အခန်း၃၀၂
စကားပြောလို့ ရပါတယ်
တောင်နံရံသည် သဘာဝအတိုင်း ဖြစ်တည်နေသည့် တောင်ကြား တစ်ခုအနေဖြင့်သာ ဖြစ်တည်နေသည်။ သို့သော် ဤတောင်နံရံ၏ အခြား တစ်ဖက်ခြမ်းတွင် နေထိုင်ရန် တင့်တော်သည့် စခန်းတစ်ခု ရှိနေသည်ဟု ဝမ်ရှန်းမှ ဆိုလိုက်၏။
ဝမ်ရှန်း၏ နားလည်ရ ခက်သော စကားများကို ကြားလိုက်ရသောအခါ စုန့်ကျီမင် နှင့် အခြားလူများမှာ ကြောင်အ သွားခဲ့သည်။ သို့သော် စုန့်ဟုန်ထယ်နှင့် အစောပိုင်းမှ မျက်နှာသေနှင့် ရှိနေကြသည့် အခြား ဝိညာဉ်သခင်များသည် သရဲတစေ္ဆတစ်ကောင်ကဲ့သို့ ဝမ်ရှန်းအား ကြည့်လိုက်ကြ၏။
စုန့်ဟုန်ထယ်နှင့် အခြားသူများ၏ မျက်နှာ အမူအရာများကို မြင်လိုက်ရသောအခါ စုန့်ကျီမင် တို့ အုပ်စု ထိတ်လန့် သွားခဲ့ကြသည်။ ဝမ်ရှန်း ပြောခဲ့သည်က မှန်နေများလား…။ သို့သော် သူတို့ မည်သို့ပင် ကြည့်ပါစေမူ တောင်နံရံက တစ်ခုခု ဖော်ပြနေသည်ဟု သူတို့ မမြင်မိပေ။ ဒီတိုင်း သဘာဝ အနေအထား အလျှောက် ဖြစ်တည်နေသည့် တောင်နံရံ တစ်ခုပင် ဖြစ်၏။ ထို့ကြောင့် အထဲ၌ ဘယ်လိုလုပ် နေနိုင်မည်နည်း။
ထို့အပြင် တောင်နံရံသည် တစ်ပေနီးပါး ထူထပ်ပေသည်။ ထိုထဲတွင် လူပေါင်း ၁၀၀ ခန့် ဆန့်မည်မှာလည်း မဖြစ်နိုင်ချေ။
သို့သော် စုန့်ဟုန်ထယ်နှင့် သူ့အဖွဲ့များ၏ မျက်နှာ အမူအရာများကလည်း ဟန်ဆောင်နေခြင်း မဟုတ်ချေ။ သူတို့သည် ဤနေရာ၌ အမှန်တကယ်ပင် နေနေခြင်းပင် ဖြစ်သည်။
“ တွေ့မှ မတွေ့တာကို ကြိုးစားပမ်းစားတွေ ရှာမနေနဲ့ အသုံးမဝင်ဘူး”
စုန့်ကျီမင် နှင့် သူ့အဖွဲ့အား ကြည့်ကာ ဝမ်ရှန်းမှာ ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
ထိုစကားကြောင့် စုန့်ကျီမင် ဒေါသ ထွက်သွားသည်။ သူ စုန့်ဟုန်ထယ်အား ကြောက်ရွံ့ခြင်းမှာ စုန့်ဟုန်ထယ်သည် အဆင့်အတန်း အရ သာမက ဝိညာဉ် အဆင့်အတန်းကပါ သူထက် သာလွန် နေသောကြောင့် ဖြစ်သည်။
သို့သော် ဝမ်ရှန်းက အဘယ်ကြောင့် ကြောက်ရွံ့နေရမည်နည်း။
သူ့အဖွဲ့ထဲမှ အားအနည်းဆုံး ဝိညာဉ်သခင်အား လက်သီး တစ်ချက်တည်းဖြင့် အနိုင်ယူ နိုင်ခဲ့သောကြောင့် သူက ကြောက်ရမည် ဆိုလျှင် လူလှောင်ရယ်စရာ ဖြစ်သွားပေမည်။
“ အဓိပ္ပာယ် မရှိတာတွေ ပြောမနေနဲ့”
စုန့်ကျီမင် ဝမ်ရှန်းအား ခက်ထန်စွာ အော်ပြောလိုက်သည်။ ထို့နောက် သူ့လက်ထဲတွင် ဓားတို နှစ်ချောင်း ရုတ်ခြည်း ထွက်ပေါ်လာခဲ့သည်။
“ ရွှီး…”
ထို ဓားတိုနှစ်ချောင်းသည် ညင်သာလှသည့် အသံနှင့်အတူ ဝမ်ရှန်း၏ လည်ပင်းနှင့် ရင်ဘတ်ဆီသို့ ဦးတည်လျက် လျင်မြန်စွာ ပျံသန်း လာလေသည်။ တစ်ဆက်တည်းမှာပင် ဝမ်ရှန်း၏ လက်ထဲမှလည်း သံလုံးနှစ်လုံး ပျံထွက် သွားခဲ့သည်။ ထို့နောက် သူ့ထံသို့ လျင်မြန်စွာ ပျံသန်းလာသည့် ဓားတိုနှစ်ချောင်းနှင့် တစ်မုဟုတ်ချင်း ထိပ်တိုက် တွေ့ဆုံ သွားခဲ့၏။
“ ဒေါက်…. ဒေါက်…”
စုန့်ကျီမင်၏ ဝိညာဉ်အဆင့်သည် အဌမအဆင့် ဖြစ်သည်။ ထို့ကြောင့် ထို ဓားတို နှစ်ချောင်း၏ ပြင်းအားမှာ အဆမတန် ကြီးမားလှပေရာ ဝမ်ရှန်း၏ သံလုံးနှစ်လုံးမှာ လေထဲသို့ ချက်ချင်း လွင့်ထွက် သွားလေသည်။
သို့သော် စုန့်ကျီမင်၏ ဓားတို နှစ်ချောင်းမှာမူ သံလုံးများနှင့် ထိပ်တိုက် တွေ့ဆုံသွားသော်လည်း ရပ်တန့်သွားခြင်း မရှိပဲ ဦးတည်ရာသာ ပြောင်းလဲ သွားခဲ့သည်။ ဝမ်ရှန်းသည် သူ့နေရာ၌ပင် တုပ်တုပ်မှ မလှုပ် ရပ်နေဆဲ ဖြစ်သည်။ ထိုအခိုက်အတန့်မှာပင် ဓားတိုနှစ်ချောင်းသည် ဝမ်ရှန်း၏ ခန္ဓာကိုယ်ဘေးမှာ ဖြတ်တိုက် သွားကာ သူ့အနောက်ရှိ တောင်တန်းအား ထိုးစိုက် သွားတော့၏။ အရှိန်အားမှာ အလွန် ပြင်းထန် လွန်းလေရာ တောင်နံရံ အတွင်းသို့ပင် နစ်ဝင် ပျောက်ကွယ် သွားခဲ့၏။
“ ငါ့ကို အမီလိုက်စမ်းပါ”
ထိုစဉ် ဝမ်ရှန်းသည် မိုးခြိမ်းသံအလား ကျယ်လောင်စွာ အော်ဟစ် ပြောဆိုလိုက်သည်။
အားလုံး တွေးထားသည်မှာ ဝမ်ရှန်းသည် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်တော့မည်ဟု ထင်မှတ် ထားခဲ့သည်။ သူတို့ အားလုံးသည် ဝမ်ရှန်း၏ ပြင်းထန်လှသော တိုက်ကွက်များကို စောင့်ကြည့် နေခဲ့ကြသည်။ သို့သော် အားလုံး အံ့အားသင့် သွားရသည်မှာ ဝမ်ရှန်းသည် ထိုကဲ့သို့ အော်ဟစ် ပြောဆို လိုက်ပြီး သူ့နေရာ၌ပင် မလှုပ်မယှက် ရပ်နေခြင်း ဖြစ်သည်။ အစောပိုင်းမှာ စကားကို အော်ဟစ် ပြောဆိုလိုက်သည့် သူ မဟုတ်သည့် အလားပင် ဖြစ်သည်။
တစ်ပြိုင်နက်တည်းမှာပင် စုန့်ကျီမင်နှင့် အခြားသူများသည်လည်း အားကြီးသည့် ရန်သူတစ်ယောက်ကို ရင်ဆိုင် နေရသကဲ့သို့ ခုခံကာကွယ်ရန် အသင့်ပြင်ဆင် လိုက်ကြသည်။ စုန့်ဟုန်ထယ်နှင့် အခြားသူများ မသိသော်လည်း ဝမ်ရှန်းမှာ ဂျင်ဒီနယ်မြေအား မည်မျှရင်းနီး ကျွမ်းဝင်ကြောင်း စုန်ဂျီမင်တို့ အားလုံး ကောင်းကောင်း သိကြပေသည်။
ဤနေရာ၌ ထူးဆန်သည့် တိုက်ကွက်များ ဖြစ်ပေါ်လာမည် ဆိုသည်အား သူတို့ သိ၏။ ထို့ကြောင့် သူတို့ အားလုံးသည် တစ်ခုခု လစ်ဟာသွားမည်ကို စိုးရိမ်နေကြပြီး သူတို့ ပတ်ဝန်းကျင်အား အသေအလဲ သေချာ စူးစိုက်ကြည့် နေခဲ့ကြသည်။ သို့သော် ဝမ်ရှန်းသည် တုပ်တုပ်မှာ မလှုပ်ဘဲ တည်ငြိမ်စွာ ရပ်နေခြင်းမှာ တိုက်ပွဲ၌ ရှိနေသည့် ဝိညာဉ်သခင်များ အားလုံးကို စိတ်ရှုပ်ထွေး သွားစေသည်။
“ ဒါက ဘာကို ဆိုလိုချင်တာလဲ၊ ဘာလှည့်ကွက်တွေလဲ…”
စုန့်ဟုန်ထယ်နှင့် သူ့လူများသည်လည်း ဝမ်ရှန်းနှင့် စုန့်ကျီမင်တို့အား မျက်တောင် မခတ်တမ်း စိုက်ကြည့် နေကြလေသည်။
ဝမ်ရှန်းသည် ၅ စက္ကန့်၊ ၁၀ စက္ကန့်၊ ၁၅စက္ကန့် ကြာသည်အထိ ရပ်နေဆဲ ဖြစ်၏။ ထူးဆန်းသည်မှာ စုန့်ကျီမင်နှင့် သူ့လူများကလည်း မလှုပ် မရှား နေနေကြခြင်းပင်။ သူတို့သည် မမြင်ရသည့် ကြီးမားသော ဖိအားတစ်ခုက သူတို့ကို ဖိနှိပ်နေသည့် အလား ဖြစ်နေ၏။ ထို့ကြောင့် ထိုနေရာ၌ ရှိနေကြသည့် လူများမှာ ပို၍ သတိကြီးကြီး ထားလိုက်ကြသည်။
မြင်ရသည့် ရန်သူသည် မည်မျှပင် ကြောက်စရာ ကောင်းသော်ငြား မမြင်ရသည့် ရန်သူက ပို၍ သာလွန် ပေသည်။ အချိန်တစ်ခဏ ကြာသည်အထိ စုန့်ဟုန်ထယ် အပါအဝင် အခြားသူများသည် အသက်ရှူရန်ပင် မေ့လျော့ နေလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော စုန့်လောင်ယုနှင့် စုန့်ရန်တို့သည်လည်း မှင်သက်မိ သွားကြ၏။
“ အခြေအနေက ဘာတွေ ဖြစ်နေတာလဲ”
စုန့်ရန်သည် စုန့်ကျီမင်မှာ သူမ၏ လှုပ်ရှားမှုများကို သတိထားမိ သွားသည့် အချိန်တွင် စုန့်ဂျီမင်တို့ အဖွဲ့အား တိုက်ခိုက်ရန် တွေးခဲ့ဖူး၏။ သို့သော် သူမတို့ အနေဖြင့် ဝမ်ရှန်းကိုပါ ထည့်တွက်သော်ငြား ၃ ယောက်နှင့် အယောက်၂၀ ဖြစ်၏။ ထို့ကြောင့် ထွက်ပေါ်လာမည့် ရလဒ်ကို အဆင်မပြေနိုင်ချေ။
သို့သော် ယခုအခြေအနေအား ကြည့်လိုက်မည် ဆိုလျှင် ဝမ်ရှန်း တစ်ယောက်တည်းဖြင့် သူတို့အား ကိုင်တွယ်၍ ရနိုင်လောက်ပေသည်။ ဤထင်မြင်ချက်သည် အခြေအမြစ် မရှိသည့် ထင်မြင်ချက် မဟုတ်ပေ။ သူတို့ မျက်စိရှေ့၌ပင် လတ်တလော ဖြစ်နေသည့် အရာဖြစ်၏။ ဝမ်ရှန်းသည် ဂျင်ဒီ နယ်မြေအတွင်းတွင် တကယ်ကို ကြောက်စရာ ကောင်းလှပေသည်။
နောက်ဆုံးတွင် တစ်ခုခု မှားနေကြောင်း စုန့်ဟုန်ထယ်နှင့် အခြားသူများ သတိပြု မိသွားလေသည်။ စုန့်ကျီမင်နှင့် သူ့လူများသည် ယခုအချိန်ထိ ပုံစံတစ်မျိုးတည်း ဖြစ်နေခြင်း ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်နေခြင်းမှာ တစ်ယောက်တလေ ဖြစ်သည်ဆိုပါက တိုက်ဆိုင်မှု ဟူ၍ နားလည်ပေး၍ ရနိုင်သည်။ သို့သော် အားလုံးက ထိုကဲ့သို့ ဖြစ်နေသည့် အတွက်ကြောင့် တိုက်ဆိုက်မှု မဟုတ်သည်မှာ သေချာပေသည်။
အစောပိုင်း၌ ဝမ်ရှန်းပြောခဲ့သည့် စကားကို ပြန်တွေးမိသွားသည့် အချိန်တွင် စုန့်ဟုန်ထယ် ကျောချမ်း သွားမိလေသည်။ ဝမ်ရှန်းသည် အမှန်တကယ်ပင် စုန့်ကျီမင်တို့ အုပ်စုနှင့် ရင်ဆိုင်နေခြင်း ဖြစ်၏။ ထိုကဲ့သို့ ဆိုလျှင် စုန့်ဟုန်ထယ်၏ နောက်လိုက်များကလည်း တစ်ခုခု မှားယွင်း နေသည်ကို သတိပြုမိခဲ့ကြ၏။ သူတို့ထဲမှ အချို့သည် အရှေ့သို့ တိုးသွားကာ မည်သည့် အကြောင်းအရာများ ဖြစ်နေသည် ဆိုသည်ကို သွားရောက် စူးစမ်းရန် ပြင်လိုက်၏။
“ မသေချင်ရင် အရှေ့မတက်နဲ့”
သတိပေးချက် အနေဖြင့် အားလုံး၏ နားအတွင်းသို့ ဝမ်ရှန်း အသံ ဝင်ရောက် လာခဲ့သည်။ ထိုဝိညာဉ်သခင်များသည် တစ်ခဏ ကြောင်အ သွားကာ ဝမ်ရှန်းအား လှည့်ကြည့် လိုက်ကြ၏။ ထို့နောက်တွင် ဝမ်ရှန်းအား လျစ်လျူရှုကာ အရှေ့သို့ ဆက်တက် သွားလိုက်ကြသည်။
“ ရပ်လိုက်…”
ထိုအချိန်တွင် ပုံမှန်ထက် ပိုကျယ်သည် စုန့်ရန်၏ အသံ ထွက်ပေါ် လာခဲ့သည်။ သူမသည် မအော်ဟစ်ရုံ တမယ် ပြောလိုက်ခြင်း ဖြစ်သည်။ အခြားသူများသည် ဝမ်ရှန်း၏စကားကို လျစ်လျူရှု၍ ရ၏။ သို့သော် စုန့်ရန်ကမှု မတူပေ။
သခင်မလေး စုန့်သည် သူမ၏ အဖေအား ယခုအချိန်မှ ပြန်လည် ဆုံတွေ့ကာ သူတို့၏ တည်ရှိမှုကို ယခုအချိန်မှ သိရှိခဲ့သည် ဆိုသော်လည်း သူတို့ ခေါင်းဆောင်၏ သမီး စုန့်မိသားစု၏ မမလေး ဖြစ်နေဆဲဖြစ်၏။ ထို့အပြင် ခေါင်းဆောင်မှာလည်း သူမ၏ ဘေး၌ ရှိနေသည်ပင်။
ထို့ကြောင့် စုန့်ရန်၏ စကားကို ကြားပြီးနောက်တွင် အရှေ့သို့ တက်လှမ်းနေသည့် ဝိညာဉ်သခင်များသည် တုံ့ဆိုင်းသွားကြသည်။ ထို့နောက် ဝမ်ရှန်းအား နားမလည်နိုင်စွာ ကြည့်လိုက်ပြီး သူမ၏ ဖြေရှင်းချက်ကို စောင့်နေလိုက်သည်။ စုန့်ဟုန်ထယ်သည်လည်း နားမလည်နိုင် ဖြစ်ခဲ့၏။ သို့သော် သူ့နံဘေးရဲ့ ရှိနေသည့် စုန့်ရန်အား မကြည့်ဘဲ စုန့်လောင်ယုကို ကြည့်ကာ မျက်ခုံး ပင့််လိုက်သည်။
ဝမ်ရှန်းကိုတော့ မည်သူမှ ကြည့်ခဲ့ကြပေ။ ယခုလို အခြေအနေတွင် ဝမ်ရှန်းအား ကြည့်မည် ဆိုလျှင်ပင် သူမည်သည့်အရာမှ ရှင်းပြမည် မဟုတ်ကြောင်း အားလုံး သိပေသည်။
သို့သော် စုန့်လောင်ယုသည်လည်း မချိပြုံး ပြုံးကာ ကူကယ်ရာ မဲ့စွာ ခေါင်းအား ခါယမ်းလိုက်၏။
အားလုံးသည် ဘာဖြစ်နေမှန်း မသိဘဲ တစ်ယောက်ကို တစ်ယောက်ကြောင်အစွာ ကြည့်နေသည့် အချိန်မှာပင် ငြိမ်သက်နေသည့် စုန့်ကျီမင်၏ အုပ်စုမှာ ရုတ်တရက် လှုပ်ရှားလာခဲ့သည်။ သို့သော် အားလုံး မျှော်လင့် ထားသကဲ့သို့ ဖြစ်လာခြင်း မဟုတ်ပေ။
သူတို့သည် ကြိုးပြတ်သွားသည့် အရုပ်များအလား မြေပြင်ပေါ်သို့ ဘုတ်ခနဲ မြည်အောင် လဲကျသွားခြင်း ဖြစ်ပေသည်။ ထို့နောက် လှုပ်ရှားမှု မရှိ ငြိမ်သက် သွားကြတော့သည်။
***