Switch Mode

Chapter – 296

မင်းတို့ အားလုံးသေရမယ်(၁)

အပိုင်း(၂၉၆)
မင်းတို့အားလုံးသေရမယ်(၁)

“မမလေးက စုန့်မိသားစုရဲ့ မမလေးပဲ၊ အဲဒါကြောင့် သူ စုန့်မိသားစုအတွက် လုပ်ပေးရမှာပဲ”

ဝမ်ရှန်း၏ စကားထဲမှ ထောင်ချောက်ကို သတိမထားခဲ့ပဲ စုန့်ကျီမင်မှာ ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

ယခုလိုအချိန်တွင် ဝမ်ရှန်းအား မထိန်းချုပ်နိုင်ဘူး ဆိုလျှင် ယခင်က ပြုလုပ်ခဲ့သည့် ကိစ္စများ အားလုံးသည် အဓိပ္ပာယ် မဲ့သွားပြီဖြစ်၏။ ဒါ့ပြင် နောက်ပိုင်းလုပ်မည့် အစီအစဉ်များသည်လည်း အစီစဉ်တကျ ဖြစ်တော့မည် မဟုတ်ပေ။

“ဟား….. လူတစ်ယောက်က သေချင်တယ်ဆိုရင် တကယ်ပဲ သူ့ကို တားလို့မရဘူးပဲ….”

ဝမ်ရှန်းမှ ယုံကြည်မှု အပြည့်ဖြင့် စုန့်ကျီမင်၏ မျက်နှာအား စိုက်ကြည့် လိုက်သည်။ ထို့နောက် ခေါင်းခါကာ သက်ပြင်းချ၍ –

“ဂျင်ဒီနယ်မြေထဲ ဝင်ရတဲ့ ပထမဆုံး သံမဏိ စည်းမျဉ်း စည်းကမ်းကို မေ့နေပြီလား…”

ဝမ်ရှန်းပြောသည့် သံမဏိ စည်းကမ်း ဆိုသည်မှာ သူမလုပ်ခိုင်းတဲ့ အရာကို မလုပ်ရခြင်း ဖြစ်၏။ ထိုစည်းမျဉ်းကို မယုံကြည်သည့် လူများသည် ပြင်းထန်စွာ ဒဏ်ရာရခြင်း၊ အဆိပ်မိခြင်း စသည့် အဖြစ်ဆိုးများကို ကြုံတွေ့ ရသည်မှာလည်း အမှန်ပင်။

ဝမ်ရှန်းသာ မလှုပ်ရှားရန် ပြောပါက ထိုနေရာ၌ ရှိနေသူများ မည်သူမျှ လှုပ်ရှားရဲမည် မဟုတ်ပေ။ နောက်ဆုံးအကြိမ် စုန့်ရန်အား ဆန့်ကျင်ကြစဉ် အခိုက် ဝမ်ရှန်းမှာ စုန့်ရန်ဘက် ရပ်တည် လိုက်သည်ကို မြင်လိုက် ရသောအခါ သူတို့ ရင်ခုန်သွားကြ၏။

စုန့်ကျီမင် မျက်စိပျက် မျက်နှာပျက် ဖြစ်သွားခဲ့သည်။ သူအကြောက်ဆုံး အရာမှာ ယခုအချိန် ဖြစ်စေချင်သည်တို့အား ဖြစ်မလာရုံ သာမက ဝမ်ရှန်းကိုပါ မထိန်းချုပ်နိုင် ဖြစ်သွားမည်ကိုပင်။

ဝမ်ရှန်းသည် စုန့်ရန်နှင့်အတူ သူတို့အဖွဲ့၏ နောက်ဆုံး၌ ရပ်နေခြင်း ဖြစ်သည်။ ယခုအချိန်၌ သူတို့သာ ထွက်ပြေး သွားမည်ဆိုလျှင် သူတို့ကို ပြန်ဖမ်းနိုင် လာလိမ့်မည်ဟု စုန့်ကျီမင် ယုံကြည်ချက် မရှိပေ။ ဤနေရာသည် ဂျင်ဒီနယ်မြေဖြစ်၏။

သို့သော် ယခုအချိန်တွင် ဝမ်ရှန်းသည် ထွက်ပြေးရန် အစီအစဉ် ရှိဟန် မတူပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် ကျောက်နံရံကြီးကို မှီထားခြင်း ဖြစ်၏။ ထို့အပြင် စုန့်ရန်နှင့် စုန့်လောင်ယုတို့ကလည်း ဘယ်တစ်ဖက် ညာတစ်ဖက် ရှိနေကြခြင်း ဖြစ်သည်။ သူတို့ နှစ်ယောက်လုံးကို ဝမ်ရှန်း တစ်ပြိုင်နက်တည်း မခေါ်နိုင်ပေ။ ဝမ်ရှန်းသည် အခြေအနေကို အခွင့်အရေးယူကာ သူ့အား အနည်းငယ် ဖိအားပေးခြင်းပင်။

အကယ်၍ ဝမ်ရှန်းတို့ ထွက်ပြေး၍ သူသာ သတ်နိုင်မည် ဆိုပါက တစ်မုဟုတ်ချင်းပင် ဝမ်ရှန်း၏ ခြိမ်းခြောက်မှုသည် အဆုံးသတ် သွားပေမည်။ ထိုသို့မဟုတ်ပဲ ဝမ်ရှန်းအား အောင်မြင်စွာ ထိန်းချုပ် နိုင်မည်ဆိုပါက ဂျင်ဒီနယ်မြေ လာရသည့် ခရီးစဉ်သည် သူတို့အတွက် အနိုင်ပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဝမ်ရှန်းသည် စုန့်ရန်၏ သတို့သားလောင်း ဖြစ်သည်။ ယခုတစ်ချိန်တွင် သူစုန့်ရန်နှင့် လက်ထပ်ကာ စုန့်မိသားစုဝင် ဖြစ်လာပါက အခြားမိသားစုဝင်မျာ အနေဖြင့်လည်း ဘာမှ ပြောနိုင်မည် မဟုတ်ပေ။

ဘာအခွင့်အရေးမှ ရှာမနေနဲ့….

စုန့်ကျီမင် ရယ်လိုက်ကာ ဝမ်ရှန်းအား စည်းရုံးသည့် လေသံဖြင့် ပြောလိုက်သည်။

“အရင်တုန်းက ဆိုရင်တော့ မင်း မှန်ပါတယ်။ သူတို့အားလုံး မင်းရဲ့ အဲ့သံမဏိစည်းမျဉ်း စည်းကမ်း ဆိုတာကို သည်းခံခဲ့ကြတယ်။ ဒါပေမဲ့ အခုဒီမှာ ငါတို့ လုံခြုံတဲ့ နေရာရပြီ။ ပြီးတော့ ဒီလမ်း တစ်လျှောက်မှာ ငါတို့ မေးစရာလည်း အများကြီး သင်ကြားခဲ့ရတယ်။ ငါတို့ အပြင်မထွက်နိုင်ဘူး ဆိုရင်တောင် ဒီနေရာမှာ နောက်ထပ် ခြောက်လ တစ်နှစ်လောက် လုံလုံခြုံခြုံနဲ့ နေနိုင်သေးတယ်။

“မင်းကို ပြောဖို့ မေ့နေတာ။ ဒီတစ်ခေါက်မှာ ငါတို့ တစ်ယောက်ချင်းစီ အတွက် အစားအသောက်တွေ လုံလုံလောက်လောက် ယူလာတယ်။ ပြီးတော့ ဒီနေရာမှာ ရေကလည်း မရှားဘူးပဲ။ ငါပြောတာယုံ မင်းမရှိရင် ငါတို့ကောင်းကောင်း အသက်ရှင်နိုင်တယ်”

စုန်ကျီမင်၏လေသံမှာ အလွန်ကို ပေါ့ပါး သွက်လက်နေ၏။

“တစ်နှစ်ကျော် သွားရင်ရော….”

စုန့်ကျီမင် ဤစကားများကြောင့် စိတ်မရှုပ်ထွေးသွားပဲ ဝမ်ရှန်းမှ ပြုံး၍ ပြန်မေးလိုက်သည်။

“အဲ့တစ်နှစ်ဆိုတဲ့ အချိန် အတောအတွင်းမှာ ငါတို့ အများကြီး သင်ယူ လေ့လာလို့ ရတယ်”

စုန့်ကျီမင်မှာ ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

“ပြီးတော့ ငါတို့ ဒီနေရာမှာ အခြေကျသွားပြီ ဆိုတာနဲ့ အပြင်ဘက်မှာရှိတဲ့ လူတွေကို အချက်ပြ လိုက်မှာပဲ။ အဲဒါဆိုရင် အကြီးအကဲတွေက လူလွှတ်ပြီးတော့ စုန့်မိသားစုကို ဒီနေရာ ရောက်အောင် လွှတ်လိမ့်မယ်။ ဒီခရီးစဉ် တစ်လျှောက်လုံး ငါ သေချာ တွက်ကြည့် ပြီးသွားပြီ။ ဒီနေရာက စုန့်မိသားစုနဲ့ မိုင် ၂၀၀ ကျော်ပဲ ဝေးတယ်။ ဒီအကွာအဝေးက ဘယ်လောက်မှ သိပ်မရှိဘူး”

“အဲဒါဆိုရင် သူတို့ဒီကို လာတဲ့ လမ်းတစ်လျှောက်မှာ လူဘယ်နှယောက် သေမလဲ ဆိုတာကိုရော တွက်ကြည့် ပြီးသွားပြီလား….” ဝမ်ရှန်း နှာခေါင်းရှုံ့ကာ မေးလိုက်၏။

“ဒါပေါ့ လူတွေ အများကြီး သိမှာပဲ။ ဒါပေမဲ့ အဲဒါတွေ အားလုံးက မင်းကျေးဇူးကြောင့်ပဲလေ”

လူအများ သေမည့် အရေးကို စုန့်ကျီမင် ဂရုမစိုက်။ ဝမ်ရှန်းကိုသာ အပြစ်ပုံချ လိုက်သည်။

“မင်းသိလား စုန့်မိသားစုမှာ သစ္စာရှိ သစ္စာခံတွေ အများကြီး ရှိတယ်။ ဒီတိုင်းပဲ ဘလိုင်းကြီး သတ်ခံရမယ် ဆိုရင်တော့ သူတို့လည်း ခံချင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ကို အကူအညီ အနေနဲ့ တောင်းဆိုပြီး ဂျင်ဒီနယ်မြေထဲကို ဝင်ခိုင်းမယ် ဆိုရင်တော့ …”

စုန့်ကျီမင်၏ စကား မဆုံးခင်မှာပင် ဝမ်ရှန်း ဘေးနားရှိနေသည့် စုန့်ယင် မျက်နှာသည် ဖြူစုတ် သွားတော့သည်။ သူမသည် ဒေါသကို မထိန်းနိုင်ပဲ အော်ဟစ် လိုက်တော့၏။

“အရှက်မရှိတာပဲ…..”

“ဘယ်လိုလုပ် အရှက်မရှိပဲ ဖြစ်နိုင်မှာလဲ”

စုန့်ရန်နှင့် စုန့်လောင်ယုတို့၏ တည်တင်းနေသော မျက်နှာကို မြင်လိုက် ရသောအခါ စုန့်ကျီမင်သည် သူ့ကိုယ်သူ ဂုဏ်ယူသည့် ခံစားချက် ခံစားလိုက်ရသည်။

“ငါတို့ စုန့်မိသားစုက သူတို့၏ လုပ်ဆောင်ချက်တွေကို အမြဲတမ်း အမှတ်ရ နေမှာပါ။ ပြီးတော့ အထိမ်းအမှတ် ခန်းမထဲမှာ သူတို့ နာမည်တွေကို ချိတ်ထားပြီး မနက်တိုင်း သူတို့ကို အရိုအသေ ပေးဦးမှာ။ ပြီးရင် သူတို့ရဲ့ အနစ်နာခံမှုကြောင့် သူတို့မျိုးဆက်တွေက ကောင်းကောင်းမွန်မွန် ဂုဏ်ရှိရှိနဲ့ ကြီးပြင်းလာမှာပဲ။ မိသားစုတိုင်းမှာ သူတို့ မိသားစုအတွက် စွန့်လွှတ် အနစ်နာခံတဲ့ သူတွေ ရှိစမြဲပဲလေ ဟုတ်တယ် မဟုတ်လား….”

ဤကဲ့သို့သော အကောက်ကြံမှုကို စုန့်ရန် ခံရဖူး၏။ သူမသည် သူမအကြီးအကဲ မိသားစုများ၏ သေသည်အထိ အကောက်ကြံမှုကိုပင် ခံစားခဲ့ရခြင်း ဖြစ်သည်။

ထိုစကားများ ကြားလိုက်ရသည့် အချိန်တွင် စုန့်ရန်သည် ဒေါသထွက်လွန်း၍ သူမ၏ ခန္ဓာကိုယ်သည်ပင် အနည်းငယ် တုန်ယင် သွားခဲ့၏။ မတတ်သာသည့် အဆုံး ဝမ်ရှန်း စုန့်ရန်ခါးကို ဖက်၍ သူမ တုန်ယင်နေသည်ကို ထိန်းထားလိုက်သည်။

ယခုအချိန်တွင် စုန့်ရန်၏ အကြီးများသည် တစ်ခါမှ မဖြစ်စဖူး တင်းမာ ခက်ထန်နေ၏။ စုန့်မိသားစုဝင်ဟု ပြောကာ မိသားစုဝင် အချင်းချင်း ပျက်စီးရာ ပျက်စီးကြောင်း ခေါ်ဆောင်နေသည့် ဤလူများကို စုန့်ရန် မသတ်ချင်သည့် အချိန် တစ်ချိန်မှ မရှိသေးပေ။

သို့သော် ဝမ်ရှန်းကတော့ ပျော်ရွှင်နေ၏။ စုန့်ရန်၏ခါးသည် သူမ ပြောသကဲ့သို့ အလွန်ပင် သေးသွယ်လှသည်။ သေးသွယ်ရုံ သာမက အလွန်ကိုလည်း နူးညံ့ ပျော့ပျောင်းလှ၏။ သူမ၏ ခါးကို ဖက်ထားရသည်မှာ အလွန်ကို ရင်ခုန် စိတ်လှုပ်ရှားဖွယ် ကောင်းပေသည်။

“ဘယ်လိုလဲ….”

ဝမ်ရှန်းနှင့် မနီးမဝေး ရပ်နေသည့် စုန့်ကျီမင်နှင့် လူများသည် ဝမ်ရှန်း၏ အပြုအမူများကို ရှင်းရှင်းလင်းလင်း မြင်ရပေသည်။ စုန့်ကျီမင်၏ မျက်နှာထက်တွင် အပြုံးတစ်ပွင့်ပင် ဖြစ်ပေါ်လာခဲ့ကာ

“သေချာစဉ်းစားနော်။ ပြောတာတွေကို သဘောတူပြီး အတူတူ ပြန်ထွက်ကြတာပေါ့။ မဟုတ်ရင်လည်း ဒီနေရာမှာ သေဖို့ အစီအစဉ် ရှိတာလား”

“ရုတ်တရက်ကြီး မသေချင်တော့သလိုပဲ”

ဝမ်ရှန်းသည် သူ့လမ်းမောင်းကြားရှိ အလှလေးကို ဖက်ကာ ရင်ခုန် စိတ်လှုပ်ရှားဟန်ဖြင့် ပြောလိုက်၏။

“ ဒါပေမဲ့ ဒါက ကျုပ် ခင်ဗျားတို့ ပြောတာကို သဘောတူတယ်လို့ မဆိုလိုဘူး”

“လက်ရှိအခြေအနေကို ကောင်းကောင်း သိတဲ့သူက ဉာဏ်ကောင်းတဲ့ လူပဲကွ”

စုန့်ကျီမင်နှင့် အခြားသူများ၏ မျက်နှာထက်တွင် အပြုံးများ ဖြစ်ပေါ်လာခဲ့သည်။ မိန်းကလေး တစ်ယောက်၏ အလှ၌ မြောပါလာနေသည့် လူကို ကိုင်တွယ် ရသည်မှာ အလွန် လွယ်လှပေသည်။

ဝမ်ရှန်း၏ လက်မောင်းကြားတွင် စုန့်ရန် စတင် လှုပ်ရှားလိုက်၏။ သို့သော် ဝမ်ရှန်းက သူမခါးကို အနည်းငယ် ဖိနှိပ်ကာ အချက် ပြလိုက်သည့် အချိန်တွင် သူမ တဖြည်းဖြည်းချင်း ငြိမ်ကျသွားခဲ့၏။ ဝမ်ရှန်း၏ လက်များသည် သူမအား လုံခြုံသည့် ခံစားချက် အမြဲတမ်း ပေးစွမ်း နိုင်ပေသည်။

“ဒါပေမဲ့ တခြား တစ်ယောက်ကတော့ ခင်ဗျားတို့ လုပ်ချင်တာကို တားမြစ်ချင်တယ်”

ဝမ်ရှန်း သူ့ကိုယ်သူ အနိုင်ရရှိသူဟု ထင်နေသည့် စုန့်ကျီမင်အား ကြည့်ကာ ပြောလိုက်သည်။

“ဘယ်သူက တားမှာလဲ…..”

စုန့်ကျီမင် နားရှုပ်ကာ မေးလိုက်၏။

“ငါပဲကွ……”

မှောင်မည်းနေသည့် တောအုပ်အတွင်းမှ အသံတစ်သံ ထွက်ပေါ်လာကာ အားလုံး၏ နားအတွင်းသို့ ရောက်ရှိ လာခဲ့သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset