အပိုင်း ၂၉၁
ကွဲပြားနေသော နေရာတစ်ခု (၂)
ဘာက မူမမှန်နေတာလဲ ဆိုတာကိုတော့ ဝမ်ရှန်း မပြောနိုင်ပေ။ သို့သော် တစ်ခုခု မူမမှန်ဘူး ဆိုတာတော့ သေချာ၏။ ဤနေရာသည် အခြား နေရာများထက် တစ်ခုခု ပိုနေသည်။
ထိုအရာက ဘာလဲ… ဝမ်ရှန်းသည် အဖွဲ့ကို ဦးဆောင်နေရင်း ဘေးပတ်ဝန်းကျင်ကို သေချာဂရုတစိုက် စူးစမ်းလေ့လာ ကြည့်လိုက်သည်။ ဝမ်ရှန်းသည် စုန့်ရန်ကိုလည်း အရိပ်အခြေပြခဲ့ပြီး ဖြစ်သည်၊ ထို့ကြောင့် စုန့်ရန်သည်လည်း ဘေးပတ်ဝန်းကျင်အား သေချာဂရုတစိုက် စူးစမ်းလေ့လာကာ တစ်ခုခု မူမမှန် နေသည်ကို ကြိုးစား ရှာကြည့် လိုက်သည်။
တစ်မုဟုတ်ချင်းမှာပင် ဤနေရာ၌ ဘယ်အရာက မူမမှန် ကွဲပြားနေသည်ကို ဝမ်ရှန်း သတိထားမိ သွားသည်။ ဤနေရာတွင် အပင်များသည် အခြား နေရာများထက် ပိုမိုထူထပ် ပေါများစွာ ပေါက်ရောက် နေခြင်းဖြစ်၏။ အကောင်ပလောင်များသည်လည်း အခြားနေရာများထက်လည်း ပိုမို ပေါများနေသည်။
ဂျင်ဒီနယ်မြေသည် ယခင်ကတည်းက တောအုပ် အလွန်ထူထပ်သည့် နေရာတစ်ခု ဖြစ်သည်၊ ဤနေရာ၌ ရှိနေသည့် အမျိုးမျိုးသော သက်ရှိများကလည်း အပြင်က သက်ရှိများထက် ပိုမို အားကြီး သန်မာကြ၏။ ထိုကဲ့သို့ ဖြစ်ရခြင်းက ဤနေရာသို့ လူသူ သိပ်မရောက်ခြင်းနှင့် ရာနှင့်ချီသော အစီအရင်များကြောင့် ဖြစ်နိုင်သည်။
သို့သော် အစီအရင်များသည် ဝိညာဉ်စွမ်းအား အထောက်အပံ့ မရလျှင် နှစ်ပေါင်း ရာနှင့်ချီ အသက်ဝင် နေနိုင်ရန် မဖြစ်နိုင်ပေ။
ဤနေရာတွင် အစီအရင် အငွေ့အသက်များ မရှိနေ။ စိတ်ဝိညာဉ် အငွေ့အသက် အပြောင်းအလဲ ရှိသည်ဆိုလျှင် စုန့်မိသားစုမှ ဝိညာဉ်သခင်များ ချက်ချင်း သတိထားမိမည် ဖြစ်၏။ ဝမ်ရှန်းမှလွဲ၍ ကျန်သည့်လူများ အားလုံးသည် ဂျင်ဒီနယ်မြေ အတွင်းသို့ ပထမဆုံးအကြိမ် ဝင်ဖူးခြင်း ဖြစ်သည်။
ထို့ကြောင့် ဤနေရာ၌ တောအုပ်က အခြားနေရာများ ပိုမိုထူထပ် နေသည်ကို သူတို့ မသိသည်မှာ ပုံမှန်ပင်ဖြစ်၏။ ထူထပ်နေသည့် တောအုပ် အတွင်းတွင် အခြားနေရာ တစ်ခုက ပိုမိုထူထပ် နေသည်ကို မည်သူက သတိမထားမိကြချေ။
သို့သော် ဝမ်ရှန်းကတော့ မတူ။ ဤနေရာ၌ ပိုးမွှားကောင်များက ပုံမှန်နှင့်မတူ ကွဲပြားစွာ ပြုမူနေကြသည်ကို ဝမ်ရှန်း သတိထားမိ နေသည်။
ဝမ်ရှန်းသည် စာလုံးကိုးလုံး မန္တန်မှ “阵 (ကျန့်)” ဟူသည့် စာလုံးကြောင့် ယခုအချိန်တွင် အမျိုးမျိုးသော သားရဲတိရစ္ဆာန်များကို ပိုမို ထိန်းချုပ်နိုင်ပြီ ဖြစ်၏။ လူသားများ၏ စိတ်နှလုံးကိုတော့ မထိန်းချုပ်နိုင်သေးပေ။ သို့သော် ထိုအရာကလည်း တဖြည်းဖြည်းချင်း လေ့ကျင့်ယူ၍ ရပေသည်။
ထိုသို့ စူးစမ်းလေ့လာစဉ် အတွင်း၌ “皆 (ကျဲ)” ဟူသည့် စာလုံးမှာ အန္တရာယ်ကို ကြိုတင် သိမြင်နိုင်စွမ်းရှိသည့် စွမ်းရည်ရှိကြောင်း ဝမ်ရှန်း သိခဲ့ရသည်။
“皆 (ကျဲ)” နှင့် “阵 (ကျန့်)” ဟူသည့် စာလုံးများကို ပေါင်းသုံး လိုက်သည့် အချိန်တွင် ထိုအင်းဆက်များကို ဝမ်ရှန်း၏ စေခိုင်းရာအတိုင်း လိုက်လုပ်ဆောင်ရန် လုပ်နိုင်၏။ ထိုအချိန် ဝမ်ရှန်း၏ ဝိညာဉ်နယ်မြေထဲတွင် “皆 (ကျဲ)” ဟူသော စာလုံးလည်း အနည်းငယ် တောက်ပလာခဲ့၏။
ဤပိုးမွှားကောင်များကို ထိန်းချုပ်နိုင်ပြီ ဆိုလျှင် သူတို့ ဘာမူမမှန် ဖြစ်နေလဲဆိုတာ ခံစားနိုင်ပြီ ဖြစ်၏။ ယခု ဤပိုးကောင်များ မှတစ်ဆင့် ဝမ်ရှန်း ခံစားနေရသည်မှာ သူတို့က အလွန် တက်ကြွနေခြင်း ဖြစ်သည်။
ဤအချက်က ပုံမှန်မဟုတ်ကြောင်း သိသာပေသည်။ ဘာလို့ ဒီလိုဖြစ်နေရလဲ ဆိုတာကို ဝမ်ရှန်းမသိ၊ သို့သော် ထိုအချက်က ဤနေရာသည် အခြားနေရာများနှင့် ကွဲပြားနေကြောင်း ဖော်ပြနေခြင်းပင် ဖြစ်၏။ ထိုကဲ့သို့ဆိုလျှင် စုန့်ရန်၏ သံသယ အတွေးများသည် မှန်လောက်ပေသည်။
စုန့်မိသားစုမှ ဝိညာဉ်သခင်များ ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက်သည်မှာ ရည်ရွယ်ချက် တစ်စုံတစ်ရာ ရှိရပေမည်။ ပြောရမည်ဆိုလျှင် ပန်းတိုင်နား ရောက်ပြီဟု ဝမ်ရှန်း စပြောခဲ့သည့် အချိန်ကတည်းက သူတို့ နေရာအနှံ့ ရှာနေခဲ့ကြခြင်းဖြစ်၏။ တစ်ချက် ကြည့်လိုက်ရုံဖြင့် သူတို့ တစ်ခုခုကို ရှာနေခြင်း ဖြစ်ကြောင်း ပြောနိုင်ပေသည်။
သူတို့ ဘာရှာနေတာလဲ ဆိုတာကို ဝမ်ရှန်း မမေးခဲ့၊ အာရုံလည်း မစိုက်ခဲ့ပေ။ စုန့်ရန်နှင့်သာ ရယ်ရယ်မောမော စကား ပြောဆိုနေခဲ့၏။ တစ်ခါတစ်ရံတွင် သန်မာကာ နူးညံ့သိမ်မွေ့ဟန် ရှိသည့် ဤအမျိုးသမီးလေးကို လက်ပင် ဆွဲထားသေး၏။ တောင်ကုန်းထိပ် တက်သည့် အခါမျိုး၊ အတန်ငယ်ကြီးသည့် ချိုင့်များ ခုန်ကူးသည့် အခါမျိုးတွင်လည်း သူမအား ကူညီဖေးမလေ့ ရှိသည်။
ထိုပုံစံကြောင့် စုန့်မိသားစုမှ ဝိညာဉ်သခင်များ အမြင်တွင် ဝမ်ရှန်းသည် စုန့်ရန်၏ အလှအောက်၌ လုံးဝ ကျရှုံးနေသည့် လူတစ်ယောက်ပင် ဖြစ်၏။ သူသည် စုန့်ရန်၏ ရုပ်သေးရုပ် နီးပါးပင် ဖြစ်နေပြီ ဖြစ်သည်။ သူ၏ အပြောင်းအလဲ မရှိသည့် စည်းမျဉ်း စည်းကမ်းများသည် စုန့်ရန် အတွက်တော့ အကျုံးမဝင်ပေ။ စုန့်ရန်အား ကြည့်လိုက်လျှင်လည်း ခရီးစဉ် တစ်လျှောက်လုံး ဝမ်ရှန်းနှင့်သာ စကားပြောကာ လိုက်ပါ လာခဲ့သည်။
ယခု သူတို့သွားနေသည့် နေရာသည် စုန့်ရန် ပြောသည့် နေရာ၏ အစွန်အဖျား ဖြစ်သည်။ အထဲ ပိုတိုးသွားလေ မူမမှန်မှုများကို ဝမ်ရှန်း ပိုရှာတွေ့လာလေ ဖြစ်၏။ စုန့်ရန်သည်လည်း သိသိသာသာကြီးကို စိတ်မရှည်သည့် အမူအရာ ပေါက်နေပြီ ဖြစ်၏။ သူမသည် လွန်ခဲ့သည့် ရက်များ ကတည်းက စိုးရိမ် စိတ်လှုပ်ရှားနေခြင်း ဖြစ်ကာ ထိုစိတ်လှုပ်ရှားကို အတင်းအကြပ် ဖုံးဖိထားခြင်း ဖြစ်သည်။ သို့သော် ဝမ်ရှန်းကမူ သူမ ထိုကဲ့သို့ ဖြစ်နေသည်ကို သိပေသည်။
ယခု သူတို့ရှာနေသည့် လူသည် စုန့်ရန်၏ အဖေ၊ စုန့်မိသားစု၏ ခေါင်းဆောင်ဖြစ်သည်။ မည်သို့ဆိုစေ သူမသည် လူငယ် တစ်ယောက်သာ ဖြစ်၏၊ ထို့ကြောင့် သူမ၏ စိတ်လှုပ်ရှားမှုကို အချိန်အတော်ကြာ ဖုံးဖိပြီး တည်ငြိမ်ဟန် မဆောင်နေနိုင်ပေ။
“ဘာတွေ ရှာနေတာလဲ”
နောက်ဆုံးတွင် စုန့်ရန်၏ အပြုအမူကို သူမအဖွဲ့ထဲမှ ဝိညာဉ်သခင် နှစ်ယောက် သတိပြုမိ သွားခဲ့သည်။ သူတို့သည် အပိုစကား တစ်ခွန်းမှ မဆိုဘဲ၊ ဝမ်ရှန်းကိုလည်း ဂရုစိုက်မနေဘဲ ချက်ချင်း မေးခွန်း တန်းထုတ် လိုက်၏။ စုန့်ရန်က စုန့်မိသားစု၏ သခင်မလေး ဖြစ်သည်ဆိုသည့် အချက်ကိုပင် သူတို့မျက်လုံးထဲ မထည့်ပေ။
“မင်းတို့က ဘာလုပ်ချင်တာလဲ။ မမလေးကို တိုက်ချင်နေတာလား…”
ချက်ချင်းပင် စုန့်လောင်ယု စုန့်ရန်ရှေ့ ရပ်ကာ သူတို့နှစ်ယောက်ကို တားလိုက်သည်။
ဤရက် အတောအတွင်းတွင် စုန့်လောင်ယုက အကြောင်းအရာ အသေးစိတ်ကို သိပ်မသိကြောင်း ဝမ်ရှန်း သိခဲ့ရသည်။ စုန့်ရန်သည် အလွန် သတိကြီးကာ စုန့်လောင်ယုကိုပင် မပြောပြခဲ့။ သို့သော် ထိုအရာသည် သူမ စုန့်လောင်ယုကို မယုံကြည်သောကြောင့် မဟုတ်ချေ၊ စုန့်လောင်ယုက မကြာခဏ အပြင်သွားလေ့ ရှိသောကြောင့် သူ မတော်တဆ ထုတ်ဖော် ပြောမိသွားကာ အကြီးအကဲများ သိသွားမည်ကို စိုးသောကြောင့် ဖြစ်သည်။
စုန့်လောင်ယု၏ ကျယ်လောင်သည့် ကြိမ်းမောင်းသံကြောင့် သူတို့အနား ရှိသည့် အခြားအဖွဲ့မှ လူများ သူတို့ပေါ်သို့ အာရုံ ရောက်လာခဲ့သည်။ ထို့နောက် သူတို့နားတွင် လူများ ဝိုင်းအုံသွား၏။ သို့သော် ကံမကောင်းသည်က အချင်းများသည်မှာ စုန့်ရန်၊ စုန့်လောင်ယုနှင့် အခြားဝိညာဉ်သခင် နှစ်ယောက်ဖြစ်ကြောင်း မြင်လိုက်ရသောအခါ သူတို့အားလုံးသည် ဝိညာဉ်သခင် နှစ်ယောက်ဘက်၌သာ ရပ်လိုက် ကြလေသည်။
“ဟေး၊ မင်းကတော့ တကယ်ပဲ ရှုံးပြီပဲ…”
မည်သူ့မှ စုန့်ရန်ဘက် မရပ်သည်ကို မြင်လိုက်ရသော် ဝမ်ရှန်း ခေါင်းခါယမ်းကာ ပြောလိုက်သည်။
“ဒီလောက်ထိ အင်အားကြီးတဲ့ စုန့်မိသားစုကြီးမှာ ဒီငါးကြင်းလေးကပဲ မင်းကို ကူမယ့်လူ ရှိတာပဲ”
ပြောရင်းဆိုရင်းဖြင့် ဝမ်ရှန်း စုန့်ရန်ဘေးသို့ တစ်လှမ်းချင်း လျှောက်သွား လိုက်သည်။
“ကြည့်ရတာ ငါတစ်ယောက်တည်းကပဲ မင်းကို လိုချင်တာ ထင်တယ်။ အမှန်တရားကို တွေ့လိုက်ရတော့ တော်တော်ကို စိတ်မချမ်းမြေ့စရာ ကောင်းတာပဲ… အပြင်ရောက်ရင် မမလေး လုပ်မနေနဲ့ ငါနဲ့သာ လက်ထပ် လိုက်တော့…”
ထိုဝိညာဉ်သခင်များ၏ အပြုအမူကြောင့် စုန့်ရန် မျက်နှာဖြူဆုတ် သွားသည်။ သူမသာ နည်းနည်းလောက် ပိုစိတ်ရှည်ခဲ့မည် ဆိုလျှင် ဤဝိညာဉ်သခင် နှစ်ယောက်က သူမအား သတိထားမိမည် မဟုတ်ပေ။ သို့သော် ယခုအချိန်တော့ အချိန်နှောင်း သွားပြီဖြစ်၏။
ထိုအချိန် ဝမ်ရှန်း စနောက်သည့် စကားကို ကြားလိုက် ရသောအခါ သူမ ရယ်ချင်သွားသည်။ သို့သော် မရယ်နိုင်ဘဲ နှုတ်ခမ်းထောင့်သာ တွန့်ကွေးသွား၏။ စုန့်ရန်သည် ဝမ်ရှန်းအား တကယ်ကို ကတိ ပြန်ပေးချင်ပေ၏၊ သို့သော်လည်း ယခုအချိန်အခါ ထိုကဲ့သို့ ပြောသင့်သည့် အချိန်အခါမျိုး မဟုတ်ပေ။
ယခုတစ်ကြိမ်တွင် စုန့်မိသားစုသည် မကောင်းဆိုးဝါးအဆင့် ဝိညာဉ်သခင်များကို မထည့်ပေးခဲ့ပေ။ သို့သော် ဤလူများထဲတွင် သတ္တမအဆင့် ဝိညာဉ်သခင် ခြောက်ယောက်ပါကာ ဆဋ္ဌမအဆင့် ခြောက်ယောက်နှင့် ကျန်သည့် လူများသည်လည်း ပဥ္စမအဆင့်နှင့် စတုတ္ထအဆင့် ဝိညာဉ်သခင်များ ဖြစ်ကြ၏။ ဤအင်အားဖြင့် ဆိုလျှင် ဝမ်ရှန်း၊ စုန့်ရန်နှင့် စုန်လောင်ယုတို့ကို အလွယ်လေး သတ်သွား၍ ရပေသည်။
“ဘာ ရှာ နေ တာ လဲ…”
ယခုတစ်ကြိမ်တွင် အထက်စီး လေသံဖြင့် ပြောလိုက်သည်မှာ သူတို့အားလုံး၏ ခေါင်းဆောင် စုန့်ကျီကျွမ်း ဖြစ်၏။ သူသည် စုန့်ရန်အား အေးစက်စွာ ကြည့်ကာ ခက်ထန်သည့် လေသံဖြင့် –
“မမလေး၊ ကျုပ် မမလေးကို ‘မမလေး’ လို့ လေးလေးစားစား ခေါ်လို့ ရပါသေးတယ်။ ဒါပေမယ့် ကျုပ်တို့ ဘာရှာနေတာလဲ ပြောပါ။ ပြီးမှ ကျုပ်တို့ကို ရိုင်းစိုင်းတယ်ဆိုပြီး အပြစ်မတင်ပါနဲ့…”
***