အပိုင်း ၂၉၃
အရင် ပူးပေါင်းကြမယ်
“နှစ်”
ထိုအချိန်တွင် စုန့်ရန်၏ မျက်လုံးက ရုတ်တရက် လင်းလက်လာခဲ့သည်။ ဝမ်ရှန်း၏ မေးခွန်းက ဘယ်လောက် အရေးပါကြောင်း ချက်ချင်း နားလည်သွားကာ စုန့်ကျီမင်တို့ဘက် ချက်ချင်း လှည့်လိုက်၏။ အကြီးအကဲများသည် သူတို့လုပ်ရမည့် တာဝန်များကို စုန့်ရန်အား အမှန်အတိုင်း အသေးစိတ် မပြောခဲ့ကြ၊ ထို့ကြောင့် ဂျင်ဒီ နယ်မြေများထဲ အလွန် အရေးပါသော ပစ်မှတ်များကို ရှာဖွေနေသည် ဟုသာ စုန့်ရန် သိထားသည်။
သို့သော် စုန့်ကျီမင်တို့ နှစ်ယောက်ကတော့ ထိုကဲ့သို့ မဟုတ်လောက်ပေ။ သူတို့သည် အကြီးအကဲများထံမှ ညွှန်ကြားချက် အသေးစိတ်ကို ရရှိကာ ဘယ်ကို ရှာနေတာလဲ ဆိုတာကို သိနိုင်လောက်၏။
ဝမ်ရှန်း၏ ငြင်းချက်ထုတ်၍ မရသည့် မေးခွန်းက စုန့်ကျီမင်တို့ နှစ်ယောက်အား ချောင်ပိတ် သွားစေခဲ့သည်။ သူတို့၏ ရည်ရွယ်ချက်ကို ဝမ်ရှန်းနှင့် စုန့်ရန်တို့အား ပြောပြရန် မသင့်တော်ချေ။ ဝမ်ရှန်းတို့နှင့်လည်း မပူးပေါင်းချင်ပေ။
“တကယ်တော့ ဒီတိုင်း တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုခုများ ရှိမလားလို့ ဝင်ရှာမိတာ”
“တော်ဝင်မိသားစုလိုပဲ ရည်ရွယ်ချက် တိတိကျကျတော့ မရှိဘူး”
အခြားဝိညာဉ် တစ်ယောက်က ကိုးရိုးကားရား အခြေအနေကို အလျင်အမြန် တုံ့ပြန်ကာ ပုံမှန်အတိုင်း ပြန်ဖြေလိုက်၏။
“တော်ဝင်မိသားစုက ဒီတိုင်း တောင်စဉ်ရေမရ လျှောက်ရှာ ခဲ့ကြတာ မဟုတ်ဘူး”
ဝမ်ရှန်း ခေါင်းခါကာ ပွင့်ပွင့်လင်းလင်း ငြင်းလိုက်၏။
“ကိုင်ရွှယ်နန်းတော်လည်း အဲလိုပဲ။ သူတို့ရဲ့ ရည်ရွယ်ချက်က တော်တော်ကို တိကျတယ်။ ပြီးတော့ သတ်မှတ်ထားတဲ့ အကွာအဝေး အတောအတွင်းမှာပဲ ရှာတာ။ ခင်ဗျားတို့နဲ့ မတူဘူး၊ ခင်ဗျားတို့က ဒီနေရာကို ရှာနေတာ သုံးလေးခေါက် မကတော့ဘူး”
ဝမ်ရှန်း အခြားတစ်ဖက်၏ လျှောက်လဲချက်ကို ပယ်ချကာ မကျေနပ်စွာ ပြောလိုက်သည်။
“ခင်ဗျားတို့ ဒီတိုင်းပဲ လျှောက်ရှာနေမယ်ဆိုရင် ဘာမှ မတွေ့ဘူးဆိုတာ အာမခံရဲတယ်”
စုန့်ကျီမင်တို့ နှစ်ယောက် သူကိုငါကြည့် ငါ့ကိုသူကြည့် ဖြစ်ကုန်ကြသည်။ ဝမ်ရှန်း ပြောသည့် စကားများသည် အလကား သက်သက် မဟုတ်ချေ။ ခြိမ်းခြောက်မှုလည်း အနည်းငယ် ပါနေ၏။ သူတို့ ရှာနေသည့် အရာသည် လျှို့ဝှက်သည့် အရာတစ်ခုဖြစ်သည်။
ဝမ်ရှန်း၏ အကူအညီမရှိပဲ သူတို့ သဲလွန်စ နည်းနည်းလေးပင် ရှာတွေ့နိုင်မည် မဟုတ်ပေ။
ဉပမာအားဖြင့် ယခု သူတို့ တည်ရှိနေသည့် နေရာသည် သစ်တော ထူထပ်နေခြင်းကို ဝမ်ရှန်း တစ်ဉီးတည်းသာ သတိထားမိခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ဆိုလျှင် သူတို့၏ ရည်ရွယ်ချက် အစစ်အမှန်ကို သူတို့ပြောပြသင့်သည့် အနေအထားဖြစ်သည်။
သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် နောက်တစ်ကြိမ် ကြည့်ကာ နောက်ဆုံးတွင် စုန့်ကျီမင်က အံကြိတ်၍ ပြောလိုက်သည်။
“တကယ်တော့ ငါတို့က အယောက်တစ်ရာလောက် နေလို့ရပြီး အခြေစိုက် စခန်းတစ်ခု ဆောက်လို့ရမဲ့ နေရာမျိုးကို ရှာနေတာ.. အဲတာဆိုရင် နောက်တစ်ခေါက် ဒီထဲလာချင်ရင် နေလို့ရတာပေါ့”
သူတို့ပြောသည့် စကားထဲတွင် အယောက် တစ်ရာ နေလို့ရသည့် နေရာကို ရှာနေခြင်း ဖြစ်သည် ဟူသည် တစ်ဝက်သာ မှန်ပေသည်။ အခြားတစ်ဝက်ကတော့ အလိမ်အညာပင် ဖြစ်၏။
ထိုစကားကြောင့် စုန့်မိသားစုမှ အကြီးအကဲများလည်း သူတို့ ခေါင်းဆောင်က ဂျင်ဒီနယ်မြေထဲတွင် အသက်ရှင် နေသေးကြောင်း သံသယ ရှိသည်ကို ဝမ်ရှန်းနှင့် စုန့်ရှန်တို့ သိသွားကြသည်။
“အဲလိုကိုး…”
ထို့နောက် ဝမ်ရှန်း သူ့မေးစေ့ကို သူပွတ်ကာ စဉ်းစားဟန်ဖြင့် –
“နေရာ တစ်နေရာ လောက်ကို ရှာဖို့ဆိုရင်တော့ လွယ်ပါတယ်။ ဒါပေမဲ့ ရှာတွေ့နိုင်ရင် ဘာရနိုင်မှာလဲ”
ဝမ်ရှန်း၏ ပထမ စကားကြောင့် စုန့်ကျီမင်တို့ နှစ်ယောက် ပျော်သွားကြသည်။ သို့သော် နောက်ပိုင်း စကားကို ကြားပြီး သူတို့နှစ်ယောက် နင်သွားကြသည်။
ရွှေဒင်္ဂါးများ ပေးမည်ဆိုလျှင် ဝမ်ရှန်းသည် အစောကတည်းက ရှင်းရှင်းလင်းလင်း ပြောခဲ့ခြင်း ဖြစ်၏။
ဆေးပြား သို့မဟုတ် ကျင့်စဉ်များ ပေးမည်ဆိုလျှင်လည်း စုန့်ကျီမင်သည် စုန့်မိသားစု အကြီးအကဲများကဲ့သို့ ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။
ထိုသို့ ကြံရခက် နေချိန်တွင် အပေါ်သို့ ကြည့်လိုက်ချိန်၌ ဝမ်ရှန်းဘေး၌ စုန့်ရန်အား တွေ့လိုက်ရကာ –
“ငါတို့ အဲ့နေရာကို ရှာတွေ့မယ်ဆိုရင် ငါတို့အားလုံး ပေါင်းပြီးတော့ မင်း ရန်လေးကို လက်ထပ်လိုက်ပြီလို့ အကြီးအကဲတွေကို ပြောပေးမယ်.. ဘယ်လိုလဲ”
လိုအပ်လာသည့် အချိန်တွင် စုန့်ကျီမင်သည် စုန့်ရန်အား တရင်းတနှီး ခေါ်ရန်လည်း တတ်နိုင်ပေသည်။
စုန့်ရန်မှ ငြင်းရန် ပြင်လိုက်သည့် အချိန်မှာပင် ဝမ်ရှန်းဘက်မှ ရယ်ကာ ..
“ဟုတ်ပြီ သဘောတူတယ်”
စုန့်ရန် ရှက်သွားကာ ဝမ်ရှန်းအား ဆူငေါက်ချင်စိတ်များ ဖြစ်သွားသည်။ သို့သော် ဘာကို ဆူငေါက်ရမလဲ ဆိုတာ သူမ မသိ။ ထို့ကြောင့် နီရဲနေသည့် မျက်နှာကိုသာ တစ်ဖက်သို့ လွှဲလိုက်သည်။
ထိုပုံစံဖြင့် အဖွဲ့နှစ်ဖွဲ့ ကြား၌ စိတ်ဝမ်းကွဲမှု ဖြစ်သွားနိုင်သည့် ဝရုန်းသုန်းကား အခြေအနေသည် ဝမ်ရှန်း၏ ခေါင်းညိတ်မှု အောက်၌ ပျောက်ကွယ် သွားခဲ့သည်။ သို့သော် နှစ်ဖက်စလုံးသည် သူတို့စိတ်ထဲ၌ လျှို့ဝှက်ချက်များ ရှိနေသည့်အခါ သူတို့၏ အားနည်းချက်ကို မဖော်ထုတ် နိုင်ကြချေ။
“ဘယ်သူ အစီအရင်တွေ ကျွမ်းလဲ”
အခြား အဖွဲ့အစည်းတို့ ပြန်ရောက်သောအခါ ဝမ်ရှန်းသည် ခေါင်းဆောင် တစ်ယောက် အနေဖြင့် အော်မေးလိုက်သည်။
စုန့်မိသားစုမှ ဝိညာဉ်သခင် တစ်ယောက်မှ ချက်ချင်း ထရပ်လာခဲ့၏။ သူ၏ ဝိညာဉ်အဆင့်သည် ပဉ္စမအဆင့် ဖြစ်ကာ ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်လာသည့် လူများထဲတွင် အဆင့်အနည်းငယ် နိမ့်သည်ဟု ဆိုနိုင်ပေသည်။
သို့သော် သူသည် အစီအရင်အရာ၌ ဉီးစားပေးသောကြောင့်လည်း ဖြစ်နိုင်၏။
“လမ်းတစ်လျှောက် သွားရင်း အစီအရင် အကြီးကြီး ဆွဲဖို့ သင့်တော်တဲ့ နေရာ ရှိမရှိ အာရုံစိုက် ကြည့်ထား”
ဝမ်ရှန်းမှ ထိုလူအား ပြောလိုက်သည်။
“အထူးသဖြင့် ခုခံကာကွယ်နဲ့ ဖုံးကွယ်တဲ့ အစီအရင်ကို ဆွဲဖို့ပဲ။ တိုက်ခိုက်ခြင်း အစီအရင်ကို သိပ်ဉီးစားမပေးနဲ့”
အစီအရင် ဆရာမှ ခေါင်းညိတ်ကာ ပြန်လည် တုံ့ပြန်လိုက်သည်။
ထို့နောက်တွင် ခရီးစဉ် တစ်လျှောက်တွင် လူ ၂၀ ကျော်သည် သူတို့သွားသည့် နေရာအား ဂရုတစိုက် ကြည့်လာကြသည်။ ဝမ်ရှန်းနှင့် စုန့်ရန်တို့သည်လည်း ခိုးကြောင် ခိုးဝှက် လုပ်နေစရာ မလိုတော့ပေ။ ပင်ပန်းမှုကလည်း များစွာ လျော့ကျ သွားပြီဖြစ်၏။
သူတို့ ရှာနေသည့် နေရာမျိုးကို ချက်ချင်း ရှာတွေ့မည်ဟု အာမ မခံနိုင်ပေ။ သို့သော် အနည်းဆုံးတော့ ဝမ်ရှန်းသည် အချို့ကို လွတ်လွတ်လပ်လပ် ကြည့်လို့ရပြီ ဖြစ်သည်။
လူပေါင်း ရာချီအတွက် နေရာတစ်နေရာ လိုချင်သည် ဆိုလျှင် အသင့်တော်ဆုံး နေရာမှာ ခုခံကာကွယ်ရန် ကောင်းကာ တိုက်ခိုက်ရန် ခက်ခဲသည့် နေရာမျိုး ဖြစ်သည်။
ဤနေရာသည် မြင့်လွန်း၍လည်း မရပေ၊ မဟုတ်လျှင် ပျံသန်းတတ်သည့် သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံရလိမ့်မည်။
နိမ့်လွန်း၍လည်း မရ၊ အဘယ်ကြောင့်ဆိုသော် ဂျင်ဒီနယ်မြေ၏ ရာသီဉတု အခြေအနေသည် အလွန် ပြောင်းလဲလွယ်၏။ တစ်ခါတစ်ရံတွင် ရေကြီးတတ်ခြင်းများ ရှိကာ အလွန်နိမ့်လျှင် ရေမြုပ် သွားပေလိမ့်မည်။
ထိုကဲ့သို့သော နေရာမျိုးကို ဝမ်ရှန်းမှ စဉ်းစားစရာပင် မလိုပေ။ စုန့်မိသားစုမှ သူတို့ဘာသာသူတို့ တွေးထားပြီး ဖြစ်၏။ သူတို့ ဖြတ်သန်း လာသည့် လမ်းတစ်လျှောက်တွင် တောင်ကုန်း အနည်းငယ် ရှိ၏။ သို့သော် စုန့်ကျီမင်သည် ခေါင်းခါ ယမ်းကာ အမြဲတမ်း အကြောင်းပြချက် တစ်ခုမဟုတ် တစ်ခုပေးကာ ထိုအရာများကို ငြင်းပယ်ခဲ့၏။
သူတို့ ထိုနေရာ၌ ရှိနေသည်မှာ ၁၀ ရက်ကျော်ကာ တစ်လနီးပါး ရှိနေပြီဖြစ်၏။ သို့သော် စုန့်မိသားစုသည် ပြန်မဲ့ဟန် မရှိပေ။ ဝမ်ရှန်းလည်း မလောပေ။ မည်သို့ပင် ဖြစ်စေ သူသည် စုန့်ရန်နှင့် အတူတူ ဖြစ်နေခြင်းပင်။ ထို့ကြောင့် စုန့်ရန်နှင့် နီးနီးကပ်ကပ် ပိုနေလျှင် စုန့်ရန်၏ အလှအောက်၌ သူမျောပါ သွားပြီဟု စုန့်မိသားစု အကြီးအကဲများက ပိုထင်မည် ဖြစ်သည်။
သို့သော် စုန့်ရန်ကမူ နောက်တစ်ကြိမ် စိတ်မရှည် ဖြစ်လာခဲ့၏။ ဝမ်ရှန်း၏ သတိပေးမှုနှင့် ဖုံးကာ ပေးမှုတို့ကြောင့် စုန့်ရန်သည် သူမ၏ ခံစားချက်များကို ဖုံးကွယ် ထားနိုင်ကာ မည်သူမှလည်း သတိမထားမိခဲ့ကြ။
ယနေ့သည် အားလုံး တောင်ကုန်း တစ်ခုစီသို့ ဉီးတည် သွားနေခြင်း ဖြစ်သည်။ ထိုတောင်ကုန်း၏ အမြင့်သည် တောင်ကြော တစ်လျှောက်၌ တဲစခန်းတစ်ခု တည်ဆောက်ရန် သင့်တော်သည့် အမြင့် ဖြစ်သည်။ တောင်ကုန်းနှင့် ၃ – ၄ မိုင်ခန့် အကွာတွင် ဝမ်ရှန်းသည် ရုတ်တရက် တုန်လှုပ်သွားသည်။ သူ၏ ဝိညာဉ်နယ်မြေ အတွင်းရှိှ တိုက်ပွဲဝိညာဉ်ထံမှ အချက်ပေးသံ ပြင်းထန် ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
ထိုသတိပေးချက်သည် သာမန် သတိပေးချက်မျိုး မဟုတ်ပေ။ အလွန် အန္တရာယ်များသည့် သတိပေးချက်မျိုး ဖြစ်သည်။ ထိုအရာသည် ရုတ်တရက် ထွက်ပေါ်လာခြင်း ဖြစ်ရာ ဝမ်ရှန်း သတိထားမိသည့် အချိန်တွင် အနည်းငယ် နောက်ကျသွားပြီ ဖြစ်သည်။
ဘေးပတ်ပတ်လည်မှ နေ၍ သတိပေးချက်များ ထွက်ပေါ်လာကာ ထိုအရာများသည် တဖြည်းဖြည်းချင်း သူတို့ထံသို့ ဝိုင်းအုံကာ ဉီးတည်လာခြင်း ဖြစ်သည်။
ဒါက ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ.. ခြုံခိုလည်း တိုက်ခိုက် တတ်သေးသည်တဲ့လား…
အပုန်းကောင်းကာ အချိန်ကျမှ ရုတ်တရက် ခုန်ထွက်လာသည့် သားရဲမျိုး ဆိုလျှင် ယခုအကောင်များသည် အင်အားကြီးမားသည့် ဝံပုလွေ အုပ်စု တစ်စုပင် ဖြစ်ပေလိမ့်မည်။
ထိုဝံပုလွေအုပ်စုသည် မည်မျှပင် အဆင့်မြင့်နေ၍ တိုက်ပွဲဝိညာဉ်က အမြင့်ဆုံး သတိပေးချက်များ ထုတ်လွှတ် နေရသနည်း။
ဝမ်ရှန်းက သတိပေးရန် ပြင်လိုက်သည့် အချိန်မှာပင် စုန့်မိသားစု အစီအရင် ဆရာမှ ရုတ်တရက် အော်လိုက်သည်။
“မလှုပ်ကြနဲ့..”
အားလုံး ရပ်လိုက်ကြကာ ထိုအစီအရင် ဆရာအား ကြည့်လိုက်ကြ၏။ အစီအရင် ကျောက်တုံး တစ်တုံးကို ထုတ်လိုက်ကာ အရှေ့အနောက် တောင်မြောက် နေရာအနှံ့ လိုက်စမ်းသပ်ပြီးနောက် ယခုသူတို့ ဉီးတည် သွားနေသည့် ဘက်သို့ မျက်နှာမူကာ ပျော်ရွှင်စွာ ပြောလိုက်သည်။
“အဲဘက်မှာ မတည်မငြိမ် ဖြစ်နေတဲ့ အစီအရင် စွမ်းအားတွေ ရှိတယ်”
ထိုစကား ကြားလိုက်ရသောအခါ အားလုံးသည် ချက်ချင်း ဝမ်းသာ သွားခဲ့ကြသည်။
ထိုနေရာတွင် မတည်မငြိမ် ရှိနေသည့် အစီအရင်များ ရှိနေသည်တဲ့…
ဒါက ဘာကို ဆိုလိုချင်တာများလဲ..
***