Switch Mode

Chapter – 151

ဆုလာဘ်များ

အခန်း (၁၅၁)
ဆုလာဘ်များ

“ရဲချန်ဖန် ရတနာတွေကို မပေးခင် ငါဘယ်သူလဲဆိုတာ ပြောပြမယ်”

“ငါက စိတ်ဝိညာဉ် အပိုင်းအစ တစ်ခုပဲ။ တကယ်တော့ ငါက ကောင်းကင်နယ်မြေက ဝိညာဉ်ကလန်ရဲ့ နတ်ဘုရားတစ်ဦးပဲ။ ဒါပေမဲ့ ငါက သေဆုံးပြီးပြီ။ မင်းမြင်နေရတာက ငါ့ရဲ့မျက်နှာပဲ”

“နတ်ဘုရားလား…”

မျက်နှာကြီးက ဘယ်သူမှန်း သိသွားပြီးနောက် ရဲချန်ဖန် အလွန်စိတ်လှုပ်ရှား သွားလေသည်။ ရဲချန်ဖန်သည် ထိုလူ ဘယ်သူမှန်း မသိသော်လည်း နတ်ဘုရားဆိုသော အရာသည် အားလုံး၏ ထိပ်ဆုံးတွင် ရှိနေသောသူ မဟုတ်ပါလော။ ထို့ကြောင့် ရဲချန်ဖန် ကောင်းကင်နယ်မြေ အကြောင်းကို အလွန်စိတ်ဝင်စား သွားမိလေသည်။

“ဆရာကြီး ကောင်းကင်နယ်မြေက ဘယ်နေရာလဲ မသိဘူး”

“ကောင်းကင်နယ်မြေက မင်းတို့ အမြွှာညီနောင် တိုက်ကြီးရှိတဲ့ ဘုံထက်မြင့်တဲ့ ဘုံတစ်ခုပဲ။ မင်းတို့ အမြွှာညီနောင် တိုက်ကြီးက လူတွေ ဒီတိုက်ကြီးမှာ ကျင့်ကြံနိုင်တဲ့ တန်ခိုးအစွမ်းကို အမြင့်ဆုံးအထိ ကျင့်ကြံနိုင်တဲ့အခါ ကောင်းကင်ကို ပျံတက်ပြီး စကြဝဠာကို ထိုးခွဲနိုင်တဲ့ အစွမ်းတွေ ရလာလိမ့်မယ်။ အဲဒီအခါကျရင် နောက်ထပ် အဆင့်မြင့်တဲ့ဘုံကို မင်းတို့ ဝင်ရောက်လို့ ရလိမ့်မယ် ”

“ဒီလျှို့ဝှက် ဝိညာဉ်ဘုံက ငါတို့ဝိညာဉ်ကလန်က သာမန် အမွေအနှစ်တွေ ထားတဲ့ နေရာလေး တစ်ခုပဲ။ မင်းက ဒီလျှို့ဝှက် ဝိညာဉ်ဘုံက စမ်းသပ်မှုတွေ အားလုံး အောင်မြင်သွားပြီ ဆိုတော့ ဒီမှာရှိတဲ့ အကောင်းဆုံးတွေကို ရမဲ့အပြင် နောက်ထပ် အဆင့်မြင့်တဲ့ စမ်းသပ်စစ်ဆေးမှု ခံယူခွင့်ရဖို့ အတွက်ပါ အရည်အချင်း ပြည့်မီသွားပြီ။ ”

“အဲဒီတော့ မင်း ဒီလျှို့ဝှက် ဝိညာဉ်ဘုံထက် ပိုကောင်းတဲ့ ရတနာ၊ အမွေအနှစ်တွေရှိတဲ့ ဘုံနေရာမှာ စမ်းသပ်မှုခံယူပြီး ပိုကောင်းတဲ့ ရတနာ၊ အမွေအနှစ်တွေ ရနိုင်တယ်”

“ဆရာကြီးခင်ဗျာ… ဝိညာဉ်ကလန်မှာ တခြားအမွေအနှစ်တွေကို စမ်းသပ်မှုလုပ်မဲ့ နေရာတွေ ရှိနေသေးတာလား”

ရဲချန်ဖန် အံ့အားသင့်သွားပြီး မေးလိုက်လေသည်။

“ငါတို့ ဝိညာဉ်ကလန်က ဒီလိုမျိုး စမ်းသပ်မှုလုပ်မဲ့ နေရာတွေကို နေရာပေါင်း တစ်ရာကျော်မှာ ချန်ထားခဲ့တယ်။ ဒါပေမဲ့ စမ်းသပ်စစ်ဆေးမှုကို အဆင့်လေးဆင့် ခွဲထားတယ်။ မင်း အခု အောင်မြင်ခဲ့တဲ့ စမ်းသပ်စစ်ဆေးမှုက အဲဒီအဆင့် လေးဆင့်ထဲမှာ အလွယ်ကူဆုံး၊ အရိုးရှင်းဆုံးပဲ။ နောက်အဆင့် စမ်းသပ် စစ်ဆေးတဲ့ နေရာတွေက ပိုပြီး ခက်ခဲလေးနက်တယ်”

“ဒီလျှို့ဝှက် ဝိညာဉ်ဘုံက စမ်းသပ်စစ်ဆေးမှု လုပ်တဲ့နေရာ တွေထဲမှာ အလွယ်ကူဆုံး…”

ရဲချန်ဖန်က တခြားစမ်းသပ်မှု နေရာများသည် ဘယ်လောက် ခက်ခဲမည်ကို မမှန်းဆနိုင်အောင် ဖြစ်သွားလေသည်။ အလွယ်ကူဆုံး နေရာသည်ပင် သူ့အသက် လက်မတင်လေး လွတ်မြောက်လာသည် ဟုတ်ပါလော။
“မင်းသိရမှာက ဒီစမ်းသပ် စစ်ဆေးမှု အောင်မြင်ရင် ရမဲ့ ရတနာ အမွေအနှစ်တွေက ငါတို့ဝိညာဉ်ကလန် နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ဟာတွေပဲ။ နောက်ဆုံးရမဲ့ အမွေအနှစ်ဆိုရင် တကယ်ကို ကြီးမားလှတဲ့ လျှို့ဝှက်ချက်ပဲ။ အဲဒီလျှို့ဝှက်ချက်ကြောင့်ပဲ ငါတို့ဝိညာဉ်ကလန် ပျက်စီးခဲ့ ရတာပဲ”

“တချိုအရာတွေက မင်းသိဖို့ သိပ်စောနေသေးတယ်။ မင်း တခြား စမ်းသပ်စစ်ဆေးမှုတွေ အောင်မြင်ရင် ဘာလဲဆိုတာ သိရမှာပေါ့”

“ကဲ… မင်းကို ဆုတွေပေးမယ်”

ထို့နောက် မျက်နှာကြီးက ပါးစပ်ဟလိုက်ပြီး မှုတ်လိုက်ရာ အဖြူရောင် အလင်းတန်းက ထွက်ပေါ်လာပြီး ရဲချန်ဖန် ခေါင်းကိုထိမှန်ကာ စိတ်အာရုံနယ်ပယ်ထဲ ဝင်ရောက်သွားလေသည်။ ရဲချန်ဖန် ချက်ချင်းပင် ပြီးပြည့်စုံသော မြေပုံအညွှန်း တစ်ခုကို ရရှိလိုက်လေသည်။

“ဒီမြေပုံက မင်း ငါတို့ဝိညာဉ်ကလန်ရဲ့ ဒုတိယအဆင့် စမ်းသပ် စစ်ဆေးမှုလုပ်ဖို့ ချန်ထားခဲ့ နေရာပဲ။ ပြီးတော့ နတ်ဘုရားနိုင်ငံ သုံးနိုင်ငံရဲ့ အလယ်ဗဟိုမှာ ရှိပြီး နတ်ဘုရား ပင်လယ်ကိုလည်း အဲဒီနေရာက ကြည့်ရင် မြင်နိုင်တယ်”

“မင်း မှတ်ထားရမှာက အဲဒီနေရာရဲ့ စမ်းသပ်မှုတွေက အများကြီး ပိုခက်တယ် ဆိုတာပဲ။ မင်းမှာ လုံလောက်တဲ့ အစွမ်းမရှိရင် မင်းသေသွားမယ်”

မျက်နှာကြီးက အလေးအနက် သတိပေးလိုက်လေသည်။

“ဟုတ်ကဲ့ပါ ခင်ဗျာ…”

“ရဲချန်ဖန် ဒီလျှို့ဝှက် ဝိညာဉ်ဘုံရဲ့ တန်ဖိုးအရှိဆုံး အရာက ဘာဖြစ်မယ်ထင်လဲ”

“ဓားစက်ရုပ်လား”

ရဲချန်ဖန်က သူ့နတ်ဦးနှောက် အသေး၏ ထိန်းချုပ်မှု ခံထားရသော ဓားစက်ရုပ်ကို ကြည့်ပြီး မေးလိုက်လေသည်။

“ဟုတ်တယ်၊ ဒီလျှို့ဝှက် ဝိညာဉ်ဘုံမှာ တန်ဖိုးအကြီးအဆုံး အရာက အဲဒီဓားစက်ရုပ်ပဲ။ ဓားစက်ရုပ်ကို ကောင်းကင် နယ်မြေမှာရှိတဲ့ အလွန်တန်ဖိုးကြီးတဲ့ ရတနာတစ်ရာကျော်ကို ပေါင်းစပ်ပြီး နှစ်ရာပေါင်းများစွာ အချိန်ကုန်ခံပြီး ဖန်တီး ပြုလုပ်ခဲ့ရတာပဲ။ အခုတော့ မင်း ဒီပထမအဆင့် စမ်းသပ်မှုကို အောင်မြင်တဲ့အတွက် ဓားစက်ရုပ်က မင်းအတွက် ဖြစ်သွားပြီ”

“ကျေးဇူးတင်ပါတယ် ဆရာကြီး”

မျက်နှာကြီးဆီမှ ဒုတိယရရှိမည့် ပစ္စည်းကိုကြားပြီး ရဲချန်ဖန် အလွန်ပျော်ရွှင် သွားလေသည်။ ဒီဓားစက်ရုပ်နှင့် ဆိုပါက မဟာဂိုဏ်းကြီး သုံးခုကို သူကြောက်ရွံ့နေစရာ မလိုတော့ပေ။

“မင်း အရမ်းပျော်မနေနဲ့ဦး။ ဒီဓားစက်ရုပ်ထဲက စွမ်းအင်က ကုန်ခမ်းတော့မယ်။ မင်းသာ ဆက်ပြီး စက်ရုပ်ကို အသက်ဝင် တိုက်ခိုက်စေချင်ရင် အဆင့်မြင့်ဝိညာဉ်‌ကျောက်တုံးတွေကို ဓားစက်ရုပ် ကိုယ်ထဲ ဖြည့်သွင်းပေးဖို့ လိုလိမ့်မယ်”

အလွန် ပျော်ရွှင်သွားဟန် ပေါ်သည့် ရဲချန်ဖန်ကို ကြည့်ပြီး ဘာတွေးလိုက်သည်ကို နားလည် လိုက်သည့်အလား မျက်နှာကြီးက ကြိုတင် ပြောလိုက်လေသည်။

“ဆရာကြီးခင်ဗျား အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေရော အစားထိုး အသုံးပြုလို့ ရနိုင်မလား ကျွန်တော့်အစွမ်းနဲ့ဆို အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ ရဖို့မလွယ်ကူဘူး”

“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးနဲ့ဆို အလုပ်ဖြစ်မှာ မဟုတ်ဘူး။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးနဲ့ ဆိုရင်တော့ ရနိုင်လောက်တယ်။ ဒါပေမဲ့ ဝိညာဉ် စွမ်းအင်တွေက သိပ်သန့်စင်မှာ မဟုတ်တဲ့အတွက် ဓားစက်ရုပ် တိုက်ခိုက်နိုင်အောင် အနည်းဆုံး အလယ်အလတ်အဆင့် ဝိညာဉ် ကျောက်တုံး ငါးသောင်းလောက် ထည့်သွင်းဖို့ လိုလိမ့်မယ် ထင်တယ်”

“ပြီးတော့ အလယ်အလတ်အဆင့် ဝိညာဉ် ကျောက်တုံးတွေ အသုံးပြုရင် ဓားစက်ရုပ်အစွမ်းကို အများကြီး လျှော့နည်း သွားစေလိမ့်မယ်။ အများဆုံး မဟာသားရဲဘိုးဘေး ပဉ္စမအဆင့် အစွမ်းလောက်ပဲ ထုတ်ဖော် နိုင်လိမ့်မယ်”

“မဟာသားရဲဘိုးဘေး ပဉ္စမအဆင့် အစွမ်း… အဲဒီလောက်ဆို လုံလောက်ပါပြီ”

ရဲချန်ဖန်တွင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးရာကျော်သာ ရှိသော်လည်း သူ၏ ရတနာပစ္စည်းများ ရောင်းချပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများ ဝယ်ယူလို့ ရသေး သည်။

“ဓားစက်ရုပ်အပြင် အသက်စမ်းရေ ခြောက်ပေါင်နဲ့ ကံတရားရေ ခြောက်ပေါင်ကိုလည်း မင်းရမယ်”
“ဒီခြောက်ပေါင်လောက်ရှိတဲ့ အသက်စမ်းရေက မင်းအသက်ကို အနှစ် ခြောက်ထောင်လောက် အသက်ရှင်စေ နိုင်တယ်။ ပြောရမယ်ဆိုရင် မင်း အသက်ဝိညာဉ် ကျင့်စဉ်ကို သုံးဖို့အတွက် အချိန်အတိုင်းအတာ တစ်ခုထိ အသုံးပြုလို့ရပြီ။ ဒီကံတရားရေရဲ့ တန်ဖိုးကလည်း အသက်စမ်းရေထက် မနိမ့်ကျဘူး။ ကံတရားရေက မင်းကို ကုန်ခမ်းနေတဲ့ ဝိညာဉ် စွမ်းအင်တွေကို တစ်မုဟုတ်ချင်း ပြန်ပြည့်တင်း စေနိုင်တယ်”

မျက်နှာကြီးက ရေကဲ့သို့ အရည်များ ပြည့်နေသည့် ကြွေဘူးလေး နှစ်ခုကို ရဲချန်ဖန်ဆီ ထုတ်ပေး လိုက်လေသည်။

“ကျေးဇူးတင်ပါတယ် ဆရာကြီး”

ရဲချန်ဖန်က ကြွေဘူးနှစ်ခုကို ကျေးဇူးတင်စွာ လက်ခံရယူပြီး သိုလှောင်အိတ်ထဲ ထည့်သွင်းရင်း ကျေးဇူးတင်စကား ပြောလိုက်သည်။

“ကဲ… ရတနာတွေကို မင်းကို ပေးနိုင်သလောက် ပေးပြီးပြီ။ ကျန်တဲ့ဟာတွေကို နောက်လူတွေ အတွက် ချန်ထားရဦးမယ်”

ရဲချန်ဖန်က အလွန် အစွမ်းထက်လာပြီး သူတို့သွေးကြွေးကို ဆပ်ပေးနိုင်လိမ့်မည်ဟု သေချာပေါက် မပြောနိုင်သေးပေ။ ကျင့်ကြံခြင်း လမ်းခုလတ်တွင် ရဲချန်ဖန် သေဆုံးသွားနိုင် သလို နောက်ထပ် ပါရမီရှင်များကိုလည်း ဝိညာဉ်ကလန် သွေးကြွေးအတွက် ပြင်ဆင်ပေးရဦးမည် ဖြစ်သည်။

“ရဲချန်ဖန် ငါပြန်ပြီး အိပ်စက်တော့မယ်။ တစ်နေ့မှာ မင်းရဲ့အစွမ်းတွေ အထွတ်အထိပ် ရောက်ဖို့ ငါမျှော်လင့်ပါတယ်”
မျက်နှာကြီးက ရဲချန်ဖန်ကို ကြည့်ကာ ပြောပြီးနောက် ကောင်းကင်ထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားလေသည်။

“ရဲချန်ဖန် အမှန်အတိုင်း ပြောရရင် မင်း ဓားစက်ရုပ် စမ်းသပ်မှု အောင်မြင်ပြီး လျှို့ဝှက် ဝိညာဉ်ဘုံရဲ့ တန်ဖိုးအကြီးဆုံးဆုကို ရမယ်လို့ ငါမထင်ထားမိဘူး”

ဘုံစောင့်ကြီးက ရဲချန်ဖန်ကို ကြည့်ပြီး ပြောလိုက်လေသည်။

“ကျွန်တော် စမ်းသပ်စစ်ဆေးမှုတွေ အောင်မြင်တာက ကံကောင်းလို့ပါ ခင်ဗျာ”

ရဲချန်ဖန်က ရိုးရိုးသားသား ပြောလိုက်လေသည်။

“ကံကောင်းတာလည်း မင်းရဲ့ အစွမ်းတစ်ခုပဲလေ။ တချို့လူတွေက အဲဒီလို ကံမကောင်း ကြဘူး။ တချို့ကလည်း ခက်ခဲမှုနဲ့တွေ့ရင် နောက်ဆုတ် သွားကြတာပဲ။ တချို့ကတော့ ကံဆိုးမှုကို ကံကောင်းမှု အခွင့်အလမ်း တစ်ခုအဖြစ် ပြောင်းလဲ ဖန်တီးနိုင်စွမ်း ရှိကြတာပဲ။ မင်းက အရိုးထဲ စွဲနေအောင် ယုံကြည်မှု ခိုင်မာတယ်။ မင်းလိုလူမျိုးကသာ အနာဂတ်မှာ အောင်မြင်နိုင်တယ်”

“ကဲ… ကဲ ငါပေးထားတဲ့ ကတိအတိုင်း မင်းရဲ့ ဝိညာဉ်သားရဲကို ပေါက်ဖွားနိုင်အောင် ကူညီပေးမယ်။ ပြီးတော့ မင်းကို ကောင်းကင် သားရဲဘုရင် ပထမအဆင့်ရောက်အောင် လုပ်ပေးမယ်”

ထို့နောက် ဘုံစောင့်ကြီးက ရဲချန်ဖန်ကို ရွှေနတ်ဘုရား ကျောင်းကြီး၏ အတွင်းပိုင်း တစ်နေရာက အလွန်စွမ်းအင်များ ပြည့်နှက်နေသည့် ရေကဲ့သို့ အရည်များ ပြည့်နေသည့် အိုင်ကြီး တစ်ခုဆီ ခေါ်ဆောင်သွား လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset