အပိုင်း ၂၈၉
စုန့်ရန်၏ အကြောင်းပြချက် (၂)
လူနည်းနည်းလောက် ပိုခေါ်သွားရခြင်းက ပြဿနာမရှိပါ။
…….
“ပိုးသတ်ဆေးတွေ နည်းလွန်းတယ်။ မလောက်ဘူး”
ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက်မည့် လူများကို စုစည်းပြီးနောက် ဝမ်ရှန်း သူတို့၏ အဝတ်အစားများ၊ ပစ္စည်းများနှင့် လက်နက်များကို တစ်ယောက်ချင်းစီ စစ်ဆေးလိုက်သည်။
“လူတွေ တော်တော်များတယ်။ ကျွန်တော် တစ်ယောက်ချင်းစီ လိုက်ဂရုစိုက် မနေနိုင်ဘူး။ အခုအချိန်မှာပဲ သေချာစစ်ဆေး ပေးနိုင်တယ်”
“အဆိပ်ဖြေဆေးတွေကို ပုံမှန်အဖွဲ့တွေထက် နှစ်ဆ ပိုယူရမယ်။ ဘာလို့လဲ ဆိုတာကတော့ ပြောစရာ မလိုတော့ဘူး ထင်ပါတယ်”
ဝမ်ရှန်း တစ်ယောက်ချင်းစီ အတွက် လိုအပ်ချက်များ လိုက်ကြည့် ပေးလိုက်သည်။
ယခုတစ်ကြိမ်တွင် စုန့်မိသားစုသည် စုန့်ရန်နှင့် စုန့်လောင်ယုတို့ အပါအဝင် လူ ၂၀ ကျော် ပြင်ဆင်ထား၏။ သူတို့အားလုံးသည် အကာအကွယ် ဝတ်စုံများ ဝတ်ဆင်ထားကာ ဝမ်ရှန်း သူတို့ကို စစ်ဆေးမည်ကို တန်းစီ စောင့်နေကြခြင်း ဖြစ်သည်။
လူအယောက် ၂၀ တန်းစီ သွားမည်ဆိုလျှင် အနည်းဆုံး မီတာ ၅၀ ခန့် ရှိသည်။ ဤပမာဏ အားလုံးကို ဝမ်ရှန်း ဂရုစိုက် ပေးနိုင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့်သာ သူ စုန့်မိသားစုအား အားတုံ့အားနာ ဖြစ်နေရခြင်း ဖြစ်၏။
“ဂျင်ဒီနယ်မြေထဲ ရောက်ရင် ဘာမှမစပ်စု မသိချင်ကြနဲ့”
လမ်းတစ်လျှောက် ဂရုမစိုက်နိုင်သည့် အတွက်ကြောင့် ဝမ်ရှန်း ကြိုတင် သတိပေး လိုက်သည်။
“ဘာမှမလုပ်ခင် အရင်ဆုံး လုပ်သင့် မလုပ်သင့်၊ ကိုယ်လုပ်လိုက်မယ့် ဟာက ကိုယ့်အသက်နဲ့ တန်မတန် သေချာ စဉ်းစားပေးကြပါ”
“ထပ်ပြောမယ်၊ သိချင်စိတ် မများကြပါနဲ့…”
ဝမ်ရှန်း ထပ်ကာ တလဲလဲ သတိပေး လိုက်သည်။
“မထိန်းနိုင် မသိမ်းနိုင် သိချင်တယ် ဆိုရင်တော့ အရင်ဆုံး သေချာ စစ်ဆေး ကြည့်ကြပါ။ ဖြစ်နိုင်မယ်ဆိုရင် ဓားနဲ့အရင် စမ်းကြည့်။ ကျွန်တော် ပြောတာယုံ၊ တောထဲမှာရှိတဲ့ ၇၀ ရာခိုင်နှုန်းသော အဆိပ်ရှိ မြွေတွေရဲ့ အစွယ်တွေက ခင်ဗျားတို့ လက်အိတ်ပေါက်အောင် ကိုက်နိုင်တယ်”
ဝမ်ရှန်း သတိပေး ညွှန်ကြား နေစဉ်တွင် အခြား အကြီးအကဲများလည်း ရှိပေသည်။ ဝမ်ရှန်း ထပ်ကာတလဲလဲ သတိပေး နေသည်ကို ကြည့်ကာ ဝမ်ရှန်းက ဝတ်ကျေတန်းကျေ ပြုမူနေခြင်း မဟုတ်ဘဲ သူ့အဖွဲ့မှ လူများအားလုံး၏ လုံခြုံရေးကို အမှန်တကယ် စဉ်းစားပေးကြောင်း သူတို့ သိလိုက်ရသည်။
“ပြီးတော့ တောထဲရောက်ရင် လျှောက်မပြေးကြပါနဲ့။ အားလုံးကို ကျွန်တော် ပြောတဲ့အတိုင်း လိုက်လုပ်မယ် ဆိုရင် ခရီးစဉ် တစ်လျှောက် မတော်တဆမှုတွေကို အတတ်နိုင်ဆုံး လျှော့ချ သွားနိုင်မှာပါ”
ဝမ်ရှန်း အားလုံး ရှေ့ရပ်ကာ ပြောလိုက်သည်။
“ဒါပေမယ့် မတော်တဆမှု တစ်ခုခုဖြစ်ခဲ့မယ် ဆိုရင်တောင်၊ ကျွန်တော် ဘေးနား မရှိနေရင် ခင်ဗျားတို့ အသက်က ခင်ဗျားတို့အဖော် ခင်ဗျားတို့ကို အချိန်မီ ကယ်နိုင် မကယ်နိုင်နဲ့ ဆိုင်သွားပြီ။ မဟုတ်ရင်လည်း ခင်ဗျားတို့ရဲ့ ကံဇာတာကို ဘုရားသခင် ဘယ်လို သတ်မှတ် ပေးထားလည်းနဲ့ ဆိုင်သွားပြီပဲပေါ့”
…….
“ဒါပေမယ့် မတော်တဆ တစ်ခုခုဖြစ်ခဲ့ရင် မမလေးစုန့်ရန်ကို သေချာပေါက် ကာကွယ်ပေးမယ် ဆိုတာကိုတော့ ယုံပါ။ ကျန်တဲ့ ခင်ဗျားတို့ကတော့…”
ဝမ်ရှန်း စုန့်ရန် အပေါ်ထားသည့် သူ၏သဘောထားကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလိုက်သည်။
“အဲ့ဒါကြောင့် ခင်ဗျားတို့ ဘာမှမဖြစ်ဖို့ ကြိုဆုတောင်း ထားကြတာက အကောင်းဆုံးပါပဲ”
ဝမ်ရှန်းမှ စုန့်ရန်အား သေချာပေါက် ကာကွယ် ပေးမည်ဟု ပြောလိုက်သည့် အချိန် အားလုံး၏ မျက်လုံးထဲ၌ မဖော်ပြနိုင်သည့် အလင်းတန်းတစ်ခု ဖြတ်ပြေး သွားခဲ့သည်။ အဖွဲ့ထဲမှ စုန့်ရန်သည်ပင် မျက်နှာ ရဲပတောင်းခတ် သွား၏။
ထိုစကားကြောင့် အကြီးအကဲများလည်း ပြုံးသွားကြသည်။ ဝမ်ရှန်းသည် စုန့်ရန်နှင့် တစ်ခဏလေးပင် မခွဲချင်၊ ဂျင်ဒီနယ်မြေထဲ ရောက်လျှင်တောင်မှ သူမအား မမေ့ခဲ့။ ဤကိစ္စသည် ကောင်းမွန်သည့် ကိစ္စတစ်ခုဖြစ်၏။ စုန့်ရန်သာ ရှိနေမည်ဆိုလျှင် ဝမ်ရှန်းကို စုန့်မိသားစု ဘက်ပါအောင် သေချာပေါက် ဆွဲခေါ်နိုင်ပြီ ဖြစ်သည်။ ဤအရာသည် အခြားမိသားစုများထံ၌ မရှိသည့် သူတို့၏ အထူး အားသာချက်ပင် ဖြစ်သည်။
ပုံမှန်ဆိုလျှင် အများဆုံး လူ ၁၁ ယောက်ကိုသာ ဂျင်ဒီနယ်မြေထဲ ခေါ်သွားခြင်း ဖြစ်သည်။ သို့သော် စုန့်ရန် ထွက်လာသည်နှင့် ဂျင်ဒီနယ်မြေထဲသို့ ဝင်၍ရသည့် လူအရေအတွက်သည် စုန့်မိသားစု အလှည့်တွင် နှစ်ဆ ဖြစ်လာခဲ့သည်။ ထို့ပြင် ဝမ်ရှန်းသည် သုံးလေးငါးကြိမ်ခန့်လည်း သတိအထပ်ထပ် အခါခါ ပေးနေခဲ့၏။ အခြား အင်အားစုများသာ ဤမြင်ကွင်းကို မြင်တွေ့မည်ဆိုလျှင် သေချာပေါက် မနာလိုအားကျ ကြပေလိမ့်မည်။
ဝမ်ရှန်းထံမှ အချို့စကားများက ရင့်သီးသော်လည်း ကောင်းစေချင်သည့် စကားများသာ ဖြစ်ကြောင်း အားလုံး သိပေသည်။ လူအရေအတွက်က များသောကြောင့် ဝမ်ရှန်း တစ်ယောက်တည်းနှင့် မနိုင်ကြောင်း သူတို့လည်း သိပေသည်။
အားလုံးအား စစ်ဆေးပြီးနောက် သူတို့၏ ဝိညာဉ်အဆင့်နှင့် ကျွမ်းကျင်သည့် အရာများကိုလည်း ဝမ်ရှန်း မေးမြန်းလိုက်သည်။ ထို့နောက် ဝိညာဉ်အဆင့် အလိုက်နှင့် သူတို့ကျွမ်းကျင်သည့် ပစ္စည်းများအလိုက် ဤလူ ၂၀ ကျော်ကို ယာယီအုပ်စု ၅ အုပ်စု ခွဲလိုက်သည်။ အန္တရာယ် တစ်ခုခု ကြုံတွေ့ခဲ့လျှင် အရင်ဦးစွာ ကိုယ့်အဖွဲ့ထဲမှ လူအချင်းချင်း အရင်ဂရုစိုက်ရမည်၊ နောက်ပိုင်းမှာမှ အခြားအဖွဲ့မှ လူများကို သွားကူရမည် ဖြစ်သည်။ အဖွဲ့တစ်ဖွဲ့စီတွင် ခေါင်းဆောင် တစ်ဦးစီရှိကာ သေချာပေါက် ဝိညာဉ်အဆင့် အမြင့်ဆုံး လူပင်ဖြစ်၏။
ဝမ်ရှန်း အတွက်မူ စုန့်ရန်နှင့် စုန်လောင်ယုတို့ နှစ်ယောက်အပြင် အခြားအဆင့်မြင့် ဝိညာဉ်သခင် နှစ်ယောက်ကိုလည်း သူ့အဖွဲ့ထဲ ခေါ်ထားသေးသည်။ သူ့အဖွဲ့ ခေါင်းဆောင်သည် သူသာဖြစ်ကာ ပို၍ပင် တင်းကျပ်ပေသည်။
ဤဖွဲ့စည်းမှုကို မြင်လိုက် ရသောအခါ အကြီးအကဲများ အပြည့်အဝ စိတ်သက်သာရာ ရသွားခဲ့သည်။ ဝမ်ရှန်း၏ အဖွဲ့ထဲတွင် စုန့်ရန်နှင့် စုန့်လောင်ယုတို့ နှစ်ယောက်သာ ရှိနေမည် ဆိုလျှင် သူတို့ အနည်းငယ် စိုးရိမ်ရသေးပေသည်။ ယခု အင်အား အကြီးဆုံး ဝိညာဉ်သခင် နှစ်ယောက်ကိုပါ သူ့အဖွဲ့ထဲ ဆွဲခေါ်ခဲ့သည့် အတွက်ကြောင့် မတော်တဆ ဖြစ်လာလျှင် ထိုနှစ်ယောက်သည် လွတ်မြောက်နိုင်ခြေ ပိုများသွားပြီ ဖြစ်သည်။
ထို့အပြင် သူတို့ နှစ်ယောက်သည် ဝမ်ရှန်းတို့ သုံးယောက်ကို စောင့်ကြည့်နိုင်ပြီ ဖြစ်ကာ ဝမ်ရှန်းနှင့် စုန့်ရန်တို့ လှည့်ကွက်များ ထုတ်သုံးမည်ကိုလည်း စိုးရိမ်နေစရာ မလိုတော့ပေ။
ထို့နောက် သူတို့အုပ်စု ဝမ်ရှန်း၏ တောင်းဆိုချက်များ အတိုင်း လိုအပ်သည်များကို ပြန်လည် ပြင်ဆင် လိုက်သည်။ မနက်ဖြန်မှ ထွက်ခွာမည် ဖြစ်သည့် အတွက်ကြောင့် ငါးယောက် တစ်ဖွဲ့သည် သူတို့အဖွဲ့နှင့် အသားကျအောင်၊ ပူးပေါင်း တိုက်ခိုက်မှုများ၌ အဆင်ပြေအောင် ဆွေးနွေးကြရန် အချိန် ရှိသေးပေသည်။
“ဘယ်ကို ဦးတည် ပြီးသွားမှာလဲဆိုတာ ပြောပြလို့ ရမလားခင်ဗျ”
အဖွဲ့အား စီစဉ်စရာ ရှိသည်များ စီစဉ်ပေးပြီးနောက် ဝမ်ရှန်း အကြီးအကဲများထံ လျှောက်သွားကာ အရိုအသေ ပေးလိုက်သည်။ ဝမ်ရှန်းသည် သူ ဤလူများ၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ကို စိတ်ထဲ မထည့်သကဲ့သို့ ပြုမူလိုက်၏။
“အင်း အတူတူ ဆွေးနွေးကြတာပေါ့။ ရန်လေးကိုလည်း ခေါ်ထားသေးတယ်”
ယခုတစ်ကြိမ်တွင် နံပါတ်တစ် အကြီးအကဲသည် မငြင်းဆိုပေ။ ဝမ်ရှန်းတို့သည် မနက်ဖြန် ထွက်ကြတော့မည် ဖြစ်၏၊ ထို့ကြောင့် ယနေ့ ပြောမှရပေမည်။
စုန့်ရန်နှင့် ဝမ်ရှန်းတို့ အကြီးအကဲ နောက်လိုက်ကာ အခန်းတစ်ခန်းသို့ သွားလိုက်ကြသည်။ ထိုနေရာရှိ စားပွဲပေါ်တွင် ဂျင်ဒီနယ်မြေ၏ မြေပုံကြမ်းတစ်ခု ထင်ထားသည်။ တကယ့် ပုံကြမ်းဆိုသည့် အတိုင်းပင် အပြင်ဘက် အနားသတ် မျဉ်းနှင့် မြစ်အချို့ တည်ရှိသည့် နေရာများသာ ရေးဆွဲထား၏၊ အခြား ဘာဆိုဘာမှ မရှိနေ။ ဝမ်ရှန်း ဂျင်ဒီနယ်မြေ အတွင်းမှ ယူခဲ့သည့် တိရစ္ဆာန် သားရေမြေပုံ ထက်ပင် များစွာ ပိုမိုရှင်းလင်း နေသည်။
မြေပုံအား မြင်သောအခါ ဝမ်ရှန်း ခေါင်းခါယမ်းပြီး သက်ပြင်း ချလိုက်သည်။ ထို့နောက် မင်ချောင်း တစ်ချောင်း ထုတ်ကာ ဂျင်ဒီနယ်မြေ၏ ပုံစံကို နည်းနည်း ပိုမိုအသေးစိတ် ရေးဆွဲလိုက်သည်။
ဝမ်ရှန်း၏ လုပ်ဆောင်ချက်အား မြင်လိုက်ရသောအခါ နံပါတ်တစ် အကြီးအကဲနှင့် အခြား အကြီးအကဲများ အားလုံး ပြုံးရုံသာ ပြုံးလိုက်ပြီး အခြားဘာမှ မပြောခဲ့ကြပေ။ သို့သော် ဝမ်ရှန်းက တိရစ္ဆာန် သားရေမြေပုံမှ ပုံများကို ရေးဆွဲနေခြင်း ဖြစ်ကြောင်း သူတို့ သိပေသည်။
သခင်လေးဖုန်းနှင့် အဘိုးကြီးဝမ်တို့ ဂိုဏ်းအား ဖျက်ဆီးခဲ့ရာတွင် သူတို့ဂိုဏ်းလည်း ပါပေသည်။ သို့သော် ထိုအရာသည် အလွန် လျှို့ဝှက်သည့် လျှို့ဝှက်ချက် တစ်ခုဖြစ်၏။ စားပွဲထက်ရှိ ဤမြေပုံသည် စမ်းသပ်ရန် သက်သက်ဖြစ်သည်။ ယခု ဝမ်ရှန်းက တွန့်ဆုတ်မှုမရှိ မြေပုံကို ရေးဆွဲလိုက်သည့် အတွက်ကြောင့် ဝမ်ရှန်းအား သူတို့ဘက် ဆွဲခေါ်ရန် ယုံကြည်ချက် ပိုရှိသွားသည်။
“ဒီတစ်ခေါက်သွားမယ့် နေရာက ဒီနေရာတစ်ဝိုက် ဖြစ်လောက်တယ်”
ပထမ အကြီးအကဲသည် ဝမ်ရှန်း လက်တွင်းမှ စုတ်တံကို ယူကာ မြေပုံပေါ်၌ စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်သည်။
ထိုစက်ဝိုင်းကို ကြည့်ကာ စုန့်ရန်၏ မျက်လုံးများ တစ်ခဏ လင်းလက် သွားခဲ့သည်။ ထို့နောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
***