Switch Mode

Chapter – 295

ငါ့သမီးနဲ့ လက်ထပ်ချင်တယ် ဟုတ်လား... (၂)

အပိုင်း ၂၉၅
ငါ့သမီးနဲ့ လက်ထပ်ချင်တယ် ဟုတ်လား… (၂)

အရှေ့ဆက် သွားသော်လည်း ဘာမှမတွေ့ခဲ့ရ။ ထိုအချိန်တွင် စုန့်ကျီမင်နှင့် အခြားလူများသည် အခြေအနေက အနည်းငယ် ထူးဆန်းသည်ဟု စတင် ခံစား လာရသည်။ တစ်ဖက်တွင် လူသားများ ဖြစ်ပါက ဤအကွာအဝေးနှင့် အနေအထားအရ သူတို့ကို အရိပ်အယောင် တွေ့သင့်ပြီဖြစ်သည်။

စုန့်ကျီမင်တို့ အဖွဲ့သည် ပုန်းလျှိုးကွယ်လျှိုး ဝင်သွားနေခြင်း မဟုတ်၊ ပေါ်ပေါ်ထင်ထင် လှုပ်ရှားနေကြခြင်း ဖြစ်သည်။ သူတို့အသံများသည် အတော် ကျယ်လောင်ကာ အဝေးမှ နေလျှင်ပင် ကြားရပေသည်။ သို့သော် သူတို့အရှေ့ဘက်မှ တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိနေခြင်းက အနည်းငယ် ထူးဆန်းနေ၏။

လမ်းတစ်လျှောက် လူအရိပ်အယောင်ပင် မတွေ့ရသော်လည်း အစီအရင် ဆရာသည် ပျော်လွန်း၍ ထခုန်မတတ်ပင် ဖြစ်နေပြီဖြစ်သည်။

အစီအရင် ကျောက်တုံး၏ အကူအညီ အသုံးမပြုလျှင်ပင် အစီအရင် မတည်မငြိမ် ဖြစ်မှုကို ခံစား၍ ရနေပြီဖြစ်သည်။ သူတို့၏ ပန်းတိုင်သည် အနီးအနား ၌ပင်ရှိ၏။

တောင်လမ်းကြား တစ်လျှောက် သွားနေစဉ် ရုတ်တရက် သူတို့အရှေ့၌ အလင်းတန်း တစ်ခု တွေ့လိုက်ရသည်။ စုန့်ကျီမင်နှင့် အခြားလူများသည် ထိုမြင်ကွင်းကို တွေဝေကြောင်အစွာ စိုက်ကြည့် နေကြကာ တစ်ခွန်းတလေမှ မထွက်ကြချေ။

အနောက်မှ လိုက်လာသည့် ဝမ်ရှန်း၊ စုန့်ရန်နှင့် စုန်လောင်ယုတို့ သူတို့အရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသည့် အချိန် စုန့်ရန်နှင့် စုန့်လောင်ယု တို့သည်လည်း ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ကြသည်။

သူတို့ အရှေ့တွင် တောင်ကြား တစ်ခုရှိနေကာ တောင်ကြားသည် သိပ်တော့ မကြီးပေ။ အပြင်အဆင်ကလည်း သေသပ်လှ၏။ မြေပြင်မှ ၁၀ မီတာ အထက်တွင် လူလုပ်လိုဏ်ခေါင်းများကို ချိတ်ဆက်ထားသည့် လမ်းကြောင်းများ ရှိ၏။

ဤနေရာတွင် လူမရှိကြောင်း သိသာသော်လည်း တစ်ကြိမ် တစ်ခါက လူများ နေထိုင်ဖူးသည့် နေရာဖြစ်ကြောင်း တစ်ချက် ကြည့်လိုက်ရုံဖြင့် ပြောနိုင်ပေသည်။ သို့သော် ယခုအချိန်တွင် ဤနေရာသည် အချိန်အတော်ကြာ စွန့်ပစ် ခံထားရဟန်ရှိကာ ရေညှိများပင် တက်နေ၏။ တွယ်ငြိ တွဲလောင်း ကျနေသည့် နွှယ်ပင် ချုံပင်များပင် ရှိနေသေးသည်။

သို့သော် ဘေးပတ်ပတ်လည်ရှိ ထူထပ်နေသည့် တောအုပ်နှင့် ယှဉ်လျှင် ဤနေရာက အသစ်အဆန်း ဖြစ်နေသေးသည်။ ပေါက်ရောက်နေသည့် ခြုံပင်များကို ကြည့်ခြင်းအားဖြင့်၊ တောင်နံရံပေါ်၌ တစ်စွန်းတစ်စ ကျန်ရှိနေသည့် လက္ခဏာကို ကြည့်ခြင်းအားဖြင့် ဤနေရာ၌ နေထိုင်ခဲ့သည့် လူများက လွန်ခဲ့သည့် နှစ်အနည်းငယ်၌ ထွက်သွားခြင်း ဖြစ်ကြောင်း သိနိုင်ပေသည်။

၁၀ မီတာ အမြင့်က အင်အားကြီး သားရဲများကို သက်ပြင်းချစေရန် လုံလောက်၏။ လိုဏ်ဂူများသည်လည်း လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ထားကာ ကြီးမားသည့် သားရဲများ ဝင်ရောက်ရန် မလွယ်ကူပေ။ ဂူပေါက်ဝ၌ ကာထားသည့် အကာကိုမူ အင်းဆက် ပိုးမွှားများ ရန်အတွက် လုပ်ထားခြင်း ဖြစ်ရမည်။

ပထမဆုံး စတင် လှုပ်ရှားခဲ့သည့် လူမှာ အစီအရင် ဆရာဖြစ်သည်။ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးပြီးနောက် သူ ဤကဲ့သို့ ကောက်ချက် ချလိုက်သည်။

“ဒီနေရာမှာ အကာအကွယ် အစီအရင် နှစ်ခုနဲ့ ပုန်းကွယ်ခြင်း အစီအရင် တစ်ခုရှိတယ်။ ဒါပေမယ့် အစီအရင်တွေက အချိန်အတော်ကြာ ဝိညာဉ်စွမ်းအား မရလို့ ပျက်ပြယ် ခါနီးနေပြီ”

အစောပိုင်းက အာရုံခံမိသည့် မတည်မငြိမ်သည့် အစီအရင်သည် ဤနေရာမှ ထွက်ပေါ်လာခြင်း ဖြစ်၏။

အားလုံး တဒင်္ဂသာ ကြောင်အ သွားကြပြီးနောက် သတိပြန်ဝင် လာခဲ့ကြသည်။ ထို့နောက် စုန့်ကျီမင်၏ အမိန့်အတိုင်း နေရာအနှံ့ ရှာဖွေလိုက်ကြသည်။ တစ်ခဏအကြာ ရှာပြီးနောက် တစ်ယောက်သည် ဘေးနားရှိ တောင်နံရံမှ ပွင့်နေသည့် လျှို့ဝှက် ထွက်ပေါက်တစ်ခု တွေ့သွားခဲ့သည်။

ထိုလမ်းကြောင်းသည် အလွန် သိုဝှက်ကာ သူ့ဘေးတွင် အပိတ် ဖြစ်ဟန်ရှိသည့် ကြီးမား ထူထပ်သော ကျောက်တုံး တစ်တုံး ရှိနေသည်။ ဘေးမှကြည့်လျှင် လမ်းကြောင်း တစ်ခု ရှိနေသည်နှင့် မတူဘဲ သဘာဝအတိုင်း ဖြစ်တည်နေသည့် ကြီးမားသော ကျောက်တုံးကြီးကိုသာ မြင်နေရသည်။ ကျောက်တုံးသည် မည်မျှ ကြီးမားသည်ဆိုလျှင် သူတို့အဖွဲ့ထဲမှ အင်အား အကြီးဆုံး ဝိညာဉ်သခင်သည်ပင် ရွှေ့အောင် မတွန်းနိုင်ချေ။

ထိုကျောက်တုံးပေါ်တွင် အစီအရင် တစ်ခုရှိနေကာ ယခုအချိန်တွင် ထိုအစီအရင်သည် ပျက်ပြယ်လုနီးပါး ဖြစ်နေပြီဖြစ်၏။ ထိုထဲ ဝင်သွားသည့် အချိန်တွင် လူအသုံးအဆောင် ပစ္စည်းများကို တွေ့လိုက်ရသည်။ ပစ္စည်းများ အားလုံးသည် ရှုပ်ပွပြန့်ကျဲနေကာ ထိုလူများက အလောတကြီး ထွက်သွားရခြင်း ဖြစ်ကြောင်း သိသာပေသည်။

ထိုလူများက ဘယ်လို အဖြစ်အပျက်တွေကြောင့် ထွက်သွားရလဲဆိုတာ သူတို့ မသိပါ၊ ဝင်ပေါက်ကိုပင် ပြန်မပိတ်နိုင်ခဲ့ကြ။

လက်ရှိ အခြေအနေကို သုံးသပ် ကြည့်လိုက်မည် ဆိုလျှင် ဤနေရာသည် လူပေါင်း တစ်ရာခန့် အခြေချ နေထိုင်ရန် အလွန် သင့်တော်သည့် အခြေစိုက်စခန်း ဖြစ်သည်။

သူတို့အုပ်စု ထိုနေရာကို အကြိမ်ပေါင်းများစွာ အပေါ်အောက် စစ်ဆေး ကြည့်ရှု ခဲ့ကြသော်လည်း ခွေးတစ်ကောင် ကြောင်တစ်မြှီးကိုမှ မမြင်ခဲ့ရ။ အန္တရာယ် အရိပ်အယောင်လည်း နည်းနည်းမျှ မတွေ့ရပေ။ သားရဲများ၊ အင်းဆက်များလည်း တစ်ကောင်တလေမှ မတွေ့ရ၊ ဘာဆိုဘာမှ မရှိသည့် တဲစခန်း တစ်ခုပင်ဖြစ်သည်။

“ကြည့်ရတာ ဒီနေရာက နေရာကောင်း တစ်ခုပဲ”

ဝမ်ရှန်း အနောက်ဆုံးမှ နေ၍ ပြောလိုက်သည်။ အစကတည်းက ယခုအချိန်အထိ ဝမ်ရှန်းသည် စုန့်ရန် လက်ကိုသာ ဆုပ်ကိုင်ထားခဲ့၏။ သူတို့နှင့် လိုက်ကာ ဂူအတွင်း မရှာဖွေခဲ့၊ စုန့်ကျီမင်နှင့် အခြားသူများ နောက်လိုက်ကာ တောင်ကြားထဲ စစ်ဆေးခြင်းမျိုးလည်း မလုပ်ခဲ့။ သူ့နေရာ၌သာ ရပ်ကာ သူတို့ ကြိုးစား လုပ်ကိုင် နေကြသည်ကို ကြည့်နေခဲ့သည်။

“အင်း ဟုတ်တယ်။ တော်တော် ကောင်းတယ်”

စုန့်ကျီမင် သဘောတူကြောင်း ခေါင်းညိတ် လိုက်သည်။

ဤနေရာသည် ကာကွယ်ခြင်းဘက် ဦးစားပေးကာ အခြားသူများ ဝင်ရောက် တိုက်ခိုက်ရန် ခက်ခဲသည့် နေရာတစ်နေရာ ဖြစ်သည်။ တောင်အောက်တွင် သေးငယ်သည့် မြစ်တစင်းရှိကာ စခန်း အောက်ခြေတွင် မြေအောက် မြောင်းတစ်စင်း ရှိ၏။ အစားအသောက် အလုံအလောက် ရှိမည်ဆိုလျှင် ဤနေရာတွင် လူပေါင်း ရာနှင့်ချီ နှစ်အနည်းငယ်ကြာ ရှင်သန် နေထိုင်ရန် ပြဿနာ မရှိပေ။

“အဲ့ဒီတော့ ငါတို့ ပြန်လို့ ရပြီလား”

ဝမ်ရှန်း သူတို့ လုပ်နေသည်ကို ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ ထိုသို့ ပြောပြီးနောက် တစ်စုံတစ်ခုအား စဉ်းစားမိသွားကာ ထပ်တိုး ပြောလိုက်သည်။

“ဒီနေရာကို စောင့်ကြပ်ဖို့ လူတချို့ ထားခဲ့ပြီး သူတို့ကို နောက်တစ်ခေါက် ထပ်ဝင်လာမယ့် လူတွေကို စောင့်နေခိုင်းလို့လည်း ရပါတယ်”

ထိုကဲ့သို့ ပြောနေစဉ်တွင် ဝမ်ရှန်းသည် စုန့်ရန်၏ လက်ကို ဆက်လက် ဆုပ်ကိုင် ထားဆဲဖြစ်၏။ ထို့နောက် အနောက်၌ ရှိနေသည့် ကျောက်နံရံအား တဖြည်းဖြည်းချင်း ကျောကပ် လိုက်သည်။

ဤနေရာ၌ ရှိနေသည့် လူများအားလုံး အဝိုင်း ခံနေရသည်ဟု တိုက်ပွဲဝိညာဉ်က သူ့အား ရှင်းရှင်းလင်းလင်းကြီး ပြောပြနေသည်။ ယခုလိုမျိုး ကျောက်တုံးကို ကျောကပ် ထားခြင်းအားဖြင့် ဝမ်ရှန်းနှင့် စုန့်ရန်တို့သည် သူတို့ နောက်ကျောအတွက် စိတ်ပူစရာ မရှိတော့ပေ။ အရှေ့ကိုသာ ဂရုစိုက်ရတော့မည် ဖြစ်၏။

စုန့်ကျီမင်သည် သူ၏ဝိညာဉ် အဆင့်ဖြင့်ပင် သူတို့ အဝိုင်း ခံနေရကြောင်း သတိမထားမိဘဲ ဖြစ်နေသည်။ ဤရန်သူများက ဘယ်လောက်တောင် ကြောက်စရာ ကောင်းသနည်း…

ထိုလူများသည် စုန့်ရန်၏ အဖေနှင့် စုန့်မိသားစုမှ အခြား လက်ရွေးစင် ဝိညာဉ်သခင် အုပ်စု ဖြစ်နိုင်သည်။ ထို့ကြောင့် ယခုလို အချိန်မျိုးတွင် စုန့်ရန်နှင့် အနီးကပ် နေခြင်းက အလုံခြုံဆုံး နည်းလမ်းပင် ဖြစ်သည်။

“ကောင်လေး၊ မင်း ငါတို့ စုန့်မိသားစုထဲ ဝင်ချင်တယ်ဆိုရင် ဒီတစ်ခေါက်မှာ ငါတို့ အကြီးအကဲမင်ကို တင်ပြပြီး မင်းကို မမလေးနဲ့ လက်ထပ် ခိုင်းလိုက်မယ”

စုန့်ကျီမင်သည် အန္တရာယ်ကို သတိမပြုမိ သေးဘဲ ဝမ်ရှန်းအား အနိုင်ယူရန် ဆက်လက် ကြိုးစားလိုက်သည်။

သို့သော် ဝမ်ရှန်း၏ လက်ထဲတွင် သူ့အားသာချက် ရှိသေးပေသည်။ ဝမ်ရှန်း မရှိလျှင် အနည်းဆုံး လူတစ်ဝက်ခန့် ဤနေရာမှ ပြန်ထွက်နိုင်မည် မဟုတ်ပေ။ ထို့အပြင် ဤနေရာ ရှိကြောင်း သိသွားပြီ ဖြစ်သော်လည်း အပြင်ရောက်ပြီး နောက်တွင် ဝမ်ရှန်း မရှိပါက ဤနေရာအား ထပ်ရှာတွေ့နိုင်ခြေက ၁၀ ရာခိုင်နှုန်းပင် မရှိပေ။

ပုန်းအောင်းနေသည့် လူများသည်လည်း စုန့်ကျီမင်၏ စကားကို ကြားသွားခဲ့သည်။ ထိုထဲမှ တစ်ယောက်သည် ထိုစကားကြောင့် ဒေါသ ထွက်သွားကာ အေးစက်စွာ နှာခေါင်းရှုံလိုက်၏။

“ငါ့သမီးနဲ့ လက်ထပ်ချင်တယ် ဟုတ်လား… အိပ်မက် မက်နေလိုက်…”

အားလုံး၏ အာရုံသည် ဝမ်ရှန်းပေါ်၌ ရှိနေသည့် အတွက်ကြောင့် ထိုအဖြစ်အပျက်ကို မည်သူမှ သတိမထားမိ လိုက်ကြချေ။

“ငါတို့ သဘောတူ ထားတာက သင့်တော်တဲ့ နေရာ ရှာတွေ့ပြီးရင် ပြန်မယ်၊ ပြီးတော့ ငါနဲ့ရန်လေး လက်ထပ်ပြီးပြီလို့ ပြောပေးမယ်လို့ သဘောတူ ထားတာလေ”

ဝမ်ရှန်း ခေါင်းခါယမ်းကာ ပြောလိုက်သည်။

“ရက်ဘယ်လောက်မှ မကြာသေးဘူး။ အခုလို အပြောင်းအလဲက မမြန်လွန်းဘူးလား…”

“မင်း အဲ့လောက်ထိတော့ မရိုးအဘူး မလား…”

စုန့်ကျီမင် ရယ်ကာ ပြောလိုက်သည်။

“ဝူရုံမြို့မှာ နေတဲ့ လူတစ်ယောက်က ဒီလို ကတိစကားတွေကို ယုံတယ်တဲ့လား…”

“အဲ့လိုဆိုရင် ခင်ဗျားတို့က ရန်လေးကို လက်နက် အနေနဲ့ အသုံးချခဲ့ကြတာပေါ့။ သူ့ကို ခင်ဗျားတို့ ပေးချင်တဲ့လူ ဘယ်သူ့ဆီကိုမဆို ပေးလို့ရတယ်လို့ ပြောချင်တာလား…”

ဝမ်ရှန်း ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

“အရင်တုန်းက ရန်လေးကို သိုက်ဟွမ်ဆီ ထိုးကျွေးခဲ့တယ်။ ပြီးတော့အခု ရန်လေးကို သုံးပြီး ကျုပ်ကို ဖြားယောင်းတယ်။ အဲ့ဒီတော့ ဒါပြီးသွားရင် ရန်လေးကို ဘယ်သူ့ဆီ ထိုးကျွေးဦးမှာလဲ”
***

Comment

Leave a Reply

Options

not work with dark mode
Reset