Switch Mode

Chapter – 301

မပြောပဲကြည့်မနေနဲ့(၂)

အပိုင်း(၃၀၁)
မပြောပဲကြည့်မနေနဲ့(၂)

ဝမ်ရှန်း လှောင်ပြုံးပြုံးကာ စုန့်ဟုန်ထယ်ဘက် လှည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် အထင်အမြင် သေးခြင်းဟူသည့် အရာများ ပြည့်နှက်နေ၏။

အစပိုင်းတွင် သူသည် စုန့်ရန်အစား သူ့လူဟု ပြော၍ရသည့် စုန့်ကျီမင်၏ လူကို ထိုးကျွေးခဲ့သည်။ ထိုလူက မအောင်မြင်သည်ကို တွေ့လိုက် ရသောအခါ သူ စုန့်ကျီမင်မှ ရန်စသည်ကို ချက်ချင်း အခွင့်အရေးယူပြီး စုန့်ကျီမင်အား ထပ်မံ ထိုးကျွေးခဲ့သည်။ သို့သော် သူကိုယ်တိုင်ကတော့ ဝင်တိုက်မည့်ဟန် မပေါ်ပေ။

စုန့်ကျီမင်နှင့် အခြားလူများ အားလုံးရှေ့တွင် စုန့်ဟုန်ထယ်သည် ပြောင်ပြောင် တင်းတင်းကို စကား ဗလောင်းဗလဲ ပြောခဲ့ခြင်းဖြစ်၏။

“ဒါနဲ့ ခင်ဗျား စုန့်ရန်ကို ထိန်းထားစရာ မလိုပါဘူး”

စုန့်ဟုန်ထယ်အား ရန်မစချင်သောကြောင့် ရန်လေးဟု မခေါ်ပဲ စုန့်ရန်ကိုသာ ပြောင်းခေါ် လိုက်သည်။

“သူမကို လွှတ်ပေးလိုက်….. စုန့်ရန်ကို ခင်ဗျားအပေါ် အထင်သေးအောင် လုပ်မနေနဲ့….”

ထိုစကားက အတော်ကို ပြင်းသောကြောင့် စုန့်ဟုန်ထယ်ပင် မျက်နှာ အနည်းငယ် ပျက်သွားသည်။ နောက်ဆုံးတွင် ဘာမှ များများစားစား ပြောမနေတော့ပဲ စုန့်ရန်ကို လွှတ်ပေးလိုက်၏။

သူမအဖေ သူမကိုယ်ပေါ်မှ လက်ဖယ် လိုက်သည်နှင့် သူမ ခန္ဓာကိုယ် အတွင်း၌ စီးဆင်းနေသည့် စီးချောင်း တစ်ခု ပျောက်ကွယ် သွားသည်ကို စုန့်ရန် ချက်ချင်း ခံစားလိုက်ရသည်။ သူမသည် ပြန်လည်၍ လှုပ်ရှားနိုင် စကားပြောနိုင်ပြီဖြစ်၏။

သို့သော် စုန့်ရန်မှာ ဘာမှ မပြောနိုင်ခင်မှာပင် ဝမ်ရှန်းမှ ကြိုမေးလိုက်သည်။

“ စုန့်ရန်၊ အစောပိုင်းက အရင်တုန်းက မင်းကတိပေးထားတဲ့ ဟာက အကျုံးဝင်တယ်လား…”

“စိတ်ကြီး ဝင်နေတဲ့ကောင်…”

စုန့်ဟုန်ထယ် မျက်နှာပျက်သွားကာ ကြိမ်းမောင်း လိုက်သည်။

စုန့်ဟုန်ထယ်၊ စုန့်ကျီမင်နှင့် အခြားသူများ အားလုံး၏ အမြင်တွင် ဝမ်ရှန်းသည် စုန့်ရန်အား သူနှင့်လက်ထပ်မည် ဟူသည့် ကတိကို ဖြည့်ဆည်းရန် တိုက်တွန်း နေသည်ဟုသာ မြင်နေကြခြင်း ဖြစ်သည်။

“စိတ်မပူပါနဲ့ အကျုံးဝင် ပါသေးတယ်…..”

စုန့်ရန်၏ အချိန်ကိုက် ဖြတ်ပြော လိုက်ခြင်းက အားလုံးအား စိတ်လှုပ်ရှား သွားစေသည်။ မမလေးစုန့် ကိုယ်တိုင် သဘောတူ လိုက်ပြီဖြစ်၏၊ ထို့ကြောင့် အခြားမည်သူမျှ ငြင်းဆန်၍ မရပေ။ ယခုအချိန် ဝမ်ရှန်းကို သတ်မှသာ ဤကိစ္စကို သူတို့ ရှင်းနိုင်မည် ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ဆိုလျှင် သူတို့သည် သစ္စာဖောက် ဟူသည့် ဂုဏ်ပုဒ်ကို ရရှိသွားမည် ဖြစ်၏။ သို့သော်ငြားလည်း ကံကောင်းသည်က ထိုနေရာတွင် မည်သည့် အပြင်လူမျှ မရှိနေခြင်းပင်။

“ရန်လေး….” သူ့သမီး၏ စကားကြောင့် စုန့်ဟန်ထယ်သည်လည်း အံ့ဩသွားသည်။ ထိုကဲ့သို့ဆိုလျှင် သူ ဝမ်ရှန်းကို သေချာပေါက် သတ်ပစ်ရပေမည်။

“ငါ နင့်ကို ပြောပြမယ်လို့ ကတိပေး ထားတာပဲ ပြောပြရမှာပေါ့”

အားလုံး၏ ခံစားချက်များကို လျစ်လျူရှုကာ စုန့်ရန်မှ စကားကို အဆုံးထိ ပြောလိုက်၏။ ယခုအချိန်တွင် ဝမ်ရှန်းနှင့် သူမအဖေတို့ ပြန်လည် သင့်မြတ်အောင် မည်သို့ ပြုလုပ်ရမည်ကို သူမ တကယ်ပင် မသိပေ။ ထို့ကြောင့် အဖြေကိုသာ တိတိကျကျ ပြန်ဖြေလိုက်သည်။

အားလုံး စိတ်သက်သာရာ ရစွာ သက်ပြင်း ချလိုက်ကြ၏။ စုန့်ဟုန်ထယ်၏ မျက်နှာထက်မှ စိုးရိမ်ခြင်း များကလည်း သိသိသာသာကို ပျောက်ကွယ် သွား၏။ သူသည် ဝမ်ရှန်းအား အထင်လွဲ နေခဲ့ခြင်းသာ ဖြစ်၏။ သူထင်သည်က ဝမ်ရှန်းသည် စုန့်ရန်ကို အတင်း လက်ထပ်ရန် တွန်းအား ပေးခြင်းသာ ဖြစ်သည်။

သို့သော် စုန့်ရန်က ဝမ်ရှန်းအား အကြောင်းအရာ တစ်ခုခု ပြောပြရန် ကတိပေး ထားခြင်းသာ ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သို့သော် သူသည် အလကား သက်သက် မကောင်းသည့်သူ တစ်ယောက် ဖြစ်သွားရပြီ ဖြစ်၏။

ပြောရမည်ဆိုလျှင် စုန့်ဟုန်ထယ်သည် ၁၀ နှစ် အကြာမှ သူ့သမီးနှင့် ပထမဆုံး စကားပြန်ပြောရခြင်း ဖြစ်သည်။ ထို့အပြင် ဝမ်ရှန်းနှင့် စုန့်ကျီမင်တို့ အစောမှ ပြောသည့် စကားများသည် စုန့်ရန်အား အတင်းအကြပ် လက်ထပ်စေသည့် စကားများ ပေရာ သူ ဤကဲ့သို့ နားလည်မှု လွဲသည်မှာ ပုံမှန်ပင် ဖြစ်၏။

ထိုအချိန်တွင် စုန်ဟုန်ထယ်သည် သူနားမလည်သည့် အမှားတစ်ခုကို ပြုလုပ် လိုက်မိသည်ဟု ရုတ်တရက် ခံစား လိုက်ရသည်။ ရန်နှင့်အတူ ထွက်ပေါ်လာသည့် နောက်တွင် အမှားသည် အကြီးဆုံး အမှားပင် ဖြစ်နိုင်၏။ သို့သော် သူ ဘာမှ မတတ်နိုင်။ သူသည် စုန့်မိသားစု၏ ခေါင်းဆောင်ဖြစ်၏။ ထို့ကြောင့် ဝမ်ရှန်းကဲ့သို့ အညတရ တစ်ယောက်ကို ဦးညွှတ် တောင်းပန်ရန်မှာ သူ့အတွက် မဖြစ်နိုင်ပေ။

“ဘယ်အချိန်လဲ….”

ဝမ်ရှန်းသည် စုန့်ရန်အား မေးခြင်းဖြစ်သည် ဆိုသော်လည်း စုန့်ဟုန်ထယ်အား ကြည့်ကာ မေးလိုက်ခြင်း ဖြစ်၏။ သူ့မျက်လုံးထဲမှ အထေ့အငေါ့ လှောင်ပြောင်သည့် အကြည့်သည် စုန့်ဟုန်ထယ်အား အလွန်ကို မသက်မသာ ဖြစ်စေပေသည်။

သို့သော် သူ့ဘက်က အလွန်ပင် ဖြစ်ခဲ့သောကြောင့် သူသည် ဒေါသကို ချုပ်တည်းကာ ပြန်ဖြေ လိုက်သည်။

“မင်း သူတို့ လက်တွင်းက လွတ်နိုင်ဖို့ ရန်လေးက သူမ ကတိပေးထားသည့် အတိုင်း လုပ်လိမ့်မယ်”

“စုန့်ရန်ကို ခေါ်သွားပြီး နှစ်ယောက် သီးသန့် မေးချင်တယ် ရလား….”

ဝမ်ရှန်း သူ၏ တောင်းဆိုချက်ကို ပြောလိုက်သည်။

“မရဘူး…”

စုန့်ဟုန်ထယ်မှ တုံ့ဆိုင်းမှုမရှိ ချက်ချင်း ငြင်းလိုက်၏။

စုန့်ရန်အား ခေါ်သွားမည်တဲ့လား…. ထိုအရာက စုန့်ရန်၏ အသက်ကို ဝမ်ရှန်းလက်ထဲသို့ ထည့်လိုက်ခြင်းပင် မဟုတ်ပါလော။ သူ့သမီးနှင့် ယခုလေးမှ ပြန်တွေ့ရခြင်း ဖြစ်၏။ သူ့သမီးကို အန္တရာယ် အတွင်းသို့ ဘယ်လိုလုပ် နောက်တစ်ကြိမ် ပြန်ထည့် နိုင်မည်နည်း…

“ကောင်းပြီလေ…. ကျွန်တော့်ဘက်ကပဲ လျော့ပေးလိုက်မယ်”

ဝမ်ရှန်းဘက်မှ တစ်လှမ်း အလျော့ပေး လိုက်သည်။ ဝမ်ရှန်း၏ ပန်းတိုင်မှာ ဖီးနစ်အကြောင်း အသေးစိတ် သိရန်ဖြစ်၏။ စုန့်ဟုန်ထယ်က သူ့သမီးအတွက် စိုးရိမ်နေသည် ဆိုမှတော့ သူသဘောတူသည့် လမ်းကိုသာ လုပ်ရတော့ပေမည်။

“ ခေါင်းဆောင်၊ အဲဒါဆို ကျွန်တော်တို့ အတူတူ သွားလို့ ရတယ်မို့လား”

မည်သို့ပင်ဆိုစေကာမူ စုန့်မိသားစု၏ ခေါင်းဆောင် တစ်ယောက်အနေနဲ့ စုန့်ဟုန်ထယ်သည် မှတ်တမ်းများကို ဖတ်ပိုင်ခွင့် ရှိပေလိမ့်မည်။ ထို့ကြောင့် သူ့က စုန့်ရန်ထက် ပိုသိချင် သိနိုင်ပေ၏။ သူ့ကို ခေါ်သွား၍ ဘာနစ်နာမှုမှ မရှိပေ။

ထိုအချိန်တွင် စုန့်ဟုန်ထယ်၏ မျက်နှာ ကြည်လင် လာသည်။ ဝမ်ရှန်းက ချက်ချင်း အလျော့ပေးသည့် အတွက်ကြောင့် သူသည်လည်း တင်းခံ မနေတော့ပေ။ သို့သော် သူ့သမီးက သူ့စကားကို နားမထောင်ပဲ အပြင်လူဖြစ်သည့် ဝမ်ရှန်း စကားကိုသာ နားထောင်သည်ဟု တွေးမိသောအခါ သူ နောက်တစ်ကြိမ် ပြန်ဒေါသ ထွက်သွားသည်။ ထို့ကြောင့် အစောကအတိုင်း တင်းမာသည့် မျက်နှာထားဖြင့်သာ မဲ့ရွဲ့၍ –

“ရတယ်…. ဒါပေမဲ့ မင်း သူတို့ လက်တွင်းက အသက်ရှင်အောင် လုပ်သင့်တယ်”

“ယောကျ်ားစကားနော်….”

ဝမ်ရှန်းမှ သံသယ မကင်းသည့် လေသံဖြင့် မေးလိုက်သည်။ စုန့်ဟုန်ထယ်မှ စကားကို ဗလောင်းဗလဲ ပြောတတ်သောကြောင့် ဝမ်ရှန်း မသက်သာပဲ သံသယ မကင်းစွာ မေးလိုက်သည်။

“ယောက်ျားကတိကွ….”

စုန့်ဟုန်ထယ်မှ တွန့်ဆုတ်မှုမရှိ ချက်ချင်း ပြန်ဖြေလိုက်သည်။

“အဲ့လိုဖြစ်ဖို့ မျှော်လင့်တာပဲ..”

ဝမ်ရှန်းမှ အထင်သေးသည့် လေသံဖြင့် ပြန်ပြော လိုက်သည်။ ထို့နောက် ရယ်မောကာ-

“ဒါပေမဲ့လည်း ကိစ္စတော့ မရှိပါဘူး။ အဲ့အချိန်မှာမှ စကားပြန်ပြောင်းခဲ့ရင် သဘောတူဖို့ ဖိအားပေးလို့ ရပါတယ်”

“အားလုံးကတော့ အပြောကြီး ကြတာပါပဲ…”

စုန့်ဟုန်ထယ်မှလည်း ရယ်၍ ပြောလိုက်သည်။ သို့သော် ယခုတစ်ချိန်တွင် သူ့အသံထဲ၌ ဒေါသသံ မပါပေ။

“မင်း ငါ့ကို သဘောမတူ တူအောင် ဖိအားပေးမဲ့ အချိန်ကို စောင့်နေပါတယ်”

သူတို့နှစ်ယောက်က ပေါ့ပေါ့ပါးပါး ပြောနေကြသော်လည်း စုန့်ရန်ကတော့ စိုးရိမ် ထိတ်လန့်နေပြီ ဖြစ်သည်။ ဂျင်ဒီနယ်မြေ အတွင်းတွင် ဝမ်ရှန်း မည်မျှ စွမ်းဆောင် နိုင်သည်ကို သူမ သိ၏၊ သို့သော် စုန့်ကျီမင်နှင့် အခြားသူများသည်လည်း အားကြီးကြောင်းကို ပို၍ပင် သိပေသည်။

စုန့်ကျီမင်သည် သူ၏ ဝိညာဉ်အဆင့်ကို ဖုံးကွယ်ထားကာ သတ္တမအဆင့် ဝိညာဉ်သခင် အဖြစ်ဟု ဟန်ဆောင် ထားသော်လည်း သူတို့အဖွဲ့ထဲတွင် သတ္တမအဆင့် ဝိညာဉ်ခြောက်ယောက်နှင့် အခြားဝိညာဉ် သခင်များလည်း ပါသေးပေသည်။ အနိမ့်ဆုံးအဆင့်မှာ ပဉ္စမအဆင့်ဖြစ်၏။ ဝမ်ရှန်းသည် ပဉ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက်ကို အနိုင်ယူ နိုင်ခဲ့သော်လည်း အဌမအဆင့်ဖြစ်သည့် စုန့်ကျီမင်ကို အနိုင်ယူနိုင်မည် မယူနိုင်မည်မှာ မသေချာနိုင်ပေ။

သူတို့အား ဝိုင်းထားသည့် စုန့်ဟုန်ထယ်၏ လူများကမူ ဝမ်ရှန်းနှင့် စုန့်ဟုန်ထယ် ပြောနေ ကြသည်ကို နားထောင် နေကြပြီး တုပ်တုပ်မှ မလုပ်ခဲ့ကြပေ။

“တစ်ယောက်ထဲကို ရွေးမယ် ဆိုရင်လည်း နောက်တစ်ယောက်ဆိုပြီး ပါလာဦးမယ်”

ဝမ်ရှန်းသည် စုန့်ဟုန်ထယ်အား စော်ကားမိမည်ကို မစိုးရိမ်ပေ။ မထီမဲ့မြင်ပြုစွာ ပြောလိုက်၏။

“အဲဒီတော့ အကုန်လုံးကို တစ်ခါတည်း ရှင်းရတာပေါ့။ အဲချိန်ကျမှ ခင်ဗျား ဘယ်လို အကြောင်းပြချက်တွေ ပေးမလဲ ဆိုတာကို စောင့်ကြည့် ရတာပေါ့”

“ဒါနဲ့ ခင်ဗျားတို့ ဒီမှာနေလာတာ တော်တော် ကြာနေပြီ မဟုတ်လား၊ ပြီးတော့ ခင်ဗျားတို့ရဲ့ အသိုက်က ဒီနားမှာ မဟုတ်လား….”

သူတို့ပြောပြီးနောက် ဝမ်ရှန်းသည် ပြုံးကာ သူတို့ဘေးနားရှိ တောင်နံရံအား ပုတ်ပြလိုက်သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset