အပိုင်း ၃၀၀
အပြောပဲမကြီးနဲ့(၁)
ဝမ်ရှန်း ထိုစကား ပြောလိုက်သည်နှင့် မနီးမဝေး၌ ရှိနေသည့် စုန့်ရန်နှင့် အဝေး၌ ရှိနေသည့် စုန့်ကျီမင်တို့ ထိတ်လန့်သွားကာ မသိစိတ်၏ လှုံ့ဆော်မှုအရ အလိုအလျောက် တစ်ပြိုင်နက်တည်း နောက်ဆုတ်မိ သွားကြသည်။
ထို့နောက် တစ်ခဏကြာမှ တစ်ခုခု မှားယွင်းနေပြီ ဖြစ်ကြောင်း သတိဝင်သွားကာ အလျင်အမြန် ရပ်လိုက်သည်။ စုန့်လောင်ယု စိတ်ထဲ၌ ခါးသီးစွာ ပြုံးလိုက်၏။ ဝမ်ရှန်း၏ ဂျင်ဒီနယ်မြေ အတွင်း၌ အားသာချက်က အားလုံးကို ဤကဲ့သို့ အလိုအလျောက် တုံ့ပြန်မှု ဖြစ်ပေါ်စေခဲ့သည်။ ဝမ်ရှန်း၏ ခြိမ်းခြောက်သည့် စကားတစ်ခွန်း တည်းနဲ့တင် သူတို့အား ဤမျှလောက်ထိ ဖြစ်ပျက်စေခဲ့သည်။
စုန့်ဟုန်သယ်နှင့် သူ့နောက်လိုက် များသည်လည်း ဂျင်ဒီနယ်မြေ အတွင်၌ ဝမ်ရှန်း၏ ထူးချွန်မှုများကို မြင်တွေ့ခဲ့ပေသည်။ စုန့်ဟုန်သယ်သည် သူ့အသက်အရွယ်နှင့် ခေါင်းဆောင် တစ်ယောက် ဖြစ်လာခဲ့ကာ ဆယ်နှစ်ကျော် ပျောက်နေသည့်တိုင် ထိုအကြီးအကဲများသည် သူ့အား ခေါင်းဆောင် နေရာမှ မဖယ်ထုတ်ခဲ့ကြ။
ဝမ်ရှန်း၏ စကားတစ်ခွန်းကြောင့် စုန့်မိသားစုမှ လူများ အလွန် ထိတ်လန့် သွားသည်ကို မြင်လိုက် ရသောအခါ စုန့်ဟုန်သယ်လည်း စိတ်ထဲ၌ တစ်မျိုး ဖြစ်သွားခဲ့သည်။ ဝမ်ရှန်းထံတွင် သေချာပေါက် ဝှက်ဖဲများ ရှိပေမည်၊ မဟုတ်လျှင် စုန့်ကျီမင်နှင့် အခြားလူများသည် ဤကဲ့သို့ တုံ့ပြန်ကြမည် မဟုတ်ပေ။
စုန့်ဟုန်သယ် ဘေး၌ရှိနေသည့် သူ့အစောင့် ဖြစ်ဟန်ရှိသည့် လူတစ်ယောက်သည် စုန့်ကျီမင်တို့ လူများအား ဝိုင်းထားသည့် သူ၏ အပေါင်းအဖော် တစ်ယောက်ကို မျက်လုံးမှိတ် အချက်ပြ လိုက်သည်။ ချက်ချင်းပင် ထိုလူသည် စုန့်ကျီမင်၏ လူများထဲမှ တစ်ယောက်ကို တွန်းကာ ဝမ်ရှန်းထံ ပို့လွှတ်လိုက်သည်။
စုန့်ဟုန်သယ်က လှုပ်ရှားချင်လျှင်ငင် ဤလူများသည် ဘယ်တော့မှ သူတို့ခေါင်းဆောင် ကိုယ်တိုင် လှုပ်ရှားစေမည် မဟုတ်ပေ။ ဝမ်ရှန်းစကားကြောင့် ဖြစ်ပျက်သွားသည့် အခြေအနေကို ကြည့်ကာ ဝမ်ရှန်းနှင့် စုန့်ဟုန်သယ် ကြား၌ ဝိညာဉ်သခင် သုံးယောက် ချက်ချင်း ဝင်ရောက် လာခဲ့သည်။
ထိုအချိန်တွင် ဝမ်ရှန်းသည် သူ့နေရာ၌သာ ငြိမ်သက်စွာ ရပ်နေကာ သူ့ထံသို့ ဦးတည် လွင့်ထွက် လာနေသည့် လူကို ရပ်ကြည့် နေလိုက်သည်။ ဤလူသည် ပဥ္စမအဆင့် ဝိညာဉ်သခင်ဖြစ်၏။ ဤနေရာရှိ စုန့်မိသားစုမှ ဝိညာဉ်သခင်များထဲတွင် ပဥ္စမအဆင့်သည် အနိမ့်ဆုံး ဝိညာဉ်အဆင့်ဖြစ်သည်။
စုန့်ဟုန်သယ်၏ နောက်လိုက်များသည် အဆင့်မြင့် ဝိညာဉ်သခင်များ ဖြစ်သည့် အလျောက် အဆင့်မြင့် ဝိညာဉ်သခင် တစ်ယောက်၏ မာနရှိပေသည်။ အဆင့်နိမ့်သည့် လူတစ်ယောက်ကို တမင်သက်သက် အနိုင်ကျင့်ခြင်းမျိုး မဖြစ်ချင်သည့် အတွက်ကြောင့် သူသည် ဝမ်ရှန်းအတွက် အဆင့်အနိမ့်ဆုံး ဝိညာဉ်အဆင့်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
တွန်းထုတ် ခံလိုက်ရသည့် ဝိညာဉ်သခင်သည် သူက ရွေးချယ်ခံရသည့် ကံကောင်းသည့် လူဖြစ်ကြောင်း နားလည် သွားသည်။ ဝမ်ရှန်းကို သတ်နိုင်သည့်လူ မည်သူမဆို အသက်ရှင်ခွင့် ရမည်ဟု စုန့်ဟုန်သယ် ယခုလေးတင် ပြောခဲ့၏။ ဤအရာသည် အခွင့်အရေး တစ်ခုပင်ဖြစ်သည်။
တွန်းထုတ်ခံလိုက်ရသည့် လူသည် ကို့ရိုးကားရား ဖြစ်နေသည့် သူ့ပုံစံကို လေထဲ၌ပင် ပြန်လည် ထိန်းမှတ် လိုက်သည်။ ထို့နောက် လွင့်ထွက်လာသည့် အချိန်ကို အခွင့်ရေးယူကာ ဝမ်ရှန်းကို လက်သီးဖြင့် ထိုးချမည်ဟု သူ တွေးလိုက်၏။
ဝမ်ရှန်းကမူ သူ့နေရာ၌ တုတ်တုတ်မျှမလှုပ် ရပ်နေကာ သူ၏မျက်နှာထက်၌ မထီမဲ့မြင်ပြုသည့် အပြုံးတစ်ခု ဖြစ်ပေါ် လာခဲ့သည်။ ထို့နောက် သူသည် ညာဘက် လက်သီး ဆန့်ထုတ်ကာ ထိုလူ၏ လက်သီးနှင့် ထိပ်တိုက် တွေ့လိုက်သည်။
အခြေမရှိသည့် လူတစ်ယောက်က သူ့အား ဤလက်သီးချက်ဖြင့် တိုက်ခိုက် ချင်သည်တဲ့လား… ထိုအရာက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းရာ မရောက်ပေဘူးလား… ဝိညာဉ်စွမ်းအားများက ဘယ်လောက်ပဲ များပြား ပြင်းထန်နေပါစေ အချိန်တိုအတွင်း ပြန်ခုခံနိုင်ဖို့ ဆိုတာက မဖြစ်နိုင်ပေ။ ထို့အပြင် ဝမ်ရှန်း၏ ဝိညာဉ်အဆင့်က တတိယအဆင့် အထွတ်အထိပ် အဆင့်သာ ဖြစ်ကြောင်း အားလုံးမျက်မြင် မြင်နေရပေသည်။
ဘုန်း… ဂျလွတ် ဂျလွတ် ဂျလွတ်
လက်သီးနှစ်ခု ပြင်းထန်သော အရှိန်ဖြင့် ထိပ်တိုက် တွေ့ဆုံ သွားခဲ့သည်။ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည့် အရိုးကျိုးကြေသံများကိုလည်း အားလုံး ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
ထိုစဉ် အားလုံး တွေးမိ လိုက်ကြသည်မှာ ထိုအသံများသည် ဝမ်ရှန်း၏ လက်အရိုးကျိုးသည့် အသံများ ဖြစ်သည် ဟူ၍ဖြစ်၏။ ထို့နောက် ဝမ်ရှန်း အော်ဟစ်သည့် အသံနှင့် သွေးအန်သည့် မြင်ကွင်းကို ဆက်လက် မြင်တွေ့ရလိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသည်။
သို့သော် သူတို့မျက်စိရှေ့မှ ရလဒ်က ထိုကဲ့သို့ မဟုတ်ပေ။ အော်ဟစ်သံသည် သူတို့အနိုင်ရမည်ဟု ထင်ထားသည့် စုန့်မိသားစု လူထံမှ ထွက်ပေါ် လာခြင်းပင်။ လက်ချောင်းများ ကျိုးသွားသည်မှာလည်း ဤသူပင် ဖြစ်၏။
ထို့နောက် သူသည် အလာတုန်းက ထက်ပင် ပိုမိုပြင်းထန်သည့် အရှိန်ဖြင့် အနောက်သို့ ပြန်လွင့်ထွက် သွားခဲ့သည်။
ဘုန်း…
သူတို့နှင့် ၁၀ မီတာ အကွာ၌ ရှိနေသည့် ကျောက်နံရံကြီးနှင့် ပြင်းထန်စွာ ဆောင့်ရိုက် သွားကာ နံရံထက်၌ သွေးများ ပေကျံသွားသည်။ ထို့နောက် မြေပြင်ပေါ်သို့ မှောက်လျက် ပြုတ်ကျ သွားခဲ့၏။
သူသည် တောင်နံရံနှင့် ဆောင့်ရိုက်သည့် အချိန်ကတည်းက သတိလစ်နေပြီ ဖြစ်၏။ ထို့ကြောင့် မြေပြင်ပေါ် ပြုတ်ကျလာသည့် အချိန်တွင် တုတ်တုတ်မျှ မလှုပ်တော့။ သူ့နား တစ်ဝိုက်ရှိ မြေပြင်ထက်တွင် ချက်ချင်း သွေးရောင်များ စွန်းထင်း သွားခဲ့သည်။
စုန့်မိသားစုမှ လူများ ထိုမြင်ကွင်းကို မှင်သက် ကြောင်အစွာ စိုက်ကြည့် နေခဲ့ကြသည်။ ဘာတွေ ဘယ်လို ဖြစ်သွားတာလဲ ဆိုသည်ပင် သူတို့ မသိလိုက်။ တတိယ အဆင့်နှင့် ပဥ္စမအဆင့် ဆိုသည်မှာ ကွာဟလှသည့် အဆင့်နှစ်ခု ဖြစ်သည်။ သို့သော် ဘာလို့ ပဥ္စမအဆင့်က အနောက် လွင့်ထွက်သွားကာ တတိယအဆင့်က နေရာမရွေ့ ရှိနေရသနည်း။
သို့သော် ဝမ်ရှန်းကမူ စိတ်ဓာတ် ကျဟန်ဖြင့် ဖြည်းညင်းစွာသာ ခေါင်းခါ လိုက်သည်။ သူ၏ သိုင်းပညာရပ်သည် တာအိုဘုန်းတော်ကြီး လင်ရှူးထက် များစွာ နိမ့်ကျ နေသေးလေသည်။ အပြင်ပိုင်း ကြည့်မည်ဆိုလျှင် ယခု ထိုးလိုက်သည့် လက်သီးချက်သည် သာမန် လက်သီးချက်နှင့် တူ၏၊
သို့သော် အမှန်မှာ ထိုထဲတွင် ထိုက်ချီ သိုင်းပညာရပ်၏ တန်ပြန် တိုက်ခိုက်မှု ပါဝင်သည်၊ ထိုက်ချီ သိုင်းပညာရပ်၏ အခြေခံဟုလည်း ပြော၍ရ၏… လင်ရှူးသည် တစ်ချက် ထိုးလိုက်ရုံဖြင့် လူတစ်ယောက်ကို နံရံနှင့် ဆောင့်ရိုက်ကာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားအောင် လုပ်နိုင်သည်။ သို့သော် ဝမ်ရှန်းက ဤမျှလောက်သာ လုပ်နိုင်၏။ အဆင့်နှစ်ခုကြားမှ အင်အား ကွာဟချက်က သိသာလွန်း လှပေသည်။
“သိပ်မလုပ်နိုင်သေးဘူးပဲ..”
ဝမ်ရှန်း သူ့ဘာသာသူ တီးတိုး ရေရွတ်လိုက်၏။
တတိယအဆင့် ဝိညာဉ်သခင် တစ်ယောက်က အဆင့်မြင့် ဝိညာဉ်သခင်များ အုပ်စုရှေ့၌ ထိုစကားမျိုး ပြောခြင်းက မောက်မာ လှောင်ပြောင်ရာ ရောက်ပေသည်။ သို့သော် ပဥ္စမအဆင့် ဝိညာဉ်သခင်သည်ပင် သူ့လက်သီးချက်ကို မခံနိုင်ခဲ့သည့် အတွက် သူပြောသည့် စကားကို မည်သူမှ ခွန်းတုံ့မပြန်နိုင်ပေ။
ဤကဲ့သို့ဖြစ်အောင် သူတို့ထဲက အများစုကတော့ လုပ်နိုင်လောက်ပေသည်၊ သို့သော် သူတို့သည် သတ္တမအဆင့် ဝိညာဉ်သခင်များ ဖြစ်၏။ သူတို့ တတိယ အဆင့်၌ ဤကဲ့သို့ လုပ်နိုင်ဖို့ ဆိုလျှင် ကောင်းကင်ပေါ် တွယ်တက်ခြင်းထက်ပင် ပိုမို ခက်ခဲပေသည်။
စုန့်ကျီမင် အဖွဲ့မှ လူများ၏ အံ့အားသင့် ထိတ်လန့်သည့် ပုံစံကိုကြည့်ကာ ဝမ်ရှန်း မဲ့ပြုံး ပြုံးလိုက်သည်။
“စုန့်ကျီမင်၊ ကျုပ် ခင်ဗျားတို့ကို သည်းခံလာနေတာ တော်တော် ကြာနေပြီ”
ဝမ်ရှန်းသည် ရန်စလိုက်သည်နှင့် တစ်ယောက်တည်းကို မဟုတ်၊ တစ်ဖွဲ့လုံးကို ရန်စလိုက်သည့် သဘော သက်ရောက်သွားသည်။
“မမလေး စုန့်ကြောင့်သာ မဟုတ်ဘူးဆိုရင် ခင်ဗျားတို့ အားလုံး လမ်းမှာကတည်းက သေနေလောက်ပြီ”
ထိုစကားများ ကြားလိုက်ရသော် စုန့်ကျီမင် ဒေါသ ထွက်သွားသည်။ ယခု စုန့်ဟုန်သယ်က အခြေအနေကို ထိန်းချုပ် နေခြင်းကြောင့်သာ မဟုတ်ဘူးဆိုလျှင် စုန့်ကျီမင်သည် ဝမ်ရှန်းအား အစော ကတည်းက တိုက်ခိုက်ခဲ့ပြီ ဖြစ်၏။
စုန့်မိသားစု၏ ဂုဏ်သရေရှိ အဋ္ဌမအဆင့် ဝိညာဉ်သခင် တစ်ယောက်က သတ္တမအဆင့် ဝိညာဉ်သခင်အဖြစ် ဟန်ဆောင် နေရခြင်းကိုပင် သူ စိတ်ညစ်နေပြီ ဖြစ်၏။ ထိုအချိန်မျိုးတွင် ဝမ်ရှန်းက သူတို့အား ရန်စလာခဲ့သည်။ သူ ဆက်၍ သည်းခံနိုင်မည်လော…
“အဲ့ဒီတော့ မင်းက စုန့်ကျီမင်ကို ရွေးတယ်ပေါ့”
ဝမ်ရှန်း၏ ရန်စ စကားဆုံးသည်နှင့် စုန့်ဟုန်သယ်မှ ပြောလိုက်သည်။
သူ အကဲခတ် မှားသွားကြောင်း စုန့်ဟုန်သယ် သူ့ကိုယ်သူ ဝန်ခံပေသည်။ ဤတတိယအဆင့် ဝိညာဉ်သခင် ကောင်လေးသည် သေရမည်ကို မကြောက်သည့် ထက်သန်သော စိတ်ရှိ၏၊ ဒါ့ပြင် သူ့ကိုယ်သူ ကာကွယ် နိုင်စွမ်းလည်း ရှိသည်။
သို့သော် ထိုအချက်ကြောင့်နှင့် သူ ဝမ်ရှန်းအား အလွတ် မပေးနိုင်ပေ။ ဝမ်ရှန်း၏ လုပ်ဆောင်ချက်များက အားပိုကြီးလေ သူ့အတွက် မကောင်းလေနှင့် ဝမ်ရှန်းအား ရှင်းထုတ်ပစ်ရန် ပိုလိုအပ်လေဖြစ်၏။
ယခုလက်ရှိ ဝမ်ရှန်း၏ သူ့သမီးအပေါ် လွှမ်းမိုးမှုကိုလည်း ယတိပြတ် ဖြတ်တောက် ပစ်ရပေမည်။ မဟုတ်လျှင် သူ့သမီးကို ဆုံးရှုံးရမည်ကိုတော့ သူ စိုးရိမ်၏။
***