Switch Mode

Chapter – 292

အရင် ပူးပေါင်းကြမယ် (၁)

အပိုင်း ၂၉၂
အရင် ပူးပေါင်းကြမယ် (၁)

“ဟုတ်တယ်၊ တကယ်တော့ ငါတို့ တစ်ခုခုကို ရှာနေကြတာ”

ပြောလိုက်သည့် လူမှာ ဝမ်ရှန်း ဖြစ်သည်။

ဝမ်ရှန်းထံမှ ထိုစကား ထွက်လာသည်နှင့် စုန့်ရန်နှင့် စုန့်လောင်ယုတို့ ဝမ်ရှန်းအား အံ့သြတကြီး လှည့်ကြည့် လိုက်ကြသည်။ စုန့်ရန်၏ မယုံကြည်နိုင်ဟန်နှင့် –

“ငါတော့ အရင်းနှီးဆုံး လူဆီကနေ သစ္စာဖောက် ခံလိုက်ရပြီ” ဟူသည့် အကြည့်ကား ဝမ်ရှန်းအား နင်သွားစေခဲ့သည်။

ဤရဲရင့်သည့် အမျိုးသမီးသည် ပါးစပ်ဟကာ စကားပြောရန်မလို၊ သူမ၏ မျက်လုံး များသည်ပင် စကားပြောနိုင်၏။ တစ်ခါတစ်ရံတွင် ဝမ်ရှန်းသည် ထိုအကြည့်များကို ခံပင်မခံနိုင်ပေ။

ဝမ်ရှန်း သူမနား လျှောက်သွားကာ ရှင်းပြရန် ပြင်လိုက်၏။ သို့သော် စုန့်ရန်သည် သူ့အား အနားပင် အကပ်မခံဘဲ သူ့အား ရွံရှာဟန်ဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားခဲ့သည်။

“ငါပြောတာယုံ၊ လူအယောက် ၂၀ က လူနှစ်ယောက်ထက် ပိုပြီး ခရီးပိုရောက်တယ်”

ဝမ်ရှန်း ပြုံး၍ခေါင်းခါကာ စုန့်ရန်အား ဖြေရှင်းချက် ပေးလိုက်သည်။

ထိုဖြေရှင်းချက်က စုန့်ရန်၏ မျက်နှာထားအား အနည်းငယ် ပြေလျော့ သွားစေခဲ့သည်။ သို့သော် တကယ့်ကို အနည်းငယ်မျှသာ ဖြစ်၏၊ စုန့်ရန်သည် သူမ၏ အောက်နှုတ်ခမ်းကို ကိုက်ကာ အေးစက်စွာ နှာရှုံ့ လိုက်သေးသည်။ ထိုအမူအရာကြောင့် ဝမ်ရှန်း ထပ်မံ ကြောင်အသွား၏။

“အဟမ်း၊ သူပြောတာမှန်တယ်။ လူ ၂၀ က လူနှစ်ယောက်ထက် ပိုမြန်တယ်”

ဝမ်ရှန်းပြောလာသည်ကိုကြားသော် စုန့်ကျီမင် အချိန်ကိုက် ဝင်ပြောလိုက်သည်။

“ငါတို့အားလုံးက မိသားစုတွေပဲကို။ ဘာလို့ အချင်းချင်း ခွဲခြားခွဲခြား လုပ်နေမှာလဲ”

“ဟုတ်ပြီ၊ ဟိုဘက်မှာ သွားဆွေးနွေး ကြရအောင်”

ဝမ်ရှန်း ခေါင်းညိတ်ကာ စုန့်ကျီမင်၏ စကားအား ထောက်ခံလိုက်သည်။ တစ်ချိန်တည်းမှာပင် စုန့်ကျီမင် အနောက်မှ အခြားစုန့်မိသားစု အဖွဲ့ဝင်များကို ကြိမ်းမောင်း လိုက်သည်။

“ခင်ဗျားတို့က ဒီမှာ ဘာရပ်လုပ် နေကြတာလဲ။ သေချင်လို့လား။ မသွားကြသေးဘူးလား…”

ဝမ်ရှန်း အော်ငေါက် လိုက်သည်နှင့် စုန့်ကျီမင် နောက်၌ ရပ်နေသည့် လူများ အလျင်အမြန် လူစုခွဲလိုက်ကြသည်။ ဝမ်ရှန်း၏ ပထမ သံမဏိစည်းမျဉ်းကို သူတို့ အခိုင်အမာ မှတ်မိပါသည်။ ဂျင်ဒီနယ်မြေ အတွင်းတွင် ဝမ်ရှန်း တားမြစ်ထားသည့် အရာများ ဘာမှမလုပ်ရ…

သူတို့ဆွေးနွေးကြမည့် နေရာကို စုန့်ရန် မသွားချင်၊ သို့သော် ဝမ်ရှန်းမှ သူမလက်ကို ဆွဲကာ ထိုနေရာသို့ ခေါ်သွားခဲ့သည်။ စုန့်ရန် နှစ်ကြိမ်တိုင်တိုင် ရုန်းသော်လည်း ဝမ်ရှန်းက သူမထက် အားပိုသန် နေသောကြောင့် အေးတိအေးစက် မျက်နှာထားဖြင့်သာ လိုက်ပါ သွားခဲ့သည်။ ကိစ္စရပ်များက စီစဉ်ထားသည့် အတိုင်း မဖြစ်တော့သည်ကို သူမသိ၏၊ သို့သော် ထိုအရာက ဆုံးဖြတ်ချက် ချရာတွင် သူမ မပါဝင်ချင်ဟု ဆိုလိုခြင်း မဟုတ်ပေ။

ထို့နောက် အားလုံး နေရာတစ်နေရာ၌ ထိုင်ကာ စတင် ဆွေးနွေး လိုက်ကြသည်။

“တကယ်တော့၊ လွန်ခဲ့တဲ့ နှစ်ရက်တုန်းက တစ်ခုခု မူမမှန်တာကို ကျုပ်တို့ ရှာတွေ့ခဲ့တယ်”

ဝမ်ရှန်း စုန့်ရန်ကို သူ့ဘေး၌ ထိုင်စေလိုက်သည်။ သူမလက်ကို နှစ်ကြိမ်ခန့် ပုတ်ကာ စိတ်သက်သောင့်သက်သာ နေရန်လည်း မမေ့မလျော့ အချက်ပြခဲ့သေးပေသည်။

“ခင်ဗျားတို့ သတိထားမိလားတော့ မသိဘူး၊ အခု ကျွန်တော်တို့ ရောက်နေတဲ့ နေရာက ပုံမှန်နေရာတွေထက် တောပိုထူနေတယ်”

ဤနေရာ၏ ထူးခြားမှုကို ဝမ်ရှန်း ပြောလိုက်သည်။

“ကျုပ်တို့ဖြတ်လာတဲ့ နေရာတွေ အားလုံးက ဒီလောက်ထိ တောမထူဘူး”

ထိုစကားကြောင့် စုန့်ကျီမင်နှင့် အခြားသတ္တမအဆင့် ဝိညာဉ်သခင် တစ်ယောက်တို့ မျက်မှောင်ကြုတ် သွားကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံး၏ မျက်လုံးများထဲတွင် အံ့သြထိတ်လန့်မှုက အထင်းသား ထွက်ပေါ်နေ၏။

အမှန်အတိုင်း ပြောရမည်ဆိုလျှင် ဒီနေရာအထိ လျှောက်လာတာတောင်မှ ထိုအချက်ကို သူတို့ သတိမထားမိခဲ့ကြပေ။ သို့သော် သူတို့ သတိမထားမိသည်ကို ဝမ်ရှန်းနှင့် စုန့်ရန်တို့ သတိထားမိခဲ့သည် ဆိုတာက သူတို့အား အနည်းငယ် ရှက်သွားစေခဲ့၏။

“ခင်ဗျားတို့က အခုမှ ဂျင်ဒီနယ်မြေထဲကို ပထမဆုံး ရောက်ဖူးတာ ဆိုတော့ ခင်ဗျားတို့ သတိမထားမိတာက ပုံမှန်ပါပဲ”

ဝမ်ရှန်း သူတို့ပုံစံကို ကြည့်ကာ စိတ်သက်သာရာ ရစွာပြောလိုက်သည်။

“ဒါပေမယ့် ကျွန်တော်က မတူဘူးလေ”

ဝမ်ရှန်း ပြောချင်သည်ကို အားလုံးသိ၏။ ဝမ်ရှန်း ကိုယ်တိုင် ပြောစရာမလိုပါ၊ ဤအကြိမ်က ဝမ်ရှန်း ဂျင်ဒီနယ်မြေသို့ ဝင်ဖူးသည့် ပထမဆုံးအကြိမ် မဟုတ်ကြောင်း သူတို့အားလုံးသိ၏။ ထို့ကြောင့် ဤမူမမှန်မှုများကို မမလေးစုန့် ရှာတွေ့ခဲ့ခြင်း မဟုတ်လောက်၊ ဝမ်ရှန်းမှ ရှာတွေ့ခဲ့ခြင်းပင် ဖြစ်သည်။

“ပြီးခဲ့တဲ့ နှစ်ရက်က ရှာတွေ့တာလား”

စုန့်ကျီမင်သည် ဝမ်ရှန်း ထူးခြားမှုကို ရှာတွေ့နိုင်၊ မရှာတွေ့နိုင်ကို ဂရုစိုက်ခြင်း မဟုတ်၊ ရှာတွေ့ခဲ့သည့် အချိန်ကို ဂရုစိုက်ခြင်း ဖြစ်သည်။

“အင်း…” ဝမ်ရှန်း တွန့်ဆုတ်မှုမရှိ ခေါင်းညိတ် လိုက်သည်။

“အဲ့ဒါဆို ဘာလို့ အဲ့ချိန်ကတည်းက မပြောလဲ” စုန့်ကျီမင်မှ လေသံတိုးတိုးဖြင့် အံကြိတ် ပြောလိုက်သည်။

“အဲ့အချိန် ကတည်းက ပြောရမယ် ဟုတ်လား… ဘာထူးလာမှာ မို့လို့လဲ…”

ဝမ်ရှန်း စုန့်ကျီမင်အား အရူးတစ်ယောက်ကဲ့သို့ ကြည့်လိုက်သည်။

“စောစော ပြောရင်တော့ ကျွန်တော့်ကို ခင်ဗျား လက်လေးကိုင်ပြီး ဆက်သွားစေချင်လို့လား။ ဒါမှမဟုတ် ကျွန်တော်နဲ့ စကားတွေ ပြောချင်လို့လား… ပြောပြလို့ ဘာမှမထူးတာကို၊ ဘာလို့ ပြောနေဦးမှာလဲ”

“ငါ…” စုန့်ကျီမင် ပြောစရာ စကားများ ပျောက်ရှသွားသည်။ ဝမ်ရှန်းက သူ စုန့်ရန်ကို တွဲခေါ်သည့်ပုံစံ ပြောခဲ့ခြင်း ဖြစ်ကြောင်း သိသာပေသည်၊ သို့သော် သူသည် မိန်းကလေး မဟုတ်ချေ… ဝမ်ရှန်းက အသားမာ တက်နေသည့် သူ့လက်ကို ကိုင်ကာ ချစ်စကားများ ဆိုနေသည့် မြင်ကွင်းကို တွေးကြည့် လိုက်သောအခါ သူ အဖျားပင် တက်ချင်သွားသည်။

“ရွှေဒင်္ဂါးတွေ ပေးနိုင်တယ်လို့တော့ မပြောနဲ့နော်”

ထိုစကားနှင့်အတူ ဝမ်ရှန်း စုန့်ကျီမင်အား မထီမဲ့မြင် ပြုစွာ ကြည့်လိုက်သည်။

“လေကြီးလေကျယ် ပြောတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ခင်ဗျား ကျွန်တော့်ကို ဘယ်လောက် ပေးနိုင်လဲ၊ ကျွန်တော် နှစ်ဆ ပြန်ပေးနိုင်တယ်။ ကျွန်တော်နဲ့ အလှလေးကို လာမနှောင့်ယှက်နဲ့ ဟုတ်ပြီလား…”

ထိုအချိန်တွင် စုန့်ကျီမင်သည် ဝမ်ရှန်းအား ရွှေဒင်္ဂါးများဖြင့် အနိုင်ယူပစ်ဟု အမှန်တကယ် တွေးနေခြင်းဖြစ်၏။ သို့သော် ဝမ်ရှန်း စကား ကြားပြီးနောက်တွင် ဝူရုံမြို့အတွင်း၌ ဝမ်ရှန်း၏ ကြွယ်ဝ ချမ်းသာမှုက သူတို့စုန့်မိသားစုထက်ပင် ပိုများနိုင်လောက်ကြောင်း အမှတ်ရ သွားသည်။

ထိုပုံစံဖြင့် ဝမ်ရှန်းက သူတို့အား ဤထူးခြားမှု အကြောင်း မပြောပြသည်မှာ ယုတ္တိရှိသည်ဟု သူတို့ တွေးလိုက်ကြသည်။ အလှလေး ရှေ့တွင် ရွှေဒင်္ဂါးများက ထိုအလှလေးထက် ပိုအရေးကြီးသည်ဟု ပြောခြင်းက တစ်သက်လုံး လူပျိုကြီး လုပ်ရမည့် လူမျိုးပင်ဖြစ်၏။

ထိုအချိန်တွင် စုန့်ကျီမင်သည် မျက်နှာများ နီရဲနေကာ ဘာစကားမှ မပြောနိုင် ဖြစ်နေ၏။ သို့သော် ကံကောင်း ထောက်မစွာပင် သူ့ဘေးမှအဖော်မှ စကားပြော လာခဲ့သည်။

“အထီးကျန်ဝံပုလွေပြောတာမှန်တယ်”

“ကောင်းကောင်း ဆွေးနွေးခဲ့တာပဲ၊ အခု ဒီအကြောင်းက ပြီးပြီမလား…”

ထိုသို့ ပြောပြီးနောက် ဝမ်ရှန်း ဆက်ပြော လိုက်သည်။

“ဒါနဲ့ ခင်ဗျားတို့ စုန့်မိသားစုက ဘာလို့ အဲ့လိုတွေ လုပ်ခဲ့တာလဲ။ အင်အားကြီး မိသားစုတွေက ဒီလိုပဲလား… တချို့ကိစ္စတွေက ဆွေးနွေး ညှိနှိုင်းလို့ ရတယ်ဆိုတာကို ခင်ဗျားတို့ တကယ်ပဲ မသိကြတာလား…”

နောက်ပိုင်း စကားများသည် စုန့်မိသားစုက အင်အားကြီးကြောင်းကို ရွဲ့ပြီး ပြောခြင်းဖြစ်၏။ သူတို့သည် ဝမ်ရှန်းအား ဂျင်ဒီနယ်မြေအထဲထိ လိုက်သတ်ကာ ဝမ်ရှန်း ဝူရုံမြို့သို့ ထွက်ပြေး လွတ်မြောက်သွားသည့် အချိန်မှာမှ ဝမ်ရှန်းနှင့် ဆွေးနွေး ညှိနှိုင်း၍ရကြောင်း သိခဲ့ခြင်းဖြစ်သည်။

ထိုရွဲ့သည့် စကားကြောင့် စုန့်ကျီမင်နှင့် သတ္တမအဆင့် ဝိညာဉ်သခင်တို့ ပြောစရာ စကားများ ဆွံ့အ သွားခဲ့သည်။ သူတို့ထံ၌ ဘယ်လိုလုပ် ဤကဲ့သို့ အရှက်ကွဲရသည့် အချိန်မျိုး ရှိနေသနည်း။ သို့သော် စိတ်ပြန် ငြိမ်သွားသည့် အချိန်တွင် ဝမ်ရှန်းအား ဆန့်ကျင်ခြင်းက မည်မျှ အန္တရာယ်များကြောင်း သူတို့ သိသွားခဲ့ရသည်။

ဝမ်ရှန်းသာ သူတို့အား မျက်နှာလွဲ ခဲပစ် လုပ်လိုက်သည်နှင့် သူ အသတ်ခံ ရသည်ဖြစ်စေ၊ ထွက်ပြေး လွတ်မြောက် သွားသည်ဖြစ်စေ သူတို့သည် ဂျင်ဒီနယ်မြေ အတွင်း၌ ပိတ်မိနေမည်ဖြစ်၏။ ဂျင်ဒီနယ်မြေ အတွင်းသို့ ပထမဆုံး ဝင်ဖူးသည့် ကြက်ပေါက်အရွယ် အတွေ့အကြုံဖြင့် ဂျင်ဒီနယ်မြေ အတွင်းမှ ဘုရင်တစ်ပါးကဲ့သို့ ပြန်ထွက် ရလောက်သည်အထိ သူတို့ မရဲတင်းပေ။ ဤနေရာသည် ခြေလှမ်း တစ်လှမ်းချင်းစီတိုင်း အသက် ထွက်သွား စေနိုင်သည့် အလွန် အန္တရာယ်များသည့် နေရာပင်ဖြစ်၏။

စုန့်ကျီမင်တို့ နှစ်ယောက်အား သင်ခန်းစာ ပေးလိုက်ရသည့် အတွက် စုန့်ရန် ပျော်သွားသည်။ ဝမ်ရှန်းဘက် လှည့်ကြည့် လိုက်သည့် အချိန် ဝမ်ရှန်း သူမအား မျက်လုံးတစ်ဖက် မှိတ်လိုက်သည်ကို သူမ မြင်လိုက်ရ၏။ သို့သော် သူမ ဝမ်ရှန်းအား စကားပြန် မပြောသေးပေ။

“ဟုတ်ပြီ ဟုတ်ပြီ၊ အကျိုးရှိမယ့် အကြောင်းကိုပဲ ပြောကြရအောင်”

သူတို့အား သင်ခန်းစာ ပေးပြီးနောက် ဝမ်ရှန်း အဓိက အကြောင်းအရာကို စပြောလိုက်သည်။

“ဒီနေရာမှာ တောပိုထူတဲ့အပြင် သားရဲတွေနဲ့ ပိုးမွှားတွေကလည်း တခြား နေရာတွေထက် ပိုများတယ်။ အဲ့ဒါလည်း တော်တော် ထူးဆန်းတယ်”

စုန့်ကျီမင်တို့ နှစ်ယောက် ထိုအကြောင်း တွေးကြည့်ကာ ဤနေရာက ထိုမျှလောက်ထိ ထူးဆန်းသည် ဆိုလျှင် ဘာလို့ တခြား ဘာအရိပ်အယောင်မှ မရှိရတာလဲဟု ချက်ချင်း မေးလိုက်၏။

“မသိဘူးလေ…”

ဝမ်ရှန်း ချက်ချင်း ခေါင်းခါကာ ပြန်ဖြေ လိုက်သည်။

“ဒါပေမယ့် တကယ်ပဲ တစ်ခုခုတော့ ရှိလောက်တယ်”

ထိုသို့ပြောပြီးနောက် ဝမ်ရှန်း စုန့်ကျီမင်နှင့် အခြား တစ်ယောက်အား ခေါင်းစခြေဆုံး ကြည့်ကာ ခနဲ့တဲ့တဲ့ လေသံဖြင့် –

“ခင်ဗျားတို့ ဘာမှမသိဘူးလို့တော့ မပြောနဲ့နော်။ အဲ့ဒီတော့ ဒီစက်ဝိုင်း အတွင်းမှာ ခင်ဗျားတို့ ဘာလာ ရှာကြတာလဲ”
***

Comment

Leave a Reply

Options

not work with dark mode
Reset