အပိုင်း ၂၉၉
အခွင့်အရေး (၂)
“မလုပ်နဲ့…”
စုန့်ရန် ကျယ်လောင်စွာ အော်ဟစ်ကာ စုန့်ဟုန်သယ်အား တားလိုက်သည်။
“ဖေဖေ၊ ဖေဖေ နားလည်မှု လွဲနေပြီ”
စုန့်ဟုန်သယ်အား မှီထားသည့် စုန့်ရန်သည် ထိုအချိန်မှာမှ သူမအဖေ၏ သတ်ဖြတ်လိုစိတ်ကို သတိပြုမိ သွားခဲ့သည်။ သို့သော် ဤရလဒ်သည် သူမ မြင်ချင်သည့် ရလဒ်မျိုး မဟုတ်ပေ။
“အဖေ၊ အဖေ့မျက်စိနဲ့ မြင်တာကိုပဲ ယုံတယ် သမီး…”
ယခုအချိန်တွင် စုန့်ဟုန်သယ်သည် အလွန်ကို ဒေါသူပုန် ထနေကာ သူ့သမီး စကားကိုပင် နားထဲမဝင်တော့…
စုန့်လောင်ယု ကြားဖြတ်ပြောရန် ပြင်လိုက်သော်လည်း စုန့်ဟုန်သယ်သည် သူ့အား ခက်ထန်စွာ ကြည့်ကာ –
“အဘိုးကြီး၊ ပါးစပ်ပိတ်နေ…”
ထိုမြင်ကွင်းကို မြင်လိုက် ရသောအခါ ဝမ်ရှန်း စိတ်ထဲ၌ ခါးသက်စွာ ပြုံးလိုက်သည်။ တစ်ဖက်က နားလည်မှု လွဲနေကြောင်း သေချာသွားပြီ ဖြစ်၏။ ထို့အပြင် တစ်ဖက်လူသည် ရှင်းပြရန် အခွင့်အရေးပင် မပေးနေခဲ့။
ဝမ်ရှန်း ထိုအကြောင်း စဉ်းစား နေစဉ်မှာပင် စုန့်ဟုန်သယ်မှ တူညီသည့် အကြောင်းအရာကို နောက်တစ်ကြိမ် ထပ်ပြောလာခဲ့သည်။
“လမ်းတစ်လျှောက် မင်း ငါ့သမီးကို ဂရုစိုက်ပေးခဲ့တဲ့ အတွက် ငါ မင်းကို အခွင့်အရေး တစ်ခုပေးမယ်…”
ထိုစကား ကြားလိုက် ရသောအခါ စုန့်ရန် စိတ်လှုပ်ရှားသွားပြီး သူမ မျက်နှာထက်၌ ပျော်ရွှင်မှုတို့ အထင်းသား ဖြစ်ပေါ်လာခဲ့သည်။ အခွင့်အရေး ပေးခြင်းက ဝမ်ရှန်းအသက်ကို သက်ညှာ ပေးမည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။ ဝမ်ရှန်းမှ ပုတ်သင်ညိုလို ခေါင်းညိတ် သဘောတူ လိုက်သည်နှင့် ကိစ္စက အဆင်ချောသွားပြီ ဖြစ်သည်။
ထိုကဲ့သို့ တွေးမိကာ စုန့်ရန် ဝမ်ရှန်းအား အလျင်အမြန် မျက်စိမှိတ် အချက်ပြ လိုက်သည်။ သူ့အား စမ်းသပ်မှုကို လက်ခံကာ အလိုက်အထိုက် ပြုလုပ်ရန် အချက်ပြလိုက်၏။
စုန့်ရန် မျက်လုံး မှိတ်ပြသည်ကို ဝမ်ရှန်း မြင်ပါသည်။ ဝမ်ရှန်း သာမက စုန့်လောင်ယုနှင့် စုန့်ဟုန်သယ် ခေါ်လာသည့် အချို့လူများသည်လည်း မြင်ခဲ့၏။ သို့သော် သူတို့သည် ဘာမှမပြောဘဲ သူတို့နေရာ၌သာ မျက်နှာသေဖြင့် ရပ်နေခဲ့ကြသည်။
“ကိုယ့်သေတွင်းကို ကိုယ်တူးတယ် ဟုတ်လား…”
စုန့်ရန်က သတိပေး နေသော်လည်း ဝမ်ရှန်းသည် နည်းနည်းမှ ကြောက်လန့်သည့်ဟန် မပေါ်ပေ။ စုန့်ဟုန်သယ်ကိုသာ ပါးကိုက် နားကိုက်သည့်ပုံစံ ပြန်ပြောလိုက်သည်။
“ဟုတ်တယ်။ ဒီဂျင်ဒီနယ်မြေထဲမှာ ဆရာတို့ စုန့်မိသားစုက တစ်ကမ္ဘာလုံးနဲ့ ရန်သူ လုပ်လိုက်တာပဲ…”
စုန့်ဟုန်သယ် ပို၍ ဒေါသူပုန် ထသွားသည်။ သူသည် သူ့လက်ရွေးစင်များကို ခေါ်ကာ ဂျင်ဒီနယ်မြေ အတွင်း၌ လေ့ကျင့်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ပြင်ပကမ္ဘာကြီး၌ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာ သူမသိ။ ဝမ်ရှန်းက အဓိက အင်အားစုများ အကြောင်း ပြောသွားခြင်း ဖြစ်သည် ဆိုတာကို ပို၍ပင် မသိပေ။ သူ့အမြင်တွင် ဝမ်ရှန်းသည် ကလေး သာသာပင်ဖြစ်၏။
ထိုတတိယအဆင့် ဝိညာဉ်သခင်ပေါက်စ တစ်ယောက်ကို ကြောက်နေမည် ဆိုပါက နောက်တစ်ချိန်တွင် သူသည် ခေါင်းပင် ထောင်နိုင်ပါတော့မလား…
“ဟား ဟား ဟား ဟား ဟား…”
စုန့်ဟုန်သယ် နောက်တစ်ကြိမ် ဟားတိုက် ရယ်လိုက်သည်။ ထို့နောက် မဲ့ပြုံးပြုံးကာ-
“မောက်မာနေတဲ့ ကောင်လေးပဲ၊ အရှက်မရှိ လိုက်တာ…”
“အဲ့စကားတွေက ပျော့ပါတယ်ဗျာ…”
ဝမ်ရှန်း လက်ခါယမ်းကာ ပြောလိုက်၏။ စုန့်ဟုန်သယ်နှင့် စကား ဆက်ပြောရန်ပင် သူ ပျင်းနေပြီ ဖြစ်သည်။ စုန့်ရန်၏ မျက်နှာကို ထောက်ရမည် ဖြစ်သောကြောင့်သာ သူ သိပ်ပြီး ထေ့ငေါ့မပြောဆိုခြင်း ဖြစ်သည်။ သို့သော် သူ့စိတ်ထဲ၌တော့ ရေရွတ်လိုက်၏။
“သူကတော့ သူ့ကိုယ်သူ မှန်တယ်ပဲ ထင်နေတော့တာပဲ…”
ဤကဲ့သို့သော အကျင့်စရိုက်ရှိသည့် လူတစ်ယောက်က မိသားစုတစ်ခု၏ ခေါင်းဆောင် ဖြစ်လာသည်မှာ အံ့သြစရာ ကောင်းပေသည်။ သူသည် သိုက်ဟွမ်ထက်ပင် ပို၍ မောက်မာကာ ကိုယ့်ကိုယ်ကိုယ် အဟုတ်ထင်၏၊ သို့သော် ဤနေ့ ဤချိန်ထိ အသက်ရှင် နေနိုင်နေသည်… စုန့်မိသားစုသည် မိသားစုခေါင်းဆောင် မရှိသည့်တိုင် အဓိက အင်အားစုငါးခု အတွင်း၌ ရှိနေနိုင်သေးခြင်းမှာ အံ့သြစရာ မဟုတ်တော့ချေ။ အကြီးအကဲများမှာ တကယ့်ကို အကောင်ကြီးပင် ဖြစ်၏။
စုန့်ဟုန်သယ်က မသိသော်လည်း စုန့်ရန်နှင့် စုန့်လောင်ယုတို့ စိတ်ထဲ၌ ဗြောင်းဆန်နေပြီ ဖြစ်သည်။ ဝမ်ရှန်း ပြောသည်မှာ မှန်ပေသည်။ သူတို့သာ ဝမ်ရှန်းကို စုန့်မိသားစုထဲ အတင်း ခေါ်သွင်းထည့်မည် ဆိုလျှင် စုန့်မိသားစုသည် ကမ္ဘာ့ရန်သူ ဖြစ်လာပေလိမ့်မည်။
“ဖေဖေ၊ ဝမ်ရှန်းက…”
ထိုစကားသာ ပြောလိုက် ရသေးသည် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး၌ နွေးထွေးသည့် စီးကြောင်းတစ်ခု ဖြတ်လျှောက် စီးဆင်းသွားသည်ကို စုန့်ရန် ခံစားလိုက်ရသည်။ စီးကြောင်းသည် ခန္ဓာကိုယ်အနှံ့ ချက်ချင်း ပျံ့နှံ့သွားကာ စုန့်ရန်သည် စကားတစ်ခွန်း တလေမှပင် ဆက်မပြောနိုင်တော့။
စုန့်ရန်သည် အလောကြီးနေကာ ရုန်းကန်ရန် ကြိုးစားလိုက်၏။ သို့သော် ဤနွေးထွေးသည့် စီးကြောင်းသည် အသက်ရှိဟန် ရှိကာ စုန့်ရန်အား ထိန်းချုပ် လိုက်သည်။ စုန့်ရန် တုတ်တုတ်မျှ လှုပ်၍ မရတော့ချေ။
စုန့်ရန်အား ထိုကဲ့သို့ ဖြစ်အောင် လုပ်နိုင်သည့် တစ်ဦးတည်းသော လူမှာ သူမအနား၌ ရှိနေသည့် သူမအဖေပင် ဖြစ်၏။ မလှုပ်နိုင်၊ စကားမပြောနိုင် ဖြစ်သွားသည့် အတွက်ကြောင့် သူမ အော်ငိုချင်စိတ်ပင် ပေါက်သွားခဲ့သည်။
ဝမ်ရှန်း စကားကြောင့် စုန့်ဟုန်သယ် ဒေါသ ထွက်သွားသည် ဆိုသည်မှာ မှန်၏၊ သို့သော် စုန့်ဟုန်သယ်သည် ဝမ်ရှန်း တွေးထားသကဲ့သို့ ဦးနှောက် မရှိသည့်လူ မဟုတ်ပေ။ သူသည် ရယ်မော နေစဉ်တွင် စုန့်ကျီမင်နှင့် အခြားသူများကို တစ်ချက် ဝေ့ဝိုက် ကြည့်လိုက်သည်။
သေရမည်ဆိုတာကို သိသော်လည်း စုန့်ကျီမင်နှင့် အခြားလူများသည် တည်တည်ငြိမ်ငြိမ် ရပ်နေကြသေး၏။ သို့သော် စုန့်ကျီမင်၏ မျက်နှာထက်တွင် ကျေနပ်အားရသည့် အပြုံးတစ်ခု ခပ်ရေးရေး ဖြစ်ပေါ်နေသည်။ ထိုအပြုံးကို ကြည့်ခြင်းအားဖြင့် သူ့ရှေ့မှ ကောင်လေးက လေကြီးလေကျယ် ပြောနေခြင်း မဟုတ်ကြောင်း စုန့်ဟုန်သယ် နားလည်သွား၏။ မဟုတ်လျှင် ဝမ်ရှန်း ဒုက္ခရောက်နေသည်ကို ကြည့်ကာ စုန့်ကျီမင် ဤကဲ့သို့ ဝမ်းသာနေမည် မဟုတ်ပေ။
စုန့်ဟုန်သယ်က ဘယ်လို လူမျိုးနည်း… သူသည် အမြဲတမ်း အမိန့်ပေးကာ အခြားလူများ၏ သေဆုံးခြင်း ရှင်သန်ခြင်းကို ဆုံးဖြတ်ပေးသည့်လူ ဖြစ်သည်။ အခြားသူများ၏ ခြိမ်းခြောက်မှုကို သူ ဘယ်လို လုပ်ခံမည်နည်း…
“မင်း စမ်းသပ်မှုကို အောင်မြင်ဖို့ ငါ မင်းကို အခွင့်အရေး ပေးမယ်လို့ မင်း တကယ်ပဲ ထင်နေတာလား…”
စုန့်ဟုန်သယ် မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။ သူသည် ရှိန်လောက်သည့် ခေါင်းဆောင် တစ်ယောက်ဖြစ်သည်။ ခေါင်းဆောင် တစ်ယောက်၏ အတွေးများကို အလွယ်တကူ ခန့်မှန်း၍ ရသည်ဆိုလျှင် သူသည် ဘယ်လိုလုပ် ခေါင်းဆောင် ဖြစ်နေမည်နည်း… ဝမ်ရှန်းကို စုန့်မိသားစုထဲ သွင်းလျှင် တစ်ကမ္ဘာလုံး၏ ရန်သူဖြစ်မည်၊ ထိုကဲ့သို့ဆိုလျှင် သူ့ကိုသတ်မည် ဆိုလျှင်ရော တစ်ကမ္ဘာလုံး၏ ရန်သူ ဖြစ်ပါမည်လော။
“အသက်ရှင်ဖို့ အခွင့်အရေး တစ်ခုပေးမယ်…”
စုန့်ဟုန်သယ် လေသံအနည်းငယ် ပြောင်းသွားသည်။
“မင်းတို့မှာလည်း အဲ့အခွင့်အရေး ရှိတယ်။ ဒါပေမယ့် မင်းတို့ထဲက တစ်ယောက်မှာပဲ ရှိတယ်။ ဘယ်သူက ပိုကံကောင်းလဲဆိုတာ ကြည့်ကြတာပေါ့…”
“ဒီကောင်လေးကို သတ်နိုင်တဲ့လူ ဘယ်သူမဆို အသက်ရှင်ခွင့် ရမယ်…”
စုန့်ကျီမင်နှင့် အခြားသူများကို ရည်ရွယ်၍ ပြောပြီးနောက် ဝမ်ရှန်းဘက် ပြန်လှည့် ပြောလိုက်သည်။
“ငါ မင်းကို အခွင့်အရေး မပေးဘူးလို့ မပြောနဲ့နော်။ အားလုံး ဒီမှာရှိတယ်။ တစ်ယောက်ကို ရွေးလိုက်။ မင်း အဲ့တစ်ယောက်ကို နိုင်တယ်ဆိုရင် ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားလို့ ရတယ်”
“မမလေးရန်ကို ရွေးပါတယ်…”
စုန့်ဟုန်သယ်၏ စကားဆုံးသည်နှင့် ဝမ်ရှန်း သူ့ပြိုင်ဘက်ကို ချက်ချင်း ရွေးချယ် လိုက်သည်။
စုန့်ရန်သည် ဝမ်ရှန်းအတွက် ကြားဝင် ဖျန်ဖြေပေးခဲ့၏။ သူမက ဝမ်ရှန်းကို သေချာပေါက် အသက်ရှင်လျက် ထွက်သွား စေချင်ပေလိမ့်မည်။ စုန့်ရန်သည် ယခုလေးတင် စကားပြောနေရင်း တန်းလန်း ရပ်သွားခဲ့သည်။ ထိုအရာက သူမသည် သူမအဖေ၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်ပေသည်။
ဟုတ်ပါသည်၊ ဤကဲ့သို့သော အခွင့်အရေးမျိုးကို ဝမ်ရှန်း လက်လွတ်ခံမည် မဟုတ်ပေ။ သို့သော် အမှန်အတိုင်း ပြောရမည်ဆိုလျှင် စုန့်မိသားစု ခေါင်းဆောင်၏ သမီးကို ဤကဲ့သို့ စိန်ခေါ်ခြင်းက ကောင်းသည့်အရာ တစ်ခုတော့ မဟုတ်ပေ။
“ဟုတ်ပြီ…”
ဝမ်ရှန်း၏ ရွေးချယ်မှုကို ကြားလိုက် ရသောအခါ စုန့်ဟုန်သယ် မဲ့ပြုံး ပြုံးလိုက်သည်။ ဉာဏ်များသည့် လူက ဉာဏ်များသည်ပင်ဖြစ်၏။ ဤကောင်လေးသည် ဒူးထောက် အရှုံးပေးခြင်းထက် ပိုမို ကောင်းမွန်သည့် နည်းလမ်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
“ဒါမေယ့် ရန်လေးနဲ့ငါက ဒီနေ့မှ ပြန်တွေ့ကြတာ။ ဒီလိုမျိုး နေ့ထူးနေ့မြတ်လေးမှာ ရန်လေးလက်ကို သွေးမစွန်းသင့်ဘူး”
စုန့်ဟုန်သယ် ဝမ်ရှန်းအား ကြင်နာဟန် ပြုံးပြလိုက်သည်။
“ငါ့သမီးကို ရွေးတဲ့အတွက် စိတ်မကောင်းပါဘူး။ အဲ့ဒါကြောင့် ငါက သူမကိုယ်စား သဘောတူ ပေးလိုက်မယ်။ သူ့အစား တခြားတစ်ယောက် ရွေးပေးမယ်။ ဆယ်နှစ်အကြာမှ သမီးနဲ့ ပြန်တွေ့ရတဲ့ အဖေတစ်ယောက် အနေနဲ့ ဒီလိုဆုံးဖြတ်ချက်မျိုး ချတာက ထူးတော့ မထူးဆန်းဘူးမလား…”
စုန့်ရန်သည် စိတ်အိုက်လွန်း၍ ငိုချင်စိတ်ပင် ပေါက်နေပြီဖြစ်သည်။ သို့သော် သူမသည် ဘာမှ မတတ်နိုင်ဘဲ ဝမ်ရှန်းအား တောင်းပန်သည့် အကြည့်ဖြင့်သာ ကြည့်လိုက်သည်။ ဝမ်ရှန်းဘက်က အနည်းငယ် အလျော့ပေးရန် သူမ မျှော်လင့်မိပေသည်။
“အံ့သြစရာ မရှိပါဘူး…”
ဝမ်ရှန်း ခေါင်းခါယမ်းကာ ပြုံး၍ ပြန်ဖြေလိုက်သည်။
“တကယ်ပါပဲ၊ အမောက် မထောင်ပြတာနဲ့ ခင်ဗျားတို့က ကျုပ်ကို မြွေလေးလို့ ထင်နေကြတယ်… ခင်ဗျားတို့က ဂျင်ဒီနယ်မြေထဲမှာ ကျုပ်ကို ဒီလိုမျိုးတွေ ပြောရဲလုပ်ရဲတယ်ပေါ့။ မပြောချင်ပေမယ့်လည်း ခင်ဗျားတို့က ပြဿနာ မီးမွှေးလိုက်တာပဲ…”
***