ပေါ်နေသည်။ အားလုံး၏ နားထဲတွင် ထိုခြေသံသည် သူတို့၏ နှလုံးသားကို နင်းခြေနေသည့် အလားပင် ဖြစ်၏။
တစ်ခဏအတွင်းမှာပင် ဝမ်ရှန်းသည် စုန့်ကျီမင်ရှေ့ ရောက်သွားခဲ့သည်။ သူတို့ နှစ်ယောက်ကြားမှ အကွာအဝေးသည် အလွန် နီးကပ်လွန်း လှကာ စုန့်ကျီမင်သည် လက်တစ်ဖက် ဆန့်ထုတ်လိုက်ရုံဖြင့် ဝမ်ရှန်းအား သတ်နိုင်သည့် အနေအထား ရှိပေသည်။ သို့သော် ယခုအချိန်တွင် ထိုကဲ့သို့ လက်ဆန့် ထုတ်ရန်ပင် စုန့်ကျီမင်အတွက် အလွန် ခက်ခဲလှ၏။
“ခင်ဗျား ခေါင်းဆောင် ပြောတာမှန်တယ်။ ခင်ဗျားရဲ့ ဝိညာဉ်အဆင့်က တကယ်ကို သာမန် မဟုတ်ဘူးပဲ…”
ဝမ်ရှန်း ခေါင်းခါယမ်းကာ သက်ပြင်းချ၍ ပြောလိုက်သည်။ ထို့နောက် လက်တစ်ဖက် ဆန့်ထုတ်ကာ စုန့်ကျီမင်၏ နဖူးကို လက်ညှိုးဖြင့် ညင်သာစွာ တွန်းလိုက်သည်။
ဘုန်း…
တောင့်တင်းနေသည့် စုန့်ကျီမင်၏ ခန္ဓာကိုယ်ကြီးသည် တဖြည်းဖြည်းချင်း အနောက်သို့ လှန်ကာ ပြုတ်ကျ သွားခဲ့သည်။
စုန့်ကျီမင် လဲကျသွားသည်ကို မြင်သော် ဝမ်ရှန်း တစ်ဖက်သို့ လှည့်ကာ လက်ခုပ် တီးလိုက်၏။ ထို့နောက် ပြုံးကာ စုန့်ရန်၏ တားမြစ်မှုကြောင့် နားမလည်နိုင် ဖြစ်နေသည့် ထိုဝိညာဉ်သခင်များကို ရှင်းပြလိုက်သည်။
“စိတ်မကောင်းပါဘူး။ သူတို့ကို ကျုပ်ပဲ ထိလို့ရတယ်။ ခင်ဗျားတို့တော့ မရဘူး…”
ထိုစကားသည် အားလုံး၏ မျက်နှာကို ဖြတ်ရိုက် လိုက်ခြင်းထက်ပင် ပိုဆိုးပေသည်။
သူကရပြီး အခြားသူများက မရ ဆိုသည်မှာ ဘာကို ဆိုလိုခြင်း ဖြစ်သနည်း… အားလုံးကို ပြောင်ပြောင်တင်းတင်း နှိမ့်ချစော်ကား လိုက်ခြင်းပင် မဟုတ်ပါလော …
ထိုအချိန်တွင် စုန့်ဟုန်ထယ်၏ မျက်နှာထက်၌ စိတ်လှုပ်ရှားမှုများကို အထင်းသား မြင်နေရသည်။ သူသည် ဝမ်ရှန်း ဒုက္ခရောက်သည်ကို မြင်ရတော့မည်ဟု ထင်ခဲ့၏၊ သို့သော် အစမှ အဆုံးအထိ ဝမ်ရှန်း ဘယ်နား ဘယ်အရာကမှ ဒုက္ခမရောက်ခဲ့ပေ။ ထိုနေရာ၌ ရှိနေသည့် လူများ အားလုံးသာ သေရေရှင်ရေး အကျပ်အတည်းကြား ကျရောက်သွားခြင်း ဖြစ်သည်။
ထိုအချိန် ဒုခေါင်းဆောင် ဖြစ်ဟန်ရှိသော စုန့်ဟုန်ထယ် နောက်မှ ဝိညာဉ်သခင် တစ်ယောက်မှာ ဘေးတစ်ဖက်ကို မျက်စိမှိတ် အချက်ပြ လိုက်သည်။
စုန့်ဟုန်ထယ်သည် စုန့်မိသားစုမှ လက်ရွေးစင်များကို ရွေးချယ် ခေါ်ထုတ်လာခြင်း ဖြစ်သည်။ ထို့ပြင် ဂျင်ဒီနယ်မြေထဲ၌ နှစ်ပေါင်းကြာရှည် အတူတကွ ဖြတ်သန်း ပြီးနောက်တွင် ထိုကဲ့သို့ မျက်စိတစ်ဖက် မှိတ်၍ အချက်ပြခြင်း၏ ဆိုလိုရင်းကို ပြောစရာ မလိုဘဲ သိနေပြီ ဖြစ်သည်။
ထိုအချက်ပြမှုကို မြင်လိုက် ရသောအခါ စုန့်ရန်၏ သတိပေးချက်ကြောင့် ရပ်သွားသည့် ဝိညာဉ်သခင်သည် သိသိလျက်ပင် အရှေ့သို့ တိုးသွားကာ မြေပြင်ပေါ် လဲကျနေသည့် လူတစ်ယောက်ကို ထိရန် လက်ဆန့်ထုတ် လိုက်သည်။
မည်သို့ဖြစ်စေ သူတို့ စစ်ဆေး ကြည့်ရမည်ပင် ဖြစ်သည်။ မဟုတ်လျှင် ဘာမသိညာမသိဘဲ ဝမ်ရှန်း၏ ဦးဆောင်မှုနောက် လိုက်နေရခြင်းက စိတ်ကျေနပ်စရာ ကောင်းသည့် ကိစ္စတစ်ခု မဟုတ်ပေ။
“မလုပ်နဲ့…”
ထိုလူ၏ လှုပ်ရှားမှုကို မြင်ကာ စုန့်ရန် ဒုတိယမ္ပိ အော်လိုက်သည်။ စုန့်ရန် သာမက စုန့်လောင်ယုသည်ပင် စုန့်ရန်နှင့် တစ်ချိန်တည်း အော်ဟစ် တားမြစ်ခဲ့ခြင်း ဖြစ်သည်။
“မလုပ်နဲ့…”
နောက်ဆုံး တစ်ခေါက် စုန့်ရန် တားမြစ်သည့် အချိန်တွင် သူတို့သည် စုန့်ဟုန်ထယ်၏ အမိန့်ကို မရသောကြောင့် သူမ ဂုဏ်သိက္ခာအတွက် ရပ်တန့်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင် ဒုခေါင်းဆောင်၏ အမိန့်ဖြစ်သည်။ ထို့ကြောင့် သူတို့ မမလေးစုန့်၏ အော်ဟစ် သတိပေးမှုသည် အသုံးမဝင်ပေ။
ထိုဝိညာဉ်သခင်သည် မြေပြင်ထက်၌ မှောက်လျက် လဲကျနေသည့် လူကို တစ်ဖက် လှည့်လိုက်သည်။ ထို့နောက် ဂရုတစိုက် စစ်ဆေး ကြည့်နေသည့် အချိန်မှာပင် သူ၏ခန္ဓာကိုယ် တောင့်တင်း သွားခဲ့သည်။ သူသည် ခါးကုန်းလျက် စစ်ဆေးနေခြင်း ဖြစ်ကာ ရုတ်တရက် ကြွက်သားများက တောင့်တင်း သွားသည့်အတွက် ဟန်ချက် မထိန်းနိုင်ဘဲ ဖြစ်သွားခဲ့သည်။
“ဟူး… အမှန်အတိုင်း ပြောနေတာကို ဘယ်သူမှ မယုံဘူး”
ဝမ်ရှန်း ခေါင်းခါယမ်းကာ ပြောလိုက်သည်။
ထိုသို့ ပြောပြီးနောက် ဝမ်ရှန်း စုန့်ဟုန်ထယ်ဘက် လှည့်လိုက်သည်။ လျှပ်တစ်ပြက် အတွင်းမှာပင် သူမျက်စိရှေ့၌ အရိပ်များစွာ ဖျတ်ခနဲ လှုပ်ရှားသွားကာ သူနှင့် စုန့်ဟုန်ထယ်တို့ ကြားတွင် ဝိညာဉ်သခင် ဒါဇင်ခန့် ဝင်ရောက် လာခဲ့သည်။
စုန့်ဟုန်ထယ်မှစ၍ အောက်ခြေမှ လူများ အားလုံးသည် တစ်နေ့တွင် သူတို့အဖွဲ့ထဲမှ သတ္တမအဆင့် ဝိညာဉ်သခင်က တတိယအဆင့် ဝိညာဉ်သခင် လက်ချက်ဖြင့် ဒုက္ခရောက် ရလိမ့်မည်ဟု မည်သူကမှ ထင်ထားမည် မဟုတ်ပေ။ သူတို့သည် ဂျင်ဒီနယ်မြေ အတွင်း၌ နှစ်ပေါင်း များစွာ ရှင်သန် နေထိုင်ခဲ့သော်လည်း ဤကဲ့သို့ ကြောက်စရာ ကောင်းသည့် အခြေအနေမျိုး တစ်ခေါက်မှ မကြုံတွေ့ဖူးပေ။
စုန့်ဟုန်ထယ်သည် သူတို့နှစ်ဖွဲ့ကြားမှ ဆက်ဆံရေးကို ဘယ်လို ပြေလျော့အောင် လုပ်ရမလဲဟု တွေးတောလိုက်သည်။ အစောပိုင်းတွင် သူသည် အလွန် တင်စီးခဲ့ကာ ဝမ်ရှန်းကို အလွယ် သတ်၍ရသည့် အားနည်းသည့် လူတစ်ယောက်ဟု ထင်ခဲ့သည်။ သို့သော် ယခုအချိန်တွင် သူသည် စုန့်ကျီမင်နှင့် သူ့လူ အယောက် ၂၀ ကျော်ကို တစ်ချက်မှ မထိဘဲ စကားတစ်ခွန်းတည်းဖြင့် မြေပြင်ထက်၌ အတုံးအရုန်း လဲကျသွားအောင် လုပ်နိုင်ခဲ့သည်။
အစပိုင်းတွင် ဝမ်ရှန်းနှင့် စုန့်ရန်တို့သည် သူငယ်ချင်းများ ဖြစ်ကြသည်။ ဤကဲ့သို့ ထူးကဲပြောင်မြောက်သည့် အရည်အချင်း ရှိသည်လူနှင့်သာ ရန်သူ ဖြစ်သွားမည်ဆိုလျှင် နှမြောစရာ ကောင်းလှပေသည်။
စုန့်ဟုန်ထယ် ဘေးမှ ဝိညာဉ်သခင်များသည် ဝမ်ရှန်းကို အခုချက်ချင်း သတ်လိုက်သင့်၊ မသတ်လိုက်သင့်ကို စစဉ်းစား နေကြပြီဖြစ်၏။ ဘာမှန်း မသိရသည့် ဤနည်းလမ်းသည် တကယ်ကို ကြောက်စရာ ကောင်းလှသည်။ ဝမ်ရှန်း သူတို့အပေါ် ဘယ်ချိန် အကွက်ရွေ့မလဲ ဆိုတာကို ဘုရားသာ သိပေလိမ့်မည်။ ထို့ကြောင့် ဝမ်ရှန်းကို သတ်ပြီးမှသာ သူတို့ စိတ်လက်အေး နိုင်မည်ဖြစ်၏။
ဝမ်ရှန်း ဤလူများကို သဘောကျ သွားသည်။ သူတို့၏ ရဲဘော်တစ်ယောက် လဲကျသွားသည့် အချိန်တွင် သူတို့ကိုယ်သူတို့ ပြန်ထိန်းနိုင်သွား၏။ စုန့်ဟုန်ထယ်၏ လူများသည် တကယ်ကို ကောင်းကောင်းမွန်မွန် လေ့ကျင့်ထားခြင်းပင် ဖြစ်သည်။
“ဘယ်လိုလဲ၊ အခု ဆွေးနွေးလို့ရပြီလား…”
***