အပိုင်း ၂၉၄
ငါ့သမီးနဲ့ လက်ထပ်ချင်တယ် ဟုတ်လား… (၁)
အစီအရင် ဆရာလက်ထဲရှိ အစီအရင် ကျောက်တုံးသည် သာမန်အစီအရင် ကျောက်တုံး မဟုတ်ပေ။ သိပ်မကြာသေးခင်ကမှ အစီအရင် ဆရာများ စုဝေးပွဲ၌ စုန့်မိသားစုမှ တန်ကြေး ကြီးကြီးပေးကာ ဝယ်ယူထားသည့် ကျောက်တုံး ဖြစ်သည်။
ဤကျောက်တုံးသည် တိုက်ခိုက်ခြင်း၊ ခုခံကာကွယ်ခြင်း၊ ပုန်းကွယ်ခြင်း၊ ထိန်းချုပ်ခြင်း အစရှိသည့် အရာများကို မလုပ်ဆောင်နိုင်ပေ။ တိုက်ခိုက်ရာတွင် အစီအရင်ကို အကူအညီ အနေဖြင့် လိုအပ်သည့် လူများအဖို့ ဤကျောက်တုံးမှာ အနည်းငယ်မျှ အသုံးမဝင်နိုင်ပေ။ သူ၏ တစ်ခုတည်းသော လုပ်ဆောင်ချက်မှာ ဘေးပတ်ဝန်းကျင်ရှိ မတည်မငြိမ် ဖြစ်နေသော အစီအရင်ကို အားဖြည့်ပေးခြင်း ဖြစ်သည်။
ထိုလုပ်ဆောင်ချက်က ဝိညာဉ်သခင်များကို တိုက်ခိုက်ရာ၌ အထောက်အပံ့ မဖြစ်စေနိုင်သော်လည်း အစီအရင် ဆရာများ အတွက်မူ အလွန် ရှားပါးသည့် ပစ္စည်းတစ်ခု ဖြစ်သည်။
အစီအရင် ပညာရပ် လေ့လာစဉ်တွင် မတည်မငြိမ် ဖြစ်နေသည့် အစီအရင်ကို အဆပေါင်း များစွာ အားဖြည့် ပေးနိုင်မည်ဆိုပါက အချိန်ကြာလာလျှင် အစီအရင် တစ်ခု၏ သန်မာမှုနှင့် အစီအရင်က မှားနေလား၊ မှန်နေလား ဆိုတာမျိုးတွေကို ခံစားနိုင်ပြီဖြစ်၏။
ဤကျောက်တုံးမျိုးကို လွန်ခဲ့သည့် သုံးနှစ်ကမှ အစီအရင် အရာ၌ အထွတ်အထိပ် ဖြစ်သည့် ဆရာတစ်ခုက ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် ဆိုလျှင် မတည်မငြိမ် ဖြစ်နေသည့် အစီအရင်များကို သာမန် အစီအရင် ဆရာများ မရှာနိုင်ပေ။ စုန့်မိသားစုမှ အစီအရင် ဆရာသည်လည်း ထိုကျောက်တုံးကြောင့်သာ သဲလွန်စ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
တောင်ကုန်း တည်ရှိရာ ဘက်သို့ ပိုတိုးသွားလေ အစီအရင် မတည်ငြိမ်မှုက ပိုပြင်းထန် လာလေဖြစ်၏။ အစီအရင် ဆရာ၏ သွားရင်း ပြောနေသည့် စကားများကြောင့် အားလုံး ရုတ်တရက် အလွန် စိတ်လှုပ်ရှား လာခဲ့ကြသည်။
အစီအရင် ရှိနေသည် ဆိုမှတော့ တစ်ယောက်ယောက် နေထိုင်နေကြောင်း ဆိုလိုခြင်း ဖြစ်သည်။ မည်သူမှ တစ်ဉီးတစ်ယောက်မျှ မရှိသော်ငြားလည်း ဂျင်ဒီနယ်မြေ အတွင်းတွင် အစီအရင်တစ်ခု အသက်ဝင် နေသေး၏။ သူတို့ထဲတွင် ဤအစီအရင်ကို ဝမ်ရှန်းက အသက်သွင်းခဲ့ခြင်း မဟုတ်ပါက အခြားမည်သူ ဖြစ်နိုင်မည်နည်း။ သားရဲ တစ်ကောင်ကောင်များလား…
သားရဲများ၌ အစီအရင်များကို အသက်သွင်းခြင်းမျိုးက ယခင် တစ်ခေါက်မှ မဖြစ်ပေါ်ခဲ့ဖူးသည့် ကိစ္စမျိုးတော့လည်း မဟုတ်။ မိသားစု စစ်ဆေးမှုကို ဖြတ်ကျော်ရသည့် အချိန်၌ စုန့်ရန် ရင်ဆိုင်ခဲ့ရသည့် မြွေများက ချုပ်နှောင်ခြင်း အစီအရင်ကို အသက်သွင်းခဲ့သည်။ သို့သော် ထိုအရာသည်လည်း တစ်ယောက်ယောက်က ထိုမြွေ၏ အသွေးအသားထဲ၌ ဝိညာဉ်စွမ်းအားဖြင့် အသက်သွင်း၍ ရသည့် အစီအရင်ကို မြှုပ်ထားခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ဆိုလျှင် သားရဲများ၏ ကိုယ်တွင်း၌ အစီအရင် ထည့်ပေးသည်မှာ လူသားများပင် ဖြစ်၏။
ကျန်သည့် စုန့်မိသားစု အဖွဲ့ဝင်များ နည်းတူ စုန့်ရန်လည်း စိတ်လှုပ်ရှား သွားခဲ့သည်။ ဤနေရာ၌ လူရှိသည်ဆိုလျှင် သူမအဖေနှင့် အခြားသူများက…
သို့သော် ဝမ်ရှန်းကတော့ စိတ်လက်မအီမသာ ဖြစ်နေ၏။
ဝမ်ရှန်း သူတို့အားလုံးကို အချိန်ကိုက် သတိပေး လိုက်သည်။
“ခင်ဗျားတို့ ဘာလုပ် နေကြတာလဲ။ အဲ့မှာ ဘာတွေပဲရှိရှိ အန္တရာယ်များတဲ့ သားရဲတွေ ရှိနေမှာပဲ။ ဒီနေရာက ဂျင်ဒီနယ်မြေကွ… အန္တရာယ်ကို ကြိုသိရတဲ့ နေရာမျိုး မဟုတ်ဘူး”
စုန့်ကျီမင် ဝမ်ရှန်းအား လှည့်ကြည့်ကာ အထင်သေးဟန်ဖြင့် – “မင်း ကြောက်နေရင်၊ နောက်ဆုတ်နေလိုက်”
“ဟုတ်ပြီ…”
ဝမ်ရှန်း အားရပါးရ ခေါင်းညိတ်ကာ စုန့်ရန်ကို ဆွဲခေါ်၍ အနောက်ဆုံးသို့ သွားလိုက်သည်။ စုန့်လောင်ယုသည်လည်း သူတို့နှင့် လိုက်ခဲ့သည်ပင်။
“နင် ဘာလုပ် နေတာလဲ”
စုန့်ရန် ဝမ်ရှန်း လက်တွင်းမှ လွတ်အောင် ကြိုးစားသော်လည်း မရုန်းနိုင်သောကြောင့် သူမလည်း အဖွဲ့အနောက်သို့ ရောက်သွားခဲ့သည်။ ဝမ်ရှန်းအား မကျေမနပ် စိုက်ကြည့်ကာ သူမ၏ မျက်လုံးများသည် မီးပွင့်ထွက်တော့မတတ် ဖြစ်နေ၏။
စုန့်ရန်သည် သူမ အဖေကို မြင်ရတော့မည့် အချိန်တွင် ဝမ်ရှန်းက ဤကဲ့သို့ လာဆွဲ ထားသောကြောင့် ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေမည်နည်း…
“သေရမှာ ကြောက်လို့ဟ…”
ဝမ်ရှန်းမှ ပြောလိုက်သည်။ အခြား ဝိညာဉ်သခင်များ ဆိုလျှင် သူတို့သည် ထိုကဲ့သို့ ခံစားရသည် ဆိုလျှင်ပင် ရှက်သောကြောင့် ပြောမည် မဟုတ်ပေ။
“မင်းက သေမှာကို ပိုပြီးတော့တောင် ကြောက်တတ် သေးတယ်”
အရှေ့ဘက်ရှိ စုန့်မိသားစုအဖွဲ့ထံမှ လှောင်ရယ်သံ ထွက်ပေါ်လာခဲ့သည်။ ဝမ်ရှန်းက ဤကဲ့သို့ သေရမည်ကို ကြောက်သည့်လူ တစ်ယောက် ဖြစ်လိမ့်မည်ဟု သူတို့ တကယ် မထင်ထားခဲ့ခြင်း ဖြစ်သည်။
စုန့်ရန်မှ ဝမ်ရှန်းအား မီးပွင့်မတတ် စိုက်ကြည့် နေသော်လည်း ဝမ်ရှန်းသည် စုန့်ရန်အား တည်တည်ငြိမ်ငြိမ်ပင် ပြန်ကြည့်နေခဲ့၏။ နောက်ဆုံးတွင် စုန့်ရန်၏ ဒေါသများ ပြေငြိမ်းသွားကာ သူမမျက်လုံးများ နူးညံ့ညင်သာ သွားခဲ့၏။
အဓိက အင်အားစုငါးခုကို စော်ကားရဲကာ ဂျင်ဒီနယ်မြေထဲ အထိ လိုက်သတ်ခံရသည့် လူတစ်ယောက်က သေရမည်ကို ကြောက်သည်တဲ့လား… ဘယ်လိုတောင် မရယ်ရတဲ့ ဟာသမျိုးလဲ…
သို့သော် ဝမ်ရှန်းသည် ထိုစကားကို အရှက်ကွဲမည်ကို နည်းနည်းလေးပင် မစိုးရိမ်ပဲ ပြောခဲ့ခြင်း ဖြစ်သည်။ အလွန် လေးနက်စွာ၊ အလွန် ကျယ်လောင်စွာဖြင့် ပြောခဲ့ခြင်းဖြစ်၏။ ထိုစကားနှင့် ပတ်သက်ပြီး အကြောင်းအရင်း တစ်ခုခု မရှိဘူးဆိုလျှင် ဦးနှောက် မပါသည့် လူသာ ယုံပေလိမ့်မည်။
“အရှေ့မှာ ကြောက်စရာ ကောင်းတဲ့ သားရဲတွေ ရှိနေလို့လား”
စုန့်ရှန် လေသံပျော့သွားကာ အနည်းငယ် တောင်းပန်သည့် အသံဖြင့် မေးလိုက်၏။
“မရှိဘူး…”
ဝမ်ရှန်း ခေါင်းခါလိုက်သည်။ အန္တရာယ် သတိပေးချက်များ ရှိသော်လည်း ထိုအရာက ရက်စက် ကြမ်းကြုတ်သည့် သားရဲမဟုတ်ပေ။ ဘယ်လောက်ပဲ ကြောက်စရာ ကောင်းသည့် သားရဲများ ဖြစ်နေပါစေ ဤကဲ့သို့ အအုံလိုက် ပူးပေါင်းနိုင်ရန် မဖြစ်နိုင်ပါ။
“အဲ့ဒါဆို အန္တရာယ်များတဲ့ ပိုးမွှားကောင်တွေ ရှိနေလို့လား” စုန့်ရန် နောက်မေးခွန်း တစ်ခု မေးလိုက်သည်။
ပြောရမည် ဆိုလျှင် ထိုမေးခွန်းများကို သိချင်နေသည်မှာ စုန့်ရန် တစ်ယောက်တည်း မဟုတ်ချေ၊ စုန့်လောင်ယု၊ စုန့်ကျီမင်နှင့် အခြားလူများလည်း ထိုနည်း လည်းကောင်းပင်ဖြစ်၏။ ခရီးစဉ် တစ်လျှောက် ဝမ်ရှန်း ပြသခဲ့သည့် အန္တရာယ်ကို ကြိုခန့်မှန်းနိုင်သည့် စွမ်းရည်သည် အလွန်တိကျ မှန်ကန်ခဲ့သည်။ ထို့ပြင် ယခုအချိန်တွင် ဝမ်ရှန်းမှ ပုံမှန်မဟုတ်စွာ နောက်ဆုတ်ခဲ့၏။
“မဟုတ်ဘူး…”
ဝမ်ရှန်း ဆက်လက် ခေါင်းခါ လိုက်သည်။
“အဲ့လိုတွေနဲ့ ပတ်သက် ပြီးတော့ အန္တရာယ် မရှိဘူး”
သားရဲတစ်ကောင် သို့မဟုတ် အန္တရာယ်ရှိသည့် ပိုးမွှားကောင်မှ မရှိနေဟု ကြားလိုက် ရသောအခါ အားလုံး စိတ်သက်သာရာ ရသွားခဲ့ကြသည်။ သို့သော် အခြားမည်သည့် အန္တရာယ်များက ဝမ်ရှန်းကို အရှေ့မတက်အောင် တားနေခြင်း ဖြစ်သနည်း…
“အဲ့ဒါဆို နင်က ဘာကို ကြောက်နေတာလဲ”
စုန့်ရန် နားမလည်စွာ မေးလိုက်သည်။
“မသိဘူး…”
ဝမ်ရှန်း စဉ်းစားဟန်ပြုကာ မသေချာ မရေရာ ဖြေလိုက်သည်။
“ခန့်မှန်းလို့မရတဲ့ အရာတစ်ခုခုပဲ။ အဲ့ဒါက အန္တရာယ် ရှိမရှိတောင် မသေချာဘူး…”
“သိတောင် မသိတာကို ဘာကို ကြောက်နေတာလဲ…”
ဝမ်ရှန်း အဖြေကြောင့် စုန့်ရန် ဒေါသ ပြန်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။
“မသိလို့ကို ကြောက်နေတာ…” ဝမ်ရှန်း ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“ဘာလဲဆိုတာ သိနေရင် ကြောက်မှာတောင် မဟုတ်ဘူး”
အရှေ့မှ တိတ်တဆိတ် ခိုးနားထောင် နေသည့် လူများ နောက်တစ်ကြိမ် ကြောင်အ သွားခဲ့ကြသည်။ ရုတ်တရက် ဝမ်ရှန်း ဆိုလိုသည်ကို သူတို့ စတင် နားလည် လာခဲ့သည်။ ဟုတ်ပါသည်၊ မသိသည့် အရာသည် ကြောက်စရာ ကောင်း၏။ ဘာလဲဆိုတာ သိနေမည်ဆိုလျှင် သိပ်ပြီး ကြောက်နေစရာ မလိုပေ။
တစ်ဖက်ကို သိမည်ဆိုလျှင် တစ်ဖက်၏ အားနည်းချက်၊ ဟာကွက်များကို သိကာ ကိုင်တွယ်ရန် နည်းလမ်း ရှိပေမည်။ ဤကမ္ဘာပေါ်တွင် ကိုင်တွယ်၍ မရသည့် သားရဲဟူ၍ မရှိပါ။ သို့သော် ဘာလဲ ဆိုတာကိုပင် မသိဘူးဆိုလျှင် ဘာကိုမှ အတည်ပြု၍မရ။ ထို့ကြောင့် စိတ်ထဲ၌ စိုးရိမ်စိတ်တော့ ဖြစ်ပေါ်မည်ပင် ဖြစ်သည်။
အကြောင်းပြချက်က ဤအရာဆိုလျှင် အားလုံး နားလည် ပေးနိုင်၏။ အထူးသဖြင့် စုန့်ကျီမင် ဖြစ်သည်။ ဝမ်ရှန်း ပြောခဲ့သည့် စကားက သူ့ကို တွေးတွေးဆဆ ဖြစ်သွား စေခဲ့သည်။ သူတို့၏ တကယ့် ရည်ရွယ်ချက်က ဘာလဲ ဆိုတာကို ဝမ်ရှန်း မသိပေ။
သူတို့အရှေ့တွင် လွန်ခဲ့သည့် ဆယ်နှစ်က သူတို့မိသားစုမှ ပျောက်သွားသည့် အုပ်စု တကယ် ရှိနေနိုင်သည်။
အကြီးအကဲများ ချမှတ် ပေးထားသည့် အလုပ်တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင် နိုင်တော့မည်ဟု တွေးကြည့် လိုက်သည့် အချိန်တွင် စုန့်ကျီမင် စိတ်လှုပ်ရှား သွားခဲ့သည်။ စိတ်လှုပ်ရှားလွန်း၍ ဖုံးကွယ်ထားသည့် သူ၏ဝိညာဉ်အဆင့်ကို ဖော်ထုတ်လုမိ နီးပါးပင် ဖြစ်သွားခဲ့၏။
မည်သို့ဆိုစေ ဝမ်ရှန်းသည် စုန့်ရန်ကို အဖွဲ့၏ နောက်ဆုံး နေရာအထိ ဆွဲခေါ်လာခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် စုန့်ရန်သည် မည်မျှပင် စိတ်အလောကြီး နေသော်လည်း နောက်ဆုံး၌သာ ရှိနေရသည်။ ဝမ်ရှန်း စကားများကို ကြားသောအခါ စိတ်ထဲ၌ သူမကိုယ်သူမ သတိပေး နေခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ နောက်ဆုံးတွင် သူမသည် သူမအဖေကို တွေ့ရမည်ဖြစ်၏။ အရင်ဆုံးပဲ တွေ့တွေ့၊ နောက်ဆုံးပဲ တွေ့တွေ့ အတူတူပဲ မဟုတ်ပါလော။
သို့သော် အရှေ့၌ ရှိနေသည်က သူမအဖေတို့ အဖွဲ့ မဟုတ်ပါက အဖွဲ့၏ ရှေ့ဆုံးနှင့် နောက်ဆုံး၌ ရှိနေခြင်းက သေခြင်း တရားရှင်ခြင်း တရားကို ဆုံးဖြတ် ပေးနိုင်ပေသည်။
***