အပိုင်း ၂၉၀
ကွဲပြားနေသော နေရာတစ်ခု (၁)
ပထမအကြီးအကဲ စက်ဝိုင်း ရေးဆွဲလိုက်သည့် နေရာသည် စုန့်ရန် ပြောသည့် နေရာနှင့် တစ်ထပ်တည်း ကျနေ၏။ ထိုစက်ဝိုင်းကို မြင်လိုက်ရသည့် အချိန် ဝမ်ရှန်းသည်ပင် အနည်းငယ် အံ့အားသင့် သွားခဲ့သည်။ သို့သော် ကံကောင်းသည်က သူ့မျက်နှာထက်၌ ဘာအရိပ်အယောင်မှ မပေါ်ခဲ့ခြင်းဖြစ်၏။
ညဘက် စုန့်ရန်နှင့် ဝမ်ရှန်းတို့ နှစ်ယောက် အတူရှိချိန်တွင် စုန့်ရန်မှ သူမ၏သံသယ အတွေးများကို ထုတ်ဖော် ပြောဆို လာခဲ့သည်။
“ပထမအကြီးအကဲနဲ့ တခြား အကြီးအကဲတွေက ငါ့အဖေအကြောင်း တစ်ခုခု သိထားကြတယ် ထင်တယ်”
စုန့်ရန်မှ ပြောလာခဲ့၏။
ဝမ်ရှန်းလည်း ထောက်ခံကြောင်း ခေါင်းညိတ် ပြလိုက်သည်။ ထိုကဲ့သို့ မသိနေဘူး ဆိုလျှင် စုန့်မိသားစု၏ ပန်းတိုင်က စုန့်ရန်သိသည့် နေရာနှင့် တူနေသည်ကို ဘယ်လို ရှင်းပြမည်နည်း…
ဝမ်ရှန်းသာ ဂျင်ဒီနယ်မြေ အကြောင်း ဘာမှမသိသည့် လူတစ်ယောက်ဆိုလျှင် ထိုအချက်နှင့် ပတ်သက်၍ သံသယ ဝင်မိမည် မဟုတ်ပေ။ သို့သော် ဂျင်ဒီနယ်မြေ အတွင်းတွင် တကယ့် တန်ဖိုးရှိသည့် နေရာသုံးခုမှာ ချီရှုန်းခန်းမ၊ ရှန့်ယင် အကျဉ်းထောင်နှင့် လင်မိသားစုတို့ နေထိုင်ရာ နေရာဖြစ်ကြောင်း ဝမ်ရှန်း ကောင်းကောင်းကြီး သိပေသည်။ ယခု စုန့်မိသားစု ဝိုင်းပြသည့် နေရာသည် ထိုနေရာ သုံးခုထဲတွင် မပါသည့်အပြင် အာရုံစိုက်စရာ မလိုသည့် နေရာတစ်ခုပင် ဖြစ်၏။
“ဒီလို ဆိုမှတော့ ငါတို့ နည်းလမ်း ပြောင်းမှ ရတော့မယ်”
ဝမ်ရှန်း ထိုအချက်များအား စဉ်းစားကာ စုန့်ရန်အား ဖျောင်းဖျ နှစ်သိမ့် ပေးလိုက်သည်။
“ဒါပေမယ့် ဂျင်ဒီနယ်မြေထဲ ဝင်တဲ့ အချိန်ကျရင် မင်းနဲ့ ဦးလေးယုတို့ သတိထားသင့်တယ်။ သိပ်ပြီး သိသိသာသာတွေ မလုပ်နဲ့”
စုန့်ရန် ခေါင်းညိတ် လိုက်၏။ သူမနှင့် ဝမ်ရှန်း အဖွဲ့ထဲတွင် စုန့်မိသားစုမှ ဝိညာဉ်သခင် နှစ်ယောက် ထည့်သွင်း လိုက်ခြင်းကို သိပ်ပြီး မကျေနပ်သော်လည်း ယခုလို အခြေအနေမျိုးတွင် ဤနည်းလမ်းကသာ အကြီးအကဲများ၏ စိတ်ချ ယုံကြည်မှုကို ပိုမိုရရှိနိုင်မည် ဖြစ်ကြောင်း သူမ သိပေသည်။
စုန့်ရန် ပြန်သွားပြီးနောက် တစ်ညတာအချိန် အလွန် လျင်မြန်စွာ ကုန်ဆုံး သွားခဲ့သည်။ နောက်တစ်နေ့ မနက် မနက်စောစောတွင် အားလုံး နောက်တစ်ကြိမ် ပြန်စုလိုက်ကြ၏။ သူတို့သည် ယမနေ့က ဝမ်ရှန်း ပြင်ခိုင်းသည့်အတိုင်း အားလုံး ပြန်လည် ပြင်ဆင်ကြပြီးဖြစ်ကာ လူစုံသည်နှင့် ချက်ချင်း ထွက်ခွာ လိုက်ကြသည်။
စုန့်မိသားစု နေရာမှ ဂျင်ဒီနယ်မြေ အစပ်သို့ ရောက်ရန် နှစ်ရက်အကြာ လမ်းလျှောက်ခဲ့ရ၏။ လမ်းတစ်လျှောက် ဝမ်ရှန်း စဉ်းစားသည်မှာ တော်ဝင် မိသားစု၏ စနစ်အသစ်သာ ပေါ်ထွက်လာမည် ဆိုလျှင် ဤနေရာသည် စုန့်ပြည်နယ် ဖြစ်မည်ဖြစ်၏။
အကြီးအကဲ သုံးဦးနှင့် ပဥ္စမမြောက် အကြီးအကဲတို့သည် သူတို့အဖွဲ့ နှင့်အတူ ဂျင်ဒီနယ်မြေ အစပ်ထိ လိုက်လာခဲ့သည်။ ထိုနေရာရောက်မှ သူတို့ အားလုံး ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်သွားသည်ကို ကြည့်နေခဲ့သည်။
ဝမ်ရှန်းတို့အဖွဲ့ အထဲ ဝင်သွားသည်ကို ကြည့်ကာ တစ်ခါတစ်ရံတွင် လူအရေအတွက် များခြင်းက အားသာချက် တစ်ခု မဟုတ်ကြောင်း စုန့်မိသားစု အကြီးအကဲများ နားလည် သွားခဲ့ကြသည်။
ဤနေရာတွင် လူနည်းမည် ဆိုလျှင် ဝမ်ရှန်းသည် သူတို့ အားလုံးကို သူကိုယ်တိုင် ဂရုစိုက် ပေးနိုင်မည်။ သို့သော် အရေအတွက် များသောကြောင့် လူတန်းသည်လည်း ရှည်သွားပြီ ဖြစ်၏။ ဝမ်ရှန်း၏ ဝိညာဉ်အဆင့်သည် အကန့်အသတ်ရှိကာ ဤကဲ့သို့ ရှည်လျားသည့် လူတန်းကြီး တစ်ခုလုံးကို အာရုံစိုက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လစ်ဟာမှုများတော့ ရှိပေလိမ့်မည်။
မိုင်ပေါင်းတစ်ရာ သွားပြီးသည့် အချိန်တွင် လေးယောက် ဒဏ်ရာရခဲ့ပြီ ဖြစ်သည်။ ကံကောင်းသည်က အသေးအမွှားသာ ဖြစ်ကာ အဆိပ်သင့်သည့် လူသည် တစ်ယောက်သာ ရှိ၏။ သို့သော် ဝမ်ရှန်း၏ တောင်းဆိုချက်အတိုင်း အဆိပ်ဖြေဆေးများကို အခြားအရာများထက် နှစ်ဆ ပိုယူခဲ့၍ ထိုလူ ကံကောင်းသွားသည်။ သူ့ဘေးမှ အဖော်များက အချိန်မီ ကုသပ ေးသောကြောင့်လည်း အသက်အန္တရာယ် ရှိသည်အထိ မဖြစ်ခဲ့လိုက်။
ထိုပုံစံ ဖြစ်ပြီးသည့် နောက်တွင် ဝမ်ရှန်း၏ စကားများကို မည်သူမှ အာမခံရဲကြတော့။ ဤလူများ ဒဏ်ရာရခြင်းမှာ ဝမ်ရှန်း ပြောခဲ့သည့် ဂရုမစိုက်ခြင်းနှင့် ခေါင်းမသုံးခြင်း တို့ကြောင့်ပင် ဖြစ်သည်။
အထူးသဖြင့် အဆိပ်သင့်သည့် လူဖြစ်သည်၊ ၅ ယောက် တစ်ဖွဲ့အဖွဲ့တွင် သူသည် သူ့အဖွဲ့၏ ခေါင်းဆောင်ဖြစ်၏။ ထို့ပြင် ဝမ်ရှန်းထက် အသက် အနည်းငယ် ပိုကြီးပေသည်။ ထို့ကြောင့် သူ့ထက်ငယ်သည့် ဝမ်ရှန်းက သူ့အား အမိန့်ပေး နေခြင်းသည် သူ့အား အလွန်ကို မကျေမနပ် ဖြစ်နေစေခဲ့သည်။
ထို့အပြင် သူ့မိသားစု အတွင်းတွင် သူသည် ပါရမီရှင် တစ်ယောက်ဖြစ်ကာ အများ၏ ချီးမြှောက် အားကျခြင်းကို ခံရသည့် လူတစ်ယောက် ဖြစ်သည်။ သို့သော် ယခုတွင် သူသည် တတိယအဆင့် ဝိညာဉ်သခင် နောက်လိုက်နေရခြင်း သာမက လမ်းတစ်လျှောက် ဝမ်ရှန်းနှင့် စုန့်ရန်အား တပူးပူး တတွဲတွဲ မြင်နေရခြင်းက သူ့အား မနာလို ဖြစ်စေသည်။
ထိုမနာလို ဒေါသစိတ်များကြောင့် သူ ဝမ်ရှန်း၏ စကားများကို စိန်ခေါ်ကြည့်ချင် လာသည်။ ထိုအချိန် နေရာတစ်နေရာ ဖြတ်သည့် အခိုက်တွင် ဝမ်ရှန်းသည် သူတို့အား ထိုနေရာရှိ ပန်းပင်ကို မထိရန် ပြောခဲ့သည်။ သို့သော် သူသည် ခလုတ် တိုက်ချင်ယောင် ဆောင်ကာ ဝမ်ရှန်း သူတို့အား မထိခိုင်းသည့် ပန်းပန်အား လက်ဖြင့် ရိုက်ချလိုက်သည်။
ထိုအချိန်မှာပင် သူ အဖြစ်ဆိုးနှင့် ကြုံတွေ့ရတော့၏။ ပန်းက ဘာမှ မဟုတ်ပေ။ သို့သော် ပန်းအတွင်းမှ ပန်းဝတ်မှုန်များသည် အလွန် အဆိပ်ပြင်းသည့် ပိုးမွှား အင်းဆက်ပျံများ၏ အကြိုက်ဖြစ်သည်။ သူ ပန်းအား သွားထိ လိုက်သည်နှင့် ထိုအင်းဆက်များ ထပျံကုန်ကာ သူတို့ အတောင်ပေါ်ရှိ အမွှေးအမှင်စများ ထိုဝိညာဉ်သခင်ပေါ်သို့ ပြန့်ကျဲ ကုန်ကျသည်။
သူတို့၏ မျက်နှာထက်၌ ဝတ်ဆင်ထားသည့် အကာအကွယ် မျက်နှာဖုံးသည် အပေါစား ချည်မျှင်များနှင့် ပြုလုပ်ထားသည့် ဝါးခမောက် တစ်ခုသာ ဖြစ်သည်။ ထိုချည်မျှင်သည် ပိုးမွှားများ အထဲမဝင်အောင် ကာဆီး ပေးနိုင်သော်လည်း သေးငယ်သည့် အမျှင်အမှုန်များကိုမူ မကာဆီး ပေးနိုင်ပေ။ အဆိပ်ပြင်း အမှုန်အမွှားများကို ရှူလိုက်မိသည်နှင့် ထိုဝိညာဉ်သခင်၏ မျက်နှာ ချက်ချင်း ပြာနှမ်းလာခဲ့သည်။
ထို့နောက် မြေကြီးပေါ်ရှိ သစ်ရွက်ခြောက် များထဲသို့ မျက်နှာ မှောက်ကျသွားကာ လှုပ်ပင် မလှုပ်နိုင်တော့ချေ။ အဖြစ်အပျက်ကို မြင်သွားသည့် အခြားလူများသာ သဘောကောင်းပြီး အဆိပ်ဖြေဆေး ချက်ချင်း မတိုက်ခဲ့ဘူး ဆိုလျှင် သူသည် ပြန်နှိုးထလာရန် အခွင့်အရေးပင် ရှိမည်မဟုတ်။
ထိုကဲ့သို့ ဆိုလျှင်တောင်မှ သူ့အသက်ကို ကယ်နိုင်ရန် တော်ဝင်ရတနာ စံအိမ်မှ ဝယ်လာသည့် အဆိပ်ဖြေ ဆေးပြား လေးပြားနှင့် နှလုံးသန့်စင် ဆေးပြားနှစ်ပြား အသုံးပြုခဲ့ရသည်။
ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြားကို သောက်ခဲ့ ဖူးသောကြောင့် ဆေးပြား အစွမ်းအကြောင်း သိပါသည်။ ထို့အပြင် ထိုဆေးပြား၏ ဆိုးကျိုး တစ်ခုကိုလည်း သူသိ၏။ ထိုအရာမှာ ဝမ်းအလွန် သွားခြင်း ဖြစ်သည်။
ထိုအချက်ကြောင့် အဆိပ်သင့်သည့် ဝိညာဉ်သခင်သည် သူ၏ခန္ဓာကိုယ် တစ်ခုလုံး အားနည်းနေကာ ကိစ္စရှင်းချင်သည်ဖြစ်စေ၊ အထိုင်အထဖြစ်စေ အခြားတစ်ယောက်က သူ့အား ကူတွဲလုပ်ပေး နေရ၏။ ယခုလို အခြေအနေမျိုး ရောက်လာသည့် အချိန်တွင် သူသည် ရှက်လွန်း၍ ဝမ်ရှန်းနှင့် စုန့်ရန်တို့အား မျက်နှာချင်း ဆိုင်သည့် အချိန်တွင် ခေါင်းပင် မမော့ရဲတော့ပေ။
ယခုအချိန်တွင် ဝမ်ရှန်းသည် မမလေးစုန့်ရန်မှ လွဲ၍ အခြား မည်သူ့ကိုမှ ဂရုမစိုက်ကြောင်း သူတို့အားလုံး နားလည် သွားကြသည်။ သူသည် မဖြစ်လာစေရန် သတိပေးခြင်း မျိုးသာ လုပ်ကာ နောက်ဆက်တွဲ ဘာဖြစ်ဖြစ် ဂရုမစိုက်တော့။ တစ်ယောက်ယောက်က ဒဏ်ရာ ရခဲ့သည် ဆိုလျှင်တောင် ထိုလူက စုန့်ရန် မဟုတ်သ၍ လက်တစ်ချက် ကမ်းကာ ကူညီမည့်ဟန် မပေါ်ပေ။
ထိုအဖွဲ့အတွင်းမှ လူများ အားလုံးသည် အဆင့်မြင့် ဝိညာဉ်သခင်များ ဖြစ်ကြသည် ဆိုလျှင်တောင် လူတစ်ယောက်လုံးကို ကျောပေါ်တင်ကာ တစ်နေကုန် ခရီးဆက်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့အားလုံး တစ်ရက် နားလိုက်ကြသည်။ ဒဏ်ရာရနေသည့် လူများသည်လည်း အားပြန်ဖြည့်ရန် တစ်ရက် အနားရပြီဖြစ်၏။
နောက်တစ်ကြိမ် ခရီးပြန်ဆက်ကြသည့် အချိန်တွင် ဝမ်ရှန်း၏ စကားကို မည်သူမှ စိန်မခေါ်ရဲကြတော့ချေ။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အားလုံးသည် မြေးအရွယ် ကလေးများကဲ့သို့ ဝမ်ရှန်းစကားကို တစ်တဝေမတိမ်း နားထောင်ခဲ့ကြ၏။ ဝမ်ရှန်းစကား တစ်ခွန်းသာ ဖြစ်ကာ သူ့အား မြန်မြန် သွားရန်လည်း မည်သူမှ မလောဆော်ခဲ့ကြ။
သံသယ အဝင်မခံရရန် အတွက် ဝမ်ရှန်းသည် သူတို့သွားမည့် နေရာကို တန်းမသွားပေ။ တစ်နေရာပြီး တစ်နေရာ ကွေ့ပတ်သွားကာ နောက်ဆုံးမှာမှ စုန့်ရန်၏ပန်းတိုင်နှင့် သူတို့သွားမည့် နေရာကို ရောက်သွားခဲ့သည်။
ထိုနေရာတွင် ရွာတစ်ရွာ၏ အပျက်အစီးများမှ လွဲ၍ အခြားမည်သည့် အရာမှမရှိပေ။ ထို့ကြောင့် ဝမ်ရှန်း တကူးတကကြီး မအံ့သြမိ။
သို့သော် ရောက်ပြီး မကြာမီတွင် တစ်ခုခု မူမမှန် ဖြစ်နေသည်ကို ဝမ်ရှန်း သတိထားမိ သွားခဲ့သည်။
***