Switch Mode

Chapter – 298

အခွင့်အရေး (၁)

အပိုင်း ၂၉၈
အခွင့်အရေး (၁)

စုန့်ကျီမင် လက်သီးကို ကျစ်ကျစ်ပါအောင် စုပ်လိုက်သည်။ သို့သော် ယခုအချိန်တွင် သူသည် အစောကကဲ့သို့ မကြောက်တော့ပေ။

စုန့်ဟုန်သယ် ပေါ်လာသည့် အချိန်တွင် သူသည် တကယ်ကို စိတ်ထဲ မသိုးမသန့် ဖြစ်သွားခဲ့သည်။ စုန့်ကျီမင်သည် အသက် ၂၆၊ ၂၇ အရွယ်ပုံ ရှိသော်လည်း အမှန်တကယ်မှာမူ သူသည် ၄၀ နား ကပ်နေပြီဖြစ်၏။

စုန့်ဟုန်သယ် သူ၏လက်ရွေးစင် စုန့်မိသားစု အဖွဲ့ဝင်များဖြင့် ထွက်သွားသည့် အချိန်တွင် စုန့်ကျီမင်သည် အသက် ၂၀ အရွယ် လူငယ်တစ်ယောက် ဖြစ်သည်။ သို့သော် စုန့်ဟုန်သယ် ခေါ်သွားသည့် လူများထဲတွင် သူ မပါခဲ့။ ဆိုရသော် စုန့်ဟုန်သယ်၏ လက်ရွေးစင် စံနှုန်း သတ်မှတ်ချက်များဖြင့် သူ မကိုက်ညီခဲ့ခြင်း ဖြစ်သည်။

သို့သော် စုန့်ဟုန်သယ် ထွက်သွား ပြီးနောက် ဆယ်နှစ်ကျော် အတွင်းတွင် သူသည် တတိယ အဆင့်မှ အဋ္ဌမအဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့၏။ ထို့ကြောင့် သူ့ကိုယ်သူ အတော် ယုံကြည်ချက် ရှိပေသည်။

ထိုအချိန်က စုန့်ဟုန်သယ် သူ့အား မခေါ်သွားခြင်းမှာ ဝိညာဉ်အဆင့်ကြောင့် ဖြစ်မည်ဟု သူ မထင်။ ဖြစ်နိုင်ခြေ အများဆုံးမှာ သစ္စာရှိနိုင်သည့် လူများနှင့် ခိုလှုံရာ ရှာနေသည့် လူများကို ခေါ်သွားခြင်း ဖြစ်သည်။ ဤအရာများကို စုန့်ကျီမင် ဂရုမစိုက်ပါ… သို့သော် ထိုအချိန်က စုန့်မိသားစု အတွင်း၌ စုန့်ဟုန်သယ်၏ ခက်ထန် ကြမ်းတမ်းပုံကို သူ မှတ်မိသေးပေသည်။

အကြီးအကဲများနှင့် ပူးပေါင်းကာ စုန့်ဟုန်သယ် ချန်ထားခဲ့သည့် အိမ်တော်ထိန်းအား လူစား လဲလိုက်ခြင်း၊ စုန့်ရန်၏ ဝိညာဉ်ကို အစားထိုး လိုက်ခြင်း၊ နောက်ပိုင်း စုန့်ရန်အား အကွက်ချကာ သတ်ရန် ကြိုးစားခဲ့ခြင်းများကို တွေးကြည့်လိုက်သည့် အချိန်တွင် စုန့်ဟုန်သယ်နှင့် မျက်နှာချင်းဆိုင်သည်နှင့် သူ၏စိတ်နှလုံး တုန်လှုပ်လာခဲ့သည်။

အပြစ်ရှိစိတ်၊ ကြောက်ရွံ့သည့် စိတ်တို့ကြားတွင် ကံကောင်းမှု အနည်းငယ် ရှိကောင်းလောက်ပါရဲ့ဟု သူ မျှော်လင့်မိလိုက်၏။ သူ၏ဝိညာဉ် အဆင့်က သူ့အသက်ကို ကယ်နိုင်ဖို့ သူ မျှော်လင့်မိပေသည်။ မည်သို့ဆိုစေ အဋ္ဌမအဆင့် ဝိညာဉ်သခင် ဆိုသည်မှာ နှယ်နှယ်ရရတော့ မဟုတ်ပေ။

သို့သော် စုန့်ဟုန်သယ်က အံကြိတ်ကာ သူတို့အားလုံး သေရမည်ဟု ပြောလာသည်ကို ကြားလိုက် ရသောအခါ စုန့်ကျီမင်၏ နောက်ဆုံး ကံကောင်းမှုများ ပျောက်ကွယ် သွားခဲ့သည်။ သေရတော့မည် ဆိုမှတော့ ဘာမှ ထွေထူးပြီး ကြောက်မနေတော့။ ထိုသို့ တွေးမိကာ သူ တည်ငြိမ် သွားခဲ့သည်။

ငါးသေကာ ပိုက်ကွန်လည်း ဆုံးမည့် အဖြစ်မျိုး ဖြစ်သည်။ ဂုဏ်သိက္ခာရှိသည့် အဋ္ဌမအဆင့် ဝိညာဉ်သခင် တစ်ယောက် အနေဖြင့် ခေါင်းဆောင်ဟောင်းနှင့် ဝိညာဉ်သခင် ဒါဇင်ကျော်နှင့် ရင်ဆိုင်ရသည့် အချိန်တွင် တိုက်ခိုက်၍ မရတော့ဘူးလား။ မလွတ်မြောက်နိုင်ပဲ သေမည် ဆိုလျှင်လည်း သူ့တစ်ယောက်တည်း သေမည် မဟုတ်ပေ။

စုန့်ဟုန်သယ် ခေါ်လာသည့် လူအယောက် ၁၀၀ တွင် ဘယ်နှယောက်က ဂျင်ဒီနယ်မြေ အတွင်း၌ အသက်ရှင် နိုင်မည်နည်း… တစ်ယောက်လျော့လျှင် သူတို့ တိုက်ခိုက် ရမည်မှာ တစ်ယောက် သက်သာလေ ဖြစ်၏။

ယခုအချိန် အထိတော့ စုန့်ဟုန်သယ် ဘေးတွင် ဝိညာဉ်သခင် အယောက် ၂၀ ကျော်၏ ဝိညာဉ်စွမ်းအားများကိုသာ စုန့်ကျီမင် ခံစား၍ ရနေသည်။

သို့သော် သူ လှုပ်ရှားရန် ပြင်လိုက်သည့် အချိန်မှာပင် သူ့ရှေ့မှ မြင်ကွင်းက သူ့အား ရုတ်တရက် စိတ်ဓာတ် ကျသွားစေခဲ့သည်။

တောအုပ် အတွင်းမှနေ၍ ဒါဇင်နှင့် ချီသည့်လူများ တိတ်တဆိတ် ထွက်ပေါ် လာခဲ့သည်။ သူတို့သည် လုံးဝကို တိတ်တဆိတ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။ သူတို့လမ်း၌ ပိတ်နေသည့် ချုံပင်နွှယ်ပင်များကိုပင် မရှင်းလင်းပစ်ခဲ့။ ထိုနွှယ်ပင်များကို တစ်ပင်ပြီးတစ်ပင် လွှားခနဲ လွှားခနဲ ခုန်ကူးကာ လာခဲ့ကြခြင်းဖြစ်၏။

သူတို့သည် ပျံလွှားငှက်များကဲ့သို့ ပေါ့ပါး သွက်လက်ကာ ကြံ့ခိုင် ဖျတ်လတ်ကြ၏။ တောတွင်းနှင့် ဤမျှလောက်ထိ နေသား ကျနေသည်ကို ကြည့်လျှင် သူတို့ ဤတောအုပ် အတွင်း၌ ရှိနေသည်မှာ အချိန်ဘယ်လောက်ကြာ ရှိနေကြောင်း သိနိုင်ပေသည်။

ဤလူများက ယခင်က စုန့်ဟုန်သယ် နှင့်အတူ ထွက်လာသည့် လက်ရွေးစင်များ ဖြစ်ရမည်ဟု ဝမ်ရှန်း ခန့်မှန်းလိုက်၏။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် သူတို့၏ ခွန်အားကို တစ်စွန်းတစ်စ သိမြင်နိုင်ပေသည်။

တောအုပ် အတွင်းမှ လူဒါဇင်ခန့်သာ ထွက်လာသော်လည်း တောင်ကုန်း ထိပ်များနှင့် ကမ်းပါးများပေါ်၌ ခေါင်းများ ရာနှင့်ချီသည့် ပြူထွက်လာခဲ့သည်။

လူအရေအတွက်သာ များခြင်းမျိုး ဆိုလျှင် စုန့်ကျီမင် စိုးရိမ်မိမည် မဟုတ်။ သို့သော် ဤလူတစ်ယောက်ချင်းစီ၏ ဝိညာဉ်အဆင့်သည် အနည်းဆုံး သတ္တမအဆင့် ရှိ၏။ ထိုအချက်က စုန့်ကျီမင် အဖွဲ့မှ လူများကို ပို၍ စိတ်ဓာတ်ကျ သွားစေခဲ့သည်။

“တိုက်ချင်လို့လား…”

စုန့်ကျီမင်အား တစ်ချက်သာ ကြည့်ကာ သူ့အတွေးကို ဖတ်နိုင်သကဲ့သို့ စုန့်ဟုန်သယ် ပြောလိုက်သည်။

“မင်းက ဖြတ်လမ်းနည်း လိုက်ပြီး အဋ္ဌမအဆင့် ရောက်ခဲ့တဲ့ ဝိညာဉ်သခင် တစ်ယောက်ပဲ။ အလွန်ဆုံး အနေနဲ့ မင်းခွန်အားက သတ္တမအဆင့် ဝိညာဉ်သခင် ခွန်အားပဲရှိတယ်”

သူတို့ ဘေးပတ်ပတ်လည်၌ ရှိနေသည့် ရာနှင့်ချီသော အဆင့်မြင့် ဝိညာဉ်သခင်များကို မြင်လိုက်ရသည့် အချိန်တွင် စုန့်ဟုန်သယ်သည် မည်သည့် အတွက်ကြောင့် လက်ရွေးစင်များ ရာနှင့်ချီ ရွေးချယ်ကာ ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက်ခဲ့လဲ ဆိုတာကို နားလည် သွားခဲ့သည်။

စုန့်မိသားစုမှ ဤလူငယ်များ ကျင့်စဉ် ကျင့်ကြံနိုင်ရန် ဘေးကင်း လုံခြုံသည့် နေရာ တစ်နေရာကို သူ တွေ့ထားခြင်းကြောင့် ဖြစ်ရမည်… စုန့်မိသားစုမှ လက်ရွေးစင် တစ်ရာကျော်ကို ခေါ်ထုတ်လာခြင်း ဖြစ်သည့် အတွက်ကြောင့် စုန့်မိသားစုသည် အချိန်တစ်ခု အထိတော့ အခြား အင်အားစုများ၏ ဖိနှိပ်တွန်းအား ပေးခြင်းများကို ခံရနိုင်သည်။ သို့သော် သူတို့ ပြန်ရောက်လာသည့် အချိန်တွင် တစ်ကမ္ဘာလုံးကို သူတို့ လက်အောက် ရောက်အောင် လုပ်နိုင်မည်ဖြစ်၏။

စုန့်ကျီမင်၏ လူများသည် ဤကဲ့သို့ ဖြစ်လာမည်မှန်း သိမည်ဆိုလျှင် အစောကတည်းက တွေဝေမှုမရှိ မမလေးဘက် ရပ်တည်ခဲ့ပါတယ်ဟု တွေးလိုက်ကြ၏။ ကံမကောင်းသည်က ယခုအချိန်တွင် ဘာမှပြော၍ မရတော့ပေ။ ကံကောင်းသည့် တစ်ဦးတည်းသော လူမှာ စုန့်မိသားစုမှ မဟုတ်သည့် ဝမ်ရှန်းပင် ဖြစ်သည်။

ထူးဆန်းသည်က စုန့်ဟုန်သယ်သည် သူတို့အား သေစေရမည်ဟု ပြောခဲ့သော်လည်း ထိုနေရာ၌ ရှိနေသည့် မည်သူကမှ မလှုပ်ရှားခဲ့ပေ။ စုန့်ဟုန်သယ်သည်ပင် သူ့လူများအား အမိန့်ပေးမည့်ပုံ မပေါ်နေ။

ယခုအချိန်တွင် သူ့သမီးကို ဖိအားပေး အနိုင်ကျင့်သည့် စုန့်မိသားစုကို စိတ်တိုနေသည့် အပြင် စုန့်ဟုန်သယ် စိတ်တိုနေသည့် နောက်ထပ် လူတစ်ယောက်လည်း ရှိပေသည်။ ဝမ်ရှန်းပင်ဖြစ်၏။

လမ်းတစ်လျှောက်တွင် စုန့်ဟုန်သယ်နှင့် အခြားလူများသည် သူတို့ တစ်ဖွဲ့လုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့၏။ သူတို့ ပထမဆုံး သတိထားမိခဲ့သည့် လူမှာ ဝမ်ရှန်းဖြစ်သည်။

လမ်းတစ်လျှောက်တွင် ဝမ်ရှန်းသည် စုန့်ရန်အား အဆက်မပြတ် အသားယူ နေခဲ့သည်။ သူမ၏လက်ကို ကိုင်ဆွဲကာ ခါးကိုပင် ဖက်ခဲ့သေးသည်။ သူပေါ်လာသည့် အချိန်မှာပင် အနှီကောင်လေးသည် သူ့သမီးအား သူ့လက်မောင်းများကြား၌ ထွေးပွေ့ ထားနေဆဲဖြစ်၏။

အဖေ တစ်ယောက်လုံး ရှေ့တွင် သူ့သမီးကို ထိုကဲ့သို့ အသားယူ နေသည်ကို သူ သည်းခံနိုင်သည်ဆိုလျှင် ထူးဆန်း နေပေလိမ့်မည်။ အထူးသဖြင့် ဝမ်ရှန်းသည် စုန့်ကျီမင်နှင့် အခြားလူများကို သူတို့ ကတိအတိုင်း စုန့်ရန်ကို သူနှင့် လက်ထပ်ပေးရန် ပြောသည့် အချိန်ပင်ဖြစ်၏။

တတိယအဆင့် ဝိညာဉ်သခင် တစ်ယောက်က သူ့သမီး အလှလေးကို ပိုင်ဆိုင်ချင်သည်တဲ့လား… ဟာသပင်ဖြစ်၏… ရင့်ရင့်သီးသီး ပြောရမည်ဆိုလျှင် ဖားပြုတ်က ငန်းဖြစ်ချင်နေခြင်းပင် ဖြစ်၏။ ထိုကဲ့သို့သော ကောင်လေးက သူ့သမီးနှင့် တန်ပါရဲ့လား…

သို့သော် ဒေါသထွက်သည်က ဒေါသထွက်သည်သာ ဖြစ်၏။ ထိုအချိန်တွင် ဝမ်ရှန်းသည် တွန့်ဆုတ် တွေဝေမှုမရှိ စုန့်ရန်ဘက်မှ ရပ်တည် ပေးခဲ့ပေသည်။ သူပြောခဲ့သည့် အချို့ စကားများကလည်း မှန်သည်ဟု သူထင်၏။

“လမ်းတစ်လျှောက်လုံး စုန့်ရန်ကို ကာကွယ် ပေးခဲ့တဲ့အတွက် ငါ မင်းကို အခွင့်အရေး တစ်ခုပေးမယ်”

စုန့်ဟုန်သယ်သည် စုန့်ကျီမင်နှင့် အခြားလူများကို တစ်ချက် ကလေးပင် မကြည့်ခဲ့ပေ။ ဝမ်ရှန်းဘက် လှည့်၍သာ ပြောလိုက်၏။

“စုန့်မိသားစုထဲဝင်ပါ။ မင်းရဲ့ကျင့်စဉ် ပေါ်လိုက်ပြီး မင်းကျင့်ရမယ့် ကျင့်စဉ်ကို ငါပေးမယ်။ ပြီးတော့ အစားအသောက်နဲ့ အဝတ်အစားတွေ အတွက်လည်း စိတ်ပူစရာ မလိုဘူး။ ဒါပေမယ့် နောက်ကျရင် မင်း ရန်လေးနဲ့ ဝေးဝေးမှာ နေရမယ်။ ငါ့သမီးကို မင်းကို နောက်ဘယ်တော့မှ ထပ်မတွေ့စေနဲ့”

“လက်မခံပါဘူး….”

စုန့်ဟုန်သယ်၏ သနားညှာတာမှုကို ဝမ်ရှန်း တိုက်ရိုက် ငြင်းပယ် လိုက်သည်။

ယခု တစ်လျှောက်လုံး စုန့်ရန်နှင့် စုန့်လောင်ယုတို့သည် တစ်ခုခုတော့ မှားနေတယ်ဟု တွေးထင် နေကြခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူတို့စကားထဲ၌ မီးပွားစများ မသိမသာ ပါဝင်နေကြောင်း သိသာပေသည်။

“မင်းကို အခွင့်အရေး မပေးတာ မဟုတ်ဘူးနော်..”

စုန့်ဟုန်သယ် မျက်နှာမဲ့ သွားကာ ပြောလိုက်၏။

“မင်းကပဲ မင်းသေတွင်းကိုမင်း တူးနေတာပဲ..”
***

Comment

Leave a Reply

Options

not work with dark mode
Reset